← Chapters

ကျားဖြူပန်းချီစာလိပ်၏လျှို့ဝှက်ချက်

Vol. 5 Ch. 65

ကျားဖြူပန်းချီစာလိပ်၏လျှို့ဝှက်ချက်

Vol. 5 Ch. 65

ဟွမ်လောင်လျှို စကားပြောပြီးသည်နှင့် တောင့်တင်းသွားသည်။

သူ၏မျက်နှာမှာလည်း နီမြန်းသွား၏။ သူက လည်ပင်းစောင်းကာ ဟန်မူယဲ့အား ကြည့်သော်လည်း ကျောက်တုံးလှေကားထစ်အောက်ခြေကို မကြည့်ရဲတော့ပါ။

“အဟမ်း… အစ်ကိုဟွမ်… ဒီဓားက ကျုပ်အတွက် ဝယ်ခဲ့တာ”

ဟန်မူယဲ့က လုချန်းဖျင်၏လက်ထဲမှ ဓားကို ကြည့်ကာ မေးစေ့ပွတ်လျှက်ပြောသည်။

ဟွမ်လောင်လျှိုကလည်း အလိုအလျောက် လှမ်းကြည့်၏။

လုချန်းဖျင် အလျင်အမြန် ခေါင်းငုံ့ကာ တီးတိုးပြောသည်။

“ကျွန်မ ဒီဓားကို လာပို့တာပါ”

သူမက ထိုသို့ပြောလျှင် ဟန်မူယဲ့ အလျင်အမြန် လှမ်းသွားကာ ဓားကို ယူလိုက်သည်။

“ကျေးဇူးပါ စီနီယာအစ်မလု…”

လုချန်းဖျင် နောက်လှည့်ကာ ထွက်ခွာသွားသည်။

ဟွမ်လောင်လျှို၏မျက်နှာတွင် စိတ်ပျက်ဟန်များ အထင်းသားပေါ်လာသည်။

“အစ်ကို… အချိန်က အတော်လေး နောက်ကျနေပြီ။ မရီးဟာ လမ်းမှာ ဘေးကင်းမှာ မဟုတ်ဘူး။ တောထဲမှာ မြေခွေးတွေ သားရဲတွေနဲ့တွေ့ခဲ့ရင်…”

ဟန်မူယဲ့က ပြောလိုက်သည်။

ဟွမ်လောင်လျှိုက တီးတိုးပြောသည်။

“မင်းက အတော်လေး အလုပ်များတဲ့သူပဲ”

သူက ထိုသို့ ပြောသော်လည်း လုချန်းဖျင်နောက်ကို လိုက်ပါသွားခဲ့ပြီး ဖြစ်သည်။

“အစ်ကိုဟန်… ခင်ဗျားအတွက် ညနေစာ ယူခဲ့ရမလား။ အရိုးကိုက်မလား… အသားစားမလား…”

လုကောက ဟန်မူယဲ့ထံ လှမ်းအော်သည်။

ဟန်မူယဲ့က သူ့အား ဒေါသတကြီးကြည့်ကာ ပြောသည်။

“မင်းက အတော်အလုပ်များတဲ့သူပဲ”

လုကော ပြုံးလိုက်သည်။

ကျင့်ကြံသူများမှာ အစားအသောက် ခုံမင်ခြင်း မရှိကြပေ။ တစ်နေ့ ၂ ကြိမ် ခန့်စားသောက်ခြင်းက အဆင်ပြေသည်။

အကယ်၍ ကျင့်ကြံဆင့် မြင့်လာသောအခါတွင်ကား မစားသောက်ဘဲလည်း နေနိုင်ကြပေသည်။

ဓားစံအိမ်အကြီးအကဲ စားသောက်သည်ကို ဟန်မူယဲ့ တစ်ခါမှ မမြင်ဖူးပါ။

လက်ထဲမှ ဓားကို ကိုင်ကာ ဟန်မူယဲ့ ဓားစံအိမ်ထဲကို ဝင်လာခဲ့သည်။

လင်းရှန်ကလည်း ကောင်းကင်ကို ကြည့်ကာ နောက်လှည့်ထွက်သွားသည်။

လုကောကား တံခါးဝတွင် ရပ်ကာ မျက်နှာသေကြီးဖြင့် ကြည့်သည်။

“ဘယ်သူမှ ညနေစာ မစားကြတော့ဘူးလား”

“မဟုတ်ဘူး… ငါ အစ်ကိုလောင် ပြန်လာတာကို စောင့်ပြီးမှ တံခါးပိတ်ရမလား။ ဒါမှမဟုတ် အခုပဲ ပိတ်လိုက်ရမလား”

…

အခန်းထဲတွင် ဟန်မူယဲ့သည် ထို့ပါ့ချန် ပေးလိုက်သော ကျားဖြူပန်းချီစာလိပ်အား ချလိုက်သည်။ သူက ဓားကို ကိုင်ရင်း အနည်းငယ် တွန့်ဆုတ်နေသည်။

သူက သည်ဓားကို သိပေသည်။

ထိုနေ့က စျေးတွင် သူက သည်ဓားကို မြင်သည်နှင့် မှတ်မိ၏။

သည်ဓားမှာ ဟွမ်လောင်လျှိုက သူကိုယ်တိုင်သုံးရန် ဝှက်ထားသော ဓားဖြစ်သည်။

အတိတ်က ဟွမ်လောင်လျှိုမှာ ဤဓားကို ရတနာအလား တန်ဖိုးထားကာ နေ့စဉ် သန့်ရှင်းရေးလုပ်သည်။

မည်သည့်ဓားသမားက သူတို့၏ဓားကို တန်ဖိုးမထားသနည်း။

လုချန်းဖျင်အတွက် ဓားကောင်းတစ်လက်ဝယ်ပေးရန် ဟွမ်လောင်လျှိုသည် သူ၏ကိုယ်ပိုင်ဓားကို ရောင်းချခဲ့၏။

အတန်ကြာ တွန့်ဆုတ်နေပြီးမှ ဟန်မူယဲ့ ဓားကို လွှတ်လိုက်သည်။

ဓားတွင် မည်သည့်လျှို့ဝှက်ချက် ရှိနေပါစေ၊ သူ မကြည့်လိုပါ။

၎င်းတို့မှာ ဟွမ်လောင်လျှိုနှင့်သာ သက်ဆိုင်သည်။

ဓားကို စားပွဲပေါ်တွင် တင်ထားရင်း ဟန်မူယဲ့သည် ကျားဖြူစာလိပ်အား ဖြန့်လိုက်သည်။

ပုံမှာ ကျားဖြူတစ်ကောင် တောင်ပေါ်မှ ဆင်းသက်လာသော ပုံဖြစ်သည်။

ဧရာမတောင်ကုန်းပေါ်တွင် ကျားဖြူတစ်ကောင်သည် လေနှင့်မိုးအကြား ခန့်ညားထည်ဝါစွာ ရှိနေသည်။ သူက ပါးစပ်ကို ဟကာ သူ့ရှေ့ကို မာန်ဖီတော့မည့်ဟန် ရှိနေ၏။

ကျားဖြူ၏အသွင်သဏ္ဌာန်က သိသာထင်ရှားလွန်းသည်။

အလိုအလျောက်ပင် ဟန်မူယဲ့က ကျားဖြူ၏မျက်လုံးများကို ကြည့်မိသည်။

ကျားဖြူ၏မျက်လုံးများတွင် ဂုဏ်သရေကြီးမားခြင်းနှင့် အထီးကျန်ခြင်းတို့ ဒွန်တွဲနေကာ သူ မာန်ဖီလိုက်လျှင် တောရိုင်းသတ္တဝါများအားလုံး ငြိမ်ဝပ်သွားရသည်။

ပန်းချီစာလိပ်မှာ အမှန်တကယ် ခန့်ညားသော အငွေ့အသက်များ ရှိနေသည်။

‘ဒါပဲလား…’

‘ဒီလောက်ပဲလား’

ဤမျှ ရိုးရှင်းပါလျှင် ထို့ပါ့ချန်သည် ပန်းချီစာလိပ်ကို အထူးတလေ တန်ဖိုးထားကာ ဟန်မူယဲ့အား လေ့လာဆန်းစစ်ခိုင်းမည် မဟုတ်ချေ။

မျက်လုံးများကို ဖွင့်ရင်း ဟန်မူယဲ့ ပန်းချီကားထဲမှ သဘောတရားကို ဖြေးညင်းစွာ ဆင်ခြင်သည်။

သူ၏အာရုံ၌ ပုံရိပ်များ ပေါ်လာ၏။

ကျားဖြူစာလိပ်…

စာလိပ် မည်သည့်နေရာက လာသနည်း။

ထို့ပါ့ချန်သည် သူ၏ချုပ်တီးမရသော ချီနှင့်သွေးများအား ကျားဖြူပန်းချီအဖြစ် ရေးဆွဲထားခြင်း ဖြစ်သည်ဟု လင်းရှန်က ပြောခဲ့သည်။

သူက ပန်းချီကားတစ်ခု ရေးဆွဲရန် ချီနှင့်သွေးများအား မည်သို့ လှည့်ပတ်အသုံးပြုခဲ့သနည်း။

မျက်လုံးများအားဖွင့်ကာ ဟန်မူယဲ့၏အကြည့်ကာ ကျားဖြူ၏အမွှေးအမျှင်များထံသို့ ကျရောက်လာသည်။

သူက လက်ဆန့်တန်းကာ ပန်းချီအား ထိတွေ့လိုက်၏။

ဝုန်း…

ဂါး…

အခန်းထဲ၌ သတ္တဝါတစ်ကောင် အော်သံ ထွက်ပေါ်လာသည်။ လေပြင်းများ တိုက်ခိုက်လာခဲ့ကာ မြောလွင့်သွားသော ဖုန်မှုန့်များမှာ ဆံခြည်မျှင်ကဲ့သို့ ဓားချီကြောင့် ပြိုကွဲသွားကြသည်။

ကျားဖြူ၏ခန္ဓာကိုယ်တွင် အမွှေးအမျှင်များစွာရှိကာ တစ်မျှင်စီတိုင်းသည် ဓားချီတစ်စ ဖြစ်ကြသည်။

ထိုအခိုက်တွင် ပန်းချီထဲမှ ဓားချီများအားလုံး အသက်ဝင်လာခဲ့ကာ အခန်းထဲ၌ မြောလွင့်နေကြ၏။

ဟန်မူယဲ့၏စိတ်ထဲတွင် ကျားဖြူတစ်ကောင်သည် တစ်စုံတစ်ယောက်အား သတ်ဖြတ်တော့မည့်အလား မာန်ဖီနေ၏။

ကျားဖြူသည် သူ၏ခေါင်းကို လှည့်ကြည့်လျှင် ဟန်မူယဲ့နှင့် အကြည့်ချင်းဆုံသည်။

ထိုအခိုက်တွင် ဟန်မူယဲ့သည် သူ၏တကိုယ်လုံး အေးစက်တောင့်တင်းသွားကာ ကျားလက်သည်းများကြောင့် တစ်စစီ ဖြစ်သွားတော့မည့်အလား ခံစားရသည်။

ဟူး…

သူ၏ချီပင်လယ်မှ ဓားဆန္ဒ တုန်ခါသွားကာ သူ၏အာရုံထဲမှ ကျားဖြူ၏ပုံရိပ်မှာလည်း ပြိုကွဲသွားသည်။

အခန်းထဲမှ ဓားချီများသည်လည်း ကျားအမွှေးများအဖြစ် အသွင်ပြောင်းကာ ပန်းချီကားထဲသို့ ပြန်ဝင်သွားကြ၏။

ဟန်မူယဲ့ အသက်ပြင်းပြင်းရှုလိုက်ကာ သူ့ရှေ့မှ ကျားဖြူစာလိပ်ကို ကြည့်လိုက်သည်။

ကျောက်တုံးသုံးတုံးစံအိမ်တွင် မည်သူမှ ကျားဖြူစာလိပ်ကို နားမလည်ကြသည်မှာ မထူးဆန်းတော့ချေ။

ဤသည်ကား သွေးနှင့်ချီကို လှည့်ပတ်စေသော ပန်းချီစာလိပ် မဟုတ်ပါ။

ထို့ပါ့ချန်သည် သူ၏ချုပ်တီးမရသော သွေးနှင့် ချီဓာတ်တို့အား ပန်းချီကားထဲသို့ ထည့်သွင်းရေးဆွဲခဲ့သည်ဟု လူတိုင်းက တွေးထင်ကြသည်။

အမှန်တကယ်တွင်ကား ပန်းချီကားထဲတွင် မည်သည့်သွေးဓာတ် ချီဓာတ်မှ မရှိပါ။ ၎င်းတွင် အကန့်အသတ်မရှိသော ဓားချီများသာ ရှိနေသည်။

ထို့ပါ့ချန်သည် သွေးဓာတ်နှင့်ချီဓာတ်တို့အား ပန်းချီကားနှင့် မပေါင်းစပ်ခဲ့ပါ။ ၎င်းအစား သူသည် သူကျင့်ကြံသော ဓားတာအို၏ဓားချီများအား ပန်းချီကားနှင့်‌ ပေါင်းစပ်စေခဲ့သည်။

“ဓားချီဟာ အပိုင်းအစတွေအဖြစ် အသွင်ပြောင်းတယ်… အဲဒါဟာ ဆံခြည်မျှင်လို ပါးလျတယ်”

“ကျားဖြူဟာ တောင်ကုန်းပေါ်ကနေ အရာရာကို ဖျက်ဆီးနိုင်တဲ့မာန်ဟုန်နှင့် ဆင်းသက်လာတယ်”

ထို့ပါ့ချန်၏ဓားချီများသည် ပန်းချီကားထဲတွင် ပေါင်းစပ်နေသည်။၎င်းဓားချီများကိုသာ ရန်သူများအား တိုက်ခိုက်ရာတွင် သုံးပါက ဝိညာဉ်လက်နက်များနှင့် ထူးမခြားနားပါ။

ပို၍ အရေးကြီးသည်ကား ဓားချီကို စုစည်းသည့်နည်းစနစ်သည် ပန်းချီကားထဲတွင် ပါဝင်သည်။ ထို့အတူ ထို့ပါ့ချန် လေ့လာဆင်ခြင်သော ဓားမာန်ဟုန်သည်လည်း ပါဝင်နေသည်။

ကျားတစ်ကောင်သည် တောကြီးထဲ၌ မာန်သွင်းအော်ဟစ်လျှင် လေနှင့်တိမ်များ ရွေ့လျားရသည်။

အကယ်၍ ခုနက ဟန်မူယဲ့တွင်သာ လုံလောက်သော ချီနှင့် ဓားဆန္ဒ မရှိပါက ထိုဓားမာန်ဟုန်အား တစ်ချက်ကြည့်ရုံမျှဖြင့် ပြိုလဲသွားနိုင်သည်။

သို့သော်လည်း ထို့ပါ့ချန်သည် ဓားမာန်ဟုန်ကို အပြည့်အဝ နားမလည်သေးပေ။ သူ၏ကျားဖြူသည် တောင်ကုန်းပေါ်မှ ဆင်းသက်ပြီး ပြန်လာစရာမလိုသော အဆင့်သို့ မရောက်သေးပါ။

ဟန်မူယဲ့ မျက်တောင်ပင့်လိုက်သည်။

ဆရာဦးလေးထို့ပါ့သည် အမှန်တကယ် ဟန်ဆောင်ကောင်း၏။

ဓားတာအို၏မည်သည့် နောက်ဆက်တွဲဆိုးကျိုးနည်း။ ၁၂ နှစ်တိုင်အောင် မသက်သာသေးသော မည်သည့်ဒဏ်ရာ ဖြစ်သနည်း။

သူကား သိသာစွာ ဓားမာန်ဟုန်အား ပျိုးထောင်နေခြင်း ဖြစ်သည်။

ဓားမာန်ဟုန်သာ ဖွဲ့စည်းသွားနိုင်ပါက သူသည် ကောင်းကင်ဘုံအဆင့်အောက်တွင် ပြိုင်စံရှားပေတော့မည်။

“ဆရာဦးလေး… ဆရာဦးလေး… ခင်ဗျား တကယ်ပဲ ကျုပ်ကို အထင်ကြီးတာပဲ”

ဟန်မူယဲ့ ပန်းချီကားကို ကြည့်ကာ ပြုံးလိုက်သည်။

ကျားဖြူပန်းချီစာလိပ်မှ ဓားမာန်ဟုန်နှင့် ဓားချီများက သူ့အား တိုက်ရိုက်သတ်ဖြတ်သွားမည်ကို ထို့ပါ့ချန် မစိုးရိမ်ပေဘူးလား။

ဓားစံအိမ်အကြီးအကဲက သူ့အား သေခြင်းရှင်ခြင်းအန္တရာယ်ကို ကိုယ်တိုင်ရင်ဆိုင်ခိုင်းစေသည်ကို တွေးမိကာ ဟန်မူယဲ့ ခေါင်းယမ်းသည်။

ပညာရှင်များ၏မျက်စိတွင် အခွင့်အလမ်းနှင့် အန္တရာယ်မှာ ဒွန်တွဲနေသည်ဟု ထင်မြင်သည်လည်း ဖြစ်နိုင်၏။

သူက အခွင့်အလမ်းကို လိုချင်ပါက အန္တရာယ်ကိုလည်း ရင်ဆိုင်ရမည်။

အောင်မြင်မှုကို လိုချင်ပါက ၎င်း၏ပူလောင်မှုကိုလည်း လက်ခံနိုင်ရမည်။

သူ ရင်မဆိုင်နိုင်ပါက သေရမည်။

ပန်းချီကားကို အခန်းထဲတွင် ဂရုတစိုက် ချိတ်ဆွဲပြီးနောက်တွင် ဟန်မူယဲ့သည် ခြေတစ်လှမ်းဆုတ်ကာ မော့ကြည့်သည်။

မှန်သည်၊ အခန်းမှာ ပိုမို၍ ကျက်သရေ ရှိသွားသည်။

ကျားဖြူ တောင်ကုန်းပေါ်မှ ဆင်းသက်လာသော ပန်းချီကားကိုကြည့်ကာ ဟန်မူယဲ့ ပြုံးသည်။

ဓားချီဖြစ်စေ၊ ဓားမာန်ဟုန်ဖွဲ့စည်းသည့်ပညာရပ်ဖြစ်စေ၊ ၎င်းတို့အား အသုံးပြု၍ ရန်သူအား တိုက်ခိုက်နိုင်ခြင်း ဖြစ်စေ အားလုံးမှာ သူ့အတွက် အသုံးဝင်သော ရတနာများဖြစ်သည်။

ဆရာဦးလေး၏ဆုလာဘ်မှာ တန်ဖိုးမသေးပါ။

“အစ်ကို… ခင်ဗျား နောက်ဆုံးတော့ ပြန်လာပြီပဲ”

လုကော၏မကြေမနပ် စကားသံ ဓားစံအိမ်တံခါးဝမှ ထွက်ပေါ်လာသည်။

ဟွမ်လောင်လျှို ပြန်လာချိန်မှာ အတော်လေး နောက်ကျနေလေပြီ။ နေမင်းအလင်းပျောက်ကာ အမှောင်ရိပ်များ ကြီးစိုးနေလေပြီ။

ဟန်မူယဲ့သည် စားပွဲပေါ်မှ ဓားကို လှမ်းယူကာ အခန်းထဲမှ ထွက်မည်ပြုစဉ် သူ့အခန်းတံခါးကို လူတစ်ယောက် လာခေါက်သည်။

“အစ်ကို… ခင်ဗျား စောစောပြန်လာတာပဲ။ မရီးက ခင်ဗျားကို မခေါ်ထားဘူးလား”

ဟန်မူယဲ့ မျက်လုံးမှိတ်ပြသည်။

ဟွမ်လောင်လျှို ခေါင်းယမ်းသည်။ သူက ဟန်မူယဲ့၏လက်ထဲမှ ဓားကို လေးနက်စွာ ကြည့်သည်။

ဟန်မူယဲ့ ပြုံးလိုက်ကာ ဓားကို ကမ်းပေးလိုက်သည်။

“အစ်ကို… ခင်ဗျားက မရီးအတွက် တကယ်ပဲ ဒီဓားကို ရောင်းရက်တာလား။ ဒီဓားက အစ်ကိုနဲ့ အချိန်အကြာကြီး ရှိနေခဲ့တာမလား”

ဟွမ်လောင်လျှိုက ဓားကို ယူကာ လက်ဖဝါးဖြင့် အသာအယာပွတ်သပ်သည်။ သူ၏ခံစားချက်များ ရှုပ်ထွေးနေ၏။

“၆ နှစ်ခွဲ… ငါ ဓားစံအိမ်ကို ရောက်ပြီး နှစ်ဝက်လောက်ကြာတော့ ဓားစံအိမ်မှာ အန္တရာယ်ကျရောက်ခဲ့တယ်။ ဓားထိန်းတွေထဲမှာ ဓားစံအိမ်အကြီးအကဲကလွဲရင် ငါတစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်။”

“ညဘက်တွေ ငါ ကြောက်လန့်တဲ့အချိန်တိုင်း ဒီဓားကို ဖက်ပြီး အိပ်ခဲ့ရတယ်”

ဟွမ်လောင်လျှို ဓားကို တင်းတင်းဆုပ်ကာ ဟန်မူယဲ့အား ကြည့်သည်။

“ညီလေးဟန်… ငါမင်းကို ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ ပြန်မဆပ်နိုင်မှာ စိုးရတယ်”

သူ၏အကြည့်တွင် ချုပ်တီးထားသော ခံစားချက်များ ရှိနေသည်။

“ငါ မင်းကို ဓားစုစည်းစနစ်ကို သင်ပေးမယ်။ အဲဒါက ငါ မင်းကို ပေးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ”

All Chapters