ဂိုဏ်းစုံညီစုဝေးပွဲ စတင်ခြင်း
Vol. 5 Ch. 69
၎င်းကား အမှန်တကယ် ကျားဖြူစာလိပ်အတွက် ဖြစ်သည်။
ကျောက်ဖူက သေချာပေါက် ထိုကိစ္စကို စိတ်ဝင်စားမည်ဟု သူ တွက်ထားခဲ့သည်။
“စီနီယာအစ်ကိုကျောက်…”
ဟန်မူယဲ့က စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျောက်ဖူသည် နောက်လှည့်ကာ သူ့အား တောက်ပသော မျက်လုံးများဖြင့် ကြည့်သည်။ သူကား သေရည်မူးနေဟန် မတူတော့ပါ။
“ငါဟာ သရုပ်ပြခန်းဆောင်မှာ အဆင့်နိမ့်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်တွေကို လိုက်လံပြီး သင်ကြားပြသပေးတယ်။ အဲဒီက ရတဲ့အတွေးသစ်အမြင်သစ်တွေကို အသုံးချပြီး အဆင့်တက်လှမ်းနိုင်ဖို့ ရည်မှန်းထားတာပဲ”
“ကျောက်တုံးသုံးတုံးစံအိမ်မှာ ကျားဖြူပန်းချီစာလိပ်ထဲက လျှို့ဝှက်ချက်ကို နားလည်ဖို့အတွက်ဆို ငါ့လောက် စိတ်အားထက်သန်တဲ့လူ ရှိမှာ မဟုတ်ဘူး”
ဟန်မူယဲ့၏မျက်လုံးများကို ကြည့်ကာ ကျောက်ဖူသည် သူ၏ခံစားချက်များကို ချုပ်တီးလိုက်သည်။
“ငါဟာ ကျောက်တုံးသုံးစံအိမ်က ဝါစဉ်အကြီးဆုံးတပည့်ပဲ”
မှန်သည်၊ ကျောက်ဖူကဲ့သို့ မည်သူမှ ကျောက်တုံးသုံးတုံးစံအိမ်၏အမွေအနှစ်ကို တန်ဖိုးထားမည် မဟုတ်ပါ။
ဟန်မူယဲ့က သူ၏ခံစားချက်ကို နားလည်နိုင်သည်။
ခေါင်းညိတ်ရင်းဖြင့်ပင် ဟန်မူယဲ့က တီးတိုးပြောသည်။
“စီနီယာအစ်ကိုကျောက်… ကျုပ် အဲဒီပန်းချီစာလိပ်ကို အစ်ကို,ကို ပေးနိုင်တယ်”
သူ၏အမြင်တွင် ကျားဖြူစာလိပ်ထဲမှ ဓားစုစည်းစနစ်နှင့် ဓားမာန်ဟုန်တို့သည်သာ စစ်မှန်သော ရတနာဖြစ်သည်။ ယခု သူသည် ထိုပညာရပ်များအား နားလည်ထားပြီးဖြစ်ရာ ၎င်းတန်ဖိုးမှာ ဓားဆန္ဒတချို့နှင့် သိပ်မကွာခြားတော့ပေ။
ဟန်မူယဲ့တွင် ဓားဆန္ဒ မရှားပါးပါ။
သူ၏စကားက ကျောက်ဖူကို အံ့အားသင့်စေသည်။
ဟန်မူယဲ့အား စိုက်ကြည့်ရင်း ကျောက်ဖူက လေးနက်စွာ မေးသည်။
“တကယ်လား”
ဟန်မူယဲ့ ပြုံးလိုက်ကာ ကျားဖြူစာလိပ်ကို သွားယူရန် ပြင်လိုက်သည်။
“ညီလေးဟန်… မင်းက တကယ်ပဲ အရမ်းကောင်းတာပဲ”
ရုတ်တရက် ကျောက်ဖူ ရယ်မောလိုက်သည်။
သူက လက်နှစ်ဖက်ကို ဖြန့်ကားကာ စိတ်လိုလက်ရပြုံးကာ ပြောသည်။
“ကျားဖြူစာလိပ်က ဘယ်လောက်တန်ဖိုးကြီးပါစေ… ငါ, ကျောက်ဖူက အဲဒါကို ယူဖို့ အရေမထူဘူး”
“ဆရာက မင်းကို ပေးမှတော့ အဲဒါက မင်းအပိုင်ပဲ”
ထို့နောက် သူက စိတ်ရင်းဖြင့် ပြောသည်။
“ညီလေးဟန်… ဆရာက ကျားဖြူစာလိပ်ကို နားလည်နိုင်တဲ့သူကို ရှာပြီးတော့ ကျောက်တုံးသုံးတုံးစံအိမ်ကို လက်ဆင့်ကမ်းပေးချင်တာ မင်းသိလား”
“စိတ်မကောင်းစရာက စီနီယာအစ်ကိုလင်းရဲ့ ကံဆိုးမိုးမှောင်ကျမှုဟာ…”
ကျောက်ဖူ သက်ပြင်းချလိုက်သည်။
“တကယ်တော့ သံမဏိနွားသိုးကျင့်စဉ်ကို မင်း ဆင်ခြင်နားလည်နိုင်တဲ့အချိန်ကတည်းက မင်းကို ကျောက်တုံးသုံးတုံးစံအိမ်ထဲကို ဆွဲခေါ်ဖို့ စိတ်ကူး ငါ့မှာ ရှိနေခဲ့တယ်”
ခေါင်းမော့ကြည့်ရင်း ကျောက်ဖူ၏ဟန်ပင်မှာ ခန့်ညားထည်ဝါနေဟန်ရသည်။
“ကျောက်တုံးသုံးတုံးစံအိမ်ရဲ့ အကြီးဆုံးတပည့် ဘယ်သူ ဖြစ်ခိုင်းလို့လဲ”
“အဲဒါက ဘယ်သူပဲဖြစ်ဖြစ် သူကသာ ဆရာ့ရဲ့အမွေအနှစ်ကို ဆက်ခံနိုင်ရင် ငါ ပျော်မိမှာပဲ”
“ဆရာဟာ ဒဏ်ရာကနေ မသက်သာနိုင်တော့ သူ့ကျင့်ကြံခြင်းဟာလည်း မတိုးတက်နိုင်တော့ဘူး။ သူက နေ့တိုင်း ကျားဖြူပန်းချီကိုပဲ ရေးဆွဲနေခဲ့ရတယ်။ ဒါပေမဲ့ သူ့အမွေနှစ်ကို ဆက်ခံဖို့ တပည့် ရှာမရခဲ့ဘူး။ အဲဒါကို ကြည့်ရတာ ငါ့အတွက် စိတ်မသက်မသာ ဖြစ်စေတယ်”
သူက လက်ဆန့်တန်းကာ ဟန်မူယဲ့၏ပုခုံးကို ပုတ်လိုက်သည်။
“အဲဒါကို ကောင်းကောင်းဆင်ခြင်လေ့လာပါ။ ဆရာ့ကို စိတ်မပျက်စေနဲ့”
ထို့နောက် သူက နောက်လှည့်ကာ ထွက်သွားသည်။
ထိုအခိုက်တွင် သူ၏ခြေလှမ်းများမှာ ခိုင်မြဲကာ သေရည်မူးနေဟန် မပူပေ။
ဒဏ်ရာရနေခြင်း၊ ကျင့်ကြံဆင့်မတိုးတက်ခြင်းနှင့် အမွေခံတပည့် ရှာလိုခြင်း…
ဆရာဦးလေးထို့ပါ့ကား အမှန်တကယ် ဟန်ဆောင်ကောင်းလှသည်။
ဟန်မူယဲ့ ခေါင်းယမ်းကာ ကျောက်ဖူ၏နောက်ကျောကို ကြည့်ကာ လှမ်းအော်လိုက်သည်။
“စီနီယာအစ်ကိုကျောက်… ခင်ဗျားတကယ်ပဲ ကျားဖြူပန်းချီစာလိပ်ကို မယူတော့ဘူးလား။ ကျုပ်က အဲဒါကို အကုန်လုံးနီးပါး နားလည်ထားပြီးပြီ”
အများစုကို နားလည်ထားပြီးပြီလား။
ကျောက်ဖူ ခလုပ်တိုက်ကာ လဲကျလုမတတ် ဖြစ်သွားသည်။
သူက ဖြေးလေးစွာ နောက်လှည့်ကာ ဟန်မူယဲ့အား ကြည့်သည်။
“မင်း ပြောတာ တကယ်လား”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
သူ့တွင် ရွေးချယ်စရာမရှိချေ။ သူ၏ဆင်ခြင်နားလည်နိုင်စွမ်းက ကောင်းလွန်းလှသည်။
“စီနီယာအစ်ကိုကျောက်… ကျားဖြူစာလိပ်ကာ ကျုပ်အတွက် သိပ်အသုံးမဝင်တော့ဘူး။ အစ်ကို့,ကို လက်ဆောင်ပေးရမလား”
ဟန်မူယဲ့က စိတ်ရင်းဖြင့် ပြောသည်။
ကျောက်ဖူသည်ကား ကောင်းမွန်သော စိတ်သဘောထားရှိရာ မိတ်ဆွေဖြစ်ရန် ထိုက်တန်ပေသည်။
“ကျားဖြူစာလိပ်ထဲက လျှို့ဝှက်ချက်ကိုလည်း ပြောမယ်လေ”
ဟန်မူယဲ့ စကားမဆုံးသေးခင်တွင်ပင် ကျောက်ဖူက လက်မြှောက်ကာ ပြောသည်။
“မပြောနဲ့…”
သူက အံတင်းတင်းကြိတ်ကာ လက်သီးများကို ဆုပ်လျှက် အဝေးကို ထွက်သွားသည်။
“သေစမ်း… ငါ ပြန်သွားပြီးတော့ ထပ်လေ့လာကြည့်ဦးမယ်။ လူတွေအကြား နားလည်ဆင်ခြင်နိုင်စွမ်းက ဒီလောက် ကွာခြားမယ်လို့ ငါမယုံဘူး”
‘သူ့ကြောင့် စိတ်အားထက်သန်သွားသည်လား’
ဟန်မူယဲ့ ထပ်မံ၍ အော်ဟစ်လိုက်သည်။
“အစ်ကို ပန်းချီစာလိပ်ကို မယူရသေးဘူး”
အဝေးမှ ကျောက်ဖူ၏အသံ ပျံ့လွင့်လာသည်။
“ဆရာက သုံးလတစ်ခါလောက် ကျားဖြူစာလိပ်ကို ရေးနေတာ။ ကျောက်တုံးသုံးတုံးစံအိမ်မှာ ကျားဖြူစာလိပ်က ပေါမှပေါပဲ”
ဟန်မူယဲ့ တောင့်တင်းသွားသည်။ သူသည်လည်း ဓားစံအိမ်ထဲသို့ သုန်မှုန်စွာ ပြန်လာခဲ့သည်။
သူသည် ထူးခြားဆန်းကြယ်သော ရတနာတစ်ပါးအား ရရှိခဲ့ပြီဟု မိမိကိုယ်ကို ကြေနပ်နေခဲ့၏။ ယခုမှ ၎င်းမှာ သိပ်တန်ဖိုးမကြီးမှန်း သိနားလည်လိုက်၏။
သူသည် ကျောက်တုံးလှေကားထစ်အနီးသို့ ရောက်သောအခါ လင်းရှန် စောင့်နေသည်ကို တွေ့၏။
“အာ… ညီလေးဟန်…”
လင်းရှန်၏မျက်နှာတွင် အနည်းငယ် တွေဝေသော ဟန်ပန်ကို တွေ့ရ၏။ ထို့နောက် သူက ပြောသည်။
“မင်း ငါ့ညီမလေးကိုလည်း နည်းနည်းကူညီပေးလို့ရမလား”
ညနေခင်းက စားပွဲဝိုင်းတွင် ဟွမ်လောင်လျှိုသည် ဟန်မူယဲ့နှင့် ကျောက်ဖူအား လုချန်းဖျင်ကို ကူညီရန် တောင်းဆိုခဲ့သည်။
လင်းရှန်လည်း တောင်းဆိုလိုပါသော်လည်း နောက်ဆုံးတွင် ဆိတ်ဆိတ်သာ နေခဲ့သည်။
သူက ဟန်မူယဲ့အား တောင်းဆိုနိုင်သည်။
သို့သော်လည်း ကျောက်ဖူထံတွင် မတောင်းဆိုလိုပါ။
သူ့တွင်လည်း ဂုဏ်သိက္ခာနှင့် မာနတရား ရှိပေသည်။
ဟန်မူယဲ့ ပြုံးလျှက် ခေါင်းညိတ်သည်။
“လေ့ကျင့်ရေးမှူးလင်း… စိတ်မပူပါနဲ့။ ခင်ဗျား ညီမဟာလည်း ကျုပ်ညီမပဲမလား”
“မနက်ဖြန် ကျုပ် ဂိုဏ်းစုံညီစုဝေးပွဲအခန်းအနားကို သွားကြည့်ပြီးတော့ ဂိုဏ်းတွေရဲ့ အဓိကပြိုင်ပွဲဝင်တွေကို လေ့လာကြည့်ပါ့မယ်”
ဤနည်းဖြင့် နှစ်ယောက်လုံးကို တပြိုင်နက်တည်း ကူညီနိုင်သည်။
လင်းရှန်က ဝမ်းမြောက်ဝမ်းသာ ခေါင်းညိတ်သည်။
တချို့သော အရာများမှာ စကားအားဖြင့် ထုတ်ပြောရန် မလိုပါ။
အခန်းကို ပြန်ရောက်လျှင် ဟန်မူယဲ့သည် ရက်နည်းငယ် ထိကိုင်ခြင်းမရှိခဲ့သော ဆေးပေါင်းဖိုအား ထုတ်ယူလိုက်သည်။
ထိုနေ့က သူသည် ပိုင်စုကျန်းထံမှ ဆေးအမယ်များ ယူလာရန် မေ့လျော့သွားခဲ့သည်။ ယခုတွင် တိမ်မြူချီဆေးလုံးဖော်စပ်ရန် ဆေးအမယ် များများစားစား မရှိတော့ပါ။
သူ၏လက်တွင် ဓားချီတစ်စ စုစည်းလာသည်။ ထို့နောက် သူ၏ချီပင်လယ်မှ ဓားဆန္ဒသည် ဖြေးညင်းစွာ ထွက်ပေါ်လာကာ ဆေးပေါင်းဖိုအား ရစ်ပတ်သွား၏။
ဆေးအမယ်များမှာ ဆေးပေါင်းဖိုထဲကို အစီအစဉ်တကျ ရောက်ရှိသွားကြ၏။
ဆေးပေါင်းဖိုမှ ဆေးရနံ့များ ပျံ့လွင့်လာသည်။
ဟန်မူယဲ့၏လှုပ်ရှားမှုများမှာ ညက်ညောလှသည်။
သူသည် ဆေးသုံးဖုံကို ဖော်စပ်ခဲ့ကာ အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးလုံး ၁၅ လုံး ရရှိခဲ့သည်။
သူက ဓားဆန္ဒဖြင့် ဆေးလုံးကို သန့်စင်သောအခါ ဆေးပင်ဆေးမြစ်များမှ အညစ်အကြေးများမှာ လုံးဝ ဖယ်ရှားခံရပြီး ဆေးလုံး၏အမြင့်ဆုံးဂုဏ်သတ္တိကို ပိုင်ဆိုင်စေနိုင်သည်။ ထို့နောက်တွင် သူ ဖော်စပ်သော ဆေးလုံးမှာလည်း အမြင့်ဆုံးအရည်အသွေးများ ဖြစ်လာကြ၏။
အကယ်၍ သာမန်ဓားသမားတစ်ဦးက သူသည် ကမ္ဘာမြေအဆင့်ဓားသမားများသာ ပိုင်ဆိုင်နိုင်သော ဓားဆန္ဒဖြင့် ချီစုစည်းခြင်းအဆင့်ဆေးလုံးကို ဖော်စပ်နေခြင်းအား သိရှိခဲ့ပါလျှင် ထိုသူသည် သေချာပေါက် သွေးအန်သွားနိုင်၏။
ဆေးလုံးကို သန့်စင်ပြီးနောက် သူ၏ဓားဆန္ဒကို ပြန်ရုပ်သိမ်းကာ ဟန်မူယဲ့သည် သူ့ရှေ့မှ ဆေးပေါင်းဖိုအား ကြည့်လိုက်သည်။
ဆေးလုံးများစွာကို ဖော်စပ်ပြီးနောက်တွင် သူ၏လက်ထဲမှ ဆေးပေါင်းဖိုမှာ အက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်လာပြီ ဖြစ်သည်။
ဓားဆန္ဒသည် ဆေးလုံးအရည်အသွေးကို မြှင့်တင်ပေးနိုင်သော်လည်း ဆေးပေါင်းဖိုမှာ တာရှည်ခံနိုင်ရည် မရှိပါ။
ပိုင်စုကျန်းတွင် ဆေးပေါင်းဖိုကောင်းကောင်းတစ်လုံး ရှိမည်လား သူသိလိုသည်။ နောက်တစ်ခေါက်တွင် သူက သူမထံမှ ဆေးပေါင်းဖိုတစ်လုံး သွားယူရဦးမည်။
ဆေးပေါင်းဖိုအား သိမ်းဆည်းလိုက်ပြီးနောက်တွင် သူ၏လက်ထဲတွင် အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးလုံး ၃လုံး ရှိနေသည်။
အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးတစ်လုံးမှာ ဝိညာဉ်ကျောက်တုံး ၅၀၀၀ တန်ဖိုးရှိသည်။
တိမ်မြူချီ သူ၏ပါးစပ်ထဲကို ဝင်သွားလျှင် အားကောင်းသော ဆေးအစွမ်းသည် သဘာဝစွမ်းအားများအဖြစ် သူ၏သွေးကြောများထဲသို့ စီးဆင်းသွားကြ၏။
သူ၏သွေးကြောများသည်သာ ဓားဆန္ဒများဖြင့် အကြိမ်ကြိမ် သန့်စင်ထားခြင်းမဟုတ်လျှင် ထိုမျှအားကောင်းသော စွမ်းအင်စီးဆင်းမှုအား ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
တိမ်မြူချီမှ စွမ်းအားများ သူ၏ဒန်ထျန်ကို ရောက်ရှိသွားလျှင် ဟန်မူယဲ့၏မျက်နှာ နီမြန်းသွားသည်။
မျက်ရည်ကျမတတ် နာကျင်မှု စတင် ဖြစ်ပေါ်လာ၏။
နာကျင်မှုတစ်ခုကို စတင်ခံစားလာရသည်။
ကျင့်ကြံခြင်း၏ကျေနပ်စရာအကောင်းဆုံး အချက်တစ်ခုမှာ ကျင့်ကြံသူများအတွက် ဒန်ထျန်တွင် လုံလောက်သော ချီဓာတ်များ ပိုင်ဆိုင်ခြင်း ဖြစ်သည်။
သူသည် ဒန်ထျန်တွင် ပြည့်နှက်လာသော ချီဓာတ်များအား အဆက်မပြတ် ဖိနှိပ်သည်။ ဤနည်းဖြင့် သူ၏ဒန်ထျန်မှာလည်း ပိုမိုကျယ်ပြောလာပေသည်။
“အဲဒီ ဒုတိယမျိုးဆက်ကျင့်ကြံသူတွေမှာ ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မြင့်မားတဲ့ကျင့်ကြံဆင့်ရှိနေတာလဲ မင်းသိလား”
မော့ယွမ်က ထိုမေးခွန်းကို မေးသောအခါ သူ့မျက်နှာ၌ ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်သော ခံစားချက်များ ရှိနေသည်။
“သူတို့ စပြီး ကျင့်ကြံတဲ့အချိန်မှာ သဘာဝစွမ်းအင်၊ ဝိညာဉ်ကျောက်တုံးနဲ့ ဆေးလုံးတွေ မရှားပါးဘူးလေ”
“ငါတို့ အဆင့်နိမ့်ကျင့်ကြံသူတွေကျတော့ ဒန်ထျန်ကို ဝိညာဉ်ကျောက်တုံးနဲ့တောင် ဖြည့်ဖို့ မလောက်ဘူး။ ဒါကြောင့် တတိယမျိုးဆက်ကျင့်ကြံသူတွေဟာ ဒန်ထျန် ခန်းခြောက်တာကို နေ့တိုင်း ကြုံတွေ့နေခဲ့ရတာပါပဲ”
“ဒါက ဆာလောင်မွတ်သိပ်နေတဲ့သူနဲ့ စားစရာအလုံအလောက်ရှိနေတဲ့သူတွေကြားက ကွာဟချက်ပဲ”
ဟန်မူယဲ့ ကျင့်ကြံနေရင်း အာရုံများ ပျံ့လွင့်နေသည်။ အကယ်၍ မော့ယွမ်သာ သူ အထင်သေးသော ပုံစံဖြင့် ကျင့်ကြံနေသည်ကိုသာ သိပါက မည်သို့ တွေးမည်နည်း။
ဟန်မူယဲ့သည်လည်း ဒုတိယမျိုးဆက်ကျင့်ကြံသူများ၏နည်းလမ်းကို အထင်သေးသော်လည်း သူ့တွင် ဝိညာဉ်ကျောက်တုံးများ ရှိပါလျှက် အသုံးမပြုလျှင် အရူးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
ဟူး…
ဆတ်ခနဲ တုန်သွားကာ သူ၏ဒန်ထျန်သည် အနည်းငယ် ပြန့်ကားသွားသည်။
သူ၏စွမ်းအားကျင့်ကြံခြင်းသည် ချီစုဆောင်းခြင်းအဆင့် ၃သို့ ရောက်လာခဲ့သည်။
သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းသည်လည်း ချီစုဆောင်းခြင်း အဆင့်၃ သို့ ရောက်လာခဲ့သည်။
သူ၏ဓားကျင့်ကြံခြင်းသည် အလွန်အားကောင်း၏။
သူသည် ပိုမိုသောဓားချီများအား ခံနိုင်ရည်ရှိလာသည်ဟု ခံစားရ၏။
သူ၏အသက်ဓာတ်ကုန်ခမ်းမှုမှာလည်း ပိုမိုနှေးကွေးလာသည်။
ယခု သူသည် ပိုမိုသော စွမ်းအားကို ထိန်းချုပ်လာနိုင်၏။
သူ ပို၍ စိတ်သက်သာရာ ရလာသည်။
…
နောက်တစ်နေ့ နံနက်တွင် ဟန်မူယဲ့သည် ယမန်နေ့က ဟွမ်လောင်လျှို အသစ် သွားထုတ်လာခဲ့သော ဂိုဏ်းဝတ်စုံကို ဝတ်ဆင်လိုက်သည်။
“ဟူး… မင်းရုပ်ရည်က ငါတို့ဓားစံအိမ်ကို တကယ်အရှက်မရစေဘူးပဲ”
ဟွမ်လောင်လျှို ရေရွက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းကာ ပြောသည်။
“သွား… သွား… ငါတော့ ဒီကနေပဲ ကြည့်တော့မယ်”
ဟန်မူယဲ့ ဓားစံအိမ်မှ ပြုံးလျှက် ထွက်လာခဲ့သည်။
“ဒေါင်…”
အဝေးတွင် ခေါင်းလောင်းသံတစ်ခု မြည်ဟီးသွားသည်။
ဂိုဏ်းစုံညီစုဝေးပွဲ စတင်ခဲ့ပြီ ဖြစ်သည်။
ဟန်မူယဲ့ အမြန်မလိုပါ။ သူသည် အခန်းအနားစင်မြင့်ရှိရာသို့ အေးအေးဆေးဆေး လျှောက်လှမ်းသွားလိုက်သည်။
ထိုသို့သော အခန်းအနားတွင် ပထမဆုံး ၂နာရီခန့်မှာ ခေါင်းဆောင်များ၏မိန့်ခွန်းများဖြင့် အချိန်ကုန်နေတတ်သည်။ ၎င်းတို့မှာ နားထောင်ရန် ပျင်းစရာ ကောင်းလှသည်။
သူက ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ သူက အေးစက်တောင့်တင်းသွားကာ ကောင်းကင်ကို ကြည့်သည်။
ဝုန်း…
လျှပ်စီးတစ်ချက် လက်သွား၏။
“ပထမဆုံးပွဲစဉ်… ယွင်တောက်သုံးပါးဂိုဏ်းက ကျိုးယွင်အနိုင်ရတယ်”
လက်ခုပ်ဩဘာသံများ ထွက်ပေါ်လာသည်။
ဂိုဏ်းစုံညီစုဝေးပွဲမှာ ထိုမျှ မြန်မြန်စတင်သည်လား။
ခေါင်းယမ်းကာ ဟန်မူယဲ့ အလျင်အမြန် ပြေးလွှားသွားလိုက်သည်။
“ကြည့်ရတာ ငါတကယ် နှေးကွေးတာပဲ”