ဓားကို ပိုးချည်မြှင်အလား စုစည်းခြင်း
Vol. 5 Ch. 66
ဓားစုစည်းခြင်းစနစ်။
ဟွမ်လောင်လျှိုသည် ဓားစံအိမ်အကြီးအကဲထံမှ အမွေအနှစ်တချို့ ဆက်ခံရရှိထားသည်။
၎င်းမှာ ဓားပျိုးထောင်စနစ်ကဲ့သို့ မကောင်းမွန်ပါ။
သို့သော်လည်း ဓားစုစည်းခြင်းစနစ်သည် ဓားစံအိမ်၏အမွေအနှစ်တစ်ခု ဖြစ်ပေသည်။ ၎င်းသည် ‘အသက်ရှုကြိမ်တစ်ရာ’ ကို ကျင့်ကြံသော နည်းစနစ်လည်း ဖြစ်သည်။
ထိုသို့သော အမွေအနှစ်မှာ အလွန်တန်ဖိုးကြီးသည်။
အကယ်၍ သူသည်သာ ဓားစုစည်းစနစ်အား နောက်တစ်ယောက်ကို သင်ပေးခဲ့ကြောင်း တွေ့ရှိပါက အကျိုးဆက်မှာ ခန့်မှန်းရန် ခက်ခဲသည်။
ဟန်မူယဲ့ ဟွမ်လောင်လျှိုအားကြည့်ကာ ခေါင်းယမ်းသည်။
"အစ်ကို ခင်ဗျား မကြာခင် ဂိုဏ်းစီမံခန့်ခွဲရေးမှူး ဖြစ်တော့မှာ။ ဒါတောင်မှ ဓားစုစည်းစနစ်ကို အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၂ တုံးနဲ့ လဲတော့မလို့လား"
သေမျိုးလောကတွင် အသပြာတစ်ပြားက သူရဲကောင်းတစ်ဦးအား ကျဆုံးစေနိုင်သည်။
ကျင့်ကြံခြင်းလောကတွင်လည်း ထူးမခြားနားပါ။
အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၂ တုံးသည် သာမန်ကျင့်ကြံသူများ တစ်သက်လုံး စုဆောင်း၍ မဖြစ်နိုင်ပါ။
ထိုမျှပမာဏကို သုံးစွဲနိုင်သူများမှာ ကြွယ်ဝချမ်းသာသူများ ဖြစ်ကြသည်။
"ငါက ဓားစုစည်းစနစ်ကို ရောင်းနေတာ မဟုတ်ဘူး"
ဟွမ်လောင်လျှိုက ဟန်မူယဲ့လား အလေးအနက်ကြည့်ကာ ပြောသည်။
"ငါ မင်းကျေးဇူးကို မဆပ်နိုင်တော့မှာ စိုးရတယ်"
'မဆပ်နိုင်တော့ဘူးလား"
ဟန်မူယဲ့ မျက်မှောင်ကြုတ်လိုက်သည်။
ထိုအခိုက်တွင် ဟွမ်လောင်လျှိုက ပြုံးလျက် ပြောသည်။
"မင်းမရီးနဲ့ ငါဟာ မကြာခင် ကျင်းယန်ကို ပြန်ကြတော့မယ်"
ကျင်းယန်ကို ပြန်မည်လား။ ထိုနေရာမှာ ဟွမ်လောင်လျှိုနှင့် လုချန်းဖျင်တို့၏ မွေးရပ်မြေ ဖြစ်သည်။
လုချန်းဖျင် အမှန်တကယ် ဟွမ်လောင်လျှိုနှင့်အတူ မိသားစုတစ်ခု ထူထောင်တော့မည်လား။
"အစ်ကို… ဂုဏ်ပြုပါတယ်"
အကယ်၍ လုချန်းဖျင်သာ သန့်စင်ရေကျောင်းတော်မှ ထွက်သွားပါက ကောင်းသော သတင်း ဖြစ်သည်။
သန့်စင်ရေကျောင်းတော်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်ခဲ့သည်။
ဟွမ်လောင်လျှို၏မျက်နှာမှ အရေးကြောင်းများ ပျော့ပြောင်းသွားကာ သူသည် ယခင်ထက် နုပျိုသွားဟန်ရှိသည်။
"ဒါဆို အစ်ကိုဟွမ်… ခင်ဗျားရဲ့ကျင့်ကြံခြင်း…"
ဟွမ်လောင်လျှို၏ အိပ်မက်မှာ 'အသင်ရှုကြိမ်တစ်ရာ' အဆင့်ကို ရရှိရန် ဖြစ်သည်။
"ကျင့်ကြံခြင်းက ကံတရားအတိုင်းပဲ"
"ဘာ အသက်ရှုကြိမ်တစ်ရာလဲ။ မိန်းမရမှာလောက် စိတ်လှုပ်ရှားစရာကောင်းလား"
မေးစေ့ပွတ်ကာ ဟွမ်လောင်လျှို ပြုံးသည်။
"ညီမဖျင်နဲ့ ငါ ထွက်သွားရင် မင်းကို ဓားစုစည်းစနစ် သင်ပေးခဲ့မယ်။"
"တကယ်တော့ ငါ မင်းကို မသင်ပေးရင်တောင် အကြီးအကဲက မင်းကို သင်ပေးမှာပဲ။ မင်းက ဓားစံအိမ်ကို ဆက်ခံဖို့ အသင့်တော်ဆုံးလူပဲ"
ဟွမ်လောင်လျှို ဟန်မူယဲ့၏ပုခုံးကို အသာပုတ်သည်။
"ဒီသက်တမ်းတိုးစေတဲ့ ဆေးပင်ဆေးမြစ်တွေ ငါ မလိုတော့ဘူး။ မင်း ယူလိုက်။"
လုချန်းဖျင်သည် ထိုနေ့က ဆေးပင်များအား ဟွမ်လောင်လျှိုကို ပေးခဲ့ဟန်ရသည်။ ၎င်းအထဲတွင် ထန်ယွင်ဟောင်ထံမှ နှင်းခဲဝိညာဉ်ဝါးမြစ်လည်း ပါဝင်သည်။
ဟန်မူယဲ့ ငြင်းပယ်လိုသော်လည်း သူ အသေအချာ တွေးကြည့်ပြီး လက်ခံလိုက်သည်။
သည်ဆေးပင်ဆေးမြစ်များမှာ ဟွမ်လောင်လျှို၏လက်ထဲတွင် အသက်ရှည်ဆေးလုံးဖြစ်လာရန် မလုံလောက်ပါ။
တခြားတစ်ဖက်တွင် ဟန်မူယဲ့၌ ပိုင်စုကျန်းပေးသော အဓိက ဆေးအမယ်တစ်မျိုးလည်း ရှိနေသေးသည်။ သူ့အနေဖြင့် တခြား ဆေးပင်တချို့ကို ရှာဖွေကာ ဆေးလုံးများအဖြစ် ဖော်စပ်နိုင်တော့မည် ဖြစ်သည်။
ထို့နောက် သူက ဟွမ်လောင်လျှိုအား အသက်ရှည်ဆေးတစ်လုံး ပေးနိုင်ပေလိမ့်မည်။
ဟန်မူယဲ့က ဆေးပင်ဆေးမြစ်များအား ယူသည်ကို ကြည့်ပြီးနောက် ဟွမ်လောင်လျှိုသည် သူ၏အခန်းထဲကို ပြန်သွားသည်။
ဟန်မူယဲ့သည်လည်း သူ၏အခန်းထဲကို ပြန်ကာ ကုတင်ပေါ်တွင် ငေးမိုင်နေသည်။
ဟွမ်လောင်လျှိုသည် ဓားစံအိမ်နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတို့မှ ထွက်သွားတော့မည် ဖြစ်သည်။
ဓားစံအိမ်ပထမထပ်တွင် သူသည် တစ်ဦးတည်းသော ဓားထိန်းအဖြစ် ကျန်နေရစ်ပေတော့မည်။
ကြည့်ရသည်မှာ ကျင့်ကြံခြင်းသည် အထီးကျန်သော လမ်းခရီးတစ်ခုသာ ဖြစ်ဟန်ရ၏။
သည်လမ်းခရီးတွင် တချို့မှာ လက်လျှော့ကာ တစ်ချို့မှာ ဆက်လျှောက်ကြရသည်။
ဟန်မူယဲ့ ပြုံးလိုက်သည်။
ဟွမ်လောင်လျှိုအနေဖြင့် သူ လိုချင်သည့်အရာကို ပိုင်ဆိုင်သွားခြင်းအတွက် ဟန်မူယဲ့ ဝမ်းသာမိသည်။
“ကံမကောင်းတာက ငါဟာ ဒီလောကကို အနှောင်အဖွဲ့ကင်းကင်း ရောက်လာခဲ့တာပဲ”
ဟန်မူယဲ့ တီးတိုးရေရွက်ကာ နံရံတွင် တွဲထားသော ကျားဖြူပန်းချီစာလိပ်အား ကြည့်သည်။
“မဟုတ်ဘူး… ငါ့မှာ မင်းတို့တွေ ရှိသေးတယ်”
သူ၏ချီပင်လယ်တွင် ဓားချီများ တုန်ခါသွားကြသည်။
ထိုဓားဆန္ဒများသည် ဓားချီများအဖြစ် အသွင်ပြောင်းကာ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လျှက် ဟန်မူယဲ့၏တစ်စိတ်တစ်ပိုင်း ဖြစ်လိုကြဟန် ရှိသည်။
ထိုဓားဆန္ဒများသာ မဟုတ်ချေ။ သူ့ အခန်းအပြင်ဘက်တွင် ပထမထပ်၌ ဓားချီများဖြင့် ပေါင်းစပ်ထားသော ဓားများသည်လည်း ဟန်မူယဲ့၏ခံစားချက်ကို ခံစားမိဟန်ဖြင့် တုန်ခါသွားကြသည်။
ထိုအခိုက်တွင် ဟန်မူယဲ့သည် အလွန်စိတ်သက်သာရာ ရ၏။
ကျင့်ကြံခြင်းသည် စိတ်သက်သာရာရရန်အတွက် မဟုတ်ပေဘူးလား။
နံနက်ပိုင်းတွင် ဟန်မူယဲ့သည် ဓားစံအိမ်အနောက်တွင် ကိုယ်လက်သန့်စင်ကာ ဓားသိုင်းကစား၏။ ဟွမ်လောင်လျှိုသည်လည်း အစောကြီးထကာ ခြေထောက်ကန်ချက်တချို့ကို ပြုလုပ်နေသည်။
“အစ်ကို… ဖြေးဖြေး… ခါးနာသွားဦးမယ်”
ဟန်မူယဲ့က ပြုံးလျှက် စနောက်လိုက်သည်။
“ဖွီ… ငါ့ခါးက အကောင်းကြီး ရှိသေးတယ်”
ဟွမ်လောင်လျှိုက လက်သီးတစ်ချက် ထိုးကာ အော်လိုက်သည်။ သူ၏လှုပ်ရှားမှုများသည် ဟန်မူယဲ့၏မြန်ဆန်သော ဓားသိုင်းကွက်များနှင့် ယှဉ်နိုင်၏။
ဟန်မူယဲ့သည် သူ၏ဓားကို အသာအယာဝှေ့ယမ်းကာ သူနားလည်ထားသော သဘောတရားများအား လက်တွေ့ကျင့်ကြံသည်။
သူ၏ဓားတွင် ချီဓာတ်များ ပေါင်းစပ်ထားခြင်း မရှိသော်လည်း ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်သော ခံစားချက်များ ပေးသည်။
ဓားသည် ညင်သာစွာ တုန်ခါသွား၏။ ဟန်မူယဲ့ အသက်ပြင်းပြင်းရှုလိုက်ကာ ဓားကို ရှေ့သို့ ထိုးသွင်းလိုက်သည်။
သူ၏စိတ်ထဲတွင် ကျားဖြူတစ်ကောင် တောင်ကုန်းပေါ်မှ ဆင်းသက်လာသော ပုံရိပ် ဖြစ်ပေါ်လာ၏။
မြေကွက်လပ်တွင် ဓားချီဆန္ဒများ တဖြေးဖြေး စုစည်းလာကြ၏။
ဓားချီများသည် မိုးခြည်မျှင်များအဖြစ် အသွင်ပြောင်းသွားကာ ပန်းချီကားထဲမှ မရေမတွက်နိုင်သော ကျားမွှေးများကဲ့သို့ ဖြစ်လာ၏။ ကျားမွှေးတစ်စစီသည် ဓားချီတစ်စ ဖြစ်သည်။
ဓားချီများ မိုးစက်မိုးပေါက်ကမာ စုစည်းသွားလျှင် မြေကွက်လပ်တစ်ခုလုံး အေးစက်သွား၏။
ကန်ကျောက်နေသော ဟွမ်လောင်လျှိုသည် ရုတ်တရက် ကျောချမ်းသွားကာ သူ၏ဝတ်စုံကို အလျင်အမြန် တင်းတင်းစည်းလိုက်သည်။
သို့သော်လည်း ဟန်မူယဲ့၏ဓားချီများသည် စုစည်းပြီးနောက်တွင် ချက်ချင်းပင် လွင့်ပျယ်သွားကြ၏။
သူ၏လက်ထဲမှ ဓားကို ကိုင်ကာ ဟန်မူယဲ့ မျက်မှောင်ကြုတ်၏။
သူက သည်ဓားချီအား မစုစည်းနိုင်ပေ။ အကြောင်းကား သူ၏ကျင့်ကြံဆင့်က လုံလောက်အောင် မြင့်မားနေခြင်း မရှိသောကြောင့် ဖြစ်သည်။
အကယ်၍ သူသည်သာ ဓားမာန်ဟုန်ကို ကျင့်ကြံနိုင်ပါက ထိုဓားချီအား တခဏချင်း စုစည်းနိုင်ပေလိမ့်မည်။
အနည်းငယ် တွန့်ဆုတ်နေပြီးမှ သူက တဖန် လှုပ်ရှားလိုက်ပြန်၏။
သူ၏ခန္ဓာကိုယ်ပြင်ပမှ ဓားချီများမှာ မကျိုးနွံပါက သူ၏ခန္ဓာကိုယ်အတွင်းမှ သန့်စင်ပြီး ဓားချီများအား အသုံးပြုရပေမည်။
ထိုဓားချီများမှာ ကျိုးနွံကာ အသုံးပြုပြီးပါကလည်း ပြန်လည် စုဆောင်းနိုင်သည်။
သူ၏ဒန်ထျန်မှ ပျံ့ကျဲနေသော ဓားချီများသည် တုန်ခါသွားကာ ဟန်မူယဲ့၏သွေးကြောများမှ တစ်ဆင့် စီးဆင်းလာကြသည်။
ထိုဓားချီများသည် မူလက သိမ်မွေ့ညင်သာသော်လည်း သူတို့ ထွက်ပေါ်လာသည်နှင့် ချက်ချင်း အေးစက်သွားသည်။
ဟန်မူယဲ့၏စေညွှန်မှုအောက်တွင် ထိုဓားချီများ စုစည်းလာကြ၏။
အရှည်တစ်ပေ။
သုံးလက်မ။
ဓားချီများ လှုပ်ယမ်းကာ ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲကို ပြန်သွားသည်။
သူ၏စိတ်ထဲမှ ကျားဖြူပုံရိပ်လည်း ပျက်ပြယ်သွားသည်။
ကြည့်ရသည်မှာ နားလည်ခြင်းနှင့် လက်တွေ့အသုံးချခြင်းမှာ ကွဲပြားခြားနားသော ကိစ္စနှစ်ရပ် ဖြစ်သည်။
ထို့ပါ့ချန်သည် ကျားမွှေးများအား စုတ်ချက်တစ်ချက်ဖြင့် စုစည်းဖြစ်ပေါ်စေနိုင်သည်။
သို့သော်လည်း ဟန်မူယဲ့အတွက်မူကား ကျားမွှေးတစ်စကို စုစည်းရန်ပင် အလွန်ခက်ခဲနေပြီ ဖြစ်သည်။
သူသည် ထို့ပါ့ချန်ကဲ့သို့ ကမ္ဘာမြေအဆင့်ပညာရှင်တစ်ဦး၏ကျင့်စဉ်ကို နားလည်ပြီးနောက် မိမိကိုယ်ကို အထင်ကြီးလွန်းခဲ့သည်။
ဓားချီခြည်မျှင်ဖြစ်စေ၊ ကျားဖြူဓားမာန်ဟုန်ဖြစ်စေ ၎င်းတို့မှာ ကမ္ဘာမြေအဆင့်များသာ အသုံးပြုနိုင်သည်။
“ထင်တဲ့အတိုင်း ကျင့်ကြံခြင်းက တစ်ဆင့်ချင်း သွားရတာပဲ”
ဟန်မူယဲ့ ဓားကို ဓားအိမ်ထဲ ထည့်လိုက်ကာ တီးတိုးရေရွက်သည်။
သူ၏ဒန်ထျန်မှ ဓားချီများမှာလည်း ယခင်ထက် ပိုမိုသန့်စင်လာဟန်ရသည်။
သို့သော်လည်း သူ၏ဒျန်ထျန်မှ ချီဓာတ်အများစုမှာ ကုန်ခမ်းနေခဲ့လေပြီ။
၎င်းသည် အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးလုံး ၁၀လုံးနှင့် ညီမျှသည်။
“ဓားချီစုစည်းခြင်း၊ ဓားအရိုးစုစည်းခြင်းနဲ့ ဓားချည်မျှင်စုစည်းခြင်း… ဒါတွေ အကုန်လုံးက ပမာဏကြီးမားတဲ့ ချီဓာတ်တွေ လိုအပ်တယ်”
ဟန်မူယဲ့ မျက်တောင်ပင့်လိုက်သည်။
ဝိညာဉ်ကျောက်တုံးများကား အရေးကြီးသော အခန်းဂဏ္ဍတွင် ပါဝင်၏။
ဟွမ်လောင်လျှို လှမ်းကြည့်သောအခါ ဟန်မူယဲ့၏မျက်လုံးနှင့် ဆုံမိပြီး သူ မင်တက်သွားသည်။
“ညီလေးဟန်… မင်းက ဘာဓားသိုင်းကို ကျင့်နေတာလဲ။ မင်းအကြည့်က လူသားစားချင်တဲ့ကျားတစ်ကောင်အတိုင်းပဲ”
…
နံနက်ပိုင်းတွင် ဓားစံအိမ်သို့ မည်သူမှ ရောက်မလာပါ။
ဓားစံအိမ်ရှေ့မြေကွက်လပ်တွင် လင်းရှန်သည် သူ၏ဓားကို ကြမ်းရမ်းစွာ ဝှေ့ယမ်းနေသည်။
တံခါးမှူးလုကော,ကား ဂရုစိုက်ဟန်မတူပါ။ သူသည် တံခါးဘောင်တွင် မှီရင်း အိပ်ငိုက်နေသေးသည်။
လင်းရှန်ကား အတွင်းစည်းဂိုဏ်းတပည့်ဖြစ်ရာ သူ မည်မျှ ပြဿနာရှာပါစေ အရေးမကြီးချေ။ သို့သော်လည်း လုကောကား ဓားစံအိမ်၏အစေခံတစ်ဦးသာ ဖြစ်သည်။ သူက တခြားလူများနှင့် သွားမယှဉ်နိုင်ပေ။
နေ့လည်ပိုင်းတွင်…။
“အစ်ကို… ခင်ဗျား မရီးကို သွားမတွေ့ဘူးလား”
ဓားများကို သန့်ရှင်းရေးလုပ်နေရင်းက ဟန်မူယဲ့ စိတ်ဝင်တစား လှမ်းမေးသည်။
ပုံမှန်အားဖြင့် ချစ်သူရည်းစားများသည် တစ်ရက်ခန့် ဝေးကွာလျှင်ပင် သုံးနှစ်ခန့် ကြာမြင့်သည့်အလား ခံစားကြရသည်။ ယနေ့ကား ဟွမ်လောင်လျှိုသည် စားပွဲရှည်ရှေ့တွင်ထိုင်ကာ အလျင်လိုသည့်ပုံစံ ရှိမနေပေ။
“မနက်ဖြန် ဂိုဏ်းစုံညီစုဝေးပွဲရှိတယ်။ ညီမဖျင်က ဓားအသစ်နဲ့ ရင်းနှီးအောင် လေ့ကျင့်ဖို့ လိုတယ်။ ငါ သူ့ကို သွားနှောင့်ယှက်လို့ မရဘူး”
ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ ပြောသည်။
ထို့နောက် သူက ဟန်မူယဲ့အား ကြည့်ကာ ပြောသည်။
“ညီလေးဟန်… မင်းလည်း တစ်ခါလောက် သွားကြည့်သင့်တယ်”
“ဒီတစ်ခေါက် ဂိုဏ်းစုံညီစုဝေးပွဲကို ဂိုဏ်းအတော်များများက မိန်းမလှလေးတွေ ရောက်လာကြတယ် ပြောတယ်။ မင်း လက်လွတ်မခံသင့်ဘူး”
‘တစ်ခေါက် သွားကြည့်ရမည်လားး’
ဂိုဏ်းစုံညီစုဝေးပွဲမှ အမျိုးသမီးများအား သွားကြည့်ရမည်လား။
‘ငါက ဒီလိုလူမို့လို့လား’