ဆရာက မင်းကို ကျားဖြူပန်းချီစာလိပ်ပေးခဲ့တာမလား
Vol. 5 Ch. 68
‘၁နှစ်လား ၅ နှစ်လား…’
မေးခွန်းကား သိပ်မခက်ပါ။
“အကြီးအကဲ… ကျွန်တော် အသက်ငါးနှစ်ရှည်တဲ့ဆေးလုံးကို လိုချင်ပါတယ်”
ဟန်မူယဲ့ လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
သူက ၁နှစ်ကို ရွေးရန်မှာ အလွန်တုံးအနေ၍သာ ဖြစ်ပေမည်။
စုလျှန့် ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းလိုက်၏။ ဆေးအမယ်များအားလုံးကို သူမ သိမ်းဆည်းလိုက်သည်။
၎င်းတို့မှာ သူမ၏သိုလှောင်လက်စွပ်ထဲကို ရောက်သွား၏။
ထိုအရာသည် ချမ်းသာကြွယ်ဝသူများအတွက် မရှိမဖြစ် ပစ္စည်းဖြစ်ဟန်ရ၏။
ဟန်မူယဲ့က စုလျှန့်၏လက်ထဲမှ ကြေးနီရောင်လက်စွပ်အား တောက်ပသော မျက်လုံးများဖြင့် ကြည့်သည်။
“ငါက အခုတော့ ငါးနှစ်သက်တန်းရှည်တဲ့ဆေးလုံးကို မဖော်စပ်နိုင်သေးဘူး”
“ဒါပေမဲ့ ငါးနှစ်သက်တန်းရှည်တဲ့ဆေးလုံးကို ဖော်စပ်နိုင်တဲ့လူကို မင်းအတွက် ရှာပေးနိုင်တယ်”
ဆွံ့အနေသော ဟန်မူယဲ့အား ကြည့်ကာ စုလျှန့်က ပြုံးလျှက် ပြောသည်။
“ငါက မူရှန်းမြို့ကိုသွားပြီးတော့ မူရှစ်နဲ့ တွေးဖို့ရှိတယ်။ မင်း ငါနဲ့လိုက်ခဲ့လို့ရတယ်”
“မင်း မူရှစ်ကို သိတယ်မလား။ မူဝမ်ရဲ့အဘိုးလေ”
…
ရေကန်စံအိမ်မှ ထွက်ခွာလာပြီးနောက်တွင် ဟန်မူယဲ့မှာ တောင်ကုန်းလမ်းကလေးပေါ်တွင် ရပ်ရင်း အရူးတစ်ယောက်အလား ခံစားနေရသည်။
သူက အဘယ်ကြောင့် ၅ နှစ်သက်တန်းရှည်သော ဆေးလုံးကို ရွေးခဲ့ရသနည်း။ သူက အကြီးအကဲစုလျှန့် ဆေးလုံးဖော်စပ်သည်ကို ဘေးတွင်ရပ်ကာ ကြည့်ရှုလေ့လာခြင်းက ပိုမကောင်းပေဘူးလား။
အပြန်လမ်းတွင် ဟန်မူယဲ့မှာ နောင်တများ ရနေကာ စိတ်များလည်း ရှုပ်ထွေးနေသည်။
“စီနီယာအစ်ကိုဟန်…”
သူက ထိုခေါ်သံကိုကြားသောအခါ လူနှစ်ယောက်မှာ သူနှင့် အတော်လေး နီးနေပြီ ဖြစ်သည်။
သူတို့မှာ အဖြူရောင်ဝတ်ထားသော အတွင်းစည်းဂိုဏ်းတပည့် ၂ဦး ဖြစ်သည်။
နှစ်ဦးသား ဝမ်းသာစွာဖြင့် လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“လော့ချန်နဲ့ ချင်ယိတို့က စီနီယာအစ်ကိုဟန်ကို နှုတ်ခွန်းဆက်ပါတယ်”
ဟန်မူယဲ့ကလည်း ပြုံးလျှက် လက်နှစ်ဖက်ဆုပ်ကာ ပြန်နှုတ်ဆက်သည်။
သူတို့နှစ်ဦးမှာ မော့ယွမ် ထွက်သွားစဉ်က လိုက်ပို့သော အပြင်စည်းဂိုဏ်းတပည့် ၂ဦး ဖြစ်သည်။
ထိုစဉ်က ဟန်မူယဲ့သည် သူတို့တစ်ယောက်စီအား အရည်အသွေးမြင့် တိမ်မြူချီဆေးလုံး ၁လုံးစီ ပေးခဲ့သည်။
နောက်ပိုင်းတွင် သူတို့သည် လုကောထံတွင် ဟန်မူယဲ့၏နောက်ကြောင်းကို မေးမြန်းခဲ့ကြ၏။
“အဲဒီတုန်းက ဆေးလုံးကို ပေးခဲ့တာ ကျေးဇူးတင်ပါတယ် အစ်ကိုဟန်… အဲဒီဆေးလုံးကြောင့် ကျုပ်တို့ဟာ ကျင့်ကြံခြင်းမှာ တိုးတက်ခဲ့ပြီးတော့ ချီစုစည်းခြင်းအဆင့်သို့ ရောက်ခဲ့တယ်”
လော့ချန်က ဟန်မူယဲ့အား ကျေးဇူးတင်စွာဖြင့် ထပ်မံ၍ လက်နှစ်ဖက်ဆုပ်ပြသည်။ ချင်ယိလည်း ဦးညွှတ်၏။
အရည်အသွေးမြင့်တိမ်မြူချီဆေးလုံးသည် ဝိညာဉ်ကျောက်တုံး ၃၀၀ တန်ဖိုးရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ချီစုစည်းခြင်းအဆင့်သို့ ရောက်လုနီးပါးဖြစ်ပါက ထိုဆေးလုံးသည် အဆင့်တက်ရန် ကူညီပေးနိုင်၏။
သူတို့က ဆေးလုံးကို မစားသုံးဘဲ ရောင်းချခဲ့လျှင်ပင် အပြင်စည်းဂိုဏ်းသားတစ်ဦးအတွက် ကြီးမားသော ပမာဏ ဖြစ်သည်။
သူတို့နှစ်ဦး အဆင့်တက်သွားသည်မှာ အလွန်ကံကောင်း၍ ဖြစ်သည်။
ယခု သူတို့နှစ်ဦးလုံးမှာ အတွင်းစည်းဂိုဏ်းသားများ ဖြစ်နေလေပြီ။
“နှစ်ယောက်လုံး ဂုဏ်ပြုပါတယ်”
ဟန်မူယဲ့က ပြုံးလျှက် ပြောသည်။
“စီနီယာအစ်ကိုဟန်… စီနီယာအစ်ကိုမော့ယွမ် ကျမ်းခန့်သာလို့ မာရဲ့လား မသိဘူး”
လုချန်က မေးသည်။
သူတို့သည် မော့ယွမ်နှင့် ရင်းနှီးကြ၏။ ထိုစဉ်က မော့ယွမ်အား လိုက်ပါပို့ဆောင်သူမှာ ဟန်မူယဲ့ဖြစ်ရာ သူတို့က မော့ယွမ်၏အခြေအနေကို သိလိုကြသည်။
“ဆရာမော့ဟာ အခု သူ့မွေးရပ်မြေမှာ ဇတ်မြှုတ်နေပြီးတော့ ကောင်းမွန်တဲ့ဘဝမှာ ရှိနေတယ်”
ဟန်မူယဲ့ ခေါင်းညိတ်ကာ ပြောသည်။
“မင်းတို့က အတွင်းစည်းဂိုဏ်းသားဖြစ်လာပြီတော့ ဓားစံအိမ်မှာ ဓားလက်ခံဖို့ လာတော့မလား။ ငါ မင်းတို့အတွက် ဓားကောင်းရွေးပေးမယ်”
လော့ချန်နှင့် ချင်ယိတို့မှာ မော့ယွမ်နှင့် သိကျွမ်းမှတော့ သူတို့အား ဓားကောင်းတစ်လက် ရွေးပေးခြင်းက ဘာမှ မဟုတ်ပေ။
ဓားရွေးချယ်ခြင်းသည် သူ၏အဓိက ကျွမ်းကျင်မှု ဖြစ်သည်။
ဟန်မူယဲ့၏စကားကိုကြားလျှင် လော့ချန်နှင့် ချင်ယိလည်း ဝမ်းသာသွားကြ၏။ ထို့နောက် အားနာဟန်ဖြင့် ပြောကြသည်။
“စီနီယာအစ်ကိုဟန် မသိလို့ထင်တယ်။ ကျုပ်တို့က အတွင်းစည်းဂိုဏ်းသား ဖြစ်လာပေမဲ့ ဓားလက်ခံဖို့တော့ လုံလောက်တဲ့အကျိုးဆောင်မှတ်မရှိသေးဘူး။ ဒါကြောင့် ဓားလက်ခံဖို့ မထိုက်တန်သေးဘူး”
ချင်ယိက မျက်နှာနီရဲလျှက် ဆိုသည်။
၎င်းတို့မှာ ဓားစံအိမ်၌ သိမ်းဆည်းထားသော ဓားကောင်းများ ဖြစ်ကြသည်။ အပြင်စည်းဂိုဏ်းသားဆိုပါက ထိပ်ဆုံးနံပါတ် ၁၀၀ မှ လူများသည်သာ ဓားလက်ခံခွင့်ရှိသည်။
အတွင်းစည်းဂိုဏ်းသားများအတွက်မူကား အနည်းဆုံး ချီစုစည်းခြင်းအဆင့်၌ ရှိရမည်။ ထို့နောက် သူတို့သည် ဂိုဏ်းမှ ပေးအပ်သော တာဝန်အသေးတစ်ခုအား ပြီးမြောက်အောင်မြင်ကာ အကျိုးဆောင်မှတ် ၃ခုနှင့် ဓားလက်ခံနိုင်၏။
ချီစုစည်းခြင်းအဆင့်မှာ အကျိုးဆောင်မှတ် ၃ ခုစုဆောင်းဖို့အတွက် သိပ်မခက်ဘူးမလား…
ဟန်မူယဲ့က ထိုကိစ္စကို ခက်ခဲသည်ဟု မထင်ပေ။
ဟန်မူယဲ့၏အကြည့်ကို ခံစားမိကာ သူတို့နှစ်ဦးမှာ ပို၍ပင် မသက်မသာ ဖြစ်လာကြသည်။
တိမ်မြူချီဆေးလုံးကို အလွယ်တကူ ပေးပြစ်နိုင်သော ဓားစံအိမ်မှ ဓားထိန်းသည် အကျိုးဆောင်မှတ် ၃ခုအား အထင်မကြီးသည်မှာ ဖြစ်သင့်ပေသည်။
သို့သော်လည်း ဆေးလုံးအကူအညီဖြင့် ချီစုစည်းခြင်းအဆင့်သို့ ယခုမှ တက်လာသော သူတို့မှာ အတွင်းစည်းဂိုဏ်းတာဝန်သည် အလွန်ခက်ခဲ၏။
“အဟမ်း… စီနီယာအစ်ကိုလော့ထျန်းက မိစ္ဆာရှင်းလင်းရေးတာဝန်တစ်ခု ထုတ်ပြန်ထားတယ်။ ကျုပ်တို့ သွားပြီးတော့ တာဝန်ကို လက်ခံမလို့။ ပြန်ရောက်ရင် ဓားလက်ခံဖို့ လုံလောက်တဲ့ အကျိုးဆောင်မှတ်ရမယ် ထင်တာပဲ”
ချင်ယိက ခြောင်းဟန့်ကာ ပြောသည်။
ချီစုစည်းခြင်းအဆင့်ကို ရောက်ပြီးနောက်တွင် သူတို့၏ဘဝမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
၎င်းတို့အားလုံးမှာ ဟန်မူယဲ့၏ကျေးဇူးကြောင့် ဖြစ်သည်။
“လော့ထျန်း…”
ချင်ယိ၏စကားကိုကြားလျှင် ဟန်မူယဲ့ အံ့အားသင့်သွားကာ ထပ်မေးသည်။
“အဲဒါ အတွင်းစည်းဂိုဏ်းစီမံခန့်ခွဲရေးမှူးရဲ့သားမလား”
“သူက စီနီယာအစ်ကိုလော့ထျန်းပဲ”
လော့ချန်က ဟန်မူယဲ့အား ကြည့်ကာ အသာအယာပြောသည်။
“စီနီယာအစ်ကိုဟန်… သူ့ကို သိလား”
သူ နှလုံးခုန်မြန်သွားသည်။ ဟန်မူယဲ့၏မျက်နှာတွင် မနှစ်သက်သော အမူအရာကို သူ မြင်နေရသည်။
လော့ထျန်း၏မိစ္ဆာရှင်းလင်းရေးတာဝန်…။
ဟန်မူယဲ့ မျက်မှောင်ကြုတ်လိုက်သည်။
လော့ထျန်းသည် ဓားစံအိမ်သို့ လာရောက်ကာ ဓားလက်ခံခဲ့ပြီး သူက မိစ္ဆာဓားတစ်လက်အား ရွေးချယ်ခဲ့၏။
ဓားမှာ ယခုတွင် ဓားစံအိမ်တတိယထပ်တွင်ရှိပြီး သူ၏တာဝန်စာအုပ်သည်ပင် သိမ်းဆည်းခံခဲ့ရသည်။ လော့ထျန်းက ၎င်းကို ပြန်မတောင်းခဲ့ပေ။
လော့ထျန်းသည် ထိုဓားကို ရွေးချယ်ခဲ့စဉ်က ဟန်မူယဲ့က မသင်္ကာဖြစ်ကာ ဓားစံအိမ်အကြီးအကဲထံသို့ တင်ပြခဲ့သည်။
ကံမကောင်းသည်က ဓားစံအိမ်အကြီးအကဲသည် အလေးအနက်မထားခဲ့ပေ။
ယခု လော့ထျန်းသည် မိစ္ဆာရှင်းလင်းရေးတာဝန်ကို ထုတ်ပြန်ခဲ့သည်။
ဟန်မူယဲ့၏အမူအရာကို ကြည့်ကာ လော့ချန်နှင့် ချင်ယိတို့က အချင်းချင်း ကြည့်ကြသည်။
“စီနီယာအစ်ကိုဟန်… ခင်ဗျားနဲ့ လော့ထျန်းအကြား အဆင်မပြေတာ တစ်ခုခုများရှိသလား။ စီနီယာအစ်ကိုလော့ထျန်းဟာ မာနကြီးပြီးတော့ ဂိုဏ်းအတွင်းမှာလည်း မကောင်းသတင်းတချို့ရှိတယ်”
လော့ချန်က စိုးရိမ်စွာ မေးသည်။
ဟန်မူယဲ့ ခေါင်းယမ်းကာ သူတို့နှစ်ဦးအား ကြည့်သည်။
“မင်းတို့ ငါ့ကို ယုံလား”
သူတို့နှစ်ယောက် အလျင်အမြန် ခေါင်းညိတ်ကြသည်။
“ငါ့ကို ယုံရင် အဲဒီတာဝန်ကို လက်မခံနဲ့”
ဟန်မူယဲ့က အသံနှိမ့်ကာ ပြောသည်။
“ချင်သုံးပါးဓားဂိုဏ်းကို ရှင်းလင်းခဲ့တဲ့ အံ့ဖွယ်ဓားအကြီးအကဲဟာ မော့ယွမ်ရဲ့မိတ်ဆွေပဲ”
“မင်းတို့ အဲဒီကိုသွားရင် သေချာပေါက် အကျိုးဆောင်မှတ်တချို့ ရလိမ့်မယ်”
အံ့ဖွယ်ဓားအကြီးအကဲသည် မော့ယွမ်၏မိတ်ဆွေလား။
လော့ချန်နှင့် ချင်ယိတို့မှာ မျက်လုံးများ ပြူးသွားကြသည်။
အံ့ဖွယ်ကိုးပါးတောင်ကုန်း၌ လတ်တလော အလွန်နာမည်ကျော်ကြားနေသော ဧည့်အကြီးအကဲမှာ မော့ယွမ်၏မိတ်ဆွေလား။
သူသည် ကမ္ဘာမြေအဆင့်ပညာရှင်တစ်ဦးအား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။ ထိုလူ၏စွမ်းရည်နှင့် လျှို့ဝှက်မှုက လူတိုင်းကို ထိတ်လန့်အံ့အားသင့်စေသည်။
ထိုလူမှာ မော့ယွမ်၏မိတ်ဆွေဖြစ်နေမည်ဟု သူတို့ မထင်ထားချေ။
ကမ္ဘာမြေအဆင့်ကို သတ်ဖြတ်နိုင်သော အကြီးအကဲဆိုပါက အရူးတစ်ယောက်ကသာ မည်သို့ ရွေးချယ်ရမည်ကို ဝေဝါးနေပေလိမ့်မည်။
လော့ချန်နှင့် ချင်ယိတို့က အလျင်အမြန် ဦးညွှတ်သည်။
“လမ်းညွန်ပေးတာ ကျေးဇူးပါ စီနီယာအစ်ကို”
ဟန်မူယဲ့ ခေါင်းညိတ်ကာ ပြုံးလျှက် ပြောသည်။
“မင်းတို့ အဲဒီကို ရောက်သွားရင် အံ့အားသင့်စရာတစ်ခု တွေ့လိမ့်မယ်”
ထို့နောက် သူ ထွက်ခွာသွားသည်။
“အံ့အားသင့်စရာ”
ချင်ယိနှင့် လော့ချန်တို့ နားမလည်ပါ။
“ဂျူနီယာညီလေးလော့… ငါတို့ ချင်သုံးပါးဓားဂိုဏ်းကို သွားကြမလား”
ချင်ယိက ဟန်မူယဲ့ ထွက်သွားသည်ကိုကြည့်ကာ မေးသည်။
“သေချာပေါက် သွားရမှာပေါ့”
လော့ချန်က ရယ်မော၍ ပြောသည်။
“ဒါပေမဲ့ စီနီယာအစ်ကိုထန်မင်းကိုလည်း မေးကြည့်ရမယ်”
ချင်ယိက ခေါင်းညိတ်သည်။
“စီနီယာအစ်ကိုထန်မင်းဟာ အတွင်းစည်းဂိုဏ်းသားတွေထဲ ထိပ်ဆုံးနံပါတ် ၂၀၀ စာရင်းဝင်တယ်။ သူသာ လိုက်ချင်ရင် ပိုပြီး စိတ်ချရတာပေါ့”
…
ဟန်မူယဲ့ ဓားစံအိမ်သို့ ပြန်ရောက်သွားသောအခါ စားပွဲငယ်တစ်လုံးအား အဝေးမှပင် မြင်ရသည်။
ဟွမ်လောင်လျှို၊ လင်းရှန်နှင့် လုကောတို့အပြင် သူတို့နှင့်အတူ ခေါင်းတုံးလူငယ်တစ်ဦးလည်း ထိုင်နေသည်။
ကျောက်ဖူ။
“မင်းက စားချိန်သောက်ချိန်ပြန်ရောက်လာတယ်။ မင်းကို ညနေစာအတွက် နေခဲ့ဖို့ ဘယ်သူမှ မပြောဘူးလား”
ဟန်မူယဲ့ ပြုံးလာသည်ကို ကြည့်ကာ ဟွမ်လောင်လျှိုက ပြုံးလျှက် ပြောလိုက်သည်။
ဟန်မူယဲ့ လျှောက်လာကာ လုကော ပြင်ပေးသော နေရာ၌ ထိုင်လိုက်သည်။
“စီနီယာအစ်ကိုကျောက်… ခင်ဗျား အပြင်စည်းဂိုဏ်းက အစားအသောက်တွေနဲ့ မရင်းနှီးမှာ စိုးရတယ်”
ဟန်မူယဲ့ ပြုံးလျှက်ပင် ပြောသည်။
ကျောက်ဖူက စားပွဲပေါ်မှ သေရည်အိုးကို လှမ်းယူပြီး ခွက်ထဲတွင် ကျကျနနထည့်ကာ တစ်ကျိုက်သောက်လိုက်သည်။ ထို့နောက် သူက ပြောသည်။
“ဘယ်သူက အပြင်စည်းဂိုဏ်းမှာ မနေဖူးလို့လဲ”
ဟွမ်လောင်လျှိုက သူ၏သေရည်အိုးကို လှုပ်ကာ တစ်ကျိုက်တည်းဖြင့် အကုန်မော့ချလိုက်သည်။
ကျောက်ဖူကား သေရည်အိုး၏ ၈၀ ရာနှုန်းကို တစ်ယောက်တည်း သောက်ပစ်ခဲ့သည်။
သူက အစားအစာအများစုကိုလည်း စားပစ်ခဲ့သေးသည်။
ခန္ဓာကိုယ်ကို ကျင့်ကြံသူများအတွက် အမှန် ကွဲပြားခြားနားသည်။
သူကား သန်မာသလို စားနိုင်သောက်နိုင်လည်း ဖြစ်သည်။
စားသောက်ပြီးစီးလျှင် အားလုံးက ထထွက်သွားပြီး လုကောက စားပွဲကို ရှင်းလင်းသည်။
“အစ်ကိုဟွမ်… စိတ်မပူနဲ့… ညီလေးဟန်ကို ဂိုဏ်းစုံညီစုဝေးပွဲသို့ လွှတ်လိုက်။ တကယ်လို့ မရီးသာ ကောင်းကောင်းကြိုးစားရင် သေချာပေါက် ထိပ်ဆုံး ၁၀ နေရာသို့ ဝင်လိမ့်မယ်”
ကျောက်ဖူက ဟွမ်လောင်လျှို၏ပုခုံးကို ပုတ်ကာ ပြုံးလျှက် ပြောသည်။
ဟွမ်လောင်လျှို၏နှုတ်ခမ်းက တွန့်ကွေးသွားသော်လည်း သူ၏အပြုံးမှာ လန်းဆန်းတက်ကြွနေသည်။
“စီနီယာအစ်ကိုကျောက်ဖူပြောမှတော့ ကျုပ် စိတ်ချသွားပြီ”
ဟွမ်လောင်လျှိုက စိတ်သက်သာရာရဟန်ဖြင့် ပြောသည်။
ကျောက်ဖူရယ်မောကာ အဝေးကို ထွက်လာခဲ့သည်။
ဟန်မူယဲ့သည် ကျောက်ဖူနှင့်အတူ လိုက်ပါလာခဲ့၏။ ကျောက်ဖူသည် ကျောက်လှေကားထစ်အတိုင်း ဆင်းနေရာမှ ရုတ်တရက် ရပ်လိုက်သည်။
“ညီလေးဟန်… ဆရာက မင်းကို ကျားဖြူပန်းချီစာလိပ်ပေးခဲ့တယ်မလား”