← Chapters

စီနီယာအစ်မလု၊ ဒီဓားဟာ အစ်ကိုဟွမ်ရဲ့ခံစားချက်တွေဆိုတာ သတိရပါ

Vol. 5 Ch. 60

စီနီယာအစ်မလု၊ ဒီဓားဟာ အစ်ကိုဟွမ်ရဲ့ခံစားချက်တွေဆိုတာ သတိရပါ

Vol. 5 Ch. 60

ဆိုင်ရှင်၏လက်သည် ဟန်မူယဲ့၏ လက်ဖဝါးကို ဆုပ်ထားသည်။

ဟန်မူယဲ့သည် သူ့လက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်ပြီး သူ့လက်ဖဝါးတွင် အလင်းရောင်တစ်ခု လင်းလက်သွား၏။

သာမန်အရည်အသွေးဝိညာဉ်ကျောက်တုံး... သိပ်မဆိုးပါ...

“ဒီဓားဟာ ၃ ပေနဲ့ နှစ်လက်မအရှည်ရှိပြီး အလေးချိန် ၆.၄ ကီလိုဂရမ် ရှိတယ်။ ဓားကိုယ်ထည်ကို ရွှေဖြူနဲ့ရောစပ်ထားတယ်”

ဟန်မူယဲ့ ခေတ္တရပ်လိုက်ပြီး ဆိုင်ရှင်က သူ့ကို တအံ့တဩ ကြည့်နေသည်။

“ရွှေဖြူဟာ ခံနိုင်ရည်စွမ်းအား အမြင့်ဆုံးပဲ။ ဓား၏ကိုယ်ထည်ဟာ ပြင်းထန်တဲ့ဖိအားကို ခံနိုင်ရည်ရှိပြီးတော့ လူသားအဆင့်မှာတော့ အမြင့်ဆုံးအရည်အသွေးဓားတစ်လက်လို့ သတ်မှတ်နိုင်တယ်”

“စီနီယာအစ်မလုဟာ ဒီဓားကို သုံးမယ်ဆိုရင်တော့ ဓားဟာ နည်းနည်းရှည်နေတဲ့အတွက် သိပ်မသင့်တော်ဘူး။ ဒီဓားဟာ အရပ် ရှစ်ပေထက် ပိုတဲ့ ဓားသမားတွေနဲ့ ပိုသင့်တော်တယ်။ သူတို့ကပဲ ဓားရဲ့အားသာချက်ကို အသုံးချနိုင်လိမ့်မယ်”

ဟန်မူယဲ့ စကားပြောပြီးသည်နှင့် သူ့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်လုံးများ တောက်ပလာသည်။

လူသားအဆင့်တွင် အမြင့်ဆုံးအရည်အသွေးရှိသောဓားတစ်လက်...

ထိုကဲ့သို့သောဓားသည် အလွန်ရှားပါး၏။

ဆိုင်ရှင်သည် သက်ပြင်းတစ်ချက်ချကာ ဟန်မူယဲ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

ဝိညာဉ်ကျောက်တုံး ၁၀၀ သည် တန်ဖိုးရှိနေဆဲဖြစ်သည်။

“အဟမ်း စီနီယာအစ်ကို၊ ဒီဓားက ဘယ်လောက်တန်ဖိုးရှိမယ်ထင်လဲ”

အစိမ်းရင့်ရောင် ဝတ်စုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရှေ့သို့ လျှောက်လာပြီး ဟန်မူယဲ့ကို လက်နှစ်ဖက်ဆုပ်ကာ မေးသည်။

ဟန်မူယဲ့ လှည့်ကြည့်လိုက်သည်။ ဆိုင်ရှင်၏ မျက်လုံးများတွင် ကျေးဇူးတင်သော ခံစားချက်များ ရှိနေသည်။

“ဒီဓားဟာ အံ့ဖွယ်ကိုးပါးတောင်ကုန်းပေါ်မှာဆိုရင် လဲလှယ်ဖို့ အကျိုးဆောင်အမှတ် ၅၀ ပေးရမယ်။ ဒီဈေးဆိုင်ထဲဆိုရင်တော့ အဲဒီတန်ကြေးထက် ပိုလိမ့်မယ်”

“ဝိညာဉ်ကျောက်တုံး ၈၀၀၀ လောက်နဲ့ တန်ဖိုးဖြတ်ရမယ် ထင်တယ်”

ဟန်မူယဲ့ ခဏမျှ စဉ်းစားပြီး အေးအေးလူလူ ပြောလိုက်သည်။

ဝိညာဉ်ကျောက်တုံး ၈၀၀၀...

ဆိုင်ရှင်သည် နာကျင်နေပုံရသော်လည်း ခေါင်းညိတ်သည်။

ထိုလူ ဝမ်းသာသွား၏။ သူက ဟန်မူယဲ့ကို လက်နှစ်ဖက်ဆုပ်ပြကာ သာမန်အဆင့် ဝိညာဉ်ကျောက်တုံး ၁တုံးအား လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။

“လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”

ထို့နောက် သူက ဆိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။

“ဆိုင်ရှင်... ကျုပ် ဒီဓားကိုလိုချင်တယ်”

သူသည် ဝိညာဉ်ကျောက်တုံး ၈,၀၀၀ ဖြင့် ထိုဓားကို ဝယ်ယူခဲ့သည်။

ဟန်မူယဲ့၏ မှတ်ချက်ကြောင့် မဟုတ်ပါက ဤဓားသည် ဝိညာဉ်ကျောက်တုံး ၁၈,၀၀၀ တန်ကြေးရှိသည်။

ဓားဝယ်ယူလိုသော တခြားကျင့်ကြံသူများက နောင်တရသော အမူအရာများ ရှိနေသည်။ ထို့နောက် သူတို့က ဟန်မူယဲ့ကို စိုက်ကြည့်ကာ နောက်ထပ် မှတ်ချက်များကို စောင့်ဆိုင်းနေကြ၏။

နောက်ထပ် အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး တစ်တုံးကို သူ့လက်ထဲသို့ ထည့်လိုက်သည်။

ဟန်မူယဲ့၏အနောက်တွင် ရပ်နေသော လုချန်းဖျင်သည် ခဏတာ အတောအတွင်း၌ ဟန်မူယဲ့သည် အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံးနှစ်တုံးကို ရရှိခဲ့သည်အား မြင်သည်။

ဓားထိန်းတစ်ဦး၏စွမ်းရည်က ထိုမျှ ထူးခြားပါသလား။

အစ်ကိုကျန်းရှုံးတွင်လည်း ဤသို့သော စွမ်းရည်များ ရှိသလား။

သူမသည် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။

အစ်ကိုကျန်းရှုံးသည် ဤနည်းဖြင့် ချမ်းသာခဲ့ပါက တစ်နေ့တွင် သူမ ဓားကောင်းတစ်လက်ကို ပိုင်ဆိုင်နိုင်လောက်သည်။

သို့သော် အစ်ကိုကျန်းရှုံးထံမှ ဝိညာဉ်ကျောက်တုံးများစွာကို သူမ သုံးစွဲခဲ့လျှင် ထိုကျေးဇူးတရားကို မည်သို့ ပြန်ဆပ်မည်နည်း။

အတန်ကြာလျှင် လုချန်းဖျင်သည် ရှုပ်ထွေးသော ခံစားချက်များဖြင့် အတွေးများလာသည်။

ဟန်မူယဲ့က ဓားကို မရွေးချယ်မီတွင်ပင် စီးပွားရေးအကျိုးအမြတ်တစ်ခု ရရှိမည်ဟု ဆိုင်ရှင် မမျှော်လင့်ထားပါ။ သူ့မျက်နှာမှာ နာကျင်ဟန်ရသော်လည်း ဝမ်းသာသော ခံစားချက်တစ်ချို့လည်း ရောထွေးနေသည်။

ဟန်မူယဲ့သည် နောက်ဓားတစ်လက်ကို လှမ်းကိုင်လိုက်သည်။

ဒုတိယထပ်ရှိလူတိုင်း အသက်ရှုရန်ပင်မေ့လျော့ကာ စောင့်ဆိုင်းနေကြသည်။

“ဒီဓားဟာ ၃ ပေရှည်ပြီး အလေးချိန် ၄.၅ ကီလိုဂရမ် ရှိတယ်။ ဓားဟာ ပါးလွှာပြီး ရေခဲသံနဲ့ ရောစပ်ထားတယ်။ ရှားရှားပါးပါးဓားတစ်လက်ပဲ”

“ဒါပေမယ့် ဒီဓားဟာ အေးလွန်းပြီး ငယ်ရွယ်တဲ့ အမျိုးသမီး ကျင့်ကြံသူတွေအတွက် မသင့်တော်ဘူး။ တစ်နည်းပြောရရင် ဓားဟာ ထူးဆန်းတဲ့ဓားသိုင်းတွေကို လေ့ကျင့်တဲ့  အားကောင်းမောင်းသန် အမျိုးသားကျင့်ကြံသူတွေအတွက် သိပ်မဆိုးတဲ့ ရွေးချယ်မှုပဲ”

ဟန်မူယဲ့ စကားပြောပြီးသည်နှင့် လူနှစ်ယောက် ရှေ့သို့ လျှောက်လာသည်။

တစ်ယောက်မှာ အသက်ငါးဆယ်ကျော် အဘိုးကြီးတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အသက်သုံးဆယ်ကျော် လူငယ်တစ်ယောက်ဖြစ်သည်။

“ရောင်းရင်း...  ကျုပ်နာမည် လုမင်ချွန်လို့ ခေါ်တယ်။ ကျုပ်ဟာ ဖုယွမ်နယ်က လုမိသားစုအကြီးအကဲပါ။ ဒီဓားဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ သိနိုင်မလား။”

အဘိုးအိုက ဟန်မူယဲ့ကို လက်နှစ်ဖက်ဆုပ်ကာ တီးတိုးပြောသည်။

တစ်ဖက်တွင် အနက်ရောင်ဝတ်လူငယ်က ဦးညွှတ်ပြီး ပြောသည်။

“စီနီယာအစ်ကို... ဒီဓားဟာ ကျုပ်အတွက် သင့်တော်သလား ပြောပါ”

ထို့နောက် သူက အိတ်ကပ်ထဲမှ စိမ်းစိုနေသော ဝါးပင်အမြစ်တစ်ခုကို ထုတ်ပြသည်။

“စီနီယာအစ်ကိုဟာ ဆေးပင်တချို့ ယူလာတာကို ကျုပ် မြင်တယ်။ ကျုပ်မှာ နှင်းခဲဝိညာဉ်ဝါးမြစ်တစ်ပိုင်း ရှိတယ်။ ဒါကို စီနီယာအစ်ကို,ကို ပေးပါ့မယ်”

နှင်းခဲဝိညာဉ်ဝါး...။

ဟန်မူယဲ့သည် ထိုဝါးမြစ်ကို သိသည်။ ၎င်းသည် ဝိညာဉ်အဆင့် ဆေးအမယ်ဖြစ်ပြီး အလွန်စျေးကြီးသည်။

“ဂျူနီယာမောင်လေးဟန်... နှင်းခဲဝိညာဉ် ဝါးပင်ရဲ့အမြစ်ဟာ ဝိညာဉ်အဆင့်ဆေးအမယ်ပဲ”

ဟန်မူယဲ့၏နောက်တွင် ရပ်နေသော လုချန်းဖျင်က ရုတ်တရက်ပြောလိုက်သည်။

ဆိုလိုသည်က ဤဆေးကို သက်တမ်းတိုးစေနိုင်သော ဆေးများကို ဖော်စပ်ရန် အသုံးပြုနိုင်သည်။

သက်တမ်းတိုးဆေးများကို ဖော်စပ်နိုင်သော ဆေးအမယ်များမှာ တန်ဖိုးကြီးသည်။ ၎င်းတို့ကို ဝယ်ရန် ဝိညာဉ်ကျောက်တုံး ရာချီကုန်ကျ၏။

ဟန်မူယဲ့ ခေါင်းညိတ်လိုက်ပြီး ဆေးအမယ်ကို ယူလိုက်သည်။ ထို့နောက် သူက ပြောသည်။

“ခင်ဗျား ကျုပ်ကို ယုံရင် ခင်ဗျားသုံးတဲ့ဓားသိုင်းကို တစ်ခေါက် ကစားပြပါလား”

အကျိုးအမြတ်ကို လက်ခံပြီးလျှင် သူက တူညီသော တန်ဖိုးအား ပေးရပေမည်။ ဓားကိုမရွေးချယ်မီ ဓားသိုင်းကို မြင်ရန် လို၏။ သို့မှသာ ဓားသည် လူနှင့် လိုက်ဖက်မည်လား သိနိုင်သည်။

‘ဓားသိုင်း ကစားပြရမည်လား’

လူငယ် တွေဝေသွားသည်။

တစ်စုံတစ်ယောက်က သူ၏ဓားသိုင်းကို တိတ်တဆိတ်လေ့လာမည်ကို သူ မကြောက်ပါ။

အမှန်တကယ်အားဖြင့် လောကတွင် မည်သူတစ်ဦးတစ်ယောက်မျှ တစ်ချက်ကြည့်လိုက်ရုံဖြင့် အခြားသူတစ်ဦး၏ ဓားသိုင်းကို ကောင်းစွာနားလည်နိုင်စွမ်းမရှိပေ။

သို့သော် လူများစွာရှေ့မှာ ဓားသိုင်းလေ့ကျင့်ခြင်းသည် အနည်းငယ် အန္တရာယ်များသည်။

ခဏမျှ စဉ်းစားပြီး သူသည် ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။ သူက ရှေ့ကို သွက်လက်စွာ တက်သွားကာ ဓားသိုင်းကို လှုပ်ရှားကစားလိုက်၏။

သူ၏လှုပ်ရှားမှုများသည် အလျားလိုက် ရွေ့လျားနေပုံရသည်။

ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်ခန့် ဓားဝှေ့ယမ်းပြီးသည်တွင် ဟန်မူယဲ့က ရုတ်တရက် ပြောသည်။

“ရပြီ...”

လူငယ်က သူ့ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့၏ အာရုံထဲတွင်တော့ လူငယ်၏ ဓားအလင်းက ရပ်တန့်မသွားပါ။

ဓားအလင်းသည် ဖရိုဖရဲနှင့် သွက်လက်သည်။ ဓားရောင်သည် ပြိုးပြိုးပြက်ပြက် လင်းကာ ပေါက်ကွဲသွားသည်အထိ ပျံ့နှံ့သွားသည်။

ပန်းပွင့်များ ဝေကာ သစ်ရွက်များ ကြွေသည်။

သူသည် ‘ပန်းပွင့်ဝေဝေ ဓားသိုင်း’ ကို တတ်မြောက်သွား၏။

ဓားဂိုဏ်းများမှ မဟုတ်သော အမွေဆက်ခံဓားသိုင်းများတွင် တိတိကျကျ သတ်မှတ်ထားသော အဆင့်မရှိပါ။

သို့သော်လည်း ဤဓားသိုင်းမှာ အမှန်တကယ် ကြည့်ကောင်းလှသည်။

ဟန်မူယဲ့ လှည့်ကြည့်လိုက်ပြီး လုမိသားစု အကြီးအကဲကို ကြည့်သည်။

“ဒီဓားဟာ ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ အောက် တန်ဖိုးရှိတယ်”

ထို့နောက် ဓားသိုင်းကစားပြသော လူငယ်ကို ကြည့်လျှက် ပြောသည်။

“ဓားလဲသုံးတာက မင်းအတွက် အသုံးမဝင်ဘူး။ မင်းရဲ့ဓားသိုင်းက မှားနေတယ်”

သူ မှားယွင်းစွာ လေ့ကျင့်ခဲ့သလား။

လူငယ်သည် တောင့်တင်းသွား၏။

ဒုတိယထပ်ရှိ ကျင့်ကြံသူများအားလုံး နားမလည်ကြပါ။

ထက်မြက်သော ဓားသိုင်းကို ယခုလေးတင် တွေ့လိုက်သောအခါ အများစုမှာ ဤလူငယ်နှင့် မယှဉ်နိုင်ဟု ခံစားကြရသည်။

လုချန်းဖျင်ပင်လျှင် သူမ၏ ဓားပညာသည် လူငယ်ထက် သာလွန်ခြင်းမရှိဟု တွေးမိသည်။

သို့သော်လည်း ဂျူနီယာမောင်လေးဟန်၏မျက်လုံးထဲတွင် ထိုဓားသိုင်းက အမှန်တကယ် မှားယွင်းနေသည်များလား။

သူ တကယ်နားလည်သည်လား သို့မဟုတ် ဟန်ဆောင်နေခြင်းလား။

လက်ကျန်ဓားများကို ဟန်မူယဲ့က ကြည့်လိုက်သည်။ ခဏအကြာတွင် နောက်ထပ် ဓားနှစ်လက်ကို သူက မှတ်ချက်ပေးသည်။

လူငယ် တိတ်ဆိတ်နေသောအချိန်တွင် တခြားလူများမှာလည်း တွန့်ဆုတ်နေကြသည်။ သူတို့သာ လူငယ်ကဲ့သို့ မှတ်ချက်ပေးခံရပါက သူတို့၏တာအိုနှလုံးသားမှာ ပြိုလဲသွားနိုင်သည်။

ကလင်...

နောက်ဓားတစ်လက် အလှည့်ကို ရောက်သောအခါ ဟန်မူယဲ့က ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်သည်။ ထို့နောက် သူက ရယ်မော၍ ပြောသည်။

“ဒီဓားပဲ...”

လုချန်းဖျင်၏ မျက်လုံးများ တောက်ပလာသည်။

ဤဓားက သူမနှင့် အလွန်သင့်တော်သည်ကို ခံစားရသည်။

သို့သော် ဓားအလင်းသည် အလွန်တောက်ပြောင်နေရာ ဓားမှာ ဝိညာဉ်တစ်ဝက်အဆင့်လက်နက်ဖြစ်ကြောင်း ထင်ရှားသည်။

ဤသို့သောဓားကောင်းမှာ အလွန်တန်ဖိုးကြီးပေမည်။

“ဂျူနီယာမောင်လေးဟန်... ဒီဓားက မသင့်တော်မှာ စိုးရတယ်”

သူမက စိုးရိမ်စွာ ပြောသည်။

ဟန်မူယဲ့ ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ကာ ပြောသည်။

“ဒီဓားဟာ အလေးချိန် ၉.၅ ကီလိုဂရမ် ရှိတယ်။ ဓားဟာ ပေါ့ပါးပြီး ထက်ရှတယ်။ ပြီးတော့ ဝိညာဉ်သံမဏိနဲ့ ရောစပ်ထားတယ်။ ဒါကြောင့် ချီစွမ်းအားကို ဓားဆီကို စီးဆင်းစေတာနဲ့ ဓားဟာ အရမ်းမြန်ဆန်ပေါ့ပါးလာလိမ့်မယ်”

“ဒီဓားဟာ စီနီယာအစ်မလုတို့ သန့်စင်ရေကျောင်းတော်က ဓားသိုင်းအတွက် သင့်တော်တယ်။”

ဓားသည် ဓားကောင်းတစ်လက် ဖြစ်သည်။

ဆိုင်ရှင်သည် အားပါးတရ ပြုံးသည်။

လုချန်းဖျင်၏ခံစားချက်များ ရှုပ်ထွေးနေသည်။

သူမက ဓား၏တန်ဖိုးကို အမှန်တကယ် မတွေးရဲပါ။

“ဂျူနီယာမောင်လေးဟန်... ငါတို့ ထပ်ကြည့်ရအောင်”

လုချန်းဖျင်၏ စကားများက ဟန်မူ၏လက်အမူအရာကြောင့် ပြတ်တောက်သွားသည်။

“ဒီဓားကို ယူမယ်”

ဟန်မူယဲ့သည် သူ့လက်ကို မြှောက်လိုက်လျှင် တောက်ပနေသော ဝိညာဉ်ကျောက်တုံးနှစ်တုံးသည် ဆိုင်ရှင်၏လက်ထဲသို့ ကျရောက်လာသည်။

“ဈေးကို ထပ်မမြှင့်နဲ့...  ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀။ ဒီဈေးနဲ့ဆို ခင်ဗျား မရှုံးဘူး”

ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀...

တောက်ပသော ဝိညာဉ်ကျောက်တုံး နှစ်ခုသည် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးများဖြစ်သည်။ တစ်တုံးလျှင် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ တန်ဖိုးရှိသည်။

ဓားရှည်တစ်လက်သည် ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ ကုန်ကျသည်။

ဤသည်က ကြွယ်ဝသူများ သုံးစွဲသော ပုံစံဖြစ်သည်။

ဆိုင်ရှင်သည် သူ့လက်ထဲတွင် ဝိညာဉ်ကျောက်တုံးနှစ်တုံးကို ကိုင်ထားကာ ပါးစပ်ထောင့်များ တွန့်ကွေးအောင် ပြုံးပြသည်။

“စီနီယာအစ်ကို… ခင်ဗျား ဈေးညှိတာ အတော်လေးကောင်းတယ်”

ဟန်မူယဲ့က ဓားကို ကောက်ကိုင်လိုက်ပြီး လုချန်းဖျင်ကို ကမ်းပေးလိုက်သည်။

လုချန်းဖျင်က အလိုအလျောက် လှမ်းယူလိုက်၏။ ဓားကို ထိလိုက်လျှင် ၎င်းမှ ပူလောင်သည်ဟုပင် ခံစားရသည်။ သူမက ပြန်ပေးလိုသော်လည်း ဟန်မူယဲ့က ဓားကို လွှတ်လိုက်ကာ အောက်သို့ ဆင်းသွားပြီ ဖြစ်သည်။

အပေါ်ထပ်မှ အခြားလူများသည် ဟန်မူယဲ့ မှတ်ချက်ပေးခဲ့သောဓားများကို ကြည့်သည်။ ထို့နောက် အနက်ရောင်ဝတ် လူငယ်လေးအား လှမ်းကြည့်ကြ၏။ သူတို့ မည်သို့ လုပ်ရမည် မသိကြပါ။

ဆိုင်ရှင်က ဟန်မူယဲ့ကို နောက်ထပ်ဓားများအား မှတ်ချက်ပေးစေလို၏။ သို့သော်လည်း သူမော့ကြည့်သောအခါ ဟန်မူယဲ့နှင့် လုချန်းဖျင်တို့မှာ ထွက်သွားပြီး ဖြစ်သည်။

“ဒီစီနီယာအစ်ကိုက တကယ့်ကို အစွမ်းထက်တာပဲ…”

ဆိုင်ရှင်က လှေကားထစ်ကို လှမ်းကြည့်ကာ တိုးတိုးလေးပြောသည်။

တခြားသူများက ခေါင်းညိတ်ထောက်ခံကြ၏။

ဟန်မူယဲ့ ဆိုင်မှ ထွက်သွားသည့်တိုင် လုချန်းဖျင်မှာ တွေဝေမိန်းမောနေဆဲဖြစ်သည်။

လျူဟောင်ဟု ခေါ်သော ဤဓားအား ဝယ်ရန် ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ ပေးခဲ့ရသည်။

ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ ကို စုဆောင်းရန် သူမအတွက် နှစ်မည်မျှကြာမည်နည်း။

“ဂျူနီယာမောင်လေးဟန်... ဒီဓား... ဒီဓား…”

လုချန်းဖျင် မည်သို့ ဆက်ပြောရမည် မသိပါ။

သူမသည် ဓားကို ပြန်ပေးရန် မတတ်နိုင်ပေ။

“စီနီယာအစ်မလု... ဒါတွေက အစ်ကိုဟွမ်ရဲ့ခံစားချက်တွေဆိုတာ သတိရပါ။”

ရှေ့မှ လျှောက်နေသော ဟန်မူယဲ့က လှည့်မကြည့်ဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။

သူ့နောက်တွင် လုချန်းဖျင်သည် သူမ၏ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း မည်သည့်စကားမှ မဆိုဘဲ နှုတ်ခမ်းကို ကိုက်လိုက်သည်။

ဆိုင်ထဲမှ ထွက်လာသည်နှင့် ဟန်မူယဲ့၏ရှေ့တွင် လူတစ်ယောက် ရပ်နေ၏။

All Chapters