← Chapters

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အတွင်းစည်းဂိုဏ်းသားမှာ ထိုမျှ သန်မာပါသလား

Vol. 5 Ch. 59

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အတွင်းစည်းဂိုဏ်းသားမှာ ထိုမျှ သန်မာပါသလား

Vol. 5 Ch. 59

“ခင်ဗျားတို့ရဲ့အကောင်းဆုံးဓားတွေကို ထုတ်ပြပါ”

ဟန်မူယဲ့ အော်လိုက်သည့်အခိုက်တွင် အခန်းထဲမှ လူအားလုံးက သူ့ကိုလှမ်းကြည့်ကြသည်။

သူသည် ငယ်ရွယ်ကာ အဖြူရောင် ၀တ်စုံကို ၀တ်ထားသည်။

သူ့အား ရန်သွားစ၍ မဖြစ်ပါ။

လူအများစုသည် တိတ်တဆိတ် နောက်ပြန်ဆုတ်သွားကြသည်။

ဤနေရာသည် အံ့ဖွယ်ကိုးပါးတောင်အောက် ကီလိုမီတာ ၂၀၀ သာရှိသေးသည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အတွင်းစည်းတပည့်ကို မည်သူက အသိအမှတ်မပြုဘဲ နေမည်နည်း။

“စီနီယာအစ်ကို ဓားရွေးချင်တာလား”

“မြန်မြန်လာပါ။ ကျုပ်ရဲ့ ကျန်းလင်ရတနာဆိုင်မှာ ဓားကောင်းတွေ အများကြီးရှိတယ်”

“စီနီယာအစ်ကို...  မင်းက ဘယ်အကြီးအကဲလက်အောက်မှာ ကျင့်ကြံတာလဲ။ ငါ့တတိယဦးလေးရဲ့ သားမက်ဟာလည်း အံ့ဖွယ်ကိုးပါးဂိုဏ်းမှာ ရှိတယ်”

တောက်ပစွာ ပြုံးလျှက် ဆိုင်ရှင်သည် ဟန်မူယဲ့နှင့် လုချန်းဖျင်ကို အပေါ်ထပ်သို့ စိတ်အားထက်သန်စွာ ခေါ်လာခဲ့သည်။

“စီနီယာအစ်ကို... မင်းက ဒီမိန်းကလေးအတွက် ဓားတစ်လက် ရွေးချင်တာလား။ မင်းရဲ့ ထူးခြားတဲ့ အရှိန်အဝါကို ကြည့်ရရင် သေချာပေါက် ထက်မြက်တဲ့သူဖြစ်ရမယ်”

ဆိုင်ရှင်သည် လှေကားထစ်အတိုင်းတက်သွားကာ ဟန်မူယဲ့၊ လုချင်ပင်တို့နှင့်အတူ ပျောက်ကွယ်သွား၏။

“ဝိုး... အဲဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အတွင်းစည်းတပည့်ပဲ မလား။ မဟုတ်ရင် သူဘာလို့ ဒီလောက် စိတ်အားထက်သန်နေမှာလဲ”

အစိမ်းရောင်ဝတ်ကျင့်ကြံသူ တစ်ယောက်က ရေရွတ်သည်။

“အဲဒီအမျိုးသမီး ကျင့်ကြံသူဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မဖြစ်နိုင်ဘူး။ သူမဟာ တခြားဂိုဏ်းက ဖြစ်နိုင်တယ်”

အတွေ့အကြုံရင့်ကျက်သူများက သူမ၏သွင်ပြင်လက္ခဏာကို ကြည့်ကာ တထစ်ချ ပြောနိုင်သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်းသားက တခြားတစ်ယောက်အတွက် ဓားတစ်လက်ကို လာဝယ်တာလား။ သူ့ကို ဂိုဏ်းက အပြစ်ပေးခံရမှာကို မကြောက်ဘူးလား”

“အဲဒါ ဘာဖြစ်လို့လဲ။ မကြာခင်က ဂိုဏ်းတွေ အတော်များများ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို စုဝေးပွဲအတွက် လာကြတယ်။ သူတို့က ဒီမှာ လာဆုံတဲ့ မိတ်ဆွေကောင်း မဖြစ်နိုင်ဘူးလား”

“မှန်တယ်... အခု ပြန်ဆုံတဲ့အချိန် သူဟာ အတွင်းစည်းဂိုဏ်းသားဖြစ်နေပြီးတော့ ကြွယ်ဝချမ်းသာနေပြီ။ ဒါကြောင့် သူ့မိတ်ဆွေ ရောက်လာတဲ့အခါ တန်ဖိုးကြီးလက်ဆောင်တစ်ခုကို ပေးချင်တာမျိုးလည်း ဖြစ်နိုင်တာပဲ”

ခဏတာအတွင်းမှာပင် ဇာတ်လမ်းပုံစံအမျိုးမျိုးမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

အတင်းအဖျင်းပြောသောအခါတွင် အင်မော်တယ်နှင့် သေမျိုးများကြားတွင် ခြားနားခြင်းမရှိပေ။

ကောလာဟလသည် ပျင်းရိခြင်းမှ အစပြုကာ ပညာရှိသူများထံ၌ ရပ်တန့်၏။

စိတ်ဝင်စားနေသူများက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အတွင်းစည်းတပည့်သည် မည်သို့သောဓားကို ဝယ်ယူမည်အား လေ့လာစောင့်ကြည့်နေကြ၏။

ဆိုင်၏ ဒုတိယထပ်သည် အောက်ထပ် ခန်းမထက် များစွာ သေးငယ်သည်။

သို့သော် အောက်ထပ်ကဲ့သို့ ဆူညံခြင်းမရှိပေ။ အပေါ်ထပ်တွင် အနည်းငယ် ကျင့်ကြံဆင့်မြင့်သောလူ ဆယ်ဦးခန့်သာ ရှိသည်။ သူတို့သည် ခေါင်းငုံ့ကာ လိုအပ်သော လက်နက်များကို ရွေးချယ်နေကြ၏။

“မြန်မြန်... ဆိုင်ထဲက ရှားပါးလက်နက်အားလုံးကို ယူလာခဲ့။ စီနီယာအစ်ကိုက ဒီက စီနီယာအစ်မအတွက် ဓားတစ်ချောင်းရွေးချင်တယ်”

ဆိုင်ရှင်က အော်ဟစ်ကာ သူ့ရှေ့မှ သစ်သားစင်ထံသို့ လှမ်းသွားလိုက်သည်။

ဆိုင်အကူအနည်းငယ်က အမြန်လာကူပေးကြသည်။ သူတို့တစ်ယောက်စီက ဓားတစ်ချောင်းစီကိုင်ကာ ဟန်မူယဲ့ထံသို့ ယူလာကြ၏။

ပတ်ဝန်းကျင်မှ လက်နက်ရွေးချယ်နေကြသော တန်ခိုးရှင်များကလည်း သတိထားမိကာ လှမ်ကြည့်ကြသည်။

ဟန်မူယဲ့က ခေါင်းညိတ်ပြပြီး လုချန်းဖျင်ကို ကြည့်သည်။

“စီနီယာအစ်မလု... ဓားတစ်လက်ကို ရွေးပါ”

‘ရွေးရမလား’

လုချန်းဖျင်မှာ စိတ်ပူပန်နေပုံရသည်။

သူမသည် ဓားများကို အသေအချာ မစစ်ဆေးကြည့်ရသော်လည်း ၎င်းတို့သည် ထူးထူးခြားခြား ပို၍ လင်းလက်ကြ၏။ သေချာပေါက် ဓားများမှာ ဝိညာဉ်အဆင့်မဟုတ်သော်လည်း ဝိညာဉ်အဆင့်သတ္တုများဖြင့် ရောနှောထား၏။

ထိုဓားတစ်လက်သည် ဝိညာဉ်ကျောက်တုံး ၈,၀၀၀ သို့မဟုတ် ၁၀,၀၀၀ ကုန်ကျနိုင်သည်။

သူမ ထိုမျှ မတတ်နိုင်ပါ။

“ဂျူနီယာမောင်လေးဟန်... ငါ…”

လုချန်းဖျင် စကား မဆုံးခင်မှာ ဟန်မူယဲ့ သူ့လက်ကို ဆန့်တန်းလိုက်သည်။

“စီနီယာအစ်မလုရဲ့ဓားနဲ့ဆေးပင်တွေကို ပေးပါ။ ပြီးတော့ ဓားကို စိတ်ကြိုက် ရွေးလို့ရတယ်။”

လုချန်းဖျင်သည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ သူမ၏လက်ထဲရှိ ဓားနှင့်ဆေးပင်များကို ကမ်းပေးလိုက်သည်။

အမှန်တကယ်အားဖြင့် ဤသည်က ဂျူနီယာမောင်လေးဟန်၏ ကောင်းမွန်သော သဘောထားဖြစ်သည့်အပြင် အစ်ကိုကျန်းရှုံး ပေးထားသော တာဝန်လည်း ဖြစ်သောကြောင့် သူမကသာ ဆက်၍ ငြင်းပယ်နေပါက သူ့အား အရှက်ရစေပေလိမ့်မည်။

သူမက ဓားများကို ဝယ်ရန် မတတ်နိုင်ပါက နောက်ပိုင်းတွင် သဘောမကျဟု ပြောကာ ငြင်းပယ်နိုင်သည်။

ဟန်မူယဲ့သည် လုချန်းဖျင်၏လက်ထဲမှ ဓားကို လှမ်းယူလိုက်ကာ ဆေးပင်များကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဓားကိုင်ထားသည့် ဆိုင်အကူထံသို့ လျှောက်သွားလိုက်သည်။

“စီနီယာအစ်ကို... ဒီဓားကို ချင်ရွှယ်လို့ခေါ်တယ်။ ဒီဓားကို ဓားသွန်းလုပ်တဲ့မိသားစုဖြစ်တဲ့ ချောင်မိသားစုက သွန်းလုပ်ထားတာ။ ဓားအထဲမှာ…”

ဆိုင်ရှင်က မိတ်ဆက်ရန် ပြင်လိုက်စဉ် ဟန်မူယဲ့က ပြောသည်။

“စီနီယာအစ်မလုက သူ့ဘာသာသူ ရွေးလိမ့်မယ်”

ဆိုင်ရှင်က ပြုံးလိုက်ပြီး နောက်ပြန်ဆုတ်သွားသည်။

လုချန်းဖျင်သည် ရှေ့သို့ လျှောက်လာပြီး ချင်ရွှယ်ဓားကို လက်ဆန့်တန်း၍ ကိုင်လိုက်၏။

ကလင်...

သူမက ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်လျှင် ဓားအလင်းသည် နှင်းအလင်းကဲ့သို့ ထွက်ပေါ်လာသည်။

ကြည်လင်သော အလင်းရောင်သည် ဖြန့်ကျက်သွားရာ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ မျက်လုံးများ လင်းလက်သွား၏။

“ဘယ်လောက်ကောင်းတဲ့ဓားလဲ…”

“ဓားအလင်းဟာ ကြည်လင်ပြတ်သားတယ်။ ဒါက ဓားကောင်းတစ်လက်ပဲ။”

ဓားကို ကိုင်ထားရင်း လုချန်းဖျင်၏ မျက်နှာ၌ စိတ်ဝင်စားသော အငွေ့အသက်များ ဖြတ်ပြေးသွားသည်။

ဤဓားသည် အလွန်တောက်ပ၏။

သူမသည် ဓားကို အကြိမ်အနည်းငယ် ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး သဘောမကျစွာ ခေါင်းယမ်းလျှက် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။

သူမ ထပ်ကြည့်စရာမလို။ သူမက ဓားကို ဝယ်ရန် မတတ်နိုင်ပါ။

“စီနီယာအစ်မလု... ဒီဓားကို မကြိုက်ဘူးလား”

“ဒါဆို နောက်တစ်လက်ကို ကြည့်ပါဦး”

ဟန်မူယီက ဓားတစ်လက်ကို ကိုင်ထားသည့် နောက်ထပ်အစေခံအား လက်ပြကာ ပြောလိုက်သည်။

ထိုအချိန်တွင် သူ၏လက်သည် လုချန်းဖျင်၏ဓားကို ဆုပ်ကိုင်ထားပြီး ဖြစ်သည်။

ရှေ့တွင် လုချန်းဖျင်သည် ဓားတစ်လက်ကို စိတ်ဝင်တစား ကြည့်နေသည်။

ဤသည်က လက်နက်ဆိုင်တွင် ဓားလာဝယ်ခြင်း ဖြစ်သည်။ ဓားစံအိမ်ကဲ့သို့ စည်းမျဉ်းစည်းကမ်းများ မရှိပါ။

ဟန်မူယဲ့သည် သူ့စိတ်ထဲတွင် ပေါ်လာသည့် ပုံရိပ်များနှင့်အတူ မျက်လုံးများကို မှိတ်ထားသည်။

လုချန်းဖျင်၏ ဓားရှည်သည် သာမန်ဓားတစ်လက်မျှသာဖြစ်ပြီး သူမ၏ ဓားသိုင်းမှာလည်း သိပ်ကောင်းမွန်ခြင်း မရှိပါ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် စုဝေးပွဲသို့ ရောက်လာသော ဤတပည့်များကို သိပ်အလေးမထားသည်မှာ အံ့သြစရာမဟုတ်ပေ။ သန့်စင်ရေကျောင်းတော်မှ အတွင်းစည်းဂိုဏ်းသားများ၏ ဓားပညာရပ်များသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အပြင်စည်းဂိုဏ်းတပည့်များနှင့် အဆင့်တူမျှသာဖြစ်ကြောင်း တွေ့ရသည်။

ဓားပညာရပ်အရ လုချန်းဖျင်သည် ဓားစံအိမ်သို့ ဓားလက်ခံရန် ရောက်လာခဲ့သော ကျန်းဟန်ထက် များစွာမသာလွန်ပါ။

လုချန်းဖျင်သည် ဓားရှစ်ချောင်းလုံးကို ကြည့်ရှုပြီးသောအခါတွင် ဟန်မူယဲ့သည် ဓားလက်ကိုင်ကို လွှတ်လိုက်ပြီး ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့်...

သူ သက်ပြင်းတစ်ချက်ချလိုက်သည်။

ဟွမ်လောင်လျှို ချစ်ရသော ညီမလေးဖျင်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအပေါ် မကောင်းသော ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိပါ။

သို့တည်းမဟုတ် သူမသည် ထိုအဆင့်သို့ မရောက်သေးပါ။

သူမသည် ဓားသိုင်းကိုသာ အာရုံစိုက် ကြိုးစားလေ့ကျင့်သူ ဖြစ်သည်။ သူမ၏ကောင်းမွန်သော ပါရမီအခံဖြင့်ဆိုပါက သူမ၏ အနာဂတ်ခရီးလမ်းမှာလည်း ချောမွေ့ပေလိမ့်မည်။

ဓား၏မှတ်ဉာဏ်များတွင်ကား အများအားဖြင့် ဂိုဏ်းအတွင်း တာဝန်အမျိုးမျိုးကို ပြီးမြောက်ခြင်း၊ အရင်းအမြစ်များ လဲလှယ်ခြင်းနှင့် ကြိုးစားကျင့်ကြံခြင်းတို့ကိုသာ မြင်ရသည်။

သူမက ဟွမ်လောင်လျှိုနှင့် သာမန်ဘဝသို့ မသွားနိုင်သည်မှာ မထူးဆန်းတော့ချေ။

သူမ၏ ကျင့်ကြံခြင်းအပေါ် စွဲလမ်းမှုမှာ ဟန်မူယဲ့ ထင်သည်ထက် ပိုအားကောင်းသည်။

လုချန်းဖျင်သည် ဓားရှစ်ချောင်းလုံးကို ကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။

ဟန်မူယဲ့က မော့ကြည့်ပြီး ပြောသည်။

“ဆိုင်ရှင်...  နောက်ထပ် ဓားတချို့ ယူလာပေးပါ”

သူ့စကားကိုကြားလျှင် ဆိုင်ရှင်က‌ ခေါင်းယမ်းကာ ပြောသည်။

“စီနီယာအစ်ကို... ဒါတွေအားလုံး ကျုပ်ရဲ့အကောင်းဆုံးဓားတွေပဲ။ တကယ်ပဲ ကျုပ်မှာ ရှိတာအကုန်ပါ...”

“စီနီယာအစ်ကို... စီနီယာအစ်မ... ဘာလို့ ထပ်မကြည့်တာလဲ။ ကျုပ်ရဲ့ ဆိုင်မှာ သိမ်းဆည်းထားတဲ့ ဓားတွေဟာ ဒီဈေးမှာ ထိပ်တန်းဖြစ်တယ်။”

အနီးအနားမှ ကျင့်ကြံသူများက အနည်းငယ် ခေါင်းညိတ်ကြသည်။

ဆိုင်ရှင်ပြောသည်မှာ မှန်ကန်၏။

ဤဆိုင်၏ လက်နက်များမှာ သည်ဈေး၌ အမှန်တကယ်လည်း ထိပ်တန်းဖြစ်သည်။

လုချန်းဖျင်က သက်ပြင်းတစ်ချက်ချကာ ပြောသည်။

“ထားလိုက်တော့ ဂျူနီယာမောင်လေးဟန်... သွားကြရအောင်။ ငါတို့က ဓားရွေးချယ်တာ ကံကြမ္မာနဲ့ပဲ သက်ဆိုင်တော့တယ်”

ဤဓားများသည် ဓားကောင်းများဖြစ်ပြီး အချို့သောဓားများက သူမအား လက်လျှော့ရန် ဝန်လေးစေသည်။

သို့သော်လည်း ဤဓားများကို သူမ, မတတ်နိုင်ပါ။

သူမသည် ဆေးပင်တချို့ကို ဝယ်ယူပြီးနောက်တွင် လက်ထဲတွင် ဝိညာဉ်ကျောက်တုံးအနည်းငယ်သာ ကျန်ရှိတော့သည်။

အကယ်၍ ထိုဆေးပင်များကို မဝယ်ခဲ့လျှင်ပင် သူမက သည်ဆိုင်မှဓားများကို ဝယ်ရန် မတတ်နိုင်ပါ။

“စီနီယာအစ်မလု... ဘာလို့ တခြားကို သွားဦးမှာလဲ။ ဒီမှာပဲ ရွေးရအောင်။”

ဟန်မူယဲ့သည် ရှေ့သို့ လျှောက်လာပြီး သူ့ရှေ့မှ ဓားရှည်များကို ကြည့်လိုက်သည်။

“အစ်ကိုက ကျုပ်ကို ဓားရွေးဖို့ အကူအညီတောင်းခဲ့တာ မဟုတ်ဘူးလား”

သူက လက်လှမ်းကာ ချင်ရွှယ်ဓားကို ကိုင်လိုက်သည်။

ဆိုင်ရှင် ဝမ်းသာသွားသည်။

“စီနီယာအစ်ကို... ဒီဓားကို စိတ်ဝင်စားလား”

“ဒီ ချင်ရွှယ်ဓားဟာ ဝိညာဉ်ကျောက်တုံး ၁၃,၀၀၀ တန်ဖိုးရှိတယ်။ စီနီယာအစ်ကို လိုချင်ရင် လျှော့စျေးနဲ့ပေးလို့ရတယ်။”

ဟန်မူယဲ့က ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး လက်လွှတ်ကာ ခေါင်းယမ်းလိုက်သည်။

“ဒီဓားကို သံတူတစ်ထောင်နည်းစနစ်နဲ့ သွန်းလုပ်ထားပြီးတော့ ဆန်းကြယ်သံမဏိနဲ့ရောစပ်ထားတယ်။ ဓားဟာ ကြည်လင်ပေမဲ့ မပျော့ပျောင်းဘူး။ ဓားသွားဟာ နည်းနည်း ဆတ်တယ်။”

“ဓားသွားဟာ သုံးပေရှည်ပြီး အကျယ်တစ်လက်မရှိတယ်။ အလေးချိန် ၅.၅ ကီလိုဂရမ် ရှိတယ်”

“ဒီဓားဟာ အမျိုးသမီးတွေအတွက် မသင့်တော်ဘူး။ ပြီးတော့ စီနီယာအစ်မတို့ သန့်စင်ရေကျောင်းတော်က သိုင်းပညာဟာ ပေါ့ပါးသွက်လက်မှုနဲ့ လူသိများတယ်။ ဒီဓားဟာ သွက်လက်မှု အားနည်းတယ်။”

“ဝိညာဉ်ကျောက်တုံး ၁၃၀၀၀... ဟင်း”

ဟန်မူယဲ့က နောက်ဓားတစ်လက်ကို လှမ်းကိုင်လိုက်သည်။

ဆိုင်၏ဒုတိယထပ်တွင် လူတိုင်းက အသက်ရှုရန်ပင် မေ့လျော့နေကြသည်။

ဓားကို သူ့လက်နှင့်ထိရုံဖြင့် ဓားနှင့်ပတ်သက်သည့် အချက်အလက်အားလုံးကို သိရှိနိုင်သည်။ ဤသို့သော နည်းလမ်းကို မည်သူ မြင်ဖူးသနည်း။

ဤလူသည် ဓားများကို မှတ်မိရုံသာမက ဓားတစ်လက်မှာ မည်သို့သောသူနှင့် လိုက်ဖက်ကြောင်း ပြောနိုင်သည်။

တစ်ချက်မျှ ကြည့်လိုက်သည်နှင့် ထိုဓားသည် အမျိုးသမီးနှင့် မလိုက်ဖက်ကြောင်း ပြောနိုင်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အတွင်းစည်းဂိုဏ်းတပည့်သည် ထိုမျှ သန်မာပါသလော။

လုချန်းဖျင်သည် ဟန်မူယဲ့ ၏နောက်တွင် ရပ်နေရင်းက သူမ၏မျက်နှာတွင် အံ့အားသင့်ဟန်များ ပေါ်လာသည်။

ဤသည်မှာ ဓားထိန်းတစ်ဦး၏ ကျွမ်းကျင်မှုလား။

‘အသက်ရှုကြိမ်တစ်ရာ’  မှလွဲ၍ တခြား ထူးခြားသည်များ ဓားထိန်းများတွင် ရှိပါသလား။

အစ်ကိုကျန်းရှုံးတွင်လည်း ထိုစွမ်းရည်များ ရှိပါသလား။

ဟန်မူယဲ့သည် ဒုတိယမြောက်ဓားကို ကိုင်ကာ လက်လွှတ်လိုက်သည်။

ဆိုင်ရှိ ဒုတိယထပ်မှ လူများအားလုံးက သူ့ကိုကြည့်နေကြသည်။

“ဒီဓား…”

ဟန်မူယဲ့ ပါးစပ်ဟလိုက်သည်နှင့် တပြိုင်နက် ဆိုင်ရှင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဟန်မူယဲ့၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

“စီနီယာအစ်ကို... စီနီယာအစ်ကို... မင်းရဲ့မှတ်ချက်တွေက အံ့သြစရာကောင်းလွန်းတယ်။”

“ကျုပ်ရဲ့ဆိုင်ဟာ ဒီနေရာမှာ ဖွင့်ထားတာ နှစ်တွေ မနည်းတော့ဘူး။ စီနီယာအစ်ကိုလို ကျင့်ကြံသူမျိုး အခုမှ တွေ့ဖူးတာပဲ”

ဆိုင်ရှင်၏ မျက်လုံးများတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။ သူက ဟန်မူယဲ့အား အလွန်လေးစားနေဟန်ရသည်။

All Chapters