မြူနှင်းရွှေကြာစေ့
Vol. 5 Ch. 63
ဓားကျိုးကို ကိုင်ထားရင်း ဟန်မူယဲ့၏အာရုံထဲတွင် ပုံရိပ်များ ပေါ်လာသည်။
ထန်ယွင်ဟောင်၏မွေးစားအဖေမှာ ထန်ကျီဖြစ်ပြီး တကိုယ်တော်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
အများစုမှာ တကိုယ်တော်ကျင့်ကြံသူ မဖြစ်လိုကြပါ။
တကိုယ်တော်ကျင့်ကြံသူများမှာ ပုံမှန်အားဖြင့် မိသားစုမျိုးဆက်အမွေကို ဆက်ခံကာ ဂိုဏ်းများနှင့် မပတ်သက်ဘဲ သီးသန့်ကျင့်ကြံကြသူများ ဖြစ်ကြသည်။
သူတို့မှာ များသောအားဖြင့် ဂိုဏ်းများသို့ ဝင်ရန် လုံလောက်သော ဗီဇပါရမီ မရှိခြင်း သို့မဟုတ် ကျင့်ကြံရန် သတ်မှတ်ထားသော အသက်အရွယ်ထက် နောက်ကျ၍ ကျင့်ကြံခြင်း စသည့် အကြောင်းပြချက်များကြောင့် တကိုယ်တော် ကျင့်ကြံရန် ဖြစ်လာသည်။
ထန်ကျီသည် လုံလောက်သော ပါရမီ မပါလာပေ။ ဟန်မူယဲ့ကဲ့သို့ပင် သူသည် နဝမအတန်းအစား ဗီဇပါရမီဖြစ်ရာ ဂိုဏ်းများက သူ့အား လက်ခံလိုခြင်း မရှိခဲ့ကြပေ။ ထို့ကြောင့် သူသည် တကိုယ်တော်ကျင့်ကြံသူ ဖြစ်လာခဲ့သည်။
သူ၏မျိုးဆက်အမွေသိုင်းပညာမှာ ‘ပန်းပွင့်ဝေဝေ’ သိုင်း ဖြစ်ပေသည်။ ၎င်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေထံမှ ဆင်းသက်လာသော သိုင်းတစ်မျိုးဟု ဆိုနိုင်၏။
ထန်ကျီသည် အခြေခံအုတ်အမြစ်အဆင့်သို့ မရောက်သေးပါ။ အကြောင်းကား သူသည် လုံလောက်သော ပါရမီ ကင်းမဲ့သောကြောင့် ဖြစ်သည်။
သူ၏ကျင့်ကြံခြင်းပါရမီကို ပြောင်းလဲရန် သူသည် နေရာအနှံ့ လိုက်လံစုံစမ်းခဲ့သည်။
သူသည် အမှန်တကယ်လည်း လျှို့ဝှက်နေရာတစ်ခုအား ရှာတွေ့ခဲ့၏။
ကျင့်ကြံခြင်းကမ္ဘာများတွင် သဘာဝစွမ်းအင်များ စုဝေးရာနေရာများ ရှိသည်။ ၎င်းနေရာများ၌ ကောင်းကင်နှင့်မြေပြင်မှ စွမ်းအားများ စုဝေးကာ ထူးခြားသော ရတနာများလည်း ဖြစ်ပေါ်လာတတ်၏။
အံ့ဖွယ်ကိုးပါးတောင်ကုန်းတွင်လည်း ထိုသို့သောနေရာတစ်ခု တည်ရှိသည်။
ထန်ကျီနှင့် တခြား တကိုယ်တော်ကျင့်ကြံသူတချို့သည် လျှို့ဝှက်နေရာတစ်ခုသို့ ရောက်သွားကာ မြူနှင်းကြာပန်းတစ်ပွင့်အား တွေ့ရှိခဲ့ကြ၏။
မြူနှင်းကြာပွင့်၏အစေ့တစ်စေ့သည် ကျင့်ကြံသူတစ်ဦး၏ဗီဇပါရမီကို တစ်ဆင့် မြှင့်တင်ပေးနိုင်၏။
အကယ်၍ မြူနှင်းကြာပွင့်မှ အစေ့အများအပြား ရရှိလျှင် ထိုကျင့်ကြံသူ၏ဗီဇပါရမီမှာလည်း အဆင့်များစွာ မြင့်တက်သွားနိုင်သည်။
၎င်းကား ကျင့်ကြံခြင်းဗီဇပါရမီကို မြှင့်တင်နိုင်သော ရတနာဖြစ်သည်။
နောက်ပိုင်း အဖြစ်အပျက်များမှာ မထူးဆန်းပါ။
ထိုရတနာကား တန်ဖိုးကြီးလွန်းလှသည်။ မူလက မိတ်ဆွေဖြစ်သော သူတို့မှာ ရန်သူများ ဖြစ်သွားကာ အချင်းချင်း တိုက်ခိုက်ကြတော့သည်။ ထန်ကျီမှာလည်း ထိုအဖြစ်အပျက်၌ အသတ်ခံလိုက်ရ၏။
ထန်ကျီသည်လည်း လူကောင်းမဟုတ်ပေ။ သူသည် သူ့မိတ်ဆွေအား သတ်ဖြတ်ခဲ့ကာ သူ၏မွေးစားသားကိုလည်း တစ်ကွက်လျှိုထားခဲ့သည်။ သူသည် ဓားသိုင်းကို ထန်ယွင်ဟောင်အား သင်ပေးစဉ်က နောက်ဆုံးအကွက်အား လျှိုထားခဲ့သည်။
ထို့အပြင် သူသည် သေသွားသည့်အချိန်အထိ ထန်ယွင်ဟောင်အား မြူနှင်းကြာပန်းနှင့်ပတ်သက်၍ တစ်ခွန်းမှ မဟခဲ့ပေ။
ဤသည်ကပင် တကိုယ်တော်ကျင့်ကြံသူများ၏လောက ဖြစ်သည်။
“ကီလိုမီတာ ၈၀,၀၀၀ ဝေးတဲ့အရပ်မှာ မီးတောက်ဒီမွန်တောင်ကြားရှိတယ်”
ဟန်မူယဲ့ မျက်လုံးများကို ဖွင့်ကာ တီးတိုးပြောသည်။
လျှို့ဝှက်နေရာသည် မီးတောက်ဒီမွန်တောင်ကြားနှင့် သိပ်မဝေးပါ။
ထိုနေရာတွင် သားရိုင်းမိစ္ဆာများ ကျင်လည်ကျက်စားကြ၏။
“မြူနှင်းကြာပန်းစပွင့်တဲ့အချိန်ကနေတွက်မယ်ဆိုရင် အစေ့ချမယ့် အချိန်က နှစ်နည်းနည်းကျန်သေးတယ်”
“အဲဒီအချိန်ကျရင် မြူနှင်းကြာစေ့တွေကို ဘယ်သူတွေ ရသွားနိုင်မလဲ”
မည်သို့ဆိုစေ မြူနှင်းကြာစေ့များကို ရရှိသွားသူမှာ ထိုတိုက်ပွဲ၏အနိုင်ရသူ ဖြစ်ပေမည်။
ဟန်မူယဲ့ မျက်တောင်ပင့်လိုက်သည်။
သူသည်လည်း ဗီဇပါရမီကို အဆင့်မြှင့်နိုင်သော မြူနှင်းကြာစေ့များအား လိုချင်မိသည်။
အလျင်လိုစရာတော့ မရှိပါ။
အချိန်တချို့ ကျန်ပါသေးသည်။
သူ အခန်းထဲမှ ထွက်လာသောအခါ ဓားစံအိမ်အဝနားတွင် စားပွဲငယ်တစ်လုံးဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထားပြီး ဖြစ်သည်။
ဟန်မူယဲ့လည်း ဟန်လုပ်မနေတော့ဘဲ သွားထိုင်လိုက်သည်။
“ဟီးဟီး… စီနီယာအစ်ကိုဟန်… ကျုပ်တို့ ဒီနေ့ စားသောက်ဆိုင်ကို သွားတဲ့အခါ အကုန်လုံး တိတ်ဆိတ်နေတာပဲ”
ဟန်မူယဲ့ ထိုင်လိုက်သည်နှင့် လုကောက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
ဟွမ်လောင်လျှိုကလည်း ဒေါနှင့်မောနှင့် ပြောသည်။
“ချင်သုံးပါးဓားဂိုဏ်းက ကမ္ဘာမြေအဆင့်တစ်ယောက်ကို သတ်ပြီးတာတောင် သူတို့ ဝေဖန်ရဲဦးမလား။ ဒီတစ်ခေါက်တော့ ချင်သုံးပါးဓားဂိုဏ်းဟာ နောက်တစ်ခါ ပြန်တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”
အမှန်တကယ်လည်း သူတို့ ဓားလက်ခံစဉ် အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ ခေါင်းလောင်းသံသည် ထိတ်လန့်ဖွယ်ကောင်းလှသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အလေးအနက်ထားလာ၏။ မည်သည့်ဂိုဏ်းမဆို ကောင်းကင်ဘုံအဆင့်မရှိသော ဂိုဏ်းဖြစ်ပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
ကမ္ဘာမြေအဆင့်တန်ခိုးရှင်တစ်ဦးသည် ဂိုဏ်းတစ်ဂိုဏ်းအား တည်ထောင်နိုင်သည်။ သို့သော် မည်သည့်အရေးနည်း။
သူ၏ဓားသည် ဓားစံအိမ်ထံသို့ ပို့ဆောင်ခံခဲ့ရသည်။
ဤသည်ကပင် တတိယမြောက်အင်အားအကြီးဆုံးဓားဂိုဏ်း၏ အရှိန်အဝါ ဖြစ်သည်။
တူညီသော အင်အားမရှိပါက ကျိုးနွံစွာ နေသင့်သည်။
မူလက ဝေဖန်ပြစ်တင်နေသော ဂိုဏ်းများမှာ ယခု အသံတိတ်သွားပြီ ဖြစ်သည်။
သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်ခဲ့ခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ချင်သုံးပါးဓားဂိုဏ်းကဲ့သို့ မည်သူမှ မကြုံတွေ့လိုပါ။
ဟန်မူယဲ့သည်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ရောက်လာခြင်းအတွက် ဝမ်းသာမိသည်။
ကောင်းမွန်သော နောက်ခံအင်အားရှိခြင်းက သူ့အား စိတ်သက်သာရာ ရစေသည်။
ထိုအခိုက်တွင် သူစားနေသော အသားအရသာမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်သွားသော ဂိုဏ်းသားများထက် ပို၍ ချိုမြိန်ပေသည်။
နေ့လည်ပိုင်းတွင် လင်းရှန်သည် ဟန်မူယဲ့ထံမှ ဓားသိုင်းနှင့်ပတ်သက်၍ အကြံဉာဏ်များ တောင်းခံသည်။ ထို့နောက် သူသည် ဓားစံအိမ်နောက်ဘက်တွင် စတင်လေ့ကျင့်၏။
သူသည် ဓားခုတ်ချက်တိုင်းကို ကမ္ဘာ့ရန်ဘက်နှင့် တွေ့နေသည့်အလား အင်အားကုန်ထုတ်၏။
ထိုအခိုက်တွင် သူ၏ဓားသိုင်းတွင် ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်သော အဓိပ္ပာယ်များ ရှိနေသည်။
လင်းရှန် ဓားသိုင်းလေ့ကျင့်သည်ကို ခဏမျှ စောင့်ကြည့်ပြီးနောက်တွင် ဟန်မူယဲ့သည် ဓားများအား သန့်ရှင်းရေး သွားလုပ်သည်။ ဟွမ်လောင်လျှိုသည်ကား အသစ်လက်ခံခဲ့သော ဓားများအား မှတ်တမ်းတင်ရင်း အလှုပ်ရှုပ်နေ၏။
လုကောသည်ကား တံခါးဝတွင် ပျင်းရိစွာ ထိုင်နေ၏။
သူ့မိတ်ဆွေဟောင်း အစေခံတပည့်များပြောသည်ကို သူ ပြန်အမှတ်ရ၏။ လတ်တလောတွင် အစေခံတပည့်များမှာ ဂိုဏ်းစုံညီစုဝေးပွဲအတွက် ပြင်ဆင်နေရရာ အလွန်တရာ ပင်ပန်းကြရသည်။
ထို့အပြင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဂိုဏ်းသားများကို အပြစ်မလုပ်ရဲသော ဂိုဏ်းပေါင်းစုံမှ လူများသည် သူတို့၏ဒေါသများကို အစေခံတပည့်များအပေါ်သို့ ပုံချကြသည်။
လုကောက ထိုအဖြစ်ကို တွေးကာ ပြုံးမိသည်။
သူက အိပ်ကပ်ထဲကို လက်ဖြင့် ဖိကား ထိုနေရာမှလာသော သဘာဝစွမ်းအားအငွေ့အသက်များအား ထိတွေ့ကာ ကောင်းကင်ဘုံသို့ ရောက်သည့်အလား ခံစားနေရသည်။
သူ့ဘဝတွင် သည့်ထက်ကောင်းသည့်အရာ မရှိတော့ပါ။
ဓားများကို သန့်ရှင်းရေးလုပ်နေသော ဟန်မူယဲ့သည် ရုတ်တရက် ဓားစံအိမ်အဝင်ဝမှ လုကော၏အော်သံကို ကြားလိုက်ရသည်။
“ဓားစံအိမ်၏ဓားလက်ခံခြင်းစည်းမျဉ်းများ…”
“အစ်ကိုလင်း… ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ”
လုကော၏အသံမှာ အံ့ဩတကြီး အော်သံတစ်ခုကြောင့် ရပ်တန့်သွားသည်။
“အာ… ခင်ဗျားတို့ အချင်းချင်း သိကြတာလား။ ဒါဆိုလည်း ဆက်ပြောကြပါ”
လုကောက သူ့ရှေ့မှ ခေါင်းတုံးလူငယ်အား ကြည့်ကာ သူ့နေရာ၌ ပြန်ထိုင်သည်။
ထိုအသံကို ကြားကာ ဟန်မူယဲ့ ဓားစံအိမ်ထဲမှ ထွက်လာသည်။
ကျောက်ဖူ…
ကျောက်တုံးသုံးတုံးစံအိမ်၏ပင်မတပည့်…
ထိုအခိုက်တွင် ကျောက်ဖူသည် လင်းရှန် အဘယ်ကြောင့် ဓားစံအိမ်၌ ရှိနေသည်ကို သိသွားဟန်တူသည်။ သူကား ဝမ်းသာနေ၏။
ဟန်မူယဲ့ကိုမြင်လျှင် ကျောက်ဖူက လက်နှစ်ဘက်ဆုပ်ကာ ပြောသည်။
“ကျေးဇူးပါ ညီလေးဟန်”
ယခင်က လင်းချုံးရှောင် ကျောက်တုံးသုံးတုံးစံအိမ်၌ ရှိစဉ်က သူတို့မှာ အလွန်ခင်မင်ရင်းနှီးခဲ့ကြသည်။
ကျောက်ဖူသည် လင်းရှန်နှင့်လည်း အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိသည်။
“စီနီယာအစ်ကိုကျောက်… ဘာကိစ္စများလဲ”
ဟန်မူယဲ့က မေးသည်။
ကျောက်ဖူက အနီးအနားကို ကြည့်သည်။
“ဟိုနားမှာ သွားပြောရအောင်…”
ကျောက်ဖူသည် ဓားလက်ခံရန် ရောက်လာခြင်းမဟုတ်ရာ သူ့တွင် ဓားစံအိမ်နှင့်ပတ်သက်၍ တခြားကိစ္စတစ်ခု ရှိရပေမည်။
ထိုကိစ္စသည် ထို့ပါ့ချန်ထံသို့ ဟန်မူယဲ့ ပေးခဲ့သော သတင်းတချို့ကြောင့် ဖြစ်နိုင်၏။
သူက ဆုလာဘ်များ လာပို့ခြင်းပေလော။
သူတို့နှစ်ဦး ဓားစံအိမ်အပြင်ဘက် မြေကွက်လပ်တစ်နေရာသို့ ရောက်လာလျှင် ကျောက်ဖူက ဟန်မူယဲ့အား ပြောသည်။
“ညီလေးဟန်… ဆရာက နောက်ဆုံးတစ်ခေါက် မင်းလာပြောတဲ့ကိစ္စကို မှတ်ထားပါတယ်တဲ့။ ဒီတစ်ခေါက် ဂိုဏ်းက အဲဒီကိစ္စကို တိုက်ရိုက်ကိုင်တွယ်မှာ မဟုတ်ဘူး”
‘မှတ်သားထားသည်’
‘တိုက်ရိုက်မကိုင်တွယ်ဘူးလား’
ဟန်မူယဲ့ အံ့အားသင့်သွားသည်။
မည်သို့ဆိုလိုသနည်း။
သူ၏သတင်းပေးခြင်းအတွက် အကျိုးဆောင်မှုအဖြစ် မသတ်မှတ်သည့်အပြင် သည်အတိုင်း မှတ်သားထားမည်တဲ့လား။
ကျောက်ဖူက သူ့အား တောင်းပန်ဟန်ဖြင့် ကြည့်ကာ ပြောသည်။
“ဂိုဏ်းက ချင်သုံးပါးဓားဂိုဏ်းကို တိုက်ခိုက်ဖျက်ဆီးပြီးပြီ။ ငါတို့က အရှိန်အဝါကို တည်ဆောက်နေတာပဲ။ ဒါပေမဲ့ အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာတော့ အဲဒီလို လုပ်လို့ မရဘူး။ မဟုတ်ရင် တခြားဂိုဏ်းတွေကိုလည်း သံသယဖြစ်စေလိမ့်မယ်”
“ဂိုဏ်းက သူတို့အကြံအစည်ကို ဘာမှ မသိသလို ဟန်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်”
‘ဘာမှ မသိသလို ဟန်ဆောင်မည်လား’
‘သို့ဆိုလျှင် သူ၏အကျိုးဆောင်မှုက အလဟသ ဖြစ်မသွားဘူးလား’
ဟန်မူယဲ့ကား အနည်းငယ် စိတ်ပျက်သွားသည်။
“ဒါပေမဲ့ ငါတို့က ဘာမှ မလုပ်တာတော့ မဟုတ်ဘူး”
ကျောက်ဖူက ပြုံးလိုက်သည်။
“ဒီတစ်ခေါက် စုံညီစုဝေးပွဲကို ငါတို့ ကျောက်တုံးသုံးတုံးစံအိမ်က ဦးစီးတာဝန်ယူသွားမယ်”
“ပွဲပြီးရင် စုယန်ဂိုဏ်းကလူတွေ အံ့ဖွယ်ကိုးပါးတောင်ကုန်းအောက်ကို ဆင်းခွင့်မရမှာ စိုးတယ်”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
အကယ်၍ သူတို့က ပွင့်လင်းမြင်သာစွာ မလုပ်ဆောင်နိုင်လျှင်လည်း လျှို့ဝှက်လုပ်ဆောင်နိုင်သည်။
သို့သော်လည်း ဂိုဏ်းစုံညီစုဝေးပွဲသို့ လာသော ဂိုဏ်းများထဲတွင် စုယန်ဂိုဏ်းတစ်ဂိုဏ်းတည်းသာ သစ္စာဖောက်ထားသည် မဟုတ်ပေ။
“ဆရာက ငါ့ကို လာခိုင်းတာ ပြိုင်ပွဲဆုလာဘ်အတွက် ဓားစံအိမ်ကနေ ဝိညာဉ်တစ်ဝက်အဆင့်လက်နက်တစ်ခု လာယူခိုင်းတာပဲ”
“ဓားကောင်းတစ်လက်ကို မရွေးနဲ့။ အဲဒီတောသားတွေကို အရူးလုပ်လို့ရတဲ့ဓားတစ်လက်ဆို ရပြီ”
ကျောက်ဖူက လက်ဆန့်တန်းကာ ဟန်မူယဲ့အား ပုခုံးကို ပုတ်လျှက် ပြောသည်။
“ဓားစံအိမ်က ဓားထိန်းတွေဟာ ဓားတွေကို ရွေးချယ်တာမှာ ထူးချွန်တယ်လို့ ကြားတယ်။ မင်းတို့က လူတစ်ယောက်နဲ့ လိုက်ဖက်တဲ့ဓားတစ်လက်ကို ရွေးပေးနိုင်တယ်လို့ ငါ သိထားတယ်”
‘ဓားတစ်လက် ရွေးရန်လား’
ဤသည်က ခက်ခဲသည့်ကိစ္စမဟုတ်ပါ။