ကျားဖြူစာလိပ်
Vol. 5 Ch. 64
ဝိညာဉ်တစ်ဝက်လက်နက်များမှာ သိပ်တန်ဖိုးကြီးသည်တော့ မဟုတ်ပါ။ သို့သော်လည်း သာမန်ဂိုဏ်းတစ်ဂိုဏ်းအတွက်တော့ တန်ဖိုးရှိပေသည်။
ထိုဓားသည် သိပ်ကောင်းမွန်ရန် မလိုအပ်ပေ။ ၎င်းသည် ဂိုဏ်းစုံညီစုဝေးပွဲအတွက် ဆုလာဘ်တစ်ခုသာ ဖြစ်သည်။
ကျောက်ဖူ ထွက်သွားလျှင် ဟန်မူယဲ့သည် ဓားစံအိမ်သို့ ပြန်ကာ ဟွမ်လောင်လျှိုအား ထိုကိစ္စကို ပြောသည်။
“အဲဒါ မလွယ်ဘူးလား”
ဟွမ်လောင်လျှိုက ပြုံးလျှက် မှတ်တမ်းစာအုပ်ကို ဖွင့်သည်။
“ဓားနံပါတ် ၃၈၅၄၊ ပုံရိပ်ယောင်အလင်းဓား”
ဟန်မူယဲ့ ဓားစင်များထံသို့ သွားကာ ဓားကို သွားယူသည်။
စင်ပေါ်တွင်ကား ဓားကို တကူးတက လိုက်ရှာစရာ မလိုပါ။ ရွှေရောင်အလင်းများ ဖြာထွက်နေသော ဓားတစ်လက်မှာ ထူးထူးခြားခြား ထင်ပေါ်နေသည်။
ဓားကား အလွန်လှပသည်။
ဟန်မူယဲ့ ဓားလက်ကိုင်ကို ဖမ်းဆုပ်လိုက်၏။ ထိုအခိုက်တွင် သူ၏မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
ဟွမ်လောင်လျှိုသည် ဓားထိန်းတစ်ဦးအဖြစ် ခုနစ်နှစ် လုပ်ကိုင်ခဲ့ရာတွင် အချိန်များကို အလဟသ ဖြုန်းတီးနေခဲ့သည် မဟုတ်ပေ။ သူသည် ဂိုဏ်းစုဝေးပွဲအတွက် အလွန်သင့်တော်သောဓားတစ်လက်အား ရွေးချယ်ခဲ့၏။
သည်ဓားမှာ သံမဏိဖြင့် သွန်းလုပ်ထားကာ လူသားအဆင့်၌ ရတနာဓားတစ်လက် ဖြစ်သည်။
ဓား၏သွင်ပြင်မှာ မှင်တက်အံ့အားသင့်ဖွယ်ကောင်း၏။
သို့သော်လည်း ဤဓားမှာ အလှပြရန် သက်သက်သာ ဖြစ်သည်။
သည်ဓားမှာ အတွင်းစည်းဂိုဏ်းသားများ သိုင်းပညာသရုပ်ပြပွဲအတွက် အထူးရည်ရွယ်၍ သွန်းလုပ်ထားခြင်း ဖြစ်သည်။
ဓားသည် ထူးခြားသော ဓားအလင်းရရှိရန် ၎င်း၏မာကြောမှုကို စတေး၍ သွန်းလုပ်ထား၏။
အဆင့်နိမ့်ကျင့်ကြံသူများအတွက်မူ သည်ဓားမှာ ရတနာဓားတစ်လက် ဖြစ်သည်။
ပညာရှင်တစ်ဦးအတွက်မူ ဓားမှာ အမှိုက်သာသာ ဖြစ်သည်။
သူသည် ပုံရိပ်ယောင်အလင်းဓားကို ကိုင်ကာ ဟွမ်လောင်လျှိုထံသို့ လျှောက်လာသည်။
ဟွမ်လောင်လျှိုက ပြုံးလျှက် ပြောသည်။
“လှတယ်မလား…”
တံခါးဝတွင် လုကောသည် ခေါင်းပြူကာ စံအိမ်ထဲကို လှမ်းကြည့်သည်။
ဓားကား အလွန်တရာ လှပလွန်း၏။
ဟန်မူယဲ့ ပြုံးလိုက်ကာ ဟွမ်လောင်လျှိုအား လက်မထောင်ပြသည်။
ဟွမ်လောင်လျှိုသည် စာအုပ်တွင် ရေးမှတ်လိုက်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ညီလေးဟန်… ငါ ဓားစံအိမ်မှာ လုပ်လာတာ နှစ် မနည်းတော့ဘူး”
ဟွမ်လောင်လျှို စာရင်းမှတ်ပြီးသည်တွင် ဟန်မူယဲ့သည် ဓားကို ကောက်ယူလိုက်ကာ ဓားစံအိမ်အပြင်သို့ ထွက်လာခဲ့သည်။
“ငါ မင်းနဲ့ အဖော်လိုက်ခဲ့မယ်”
လင်းရှန် လျှောက်လာကာ ပြောသည်။
“ငါ အခု ဓားစံအိမ်ရဲ့ ဓားကိုယ်ရံတော် ဖြစ်နေပြီ”
“ကျောက်တုံးသုံးတုံး စံအိမ်သို့ မလား”
ဟန်မူယဲ့ ခေါင်းညိတ်သည်။ လင်းရှန်လည်း ထိုနေရာသို့ သွားလိုပေလိမ့်မည်။
နှစ်ဦးသား ဓားစံအိမ်မှ ထွက်ခွာလာခဲ့ကြ၏။ ချီဓာတ်များ သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ကာ လေ၏အလျင်နှင့်အတူ ပြေးလွှားသွားကြ၏။
တစ်နာရီပင် မကြာလိုက်ပါ။ သူတို့သည် ကျောက်တုံးသုံးတုံးစံအိမ်သို့ ရောက်လာကြသည်။
လင်းရှန်သည် ကျောက်တုံးသုံးတုံးစံအိမ်အရှေ့တွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ရပ်နေသည်။
လတ်တလောတွင် ကျောက်တုံးသုံးတုံးစံအိမ်မှာ တပည့်များ သိပ်မရှိကြပေ။ သူတို့သည် ဂိုဏ်းစုဝေးပွဲအတွက် သွားရောက် လုပ်အားပေးနေကြရသည်။
ဟန်မူယဲ့ တံခါးဝတွင် သွားရောက်သတင်းပေးလျှင် တပည့်နှစ်ဦးက သူတို့အား ထို့ပါ့ချန်ထံသို့ ခေါ်သွားကြသည်။
သူတို့သည် ဒုတိယထပ်ခန်းမသို့ ရောက်လာသောအခါ ဆံပင်ဖြူထို့ပါ့ချန်သည် ခုံရှေ့တွင်ထိုင်ကာ စုတ်တံဖြင့် တစ်စုံတစ်ခုကို ရေးနေဟန်ရသည်။
“ဟန်မူယဲ့က ဆရာဦးလေးကို နှုတ်ခွန်းဆက်ပါတယ်”
ဟန်မူယဲ့ အနည်းငယ် ဦးညွှတ်သည်။
ထို့ပါ့ချန် ခေါင်းမော့သည်။ လင်းရှန်ကလည်း ဦးညွှတ်ကာ ပြောသည်။
“တပည့်လင်းရှန် ဆရာကို နှုတ်ခွန်းဆက်ပါတယ်”
သူတို့အား ခေါ်လာသော တပည့်ငယ်နှစ်ဦးမှာ အထိတ်တလန့်ဖြင့် လင်းရှန်အား ကြည့်ကြသည်။
သူတို့က လင်းရှန်အား တစ်ခါမှ မမြင်ဖူးသော်လည်း သူ့အကြောင်းကို ကြားဖူးကြသည်။
ထို့ပါ့ချန်ကလည်း လင်းရှန်လာမည်ဟု မမျှော်လင့်ထားပါ။ သူက လင်းရှန်အား အတန်ကြာ ကြည့်နေပြီးမှ ခေါင်းညိတ်သည်။
“မင်းရဲ့ကျင့်ကြံခြင်းကို အလဟသ မဖြစ်စေနဲ့…”
လင်းရှန်က စိတ်လှုပ်ရှားစွာ ပြောသည်။
“ဆရာပြောတာကို မှတ်သားထားပါ့မယ်”
ထို့နောက် သူက ထပ်မံ၍ ဦးညွှတ်ကာ တံခါးဝထံသို့ ဆုတ်သွားသည်။
ဟန်မူယဲ့သည် သူ၏လက်တွင် ကိုင်ထားသော ဓားသေတ္တာအား ထို့ပါ့ချန်ထံသို့ လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။
“ဆရာဦးလေး… ဒါက ဂိုဏ်းစုဝေးပွဲအတွက် ပြင်ဆင်ထားတဲ့ဓားပါ”
သူက ဓားသေတ္တာကို ဖွင့်ကာ ထို့ပါ့ချန်အား ပြသည်။
ထို့ပါ့ချန်က ရွှေဓားအား ကြည့်ကာ ပြုံးလိုက်သည်။
“ကောင်လေး… မင်းမှာလည်း နည်းလမ်းတွေ ရှိသားပဲ”
ထို့နောက် သူက ဓားသေတ္တာအား ယူကာ ဘေးတွင် ချထားလိုက်သည်။
“ကောင်လေး… ဂိုဏ်းက ဒီတစ်ခေါက် မင်းကို ဆုလာဘ် သိပ်အများကြီး မပေးနိုင်ဘူး”
ထို့ပါ့ချန်က ဟန်မူယဲ့အား ကြည့်သည်။
ဟန်မူယဲ့က တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်စဉ် ထို့ပါ့ချန်က သူ့ရှေ့စားပွဲပေါ်တွင် တင်ထားသော စာလိပ်တစ်ခုအား ကောက်ယူလိုက်သည်။
“ငါ့မှာ ကျားဖြူစာလိပ်ပန်းချီတစ်ခုရှိတယ်။ မင်း ယူသွားပြီးတော့ အာရုံပြုကြည့်ပါ။ ဒါက မင်းရဲ့ဓားပညာနဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းအတွက် အထောက်အကူ ပြုလိမ့်မယ်”
ထို့နောက် သူက စာလိပ်အား ဟန်မူယဲ့၏လက်ထဲသို့ ပစ်ပေးလိုက်သည်။
“ဟူး… ငါ့ရဲ့ကျောက်တုံးသုံးတုံးစံအိမ်မှာ တပည့်တွေ အများကြီးပဲ။ ဒါပေမဲ့ ဘယ်သူမှ ဒီစာလိပ်ကို နားမလည်နိုင်ကြဘူး”
“အရင်တုန်းက…”
ထို့ပါ့ချန်က တံခါးဝတွင် ရပ်နေသော လင်းရှန်အား ကြည့်သည်။ ထို့နောက် ခေါင်းယမ်းကာ စကားစကို ဖြတ်လိုက်သည်။
ဟန်မူယဲ့ စာလိပ်ပန်းချီကားအား လက်နှစ်ဖက်ဖြင့် ယူလိုက်ကာ ဦးညွှတ်သည်။
“ကျေးဇူးပါ ဆရာဦးလေး”
ဓားစံအိမ်သို့ အပြန်လမ်းတွင် လင်းရှန်က သူ၏လက်ထဲမှ ပန်းချီစာလိပ်အား ကြည့်နေသည်ကို ဟန်မူယဲ့ မြင်၏။
“လေ့ကျင့်ရေးမှူးလင်းလည်း ဒီစာလိပ်ကို သိတာလား”
ဟန်မူယဲ့သည် သူ့အား လေ့ကျင့်ရေးမှူးလင်းဟု ခေါ်လေ့ရှိနေခဲ့ရာ ပြောင်းလဲခေါ်ရန် အသားအကျသေးပေ။
ဟန်မူယဲ့၏စကားကိုကြားလျှင် လင်းရှန်က ရှုပ်ထွေးသော ခံစားချက်များဖြင့် ခေါင်းညိတ်သည်။
“ဆရာ့ရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းက နက်ရှိုင်းတယ်။ မီးတောက်ဒီမွန်တောင်ကြားမှာ အတွင်းဒဏ်ကြောင့် ကျင့်ကြံခြင်းမှာ တိုးတက်ဖို့ ခက်နေခဲ့တယ်။ ဒါကြောင့် သူ့သွေးနဲ့ချီဓာတ်ဟာ စီးဆင်းဖို့နေရာမရှိတာကြောင့် ကျားဖြူပန်းချီကို နေ့တိုင်း ဆွဲပေးရတယ်”
“ဒီကျားဖြူပန်းချီမှာ ဆရာ့ရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းအမွေအနှစ်တွေ ရှိတယ်လို့ ပြောတယ်”
‘အမွေအနှစ်…’
‘၎င်းက အလွန်တန်ဖိုးမကြီးပေးဘူးလား’
ဟန်မူယဲ့ လမ်းလျှောက်နေသည်ကို ရပ်လိုက်၏။ သူ၏လက်ထဲမှ ပန်းချီစာလိပ်မှာ အလွန်တရာ တန်ဖိုးကြီးနေသည်ကို ယခုမှ သိလိုက်၏။
အမွေအနှစ်နှင့်ပတ်သက်သည်များကား ပြဿနာများသည်။
ကျောက်တုံးသုံးတုံးစံအိမ်တွင် ပညာရှင်အတော်များများ ရှိသည်။
သူ၏အမူအရာကို ကြည့်ကာ လင်းရှန်က ပြုံးလျှက်ပြောသည်။
“မစိုးရိမ်ပါနဲ့… ဘယ်သူမှ မင်းရဲ့ အမွေအနှစ်ကို မလုပါဘူး”
“ဒီပန်းချီဟာ ကျောက်တုံးသုံးတုံးစံအိမ်ရဲ့ ခန်းမထဲမှာ နှစ်တိုင်း ၂ လကနေ ၃လ လောက်အထိ ချိတ်ထားလေ့ရှိတယ်။ ဒါပေမဲ့ နှစ်တွေသာ ကြာသွားတယ်။ ကျောက်တုံးသုံးတုံး စံအိမ်က ဘယ်သူမှ ဒါကို နားမလည်ခဲ့ကြဘူး”
“အရင်တုန်းက…”
လင်းရှန်က ခေါင်းယမ်းကာ သူ၏မျက်နှာ၌ နောင်တရဟန်များ ပေါ်လာသည်။ သူက အသံတိုးတိုးဖြင့် ပြောသည်။
“အရင်တုန်းက ငါ့အစ်ကိုဟာ သူ့ရဲ့ သူမတူတဲ့ နားလည်နိုင်စွမ်းကြောင့် ဆရာ့ရဲ့ ရွေးချယ်မှုကို ခံခဲ့ရတယ်”
လင်းရှောင်ချုံး…
ကျောက်တုံးသုံးတုံးစံအိမ်တွင် ထို့ပါ့ချန်သည်လည်း လင်းရှောင်ချုံးကို ပြန်အမှတ်ရခဲ့ဟန်ရသည်။
ခန္ဓာကိုယ်ကျင့်ကြံသူများသည် ဆင်ခြင်နားလည်နိုင်စွမ်းအားနည်းတတ်ပြီး ၎င်းကို ပြင်ဆင်ရန် ဇွဲကောင်းကောင်းဖြင့် ကြိုးစားလေ့ကျင့်ကြလေ့ရှိသည်။
ထို့ပါ့ချန်သည်လည်း သဘာဝအားဖြင့် ထိုးထွင်းဆင်ခြင်နိုင်စွမ်းမြင့်မားသော အမွေဆက်ခံသူ ၁ ဦး ၂ဦးခန့်ကို ရွေးချယ်လေ့ရှိသည်။
စိတ်မကောင်းစရာကား…
သူတို့ ပြေးလွှားနေရင်း တိတ်ဆိတ်နေခဲ့သည်။
သူတို့သည် အဝေးမှ ဓားစံအိမ်ကို မြင်သောအခါ နေဝင်လုနီးပါး ဖြစ်နေလေပြီ။
ဟန်မူယဲ့သည် ဓားစံအိမ်သွားရာလမ်းအတိုင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေသော မိန်းကလေးတစ်ဦးကိုလည်း မြင်သည်။
“စီနီယာအစ်မလု…”
“ခင်ဗျားက အစ်ကိုဟွမ်လောင်ကို စောင့်နေတာမလား”
“ဘာလို့ မဝင်တာလဲ”
ဟန်မူယဲ့၏အသံက သူမအား အထိတ်တလန့် ဖြစ်စေသည်။ သူမက နောက်လှည့်ကြည့်၏။ သူမကား လုချန်းဖျင် ဖြစ်သည်။
“ဂျူနီယာမောင်လေးဟန်”
လုချန်းဖျင်က ဟန်မူယဲ့အား ကြည့်ကာ လင်းရှန်အား ခေါင်းညိတ်ပြသည်။
“ဂျူနီယာမောင်လေးဟန်… ငါ အစ်ကိုကျန်းရှုံးကို လာရှာတာ မဟုတ်ဘူး… ငါက…”
လုချန်းဖျင် စကားမဆုံးသေးမီတွင်ပင် ဟန်မူယဲ့သည် ရှေ့ကို ဆက်သွားကာ ဓားစံအိမ်ထံသို့ အော်လိုက်သည်။
“အစ်ကို… စီနီယာအစ်မလု ခင်ဗျားကို လာရှာတယ်”
ဓားစံအိမ်ထဲမှ ဟွမ်လောင်လျှို အပြေးလေး ထွက်လာသည်။
လုချန်းဖျင်သည် ထိုနေရာတွင်ပင် မျက်နှာများ နီမြန်းလျှက် ရပ်နေသည်။ သူမက ဓားစံအိမ်ထံသို့ လှမ်းသွားလိုက်၏။
ဟန်မူယဲ့လည်း ဟွမ်လောင်လျှိုနှင့်အတူ ပြေးညင်းစွာ လမ်းလျှောက်သွားသည်။ သူ့နောက်မှ လုချန်းဖျင်မမြင်အောင် သူက ဟွမ်လောင်လျှိုအား မျက်လုံးမှိတ်ပြသည်။
ဟွမ်လောင်လျှို၏မျက်နှာ မဲ့သွားသည်။
“ဂျူနီယာညီမလေး… ဂိုဏ်းစုဝေးပွဲက မကြာခင်စတော့မယ်။ မင်း ကောင်းကောင်းပြင်ဆင်သင့်တယ်”
ဟွမ်လောင်လျှိုသည် သူ၏လက်ကို နောက်တွင်ပိုက်ကာ လူကြီးလူကောင်းဆန်ဆန် ပြောသည်။
လုချန်းဖျင် ခေါင်းညိတ်သည်။ သို့သော် သူမက ဟွမ်လောင်လျှိုအား မကြည့်ရဲချေ။
တစ်ယောက်သည် ကျောက်တုံး လှေကားပေါ်တွင် ရပ်ကာ နောက်တစ်ယောက်သည် လှေကားအောက်ခြေတွင် ရပ်နေ၏။
ဟန်မူယဲ့ လက်ဝှေ့ယမ်းကာ လုကောနှင့် လင်းရှန်အား သူ့နောက်သို့ လိုက်လာခဲ့ရန် အချက်ပြသည်။
တစ်ခြားတစ်ဖက်တွင် ဟွမ်လောင်လျှိုက ထပ်ပြောသည်။
“ဂျူနီယာညီမလေး… မနေ့က ဓားသေချာရွေးခဲ့လား”
ဟွမ်လောင်လျှိုက ဓားအကြောင်းကို မေးလျှင် လုချန်းဖျင်၏နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်လာခဲ့၏။ သူမက လက်ထဲမှ ဓားကို အလျင်အမြန် မြှောက်လိုက်သည်။
လုချန်းဖျင်၏လက်ထဲမှ ဓားကို ကြည့်ကာ ဟွမ်လောင်လျှို၏အမူအရာ ပြောင်းလဲသွားသည်။ သူက ဟန်မူယဲ့အား လှမ်းကြည့်ကာ မေးသည်။
“မင်းက မင်းရဲ့မရီးကို ဒီလို ဓားစုတ်တစ်လက် ဝယ်ပေးလိုက်တာလား”
ဟန်မူယဲ့ ပါးစပ်ဟသွားကာ လုချန်းဖျင်၏လက်ထဲမှ ဓားကို ကြည့်သည်။
လုချန်းဖျင်သည် ထိုနေရာတွင် ရပ်နေရင်း မျက်နှာများ နီမြန်းလာသည်။
မရီး…