← Chapters

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏စစ်မှန်သော စွမ်းအား

Vol. 5 Ch. 61

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏စစ်မှန်သော စွမ်းအား

Vol. 5 Ch. 61

“ကျုပ်ဓားသိုင်းမှာ ဘာတွေမှားနေလဲ ပြောပါဦး”

ဟန်မူယဲ့၏ရှေ့တွင် ရပ်နေသူမှာ သူ့ရှေ့တွင် သရုပ်ပြခဲ့ကာ လေ့ကျင့်ပုံ မှားနေသည်ဟု မှတ်ချက်ပေးခံခဲ့ရသော လူငယ် ဖြစ်သည်။

ထိုအချိန်တွင် လူငယ်သည် ဟန်မူယဲ့၏ရှေ့ ဆယ်ပေအကွာ၌ ရပ်နေ၏။ သူ့မျက်လုံးများမှာ နီရဲပြီး အံကို ကြိတ်ထား၏။ ဟန်မူယဲ့သာ မရှင်းပြပါက ဓားဆွဲထုတ်ရန်လည်း အသင့်ပြင်ထားသည်။

လုချန်းဖျင်က ဟန်မူယဲ့ရှေ့သို့ လျှောက်လာကာ ရပ်လိုက်သည်။

ကျန်းလင်ဓားဆိုင်မှ လူများအားလုံး ပြင်တင်းပေါက်များမှနေ၍ ခေါင်းပြူကာ မြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေကြ၏။

“စီနီယာအစ်မလု... ကျုပ် ဖြေရှင်းလိုက်မယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောပြီး ရှေ့ကို လျှောက်သွားလိုက်သည်။

လုချန်းဖျင်သည် ဓားလက်ကိုင်ပေါ်ကို တင်ထားသော သူမ၏လက်များအား အောက်ကို ချလိုက်သည်။ ဤလူသာ လှုပ်ရှားရဲပါက သူမကလည်း ဓားကို အလျင်အမြန် ဆွဲထုတ်လိုက်ပေမည်။

ဟန်မူယဲ့သည် အနက်ရောင်ဝတ်လူငယ်ရှေ့ ငါးပေ အကွာခန့်တွင်ရပ်ကာ လက်ကိုဆန့်တန်းလျှက် ဆိုသည်။

“ဓားကို ကမ်းပေး...”

‘ဓား...’

‘ကမ်းပေးလိုက်...’

လူငယ်၏အမူအရာ ပြောင်းလဲသွားသည်။

ဓားသမားတစ်ယောက်အတွက် သူ့လက်ထဲမှဓားမှာ သူ၏အသက်ဖြစ်သည်။

ဓားကို အခြားသူတစ်ဦးအား ပေးအပ်ခြင်းသည် မိမိအသက်ကို အပြင်တစ်ဦးအား ပေးကမ်းခြင်းနှင့် ညီမျှသည်။

“ကောင်းပြီ... ကျုပ်ကို မလိမ်နဲ့...”

သူ့လက်ထဲက ဓားကို ဖြည်းညှင်းစွာ ကမ်းပေးရင်း လူငယ်လေး၏ မျက်နှာသည် မည်းမှောင်သွားသည်။

ဟန်မူယဲ့က ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်၏။

ကလင်...

သူက ဓားကို ဆွဲထုတ်လိုက်သည်။

ဓားမှာ အလွန်ပေါ့ပါးသည်။ ပါးလွှာသော ဓားသွားပေါ်တွင်ကား ဒဏ်ချက်တချို့ ရှိနေ၏။

ဓားလက်ကိုင်ကို ကိုင်ထားရင်း ဟန်မူယဲ့၏ စိတ်ထဲတွင် ပုံရိပ်များ ပေါ်လာသည်။

မိဘမဲ့တစ်ဦးကို ဓားသမားတစ်ဦးက မွေးစားထားသည်။

သူသည် ဓားပညာကို လေ့ကျင့်ပြီး အမွေကို ဆက်ခံရရှိသည်။

ကံမကောင်းစွာဖြင့် သူသည် ဓားသမား၏အမွေကို ဆက်ခံ၍ မပြီးဆုံးမီတွင် ကံဆိုးမိုးမှောင်ကျခဲ့၏။

လူငယ်သည် ကံဆိုးမိုးမှောင်ကျခြင်းမှ လွတ်မြောက်လာခဲ့ကာ သူ့ဘဝကို လက်စားချေလိုစိတ်ဖြင့် ဆက်လက်ရှင်သန်နေခဲ့သည်။

သူ၏ မပြည့်စုံသော ဓားပညာရပ်များကြောင့် ရန်သူများကို သတ်ရန် ပျက်ကွက်ခဲ့ရုံသာမက ထိုလူများ၏ အဆက်မပြတ် လိုက်လံဖမ်းဆီးမှုကိုပင် ခံနေရသည်။

သူသည် မကြာသေးမီက ကံကောင်းမှုတချို့နှင့် ကြုံခဲ့ကာ ရရှိခဲ့သော ကြွယ်ဝမှုတချို့အား ဓားရှည်တစ်လက်ဝယ်ပြီး သူ့တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်လိုသည်။

ဤသည်မှာ ကျင့်ကြံခြင်းလောက၏ စံနှုန်းတစ်ခုဖြစ်သည်။

လောကတွင် သာမန်လူများမှာ သဲပွင့်များကဲ့သို့ မရေမတွက်နိုင်အောင် များပြားသည်။ ထိုအထဲမှနေ၍ ကျင့်ကြံခြင်းလောကသို့ ခြေချနိုင်သူများမှာ အလွန်ရှားပါးနေပြီးဖြစ်သည်။

ဂိုဏ်း၏တပည့်ဖြစ်လာပြီး ဂိုဏ်း၏အကာအကွယ်ကို ရယူကာ စိုးရိမ်မှုမရှိဘဲ ကျင့်ကြံနိုင်သူများသည် မောင်ကံကောင်းများ ဖြစ်ကြ၏။

သူ့လက်ထဲမှဓား၏ မှတ်ဉာဏ်များကို မြင်ပြီးနောက်တွင်တော့ ဟန်မူယဲ့သည် သူ့ရှေ့မှလူငယ်မှာ မပြည့်စုံသော ဓားပညာကို လေ့ကျင့်နေရကြောင်း နားလည်သွား၏။

ဟန်မူယဲ့၏အမြင့်ဆုံးနားလည်နိုင်စွမ်းကိုသုံးကာ သူသည် ဓားကွက်တချို့ကို မြင်ရုံမျှဖြင့် ‘ပန်းပွင့်ဝေဝေ’ ဓားသိုင်းကို ပြည့်စုံအောင် နားလည်တတ်ကျွမ်းထားပြီးဖြစ်သော်လည်း သူ့ရှေ့မှ လူငယ်မှာ တချို့တစ်ဝက်ကိုသာ တတ်ကျွမ်းထားသူဖြစ်သည်။

ဓားကို ကိုင်ထားရင်း ဟန်မူယဲ့ ခေါင်းကို လှည့်လိုက်သည်။

နွားသိုးနှစ်ကောင်ပုံရိပ်သည် သူ့ခန္ဓာကိုယ်နောက်တွင် ပေါ်လာ၏။

သူက ဓားကို မြှောက်လိုက်ပြီး ဘေးကို အားသုံးလျှက် ခုတ်ချလိုက်သည်။

“ခင်ဗျား ဘာလုပ်တာလဲ...”

အနက်ရောင်ဝတ်လူငယ်က စိုးရိမ်တကြီး အော်ဟစ်လိုက်သော်လည်း လုချန်းဖျင် ၏ဓားအလင်းက သူ့အား ပိတ်ဆို့ထားသည်။ သူ၏ဓားသည် ကျောက်လှေကားထစ်နှင့် ပြင်းထန်စွာ ထိရိုက်သွားခဲ့သည်ကို သူမြင်ရ၏။

ကလင်...

ကျောက်တုံးများမှာ အပိုင်းပိုင်းအစစ ဖြစ်သွားသလို ဓားမှာလည်း နှစ်ပိုင်း ပြတ်သွား၏။

ဓားကို ချိုးလိုက်ပြီးနောက် ဟန်မူယဲ့သည် သူ၏လက်ထဲမှ ဓားကျိုးအား အနက်ရောင်ဝတ်လူငယ်ထံသို့ ပစ်ပေးလိုက်သည်။

လူငယ်က ဓားကျိုးကို ဖမ်းယူကာ ဟန်မူယဲ့ထံသို့ နီရဲသော မျက်လုံးများဖြင့် ပြေးဝင်လာ၏။

သို့သော်လည်း လုချန်းဖျင်၏ဓားအလင်းသည် ဟန်မူယဲ့အား ထိခိုက်ခွင့်မပေးပါ။ ဓားအလင်းသည် ရှေ့ကို တိုးဝင်သွားကာ သူ့အား တားဆီးသည်။

“ဘေးဖယ်စမ်း…”

လူငယ်က အော်ဟစ်ကာ သူ၏ဓားကျိုးဖြင့် လုချန်းဖျင်အား ခုတ်ချလိုက်သည်။

သူက ဓားဖြင့် ခုတ်လိုက်သော်လည်း သူ၏ဓားမှာ ကျိုးနေသည်ကို ယခုမှ သတိရလိုက်သည်။

အလိုအလျောက်ပင် သူက ခြေထောက်ကို လုချန်းဖျင်ထံသို့ နှစ်ပေခန့် ရွေ့လျားလိုက်၏။ ထို့နောက် သူ၏ဓားကျိုးဖြင့် တဖန် ထိုးသွင်းလိုက်သည်။

ဓားနှစ်လက်သည် တစ်ဘက်စီကို နီးကပ်သွားလျှင် သူသည် အန္တရာယ်ရှိသောအနေအထားသို့ ကျရောက်သွားသည်။

အကယ်၍ လုချန်းဖျင်သာ သူမ၏ဓားကို အနည်းငယ်မြှောက်လိုက်လျှင် ဓားသည် ဝတ်စုံနက်လူငယ်အား ဖောက်ထွင်းသွားပေမည်။

သို့သော် လူငယ်၏ဓားသည်လည်း လုချန်းဖျင်၏လက်ကို ဖြတ်တောက်သွားပေလိမ့်မည်။

လုချန်းဖျင် မျက်မှောင်ကြုတ်ကာ နောက်ကို ဆုတ်လိုက်သည်။

လူငယ်က နောက်ကို ဆုတ်လိုက်ကာ သူ၏ဓားကို ဝေ့ဝိုက်လျှက် လုချန်းဖျင်၏လည်ပိုင်းသို့ ပိုင်းချလိုက်သည်။

“နောက်ဓားချက်မှာ သူ ဘယ်ဘက်ကို လှည့်လိမ့်မယ်”

လုချန်းဖျင်က သူမ၏ဓားဖြင့် ခုခံရန်ပြင်လိုက်စဉ် ဟန်မူယဲ့ ရုတ်တရက် ဆိုသည်။

လုချန်းဖျင် တွန့်ဆုတ်ခြင်းမရှိဘဲ သူမ၏ခန္ဓာကိုယ် ဘယ်ဘက်သို့ ခုတ်ချလိုက်သည်။

ထိုအခိုက်တွင် လူငယ်သည် အမှန်တကယ် လုချန်းဖျင်၏ဘယ်ဘက်မှနေ၍ တိုက်ခိုက်လိုက်သည်။

“နောက်ဓားချက်… ဝမ်းဗိုက်အောက်ကို သတိထားပါ…”

“နောက်ကို…”

“ဒါက အရောင်ပြဓားချက်ပဲ”

…

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။ လုချန်းဖျင်လည်း လူငယ်၏တိုက်ခိုက်မှုများကို တည်ငြိမ်စွာ ပိတ်ဆို့သည်။ သူမ၏ခြေလှမ်းများမှာ ပေါ့ပါးကာ လှုပ်ရှားမှုများက သွက်လက်သည်။

သို့သော်လည်း လက်ရှိတွင် အားလုံး၏အာရုံမှာ လုချန်းဖျင် သို့မဟုတ် ဟန်မူယဲ့ ထံတွင် မရှိပါ။

လူတိုင်းသည် ဓားကို ကြယ်ကြွေအလင်းအလား ရွေ့လျားကာ ခန္ဓာကိုယ်ကို လိပ်ပြာအလား လှုပ်ရှားနေသော လူငယ်ကို တအံ့တဩ ကြည့်နေကြ၏။

တစ်ပေခန့်သာရှိသော သူ၏ဓားကျိုးသည် ထူးဆန်းစွာဖြင့် မြန်ဆန်သွက်လက်ကာ ဓားချက်တိုင်းသည် လှပညက်ညောသည်။

ဓားကျိုးကိုင်ထားသော တကိုယ်တော်ကျင့်ကြံသူတစ်ဦးသည် ဂိုဏ်းတပည့်တစ်ဦးအား ဖိနှိပ်ထား၏။

မြင်ကွင်းကား ယုံနိုင်စရာမရှိပါ။

“ဒီဓားကျိုးက ကောင်လေးအတွက် ပိုပြီးသင့်တော်တယ်လို့ ငါ ခံစားနေရတယ်”

ကျန်းလင်လက်နက်ဆိုင်တွင် ဆိုင်ရှင်သည် ထိုမြင်ကွင်းကို ကြည့်ကာ မှတ်ချက်ချသည်။

တခြားလူများကလည်း ခေါင်းညိတ်ကြ၏။

ဓားကျိုးသည် အမှန်တကယ်ပင် လူငယ်၏ဓားသိုင်းနှင့် လိုက်ဖက်ညီနေ၏။

“သူက နောက်တစ်ကွက်မှာ ဓားကို ပစ်လွှတ်လိမ့်မယ်။ ဒါက သူ့ဓားသိုင်းရဲ့သတ်ကွက်ပဲ”

ဟန်မူယဲ့ ရုတ်တရက် ဆိုသည်။

ထိုစကားကိုကြားလျှင် လုချန်းဖျင် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်၏။ သူမထံမှ စွမ်းအားများ ထွက်ပေါ်လာကာ အလင်းအရံအတားတစ်ခု ဖြစ်ပေါ်လာ၏။

ချီစုစည်းခြင်းအဆင့်…။

ဆယ်ပေအကွာခန့်၌ လူငယ်သည် ဓားကျိုးကို ကိုင်ကာ စိတ်ပျက်လက်ပျက် အမူအရာဖြင့် ရပ်နေ၏။

သူသည် ဟန်မူယဲ့ ပြောသော ဓားကွက်ကို မြင်ဖူးသော်လည်း အသုံးပြုနိုင်စွမ်းမရှိပါ။

အကြောင်းအရင်းမှာ သူသည် ဓားသိုင်း၏အနှစ်သာရကို နားမလည်သေးသောကြောင့် ဖြစ်သည်။

သူ၏လက်များ တုန်ယင်စွာဖြင့်ပင် ဟန်မူယဲ့အား ကြည့်သည်။

“ခင်ဗျား… ခင်ဗျား ဘယ်လိုသိတာလဲ”

“ခင်ဗျား ကျုပ်မွေးစားအဖေကို သိတာလား”

ဟန်မူယဲ့ ခေါင်းယမ်းကာ အသာအယာပြောသည်။

“မင်းရဲ့ဓားသိုင်းဟာ အန္တရာယ်သိပ်မများပေမဲ့ မြန်ဆန်ပြီး ပေါ့ပါးတယ်”

“နောက်ဆုံးဓားကွက်ကတော့ မင်းလက်ထဲက ဓားကို ယုံကြည်တဲ့အခါ သုံးနိုင်လိမ့်မယ်”

ထို့နောက် ဟန်မူယဲ့ ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။

လုချန်းဖျင်က သူမ၏ဓားကို ပြန်သိမ်းဆည်းလိုက်ကာ ဟန်မူယဲ့ နောက်မှ လိုက်ပါသွား၏။

အနက်ရောင်ဝတ်လူငယ်၏မျက်နှာ အမူအရာက အဆက်မပြတ် ပြောင်းလဲနေသည်။ သူက ရုတ်တရက် နောက်လှည့်ကာ ဟန်မူယဲ့၏နောက်ကျောကို ကြည့်သည်။

“ကျုပ် နာမည် ထန်ယွင်ဟောင်ပါ။ စီနီယာရဲ့နာမည်ကို သိခွင့်ရှိမလား”

ဟန်မူယဲ့ လက်ဝှေ့ယမ်းကာ ထွက်သွားသည်။

“အဲဒါ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အတွင်းစည်းဂိုဏ်းသားလား”

ဆိုင်ရှေ့တွင် ဆံပင်ဖြူအဖိုးအိုသည် အဝေးကို ကြည့်ကာ သက်ပြင်းချသည်။

“ဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ စွမ်းအားအစစ်အမှန်လား”

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းကြီးလေးဂိုဏ်းထဲက တတိယအင်အားအကြီးဆုံး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်။ အံ့အားသင့်စရာပဲ…”

ကျန်းလင်လက်နက်ဆိုင်ရှေ့တွင် အမျိုးမျိုးသော ထင်မြင်ဆွေးနွေးမှုများ ဖြစ်ပေါ်လာသည်။

အားလုံး၏ရှေ့တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အစွမ်းပကားမှာ တဖန် ထွက်ပေါ်လာခဲ့ပြန်၏။

ထန်ယွင်ဟောင်သည် သူ၏လက်မှ ဓားကျိုးကို ကိုင်ကာ အဝေးကို ထွက်ခွာပျောက်ကွယ်သွား၏။

“ကောင်းပြီ ဆိုင်ရှင်ဟယ်… ကျုပ် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက စီနီယာ ခုနက မှတ်ချက်ပေးခဲ့တဲ့ဓားကို ဝယ်ချင်တယ်”

“ချင်းရွှယ်ဓားကို ဝိညာဉ်ကျောက်တုံး ဘယ်လောက်ပေးရမလဲ။ ခုနက စီနီယာပြောတာ ဓားဟာ မာပေမဲ့ အတော်လေးဆတ်တယ်ပြောတယ်”

ကျန်းလင်လက်နက်ဆိုင်တွင် ကျင့်ကြံသူတချို့သည် ဆိုင်ရှင်အား ဝန်းရံကာ ဓားများကို ဝယ်ရန် ညှိနှိုင်းကြလျှင် ဆိုင်ရှင်အား ဝမ်းသာအားရ ဖြစ်စေသည်။

ယနေ့ စီးပွားရေးကား အလွန်ကောင်းပေတော့မည်။

…

ထိုအခိုက်တွင် စျေးတန်း၏အဝင်ဝသို့ ရောက်လာသော ဟန်မူယဲ့သည် ရုတ်တရက် ရပ်ကာ လမ်းဘေးဆိုင်တစ်ခုထံသို့ လျှောက်သွားသည်။

ထိုနေရာ၌ ဓားအနည်းငယ် ရှိနေသည်။

“ဒီဓား ဘယ်လောက်လဲ”

ဟန်မူယဲ့က သုံးပေနီးနီးရှိသော ဓားရှည်တစ်လက်အား ညွှန်ပြသည်။

“တာအိုရောင်းရင်း… ခင်ဗျားမှာ အမြင်ကောင်းကောင်းရှိတာပဲ။ ဒီဓားကို ကျုပ် မနေ့ကပဲ လက်ခံရခဲ့တာ။ ကျုပ်ဝယ်တုန်းက ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကျတယ်။ တကယ်လို့ တာအိုရောင်းရင်းသာ သဘောကျရင်…”

အဖိုးအိုက မည်သည့်စကားမှ မပြောရသေးခင်တွင် ဟန်မူယဲ့က သာမန်အရည်အသွေးဝိညာဉ်ကျောက်တုံး ၁၁ တုံးအား ဆိုင်ရှင်၏လက်ထဲကို ပစ်ပေးလိုက်သည်။ ထို့နောက် ဓားကို ကောက်ယူကာ လုချန်းဖျင်အား ပြောသည်။

“စီနီယာအစ်မလု… ပြန်ရအောင်…”

လုချန်းဖျင်က လမ်းဘေးဆိုင်မှ ထိုဓားအား ဟန်မူယဲ့ အဘယ်ကြောင့်ဝယ်သည်ကို စိတ်ဝင်စားမိသော်လည်း မည်သည့်စကားမှ မဆိုပေ။ သူမက ခေါင်းညိတ်ကာ သူ့နောက်မှ လိုက်ပါသွား၏။

ရထားလုံးကို သွားပြန်ယူပြီးနောက် သူတို့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။

တစ်နာရီကျော်ကျော်ခန့်တွင် သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို မြင်နေရပြီ ဖြစ်သည်။

ဝှီး…

ကောင်းကင်ထက်တွင် ဓားအလင်းများ ဖြတ်ပြေးသွားသည်။

လူအများအပြား ဓားများကို စီးနင်းကာ ခရီးသွားနေကြခြင်း ဖြစ်သည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ချင်သုံးပါးဓားဂိုဏ်းကို နှိမ်နှင်းခဲ့တယ်။ ယာယီအကြီးအကဲ အံ့ဖွယ်ဓားအကြီးအကဲဟာ ချင်သုံးပါးဓားဂိုဏ်းရဲ့ ကမ္ဘာမြေအဆင့် အကြီးအကဲ ဝမ်လျန့်ကို ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်။ သူက ဝိညာဉ်အဆင့်လက်နက်ကို လုယူပြီးတော့ ဂိုဏ်းသို့ ပြန်ပို့ဆောင်ခဲ့တယ်”

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ချင်သုံးပါးဓားဂိုဏ်းကို နှိမ်နှင်းခဲ့ပြီးတော့ တိုက်ခိုက်ရေးခန်းဆောင်က ချင်သုံးပါးဓားဂိုဏ်းရဲ့ တောင်ပိုင်းယွမ်ဂိုဏ်းခွဲကို နှိမ်နှင်းပြီးတော့ ဝိညာဉ်တစ်ဝက် လက်နက် ၆ ခုကို ဓားစံအိမ်သို့ ပို့ဆောင်ပါတယ်”

ဒင်…

ဒင်…

အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ခေါင်းလောင်းထိုးသံများကို ကြားရသည်။

သူတို့သည် ဓားများကို ဓားစံအိမ်သို့ ကြိုဆိုကြ၏။

All Chapters