ဒါက တကယ်ပဲ အဓိကဇတ်ဆောင်ရဲ့ကြမ္မာလား
Vol. 5 Ch. 67
ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ပြုံးလျှက် ကြည့်သည်။
“ကျုပ် နားလည်ပြီ အစ်ကို။ ခင်ဗျားက ကျုပ်ကို ပြိုင်ပွဲမှာ စောင့်ကြည့်ပြီး ပြိုင်ဘက်တွေရဲ့အားနည်းချက် အားသာချက်တွေကို မရီးကို ပြောစေချင်တာမလား”
ဟန်မူယဲ့၏ထူးခြားသော စွမ်းရည်အား ဟွမ်လောင်လျှို ကောင်းကောင်း သိနားလည်ပေသည်။
မူလက ဟွမ်လောင်လျှိုသည် ဟန်မူယဲ့၏ထိုစွမ်းရည်အား အသုံးပြုကာ ချမ်းသာကြွယ်ဝရန် ကြံစည်ခဲ့သေးသည်။
ဟန်မူယဲ့က သူ၏အတွေးများအား ထိုးထွင်းသိမြင်သည်ကို တွေ့လျှင် ဟွမ်လောင်လျှို ရှက်ရှက်ဖြင့် ပြောသည်။
“ညီလေးဟန်… မင်းက ညီမဖျင်ကို ကူညီပေးဖို့လိုတယ်”
“ညီမဖျင်က သန့်စင်ရေကျောင်းတော်အတွက် အဆင့်ကောင်းကောင်းရအောင် တိုက်ခိုက်ပြီးတော့ ဂုဏ်ဆောင်ပေးချင်တာ”
“သူမက သန့်စင်ရေကျောင်းတော်မှာ ကျင့်ကြံတာ ကြာနေပြီလေ။ ဒီနည်းနဲ့ သူမ ငါနဲ့ ထွက်သွားတဲ့အခါ ဂိုဏ်းအတွက် တစ်ခုခုလုပ်ပေးရာ ကျတာပေါ့”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
အကယ်၍ လုချန်းဖျင်သာ ဟွမ်လောင်လျှိုနှင့်အတူ မွေးရပ်မြေကို သွားရောက်ကာ ဇတ်မြှုတ်နေမည်ဆိုပါက သန့်စင်ရေကျောင်းတော်ကို ကျေးဇူးဆပ်သည့်အနေဖြင့် တစ်ခုခု လုပ်ပေးခဲ့ခြင်းမှာ ဖြစ်သင့်ပေသည်။
သို့သော်လည်း သန့်စင်ရေကျောင်းတော်၏အမွေခံဓားသိုင်းကား သာမန်သာ ဖြစ်သည်။ တစ်စုံတစ်ယောက်က အထူးတလေ ကျွမ်းကျင်လျှင်ပင် ဂိုဏ်းစုံညီစုဝေးပွဲ၌ အဆင့်ကောင်းကောင်းရရန် မလွယ်ပါ။
အကယ်၍ လုချန်းဖျင်သာ ဂိုဏ်းစုံညီစုဝေးပွဲ၌ အဆင့်ကောင်းကောင်းရလိုပါက သေချာပေါက် ပြိုင်ဘက်၏အားနည်းချက် အားသာချက်များအား သိရန် လိုပေသည်။
“ကောင်းပြီ… ဂိုဏ်းစုံညီစုဝေးပွဲကျရင် ကျုပ် သွားကြည့်လိုက်မယ်”
ဟွမ်လောင်လျှိုက ထိုသို့ပြောမှတော့ သူကလည်း တခြားဂိုဏ်းမှ လူများ တိုက်ခိုက်သည်ကို ကြည့်ရန် စိတ်ဝင်စားလာခဲ့သည်။
သူတို့က မျိုးစုံသော ဓားသိုင်းများဖြင့် ကွဲပြားသော တာအိုနည်းစနစ်များအား အသုံးပြုကြပေလိမ့်မည်။
သူက ဓားသိုင်းများကို စိတ်ဝင်စားခြင်းသာ ဖြစ်ကာ ထိုအမျိုးသမီးကျင့်ကြံသူများကို သွားကြည့်လိုချင်း မဟုတ်ပါချေ။
ဓားကို သန့်ရှင်းသော အဝတ်စအား သိမ်းဆည်းလိုက်ကာ ဟန်မူယဲ့သည် သူ၏အခန်းထဲသို့ ပြန်လျှက် ဆေးပင်ဆေးမြစ်များ ရှိနေသော အိတ်ကလေးအား ထုတ်ယူလိုက်သည်။
“အစ်ကို… ကျုပ် အပြင်သွားဦးမယ်”
သူ အပြင်သွားမည်ဟု ကြားလျှင် ဟွမ်လောင်လျှိုက သူ့အား ဒေါသတကြီး ပြောသည်။
“အဲဒီဆိုင်ရှင်ပိုင်ဟာ သွားရှုပ်လို့ရတဲ့လူမျိုး မဟုတ်ဘူး”
“အစ်ကို… ကျုပ် လူကဲခတ်ကောင်းပါတယ်”
ဟန်မူယဲ့က သူ့အား နောက်လှည့်ကြည့်သည်ကို တွေ့လျှင် ဟွမ်လောင်လျှိုက အသာအယာပြောသည်။
“ဂျူနီယာညီမလေးမူဝမ်က မင်းနဲ့ပိုသင့်တော်တယ်လို့ ငါထင်တယ်”
‘မူဝမ်…’
ဟန်မူယဲ့ ခေါင်းယမ်းကာ တီးတိုးပြောသည်။
“အစ်ကို… ခင်ဗျား ဆဌမတန်းစားဆေးလုံးတွေ ဖော်စပ်နိုင်တဲ့ မူမိသားစုကို သိလား”
ဟွမ်လောင်လျှိုကား မူလက တောင့်တင်းသွားပြီးမှ ပါးစပ်ဟသွားသည်။
“အဲဒီကောင်မလေးက မူမိသားစုကလား”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ဟွမ်လောင်လျှို သူ၏ပေါင်ကို ရိုက်လိုက်ကာ စိတ်ပျက်လက်ပျက် ပြောသည်။
“ငါသာ ကြိုသိခဲ့ရင် မင်းတို့ကို…”
ထို့နောက်တွင် သူက လက်ဝှေ့ယမ်းကာ တီးတိုးပြောသည်။
“မူမိသားစုနဲ့ ဓားထိန်းတစ်ယောက်ရဲ့ အဆင့်အတန်းက အရမ်းကွာခြားလွန်းတယ်”
“တကယ်လို့…”
သူက မော့ကြည့်သောအခါ ဟန်မူယဲ့ကား ဓားစံအိမ်အပြင်ဘက်ကို ထွက်သွားပြီး ဖြစ်သည်။
…
တခြားဂိုဏ်းမှ လူများလည်း ရောက်နေခြင်းဖြစ်ရာ အံ့ဖွယ်ကိုးပါးတောင်ကုန်းမှ မူလထက် ပိုမို၍ လှုပ်ရှားသက်ဝင်နေသည်ဟု ထင်ရ၏။
သူသည် ဆေးအိတ်ကလေးအား သယ်ဆောင်ကာ အနီးအနားမှ စေ◌ျးတန်းသို့ ရောက်လာခဲ့၏။ ထိုနေရာတွင် ဂိုဏ်းပေါင်းစုံမှ အမျိုးမျိုးသော ဝတ်စုံများဖြင့် တွေ့နိုင်၏။
ဤစေ◌ျးငယ်သည် အပြင်စည်းဂိုဏ်းသားများအတွက် ဖွင့်ထားခြင်းဖြစ်ကာ မည်သည့်ပစ္စည်းကောင်းမှ မရှိသော်လည်း အပြင်လူများ၏စူးစမ်းလိုစိတ်ကိုတော့ တားဆီးမရပါချေ။
စုကျန်းဆေးဆိုင်မှာလည်း စည်ကားနေသည်။
အစိမ်းရောင်ဝတ်မိန်းကလေးနှစ်ဦးသည် လာသမျှ ဧည့်သည်များအား အပြုံးကလေးနှင့် ကြိုဆိုနေကြပြီး အမျိုးမျိုးသော ဆေးပင်ဆေးမြစ်များအား ရှင်းပြရောင်းချနေကြသည်။
စင်များတွင်ပင် ဆေးပင်ဆေးမြစ်များ သိပ်မကျန်တော့ပါ။
ဟန်မူယဲ့ အတန်ကြာ စောင့်ဆိုင်းနေလျှင် ပိုင်စုကျန်းသည် ခရမ်းရောင်ဝတ်လူငယ်နှစ်ဦးနှင့်အတူ ဒုတိယထပ်မှ ဆင်းလာသည်ကို တွေ့ရ၏။
ပိုင်စုကျန်းကား ပြုံးနေသည်။
ကြည့်ရသည်မှာ သူမက အကျိုးအမြတ်ကြီးတစ်ခုကို ညှိနှိုင်းနိုင်ခဲ့ဟန်ရသည်။
“စီနီယာအစ်ကိုဟန်…”
ဟန်မူယဲ့အား မြင်လျှင် ပိုင်စုကျန်းသည် ထိုလူငယ်နှစ်ယောက်အား နှုတ်ဆက်ကာ အပြေးလှမ်းလာသည်။
“စီနီယာအစ်ကိုဟန်… ရှင်သာ ရောက်မလာရင် ကျွန်မ တကယ်လာရှာတော့မလို့”
“ရှင် တကယ်ပဲ ကျွန်မကို သတိမရဘူးလား”
ဟန်မူယဲ့ ခေါင်းယမ်းကာ ပြောသည်။
“မရဘူး”
ဟွမ်လောင်လျှို ပြောသည်မှာ မှန်သည်။ သူမကား သွားမရှုပ်သင့်သူ ဖြစ်သည်။
ဟန်မူယဲ့က ဆေးအမယ်များထည့်သော အိတ်ကလေးတစ်လုံးအား ကိုင်လာသည်ကိုမြင်လျှင် သူမသည် အသံကို နှိမ့်ကာ ပြောသည်။
“စီနီယာအစ်ကိုဟန်… ကျွန်မတို့ အပေါ်ထပ်မှာ သွားပြောရအောင်”
ထို့နောက် သူမက ဟန်မူယဲ့အား အပေါ်ထပ်သို့ ခေါ်လာခဲ့၏။ ဟန်မူယဲ့က ခရမ်းရောင်ဝတ်လူငယ်နှစ်ဦးနှင့် တွေ့လျှင် အသာအယာခေါင်းညိတ်ပြလိုက်သည်။
“မိန်းကလေးပိုင်က အလေးပေးရတဲ့သူက ဘယ်သူများလဲ”
လူငယ်ကတစ်ယောက်က အပေါ်ထပ်သို့ တက်သွားသော ဟန်မူယဲ့အား ကြည့်ကာ တီးတိုးမေးသည်။
နောက်ထပ် ခရမ်းရောင်ဝတ်လူငယ်က ခေါင်းယမ်းကာ ပြောသည်။
“အများကြီး မတွေးနဲ့။ မင်းက မိန်းကလေးပိုင်ရဲ့အဆင့်အတန်းနဲ့ မကိုက်ညီဘူး”
လူငယ်မှာ တောင့်တင်းသွားကာ ခေါင်းငုံ့လိုက်သည်။
အပေါ်ထပ်တွင် ဟန်မူယဲ့သည် ဆေးအမယ်အိတ်ကလေးအား စားပွဲပေါ်တွင်တင်ကာ ပြောသည်။
“ကျုပ်က အသက်ရှည်ဆေးအတွက် ဆေးအမယ်နည်းနည်း လိုနေသေးတယ်။ ခင်ဗျားမှာ ရှိနိုင်မလား”
သူက လိုအပ်သော ဆေးအမယ်နာမည်တချို့အား ပြောပြသည်။
ပိုင်စုကျန်းကြားလျှင် သူမက ပြုံးလျှက် ပြောသည်။
“စိတ်မပူနဲ့… ကျွန်မက ရှင့်အတွက် ကြိုပြီးတော့ စုဆောင်းထားတယ်။ အဲဒီဆေးတွေ ကျွန်မမှာ ရှိတယ်”
သူမသည် ဒုတိယထပ်မှ စင်တချို့တွင် လိုက်လံရှာဖွေကာ ဟန်မူယဲ့အတွက် ဆေးမြစ်တချို့ ယူလာခဲ့သည်။
ဟန်မူယဲ့က ဆေးမြစ်များအား ယူလိုက်ကာ ပြောသည်။
“ကျသင့်ငွေကိုတော့ နောက်တစ်ခေါက် ငွေပေးချေမှုထဲက နှုတ်လိုက်ပေါ့”
“နောက်တစ်ခေါက်…”
ပိုင်စုကျန်း မသက်မသာခေါင်းယမ်းသည်။
“ကျွန်မက ရှင်ဒီနေ့ ဆေးလုံးတွေ ယူလာတယ် မှတ်နေတာ”
“စီနီယာအစ်ကို… မြန်မြန် ဆေးလုံးတွေ ဖော်စပ်ပါဦး။ ဒီဂိုဏ်းစုံညီစုဝေးပွဲမှာ ရူးမိုက်တဲ့ငတုံးတွေ အများကြီးပဲ။ သူတို့တွေက ငွေသုံးကြမ်းတယ်”
ပိုင်စုကျန်းက သူမ၏ပါးစပ်ကို ပိတ်ကာ ပြုံးရယ်သည်။
ကြည့်ရသည်မှာ သူမ အတော်လေး အကျိုးအမြတ် ရထားပြီးဖြစ်ဟန်ရသည်။
သို့သော်လည်း ဟန်မူယဲ့က သူဖော်စပ်ထားသော ဆေးလုံးများ ထိုမျှ မြန်မြန်ဆန်ဆန် ကုန်သွားမည်ဟု မထင်ပါ။ သူမထံတွင် သေချာပေါက် ရောင်းကုန်များ ရှိနေပေဦးမည်။
သည်ပိုင်စုကျန်းကား အလွန်ဉာဏ်များ၏။
“ဆိုင်ရှင်ပိုင်… ခင်ဗျားကို ဂိုဏ်းစုံညီစုဝေးပွဲလာတဲ့ ဂိုဏ်းတွေ စောင့်ကြည့်ပေးဖို့ အကူအညီတောင်းထားတယ်။ အခြေအနေ ဘယ်လိုရှိလဲ”
ဟန်မူယဲ့က စကားလမ်းကြောင်း ပြောင်းလိုက်သည်။
ပိုင်စုကျန်းလည်း ပြုံးနေသည်ကို ရပ်လိုက်ကာ ခေါင်းညိတ်သည်။
“ကျွန်မ လက်အောက်ကလူတွေ စုံစမ်းထားကြတယ်။ ဒီတစ်ခေါက် ဂိုဏ်းပေါင်း ၈၃ ဂိုဏ်း ရောက်လာတယ်”
ထိုမျှ များသည်လား။
ဟန်မူယဲ့က ဂိုဏ်းအများအပြား တက်ရောက်လာမည်ဟု သိသော်လည်း ဂိုဏ်းအရေအတွက် ၁၀၀ နီးပါးရှိမည်ဟု မထင်ထားပါ။
ဟန်မူယဲ့၏အမူအရာကိုမြင်လျှင် ပိုင်စုကျန်းက ပြုံးလျှက် ပြောသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ ကီလိုမီတာ တစ်သိန်းအတွင်းမှာ ဘုရင်ပဲ။ ဒီတစ်ခေါက် ဂိုဏ်းတစ်ရာနီးပါးပဲ ရောက်လာတယ်။ အဲဒါက အထူးသီးသန့်ပုံစံနဲ့ ဂိုဏ်းတွေကို ဖိတ်ကြားထားလို့ပဲ”
“မဟုတ်ရင် ဂိုဏ်းပေါင်းတစ်ထောင်လောက် ရောက်လာလိမ့်မယ်”
“အနောက်ဘက်နယ်စပ်ကုန်းမြေက ထိပ်သီးကိုးဂိုဏ်းဟာ သာမန်ဂိုဏ်းတွေနဲ့ ဘယ်နှိုင်းလို့ ရပါ့မလဲ”
ပိုင်စုကျန်း၏စကားကိုကြားလျှင် ဟန်မူယဲ့သည် သူမ၏နောက်ခံမှာ ဂိုဏ်းကြီးကိုးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်ကြောင်း သေချာသွားသည်။
သူမ၏စကားထံမှ အထက်စီးဆန်မှုမှာ ဖုံးကွယ်မရပါ။
ထို့နောက် ပိုင်စုကျန်းသည် ဂိုဏ်းစုံညီစုဝေးပွဲသို့ လာရောက်သော ဂိုဏ်းများအကြောင်းကို ရှင်းပြသည်။ မည်သည့်ဂိုဏ်းက အင်အားကောင်းကြောင်း၊ မည်သည့်ဂိုဏ်းက ဟန်ပြလာကြောင်း အသေးစိတ်ပြောပြ၏။
ဟန်မူယဲ့ ထွက်မသွားခင်တွင် ပိုင်စုကျန်းက သူ့အနီးသို့ ကပ်ကာ နောက်ထပ်ဆေးလုံးများ ဖော်စပ်ရန် တိုက်တွန်းသေးသည်။
သူမသည် ဟန်မူယဲ့ အနီးသို့ ကပ်လာရာ သင်းပျံ့သော ကိုယ်သင်းနံ့လေးကို ရ၏။
ဤမိစ္ဆာမလေးနှင့် ဝေးဝေးနေရမည်ဟု ဟန်မူယဲ့ တွေးလိုက်သည်။
စုကျန်းဆေးဆိုင်မှ ထွက်လာပြီးနောက်တွင် ဟန်မူယဲ့သည် အာခီမီခန်းဆောင်သို့ သွားရောက်ခြင်း မပြုပါ။
အာခီမီခန်းဆောင်တွင် အသက်ရှည်ဆေးကို ဖော်စပ်နိုင်စွမ်းရှိသူ မရှိပါ။
လေ၏အမြန်ဖြင့် ဟန်မူယဲ့ ပြေးလွှားသွားသည်။
၁၅ မိနစ်ခန့်ကြာလျှင် သူသည် ရေကန်စံအိမ်သို့ ရောက်လာ၏။
အကြီးအကဲစုလျှန့်၏စံအိမ်တော်တွင်…။
မကြာခင် ကျင်းယွမ်သည် ဟန်မူယဲ့ မည်သို့ အသက်ဆက်ရှင်နေသည့်အကြောင်းကို အကြီးအကဲစုလျှန့်လည်း စိတ်ဝင်စားနေကြောင်း ပြောကာ သူ့အား စံအိမ်ထဲသို့ ဦးဆောင်ခေါ်လာသည်။
ဟန်မူယဲ့ကလည်း ထိုအခွင့်အရေးကို အသုံးပြုကာ အကြီးအကဲစုလျှန့်အား အသက်ရှည်ဆေးဖော်စပ်ရန် တောင်းဆိုမည် ဖြစ်သည်။
သူတို့ရောက်သွားလျှင် တံခါးဝမှ ဂိုဏ်းတပည့်တစ်ဦးက သတင်းသွားပို့၏။ ထို့နောက် အကြီးအကဲစုလျှန်က ဟန်မူယဲ့အား အခန်းတွင်းသို့ ခေါ်သည်။
“တပည့်ဟန်မူယဲ့ အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်”
ဟန်မူယဲ့ ဦးညွှတ်သည်။ ထို့နောက် သူက အကြီးအကဲစုလျှန့်အား ကြည့်သည်။
“မင်းက ဓားစံအိမ်ရဲ့တရားဝင်တပည့်လား”
အတန်ကြာမှ မေးလိုက်သော မေးခွန်းသည် ဟန်မူယဲ့အား ဆတ်ခနဲ တုန်သွားစေသည်။
ဓားစံအိမ်အကြီးအကဲက သူ့အား ဓားငယ်တစ်လက်အား ပေးကာ ၎င်းသည် ဓားစံအိမ်၏တရားဝင်တပည့်ဖြစ်ကြောင်း အသိအမှတ်ဓားငယ်ဟု ဆိုသည်။
သူက ထုတ်မပြောမှီတွင်ပင် အကြီးအကဲစုလျှန့်က ကြိုတင်ခန့်မှန်းမိသည်လား။
“မင်းသာ ဓားချီ ခန္ဓာကိုယ်ထဲဝင်တာကို အသက်ရှင်နိုင်ရင် စီနီယာအစ်ကိုကောင်းဟာ သေချာပေါက် မင်းကို ဓားစံအိမ်ရဲ့တရားဝင်တပည့်အဖြစ် လက်ခံလိမ့်မယ်”
အကြီးအကဲစုလျှန့်သည် ဟန်မူယဲ့ထံမှ အကြည့်လွှဲကာ အဝေးသို့ ကြည့်သည်။ ထို့နောက် သူမသည် အသံတီးတိုးဖြင့် ပြော၏။
“နှစ် ၆၀ ကြာပြီးနောက် ဓားစံအိမ်ဟာ တရားဝင်တပည့်လက်ခံခဲ့ပြီ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း တဖန် ထွန်းတောက်လာတော့မှာလား”
‘နှစ် ၆၀ ကြာပြီးမှ တပည့်တစ်ဦးတည်းသာ လက်ခံခဲ့သည်လား’
ဟန်မူယဲ့ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
သူ့တွင် အမှန်တကယ် အဓိကဇတ်ဆောင်တစ်ဦး၏ကံကြမ္မာ ရှိနေသည်လား။
“မင်းက အလင်းရစ်မြစ်အရိုးနဲ့ ခြင်ဆီအသွင်ပြောင်းသစ်သီးကို ရှာနိုင်ခဲ့တယ်။ မင်းရဲ့ကံက မဆိုးဘူးပဲ”
“ငါ မင်းကို အသက်ရှည်ဆေးလုံး ဖော်ပေးမယ်။ ဒါက ဓားစံအိမ်ရဲ့တရားဝင်တပည့်ဖြစ်လာတဲ့အတွက် လက်ဆောင်ပေးတယ် သဘောထားပေါ့”
အကြီးအကဲစုလျှန့်က ပြောသည်။
ဟန်မူယဲ့က သူ့တွင် အဓိကဇတ်ဆောင်တစ်ဦး၏ကံကြမ္မာရှိကြောင်း သေချာသွားသည်။
“ငါမင်းအတွက် အသက် ၁နှစ်ရှည်နိုင်တဲ့ဆေးလုံး ဖော်ပေးရမလား… အသက်ငါးနှစ်ရှည်နိုင်တဲ့ဆေးလုံး ဖော်ပေးရမလား”
အကြီးအကဲစုလျှန့်က ဟန်မူယဲ့အား တောက်ပသော မျက်လုံးများဖြင့် ကြည့်သည်။