သန်မာတဲ့လူဟာ အားနည်းတဲ့လူတွေရဲ့ကြမ္မာကို ထမ်းပိုးရတယ်
Vol. 5 Ch. 70
ဂိုဏ်းစုံညီစုဝေးပွဲသည် အံ့ဖွယ်ကိုးပါးဂိုဏ်း၏ အနောက်ဘက်တောင်ကုန်းတွင် ကျင်းပ၏။
ပေ ၃၀၀ ခန့် ကျယ်ဝန်းသော မြေကွက်လပ်ကြီးတွင် အစိမ်းရောင်အလင်းများ လွှမ်းခြုံထားရာ ဝင်္ကပါအစီအရင်ဖြင့် ကာကွယ်ထားခြင်းဖြစ်ကြောင်း သိနိုင်သည်။
ရောင်ဝါသည် ဓားစံအိမ်ကို ရစ်ပတ်ထားသော အစီအရင်နှင့် ဆင်တူသော်လည်း များစွာ ဖျော့တော့အားနည်းသည်။
အခန်းအနားစင်မြင့်အနီးတွင်ကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များ တာဝန်ယူစောင့်ကြပ်နေကြသည်။
ဟန်မူယဲ့ အခန်းအနားနေရာသို့ ရောက်သွားသောအခါ ဝတ်စုံမျိုးစုံဖြင့်လူများအား တွေ့ရသည်။
ထိုကျင့်ကြံသူများမှာ အများအားဖြင့် ငယ်ရွယ်ကြပြီး သုန်မှုန်သော အငွေ့အသက်များ ရှိကြသည်။
သူတို့သည် ဂိုဏ်းပေါင်း ၈၀ ကျော်မှ ပင်မတပည့်များဖြစ်ရာ မည်သူ့ကိုမှ အထင်သေး၍ မရနိုင်ပေ။
ထိုအခိုက်တွင် အားလုံးက ပေ ၃၀ မြင့်ကာ ပေ ၅၀ ကျယ်သော ကျောက်တုံးစင်မြင့်ကြီးအား ခံစားချက်မျိုးစုံဖြင့် ကြည့်နေကြသည်။
စင်မြင့်ထက်တွင် ပုံရိပ်နှစ်ခု ယှဉ်ပြိုင်နေကြသည်။
ဂိုဏ်းစုံညီစုဝေးပွဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ပြိုင်ပွဲဝင်များ၏ဘေးကင်းမှုကို တာဝန်ယူထား၏။ သူတို့က စွမ်းအားကုန်တိုက်ခိုက်လျင်ပင် ပြိုင်ဘက်အား သတ်ဖြတ်ရန် မဖြစ်နိုင်ပါ။
စင်မြင့်ထက်တွင် မည်သူမှ အသက်မသေနိုင်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ထိုကိစ္စအား ယုံကြည်မှု ရှိပေသည်။
"စီနီယာအစ်ကို... ကျုပ်နောက်က လိုက်ခဲ့ပါ"
ဧည့်ကြိုနေရာ၌ ကျောက်တုံးသုံးစံအိမ်တပည့်တစ်ဦးသည် ဟန်မူယဲ့အား စင်မြင့်ပေါ်သို့ ခေါ်လာခဲ့သည်။
စင်မြင့်၏သဘာပတိခုံတွင်ကား ကျောက်တုံးသုံးတုံးစံအိမ်သခင်၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအကြီးအကဲ ထို့ပါ့ချန် ထိုင်နေသည်။
သူ့ဘေးတွင် ကျောက်ဖူ ရပ်နေသည်။
ထို့ပါ့ချန်နှင့် ကျောက်ဖူတို့ အောက်နားတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဟုတ်ဟန်မတူသော ကျင့်ကြံသူတချို့ ရှိနေကြသည်။ သူတို့မှာ တခြားဂိုဏ်းမှ ပညာရှင်များ ဖြစ်ဟန်ရသည်။
ကျောက်ဖူက ဟန်မူယဲ့ကိုမြင်လျှင် ခေါင်းညိတ်ပြသည်။ ထို့နောက် ဘေးမှ ထို့ပါ့ချန်ကို တစ်စုံတစ်ခု တီးတိုးပြောသည်။
ထို့ပါ့ချန်၏အမူအရာ ပြောင်းလဲသွားသည်။ သူက မျက်တောင်ပင့်ကာ ဟန်မူယဲ့အား ကြည့်သည်။
ဟန်မူယဲ့ အလျင်အမြန် လက်နှစ်ဖက်ဆုပ်ကာ ထို့ပါ့ချန်အား ဂါရဝပြုသည်။
“ဆရာဦးလေးကို နှုတ်ခွန်းဆက်ပါတယ်”
ထို့ပါ့ချန်က ခေါင်းညိတ်ကာ စင်မြင့်ထက်ကို ပြန်ကြည့်သည်။
“မင်းက ကျားဖြူစာလိပ်ကို နားလည်နိုင်မှတော့ ကျောက်တုံးသုံးတုံးစံအိမ်အတွက် အပြင်လူမဟုတ်ဘူး”
ကျောက်ဖူက သူ့ဘေးမှ ထိုင်ခုံအား ညွန်ပြသည်။
“မင်း ဒီနေရာက ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရမယ်”
အမှန်တကယ်လည်း ဟန်မူယဲ့က ထိုနေရာမှနေ၍ ပြိုင်ပွဲကို ရှင်းရှင်းလင်းလင်း မြင်ရပေသည်။
“ဒါက ပြိုင်ပွဲမှာ ဝင်ပြိုင်ကြတဲ့ ဂိုဏ်းအသီးသီးက ပြိုင်ပွဲဝင်တွေတွေကို စီစဉ်ထားတာပဲ”
“မနေ့ညက ငါ ပွဲစဉ်တွေကို ပြန်စီစဉ်ဖို့ ပြောထားတယ်”
ကျောက်ဖူက ဟန်မူယဲ့အား စာရွက်တစ်ထပ်ကြီးအား တွန်းပို့ပေးကာ အသံတိုးတိုးဖြင့် ပြောသည်။
“လုချန်းဖျင်နဲ့ လင်းယွီရှဟာ ပထမဆုံး ဆယ်ပွဲမှာ ဂိုဏ်းအသီးသီးက ထူးချွန်တဲ့လူတွေနဲ့ တွေ့မှာ မဟုတ်ဘူး”
ဟန်မူယဲ့ သူ့အား ကြည့်သည်။ မနေ့က လင်းရှန်သည် ကျောက်ဖူအား သူ့ညီမကို ကူညီရန် မပြောခဲ့ပါ။
ကျောက်ဖူက ပြုံးလိုက်သည်။
“ဂျူနီယာညီလေးလင်းက ငါ့ကို ဘာမှ မပြောပေမဲ့ ငါက ထည့်တွေးပေးရမှာပေါ့ မဟုတ်ဘူးလား”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ကျောက်ဖူက ထိုမျှအထိ တွေးတောပေးမည်ဟု ဟန်မူယဲ့ မထင်ထားပေ။
သူ့ရှေ့မှ စာရွက်တစ်ထပ်ကြီးအား ကြည့်ကာ ဟန်မူယဲ့သည် ပိုင်စုကျန်းထံမှ သိခဲ့ရသည်ထက် များစွာ အသေးစိတ်ကြောင်း တွေ့ရသည်။
ဂိုဏ်းအသီးသီး၏အင်အား၊ တပည့်များ၏အဆင့်နှင့် သူတို့၏ကျင့်ကြံဆင့်များ သိုင်းပညာရပ်များကို အသေးစိတ်ရေးမှတ်ထားသည်။
ပွဲစဉ်အနေအထားအရ လုချန်းဖျင်နှင့် လင်းယွီရှတို့မှာ အုပ်စုတစ်ခုစီ၏ထပ်ဆုံးဆယ်နေရာသို့ အလွယ်တကူ ရောက်ရှိနိုင်သည်။
နောက်ပိုင်းတိုက်ပွဲများကိုတော့ သူတို့၏ကိုယ်ပိုင်စွမ်းရည်များကို အားကိုးရပေလိမ့်မည်။
စာရွက်များကို ပြန်စီကာ ဟန်မူယဲ့ သက်ပြင်းချလိုက်သည်။
အမှန်တကယ်လည်း တရားဝင် လိမ်ခြင်းက အထိရောက်ဆုံး ဖြစ်သည်။
ကျောက်ဖူ၏အစီအစဉ်ဖြင့်ဆိုပါက သူသည် လုချန်းဖျင်နှင့် လင်းယွီရှတို့အား ကူညီရန် မလိုတော့ပါ။
“ဘာလဲ… အစီအစဉ်ချထားတာ အဆင်မပြေဘူးလား”
ကျောက်ဖူက သူ့အား မေးသည်။
ဟန်မူယဲ့က ခေါင်းယမ်းကာ စင်မြင့်ထက်ကို ကြည့်သည်။
“ဒီလိုလုပ်တာက တခြားလူတွေရဲ့ အခွင့်အလမ်းကို ပိတ်ပင်သလို ဖြစ်သွားမှာ ကျုပ် စိုးရိမ်မိတယ်”
နိုင်ပွဲတစ်ခုက ပြိုင်ပွဲဝင်တစ်ဦး၏ဆုကြေးနှင့် အခွင့်အလမ်းများကို အပြောင်းအလဲများ ဖြစ်စေသည်။ ၎င်းတို့သည် အဆင့်နိမ့်ကျင့်ကြံသူများအတွက် အလွန်အရေးပါသည်။
“ဟင်း… မင်းက သန်မာတယ်ဆိုရင် အားနည်းတဲ့လူတွေရဲ့ ကြမ္မာကို ထမ်းပိုးရတာပဲ”
ထို့ပါ့ချန်က ရုတ်တရက် ပြောသည်။
“မင်းမှာ အဲလောက် သတ္တိမရှိဘူးဆိုရင် ဘာလို့ ဆက်ပြီး ကျင့်ကြံဦးမှာလဲ။ တောင်အောက်ကိုသာ မြန်မြန် ဆင်းသွားလိုက်တော့”
ဟန်မူယဲ့ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
ထို့ပါ့ချန် ပြောသည်ကား ကျင့်ကြံခြင်းလောက၏သဘောသဘာဝ ဖြစ်သည်။
သူ ပြောသည်မှာ မှန်ပေသည်။
သန်မာသူများ၏မျက်လုံးထဲတွင် အားနည်းသူများမှာ အလွယ်တကူ ထိန်းချုပ်၍ ရနိုင်သည်။
ဤသည်က ကျင့်ကြံခြင်းလောက ဖြစ်သည်။
သန်မာသူများက အားနည်းသူများကို ဝါးမျိုသည်။
စင်မြင့်ထက်ကို ကြည့်ဟာ ဟန်မူယဲ့၏မျက်လုံးများ နက်မှောင်သွားသည်။
ကျောက်ဖူက သူ့အား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်သည်။
ဆရာက ညီလေးဟန်ကို အမှန်တကယ် တန်ဖိုးထားသည်။
“နေမင်းမီးတောက်ဂိုဏ်းက ရှောင်လင် အနိုင်ရတယ်”
စင်မြင့်ထက်မှ အသံတစ်သံကို ကြားရသည်။ စင်မြင့်ထက်တွင် သေးသွယ်သော မိန်းကလေးတစ်ဦးက လက်နှစ်ဖက်ဆုပ်သည်။
သူမ၏ပြိုင်ဘက်ကား ကြမ်းပြင်တွင် လဲလျောင်းနေပြီ ဖြစ်သည်။
ဟန်မူယဲ့၏အရှေ့ခုံတန်းတွင် ထိုင်နေသော တန်ခိုးရှင်များထဲမှ တစ်ယောက်သည် မှတ်ချက်များ ပြုလုပ်ပေးသည်။ ၎င်းအစီအစဉ်ကား အနိုင်ရသူ မိန်းကလေးငယ်အတွက် အားပေးစကားတချို့နှင့် ဓားသိုင်းအပေါ် မှတ်ချက်အနည်းငယ် ဖြစ်သည်။
ဟန်မူယဲ့အတွက်မူ ၎င်းသည် သာမန်ဆန်ကာ အဆံမပါသော စကားများ ဖြစ်ကြ၏။
အကဲဖြတ်မှုပြီးစီးသွားသောအခါ အမျိုးသမီးကျင့်ကြံသူသည် ဦးညွှတ်လျှက် လိပ်ပြာတစ်ကောင်အလား ခုန်ဆင်းသွားသည်။
ထိုအကွက်က မရေမတွက်နိုင်သော အမျိုးသားကျင့်ကြံသူများအား လက်ခုပ်ဩဘာများဖြင့် ဆူညံစေသည်။
“ဝိညာဉ်ဆတိုးဂိုဏ်းက ဟယ်တောက်ရှန်းနဲ့ စုယန်ဂိုဏ်းက မြောင်ယွမ်”
စင်ပေါ်တွင် တာဝန်ယူထားသော ကျောက်တုံးသုံးတုံးစံအိမ်မှ တပည့်က အော်ဟစ်လိုက်သည်တွင် လူနှစ်ဦး စင်မြင့်ပေါ်သို့ တက်လာသည်။
စုယန်ဂိုဏ်းလား…
ဟန်မူယဲ့သည် ပိန်ပါးသော လူငယ်အား လှမ်းကြည့်သည်။
ဂိုဏ်းနှစ်ဂိုဏ်းလုံးသည် မန္တန်ကို အားပြုကြသည်။ သူတို့နှစ်ဦး ယှဉ်ပြိုင်ခြင်းသည် မီးပန်းများဆော့ကစားသည့်လူနှစ်ဦးနှင့် ဆင်တူ၏။
မီးတောက်များ စင်မြင်ပေါ်တွင် ဖြစ်ပေါ်လာကာ ရေနှင့်မီးဓာတ်များ လေထဲ ပြည့်နှက်သွား၏။ ၎င်းကား လှပပေသည်။
စင်မြင့်ပေါ်သို့ ကြည့်နေသော ဟန်မူယဲ့၏ခေါင်းထဲတွင် ပုံရိပ်များ အဆက်မပြတ် ပြေးလွှားသွားသည်။
သူသည် စုယန်ဂိုဏ်း၏ ရေမြှားသိုင်းကို နားလည်သွားသည်။
သူသည် ဝိညာဉ်ဆတိုးဂိုဏ်း၏ မီးနဂါးလက်ဝါးသိုင်းကို နားလည်သွားသည်။
သူ၏စိတ်ထဲတွင် သဘာဝစွမ်းအားတချို့ စီးဆင်းသွားကာ ပုံရိပ်နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရေမြှားနှင့် မီးနဂါးတို့ ရင်ဆိုင်တိုက်ခိုက်ကြသည်။
ဤသည်က မန္တန်ပညာရပ် ဖြစ်သည်။
၎င်းကို ဆင်ခြင်ပြီးနောက်တွင် ဟန်မူယဲ့က တစ်စုံတစ်ခုကို နားလည်သွား၏။
ကျင့်ကြံခြင်းလောက၏အဆင့်နိမ့်တပည့်များကြားတွင် ဓားသမားများသည် တာအိုကျင့်ကြံသူများထက် အားကောင်းသည်မှာ မထူးဆန်းတော့ပေ။
ဓားကို တာအိုမန္တန်ပညာဖြင့် ချိုးဖျက်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ကျင့်ကြံသူများ၏ မန္တန်ပညာရပ်မှာ ကြည့်၍လှသော်လည်း ၎င်းသည် နှေးကွေးကာ ကြီးမားသော ချီဓာတ်များကို ကုန်ခမ်းစေ၏။ ထို့အပြင် ၎င်းကို တိုက်ပွဲ၌ အသုံးပြုရန် မန္တန်များကိုလည်း အလွန့်အလွန် ကျွမ်းကျင်ရန် လိုအပ်သည်။
စင်မြင့်ပေါ်မှ လူနှစ်ဦးမှာ ချီစုစည်းခြင်းအဆင့်တွင် ဖြစ်သော်လည်း မန္တန်များကို ထုတ်လွှတ်ရာတွင် စိုးရိမ်စိတ်များ ဖြစ်နေကြကာ တစ်ခါတစ်ရံ၌ ထစ်ငေါ့ခြင်းများ ဖြစ်ကြသည်။
ဓားသမားတစ်ယောက်သည် ရန်သူအနီးသို့ ကပ်နိုင်သည်နှင့် တစ်ဘက်မန္တန်ပညာကျင့်ကြံသူအား သေချာပေါက် အနိုင်ယူနိုင်ပေလိမ့်မည်။
သို့သော်လည်း ကျင့်ကြံဆင့်မြင့်လာသောအခါတွင်ကား သူတို့သည် ကွဲပြားခြားနားသော လမ်းစဉ်၌ ရှိသော်လည်း တူညီသော ပန်းတိုင်များ ရှိကြသည်။ ထိုအချိန်သို့ရောက်သောအခါ သူတို့၏တိုက်ခိုက်ရေးစွမ်းရည်မှာ လမ်းစဉ်နှင့် မသက်ဆိုင်တော့ဘဲ ကျင့်ကြံသူတစ်ဦးတစ်ယောက်၏နားလည်ဆင်ခြင်မှုအပေါ် မူတည်တော့သည်။
ဓားတစ်လက်က တာအိုမန္တန်များအားလုံးကို ချိုးဖျက်ရန် မဖြစ်နိုင်သလို တာအိုမန္တန်တစ်ခုက ဓား ၁၀၀၀၀ ကိုး ဖိနှိပ်ရန် မဖြစ်နိုင်ပါ။
ဝုန်း…
စင်မြင့်ထက်တွင် မီးတောက်များ ပေါက်ကွဲကာ စုယန်ဂိုဏ်းသားမှာလည်း အဝေးကို လွင့်သွားပြီး သတိလစ်သွား၏။
“ဝိညာဉ်ဆတိုးဂိုဏ်းက ဟယ်တောက်ရှန်း အနိုင်ရတယ်”
စင်မြင့်ထက်မှ အသံတစ်သံကို ကြားရသည်။
ဟန်မူယဲ့ ကျောက်ဖူအား ကြည့်သည်။
စုယန်ဂိုဏ်းသား၏ကြမ္မာမှာ တိုက်ပွဲမတိုင်ခင်ကတည်းက စီစဉ်ထားပြီး ဖြစ်ပေလိမ့်မည်။
ရှေ့မှ တစ်ယောက်က မှတ်ချက်ပြုကာ နောက်တစ်ပွဲ စတင်သည်။
တစ်ပွဲစီတိုင်းမှာ သိပ်မကြာဘဲ ပြီးဆုံးသွားလေ့ရှိသည်။
ဟန်မူယဲ့သည် ငြိမ်သက်စွာပင် တိုက်ပွဲများကို ကြည့်ကာ သူတို့အသုံးပြုသော ဓားသိုင်းများနှင့် တာအိုမန္တန်များကို လေ့လာဆင်ခြင်သည်။
၎င်းတို့မှာ အဆင့်နိမ့်ပညာရပ်များဖြစ်သော်လည်း လေ့လာခြင်းက မမှားပါ။
“ဒီတစ်ခေါက် ဘယ်သူနိုင်မလဲ”
တိတ်ဆိတ်နေသော ထို့ပါ့ချန်သည် ရုတ်တရက် မေးခွန်းထုတ်သည်။
သူ၏အသံက မတိုးပါ။ အနီးအနားတွင် ထိုင်နေကြသော ဂိုဏ်းအသီးသီးမှ ပညာရှင်များအားလုံးက စင်မြင့်ထက်ကို လှမ်းကြည့်ကြသည်။
စင်မြင့်ထက်တွင် ဓားသမားနှစ်ဦးသည် ဓား ၅ ကွက်ခန့် ယှဉ်ပြိုင်ပြီး ဖြစ်သည်။
‘ဘယ်သူနိုင်မလဲ’
ကျောက်ဖူ တွေဝေနေသည်။
သူက စာရွက်ထပ်ကြီးအား လှန်လှောကာ ယှဉ်ပြိုင်နေကြသော လူနှစ်ဦးအား ရှာသည်။ ထို့နောက် ပို၍ တွေဝေလာသည်။
သူတို့နှစ်ဦး၏ကျင့်ကြံဆင့်နှင့် ခွန်အားမှာ မတိမ်းမယိမ်းဖြစ်သည်။ ထိုအခိုက်တွင် တိုက်ပွဲမှာလည်း သူမသာကိုယ်မသာ ဖြစ်နေသည်။ သူက ရလဒ်ကို မည်သို့ သတ်မှတ်နိုင်မည်နည်း။
“ဆရာ… ကျွန်တော် မပြောနိုင်ဘူး။ နောက် အကွက်နည်းနည်းလောက်ဆိုရင်တော့ ခန့်မှန်းနိုင်မယ်ထင်တယ်”
ကျောက်ဖူက ရိုးသားစွာ ပြောသည်။
ထို့ပါ့ချန်သည် တစ်ဘက်လှည့်ကာ ဟန်မူယဲ့အား ကြည့်သည်။
ဟန်မူယဲ့၏အမူအရာက အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိဘဲ သူက ပြောသည်။
“မီးစာမှော်ဂိုဏ်းရဲ့ ကျိုးဝူဟာ ဂိုဏ်းအတွင်းမှာ အဆင့် ၆ ချိတ်တယ်။ ချင်းလင်ဓားဂိုဏ်းက ရှားရှန့်ကျီဟာ သူ့ဂိုဏ်းမှာ အဆင့် ၉ ချိတ်တယ်”
“ကျောက်ဝူဟာ မီးစာမှော်ဂိုဏ်းရဲ့ မူပိုင်ဓားသိုင်းဖြစ်တဲ့ ကျောက်တုံးစာမှော်သိုင်းကို လေ့ကျင့်တယ်။ ရှားရှန်ကျီကတော့ ချင်းလင်ဓားဂိုဏ်းရဲ့ ရေခဲမိုးစက်ဓားသိုင်းကို လေ့ကျင့်တယ်”
“ကျင့်ကြံဆင့်အတူတူ၊ လေ့လာဆင်ခြင်မှု အတူတူအနေအထားမှာ ဂိုဏ်းရဲ့မူပိုင်ဓားသိုင်းဟာ သာမန်ဓားသိုင်းတွေထက် နည်းနည်း အားပိုကောင်းတယ်”
ထို့ပါ့ချန်ကို လှမ်းကြည့်ကာ ဟန်မူယဲ့က ယုံကြည်မှုရှိစွာ ပြောသည်။
“ကျိုးဝူဟာ ဒီတစ်ပွဲမှာ အနိုင်ရလိမ့်မယ်”
ကလင်…
စင်မြင့်ထက်တွင် ကျိုးဝူ၏ဓားသည် ရှားရှန့်ကျီ၏ဓားကို ပိုင်းဖြတ်သွားကာ သူ၏ဓားဖြင့် တစ်ဘက်လူ၏ရင်ဘတ်ကို ချိန်ရွယ်ထားသည်။
အနီးအနားမှ ကျင့်ကြံသူများက ဟန်မူယဲ့အား တအံ့တဩလှမ်းကြည့်ကြသည်။
ကျောက်ဖူက ဟန်မူယဲ့အား လှမ်းကြည့်သည်။
“ညီလေးဟန်… မင်း တကယ်ပဲ ဒါတွေကို ခန့်မှန်းနိုင်တာလား”
ဟန်မူယဲ့ ခေါင်းယမ်းကာ တည်ငြိမ်စွာ ပြောသည်။
“မဟုတ်ဘူး… ကျုပ်ထင်တာ ကျိုးဝူရဲ့ဓားက ပိုပြီး တန်ဖိုးရှိသလားလို့”
“ကျုပ်ရဲ့အလုပ်ကို မမေ့ပါနဲ့”
ဓားထိန်းတစ်ဦး…
ကျောက်ဖူ ရေရွက်သည်။
“ဒီတစ်ပွဲရော ဘယ်လိုလဲ”
ထို့ပါ့ချန်က ထပ်မေးသည်။
ကျောက်ဖူက ပါးစပ်ဟလိုက်၏။
သည်ပွဲတွင် ပြိုင်ပွဲဝင်များမှာ စင်ထက်တွင် ကောင်းကောင်းပင် နေရာမယူရသေးပေ။ သူက မည်သို့ ခန့်မှန်းနိုင်မည်နည်း။
သူက အလိုအလျောက်ပင် ဟန်မူယဲ့အား လှမ်းကြည့်သည်။
ဟန်မူယဲ့က မျက်တောင်ပင့်လိုက်သည်။
ထို့ပါ့ချန်က သူ့အား စမ်းသပ်နေသည်လား။
စိတ်ဝင်စားစရာကောင်း၏။
စင်မြင့်ထက်တွင် ဓားဆွဲထုတ်တော့မည့် လူနှစ်ယောက်အား လှမ်းကြည့်ကာ ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။
“ဒီပွဲမှာ…”