← Chapters

ဒဏ္ဍာရီထဲကဒဏ္ဍာရီများ

Vol. 49 Ch. 681

ဒဏ္ဍာရီထဲကဒဏ္ဍာရီများ

Vol. 49 Ch. 681

အခန်း (၆၈၁) ဒဏ္ဍာရီထဲကဒဏ္ဍာရီများ

“တကယ်တော့ ငါလည်း နည်းနည်းတော့ ထူးဆန်းတယ်လို့ ခံစားရတယ်”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာအကြောင်း များစွာသိမြင်ခြင်း မရှိသေးပေ။ သူ အသိအမြင်က ကျူတောပင်လယ်‌ဒေသ တစ်ခုတည်းတွင်သာ ကန့်သတ်ခံထားရသည်။

သို့သော် သူ အရင်ကနေခဲ့ဖူးသော အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာတို့တွင်လည်း အလားတူပြဿနာများရှိကြောင်း ရှာဖွေတွေ့ရှိခဲ့သည်ပင်။

သူ ဘယ်သောအခါမှ “စန့်ချင်အဆက်အနွယ်” မှ သိုင်းကျင့်ကြံသူများကို တွေ့မြင်ရခြင်းမရှိပေ။***

တိုက်ရိုက်အဆက်အနွယ်ကို မဆိုထားနှင့် ဂိုဏ်းခွဲအဆက်အနွယ်များကိုပင် ရှာမတွေ့ခဲ့ပေ။

ယွိချင်အဆက်အနွယ်များကိုတော့ ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာဖြစ်သော ကောင်းကင်ဝါဒလက်ဝါးသိုင်းတွင် တွေ့မြင်နိုင်သည်။ အထက်ဘုံကမ္ဘာတွင် ရှန်လင်ကျီ အဆက်အနွယ်များသည်လည်း ယွိချင်အဆက်အနွယ်များဖြစ်သလို တာ့ရွှမ်တိုင်းပြည်မှကျင့်ကြံသူအချို့သည်လည်း ယွိချင်အဆက်အနွယ်နှင့် ပတ်သက်ဆက်စပ်နေသည်ကို တွေ့ရ၏။

မဟာကပ်ဘေးကြီးမတိုင်ခင် ရှေးယခင်အချိန်က ‘ယိုးမင်ဂမ္ဘီရဂိုဏ်း’ ၏ တည်ထောင်သူဘိုးဘေးသည်ပင် ခွန်လွန်တောင် ၊ ယွိချင်အဆက်အနွယ်များထံတွင် တစ်ချိန်က တရားနာယူခဲ့သည်ဟု ကောလဟလများ ရှိခဲ့သည်။

အခြားသော သိုင်းအမွေအနှစ်များကတော့ သိပ်ပြီး ထင်ရှားလှသည် မရှိပေ။ သို့သော် မဟာတာအိုမှ ဆင်းသက်လာသော သိုင်းပညာများ ဖြစ်နေသရွေ့ ယွိချင် သို့မဟုတ် စန့်ချင်နှင့် ထင်ရှားစွာ ဆက်စပ်နေခြင်းမရှိပါက ထိုက်ချင်နှင့် ဆက်စပ်နေသည်ဟု ဆိုနိုင်သည်။

တကယ်တော့ ထိုက်ချင် အဆက်အနွယ်က အလွန်ရှားပါးပြီး ယွိချင်နှင့် စန့်ချင် အဆက်အနွယ်များက ထိုက်ချင်အဆက်အနွယ်ထက် အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်များပြားသည်။

ဒဏ္ဍာရီများအရဆိုသော် ထိုက်ချင်အဆက်အနွယ်၏ ဘိုးဘေးဖြစ်သူ ‘ထိုက်စန့်လောင်ကျွင်း’ ဟု လူသိများသော ‘တောက်တယ်ထျန်းကျွင်း’ သည် ရှေးယခင်များစွာက လူသားအားလုံးအတွက် ပညာပေး ဉာဏ်အလင်းဖွင့်ပေးခဲ့ပြီး လူသားတိုင်းဖွံ့ဖြိုးတိုးတက်စေရန် ၊ အကျင့်စာရိတ္တကောင်းမွန်းစေရန် အခြေခံအုတ်မြစ်ချပေးခဲ့သူဖြစ်သည်။

ကျင့်ကြံသူများတွင် ယွိချင်နှင့် စန့်ချင်အဆက်အနွယ်အဖြစ် မိမိကိုယ်ကိုယ် ရှင်းရှင်းလင်းလင်း သတ်မှတ်ခံယူထားသူများမှလွဲပြီး ကျန်ရှိသော ကျင့်ကြံသူများအားလုံးက “တောက်တယ်ထျန်းကျွင်း” ကို သူတို့၏ ဘိုးဘေးဆရာသခင်အဖြစ် မှတ်ယူကြသည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ယွိချင်အဆက်အနွယ်နှင့် ထိုက်ချင်အဆက်အနွယ်များစွာရှိသည်ကို ရန်ကျောက်ကဲ သတိပြုခဲ့မိသည်။ တိုက်ရိုက်အဆက်အနွယ်ဖြစ်စေ ၊ ဂိုဏ်းခွဲအဆက်အနွယ်ဖြစ်စေ များစွာရှိကြသည်။

သို့သော် စန့်ချင်အဆက်အနွယ်များက လုံးဝ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။ စန့်ချင်အဆက်အနွယ်များကို လုံးဝ မတွေ့မြင်ရခြင်း ဖြစ်သည်။

အရင်ကတော့ သူက သွားလာသည့်နေရာအလွန်နည်းပါးပြီး သိုင်းကျင့်ကြံသူများစွာနှင့် မတွေ့ကြုံရသဖြင့် ထိုသို့ဖြစ်သည်ဟု ထင်ခဲ့ဖူးသည်။

အထက်ဘုံကမ္ဘာသို့ ရောက်လာပြန်တော့လည်း ကျူတောပင်လယ်ဒေသတွင် စန့်ချင်အဆက်အနွယ်များကို မတွေ့ရပြန်ပေ။ သို့ပေသိ အထက်ဘုံကမ္ဘာက အလွန်တရာ ကျယ်ပြန့်သည်ဖြစ်ရာ အခြားနေရာများတွင်တော့ စန့်ချင်အဆက်အနွယ်များ ရှိနိုင်သည်ဟု တွေးခဲ့ဖူးသည်။

ယခု နုန်ယွိရွှမ် စကားကိုကြားပြီးနေက် ဤပြဿနာများနှင့် ချိတ်ဆက်ကြည့်သည့်အခါ တိုက်ဆိုင်မှုမဟုတ်ကြောင်း ရန်ကျောက်ကဲ ခံစားရသည်။ အဘယ်‌ကြောင့် ထိုသို့ဖြစ်ရသည်ကို အကြောင်းရင်း သိချင်မိသည်။

“စန့်ချင်အဆက်အနွယ်များကို အထက်ဘုံကမ္ဘာတွင် ခြေမချစေရ” ဆိုသော တိဟွမ်ဧကရာဇ်၏အမိန့်ကို ဆန့်ကျင်သူမရှိသည်ကို ကြည့်ခြင်းအားဖြင့် ထိုအမိန့်စကားက သူ့ဆန္ဒတစ်ခုတည်းမဟုတ်ကြောင်း ထင်ရှားနေသည်။

ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု၏ အရှင်သခင်များအပြင် အထက်ဘုံကမ္ဘာမှ အခြားသော အထွတ်ထိပ်ပုဂ္ဂိုလ်များသည်လည်း ဤအမိန့်ကို လက်ခံသည်ဟု ယူဆနိုင်၏။ အနည်းဆုံးတော့ အထွတ်ထိပ်ပုဂ္ဂိုလ်အများစုက ထိုစကားနှင့်ပတ်သက်ပြီး သဘောတူညီခဲ့ကြဟန်ပင်။

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“စိတ်ဝင်စားစရာပဲ ၊ ဒါက ပုဂ္ဂိုလ်ရေးရန်ငြိုးရန်စ မဖြစ်နိုင်ဘူး ၊ အလုံးစုံပဋိပက္ခပဲ ဖြစ်ရမယ်”

“စန်းချင်း “စင်ကြယ်ခြင်းသုံးပါး” ရဲ့ တည်ထောင်သူဘိုးဘေးတွေက ဟိုးအရင်ကတည်းက လောကကို ကျော်လွန်သွားကြပြီပဲ ၊ ယွိချင်နဲ့ ထိုက်ချင်အဆက်အနွယ်တွေကပဲ ထုန်ထျန်းအရှင်သခင်နေရာကို ဘာလို့ ဆုပ်ကိုင်ထားရတာလဲ ၊ မဟုတ်သေးဘူး... အဲဒီလိုမဖြစ်နိုင်ဘူး... ၊ စန့်ချင်ဘိုးဘေး လင်ပေါင်ထျန်းကျွင်းက ဘာလို့ သူ့ရဲ့တပည့်သားမြေးတွေ အခက်တွေ့အောင် လုပ်ရတာလဲ”

ရန်ကျောက်ကဲအတွေးများက မ‌ရေမရာနှင့် အခြေအမြစ်မရှိဖြစ်နေသော်လည်း သူ အလေးအနက် စဉ်းစားနေခြင်း ဖြစ်သည်။

မဟာကပ်ဘေးကြီးမတိုင်ခင် ခေတ်ကာလမှ ယနေ့အချိန်သို့ ကူးပြောင်းရောက်ရှိလာပြီးနောက် အရင်ဘဝက အမှန်တကယ်တည်ရှိခဲ့သည်များက ယခုဘဝတွင် ဒဏ္ဍာရီပုံပြင်များနှင့် ထူးဆန်းသော ဇာတ်လမ်းများအဖြစ် ပြောင်းလဲသွားကြောင်း အံ့သြဖွယ်ရာ သိခဲ့ရသည်။

နတ်ဘုရားများ၏စွန့်စားခန်း ၊ အနောက်သို့ခရီးသွားမှတ်တမ်း စသည်များကဲ့သို့ ဒဏ္ဍာရီပုံပြင်များစွာအဖြစ် ပြောင်းလဲသွားခြင်းပင်။

သို့သော် ဆန်းကျယ်သည်မှာ အချို့သောဒဏ္ဍာရီများက အတိအကျ တူညီသည် ၊ အချို့က အလွန်ကွဲပြားပြီး အချို့ကတော့ ဆန့်ကျင်ဘက်ပင် ဖြစ်နေသေး၏။

ထို့ကြောင့် သူ ကြားသိရသော ဒဏ္ဍာရီများမှာ မှန်ကန်မှု ရှိ မရှိ မခွဲခြားနိုင်ပေ။ အထူးသဖြင့် ဘဝကူးပြောင်းလာပြီးနောက် ကြားသိရသော ဒဏ္ဍာရီများက အမှန်လား အမှားလား ခွဲခြားရန် ခက်ခဲစေသည်။

ဤသည်က ရန်ကျောက်ကဲကို အတော်လေး ခေါင်းကိုက်စေသည်။

သိပြီးသားဒဏ္ဍာရီများကို အကိုးအကားပြုပြီး ကိစ္စရပ်များစွာကို တဖြည်းဖြည်း အဖြေထုတ်နိုင်သော်လည်း မှားယွင်းသောဒဏ္ဍာရီများမှ အတွေးအခေါ်အမှားများကို အသေမှတ်ယူမိပါက မိမိကိုယ်တိုင်ပင် ဘာလုပ်နေမှန်းမသိဘဲ ဆုံးသတ်သွားနိုင်၏။

ပြီးတော့ တွေးခေါ်မှုပုံစံတစ်ခုအတွင်းသို့ ကျရောက်သွားပါက ကိုယ့်ကိုယ်ကိုယ် လှည့်စားသလိုဖြစ်ပြီး အချိန်မရွေး ဒုက္ခရောက်စေနိုင်သည်။

ရန်ကျောက်ကဲ သိရှိသလောက် စန်းချင်း (၃)ပါး (“စင်ကြယ်ခြင်းသုံးပါး”) သည် မဟာကပ်ဘေးကြီးမတိုင်မီ အချိန်များစွာကပင် လောကကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူတို့ကို မတွေ့မြင်ရတော့သည်မှာ မည်မျှကြာမြင့်ပြီလဲ မည်သူမှ မသိနိုင်ပေ။

ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်တွင် မှတ်တမ်းတင်ထားခြင်းများအရ ထို စန်းချင်း (၃)ပါး (“စင်ကြယ်ခြင်းသုံးပါး”) လောကကိုကျော်လွန်သွားသည်မှာ ခေတ်ကာလများစွာ လွန်မြောက်ခဲ့ပြီ ဖြစ်၏။

ထို့ပြင် မဟာကပ်ဘေးကြီးမတိုင်ခင်အချိန်က ကောင်းကင်ဘုံနန်းတော်နှင့် စန်းချင်း (၃)ပါး (“စင်ကြယ်ခြင်းသုံးပါး”) အဆက်အနွယ်များ၏ ဆက်ဆံရေး ၊ ပြီးတော့ စန်းချင်း (၃)ပါး (“စင်ကြယ်ခြင်းသုံးပါး”) အဆက်အနွယ်များအချင်းချင်းဆက်ဆံရေးက တင်းမာခြင်း မရှိခဲ့ပေ။

ကြည့်ရသည်မှာ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အချင်းချင်း ရန်ငြိုးဖွဲ့မှုအသစ်များ ရှိလာပုံရသည်။

ရန်ကျောက်ကဲက နှုတ်ခမ်းကိုလက်ဖြင့်ပွတ်ရင်း...

“ငါ အထက်ဘုံကမ္ဘာကိုမလာခင် ဒီကိစ္စကိုတော့ လုံးဝ မျှော်လင့်မထားခဲ့မိဘူး”

သူ လှည့်ကြည့်လိုက်တော့ ဖန်းယွင်ရှန်းက သူ့ကိုကြည့်နေခြင်းမရှိတော့ဘဲ တင်ပျဉ်ခွေထိုင်လျှက် ကျင့်ကြံနေသည်ကို တွေ့ရသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ပြောရရင်တော့... ကောင်မလေးရယ် မင်း အခုပဲ ငါ့အတွက် စိတ်ပူ‌ပေးနေတာ မဟုတ်လား ၊ ဒါပေမဲ့ အခုချိန်သာ သေရေးရှင်ရေး ကပ်ဘေးကြီးကျရောက်ကြည့်ပါလား ၊ ဘာအတွက်မှစိတ်မပူနိုင်ဘဲ ကိုယ့်အတွက်ကိုယ် ပြေးကြရမှာ”

ဖန်းယွင်ရှန်းက ပြုံးရင်း...

“ရှင့်အကျင့်တွေကို ကျွန်မ သိသားပဲ...”

သူမက ဆက်ပြောသည်။

“ရှင် ကိစ္စတစ်ခုခုကို စဉ်းစားရင်း ခန္ဓာကိုယ်ကို ပွတ်နေပြီဆိုရင်... ရှင်စဉ်းစားနေတဲ့ကိစ္စက နည်းနည်းခက်ခဲတယ်ဆိုတာကို ပြတာပဲ ၊ ပိုပြီး သတိထားရမယ့် ကိစ္စမျိုးပေါ့”

“ဒါပေမဲ့ ရှင် မေးစေ့ကိုပွတ်နေပြီဆိုရင်တော့... ဟဲဟဲ...”

ထိုအချိန် သူမဘေးတွင်ရှိနေသော အားဟူက ရိုးရှင်းစွာပြုံးရင်း...

“မေးစေ့ပွတ်နေတာဆိုရငတော့ သခင်လေး အကြံထုတ်နေတာပဲ ၊ ဘယ်လောက်ခက်ခဲတဲ့ကိစ္စဖြစ်ပါစေ သခင်လေးမှာ အဖြေရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့”

ပြောရင်းဖြင့်ပင် အားဟူက ရန်ကျောက်ကဲကို တုပပြီး မေးစေ့ကိုလက်ဖြင့်ပွတ်လိုက်သည်။

ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲက မျက်လုံးလှန်လိုက်ရင်း...

“မင်းတို့တွေ ငါ့ကို အတော်လေး နားလည်နေကြတာပေါ့လေ”

ဖန်းယွင်ရှန်းနှင့် အားဟူက ရန်ကျောက်ကဲကို ပြုံးလျှက်ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုတော့ပေ။

ပန်ပန်က သူ့ရှေ့လက်နှစ်ဖက်ကိုမြှောက်လိုက်ပြီး လက်ခုတီးသလိုပုံမျိုးဖြင့် ဖန်းယွင်ရှန်းနှင့် အားဟူကို ထောက်ခံဟန် ပြုလိုက်သည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ မည်သို့မှမတတ်နိုင်ဘဲ ရယ်မောမိတော့၏။

ပြီးမှ...

“ကောလဟလတွေ အမှန်ဆိုရင် စန်းချင်း (၃)ပါးက သေသွားကြတာ မဖြစ်နိုင်ဘူး”

သူက ဆက်ပြောသည်။

“လင်ပေါင်ထျန်းကျွင်းရဲ့ ဓားသိုင်း (၄)မျိုးက သေချာပေါက် စန့်ချင်အဆက်အနွယ်ပဲ ၊ ငါက အဲဒီထဲက ဓားသိုင်းတစ်မျိုးဖြစ်တဲ့ ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ ကို ကျင့်ကြံလိုက်တယ် ၊ ပြီးတော့ အဲဒီဓားသိုင်းက တခြားဓားသိုင်း (၃)မျိုးထက် ပိုပြီးအဆင့်မြင့်တယ်”

“ကြေးနီလည်းမဟုတ် ၊ သံလည်းမဟုတ် သံမဏိလည်းမဟုတ်... ရွှီးမီစန်းတောင်အောက်မှာ မြှုပ်နှံထားတယ်...

ယင်နဲ့ယန်ကို ပြောင်းပြန်လှန်ရင်တောင် အဲဒါကို မသန့်စင်နိုင်ဘူး ၊ မီးနဲ့ရေကလည်း အဲဒီဓားကို သန့်စင်နေတုန်းပဲလား...

နတ်ဘုရားသုတ်သင်ဓားသိုင်းက ထက်မြက်တယ် ၊ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက သေစေနိုင်တယ် ၊ နတ်ဘုရားထောင်ချောက်ဓားသိုင်းရဲ့ အနီရောင်အလင်းတန်းက မြင့်တကလာချိန် ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ က အဆုံးမရှိသိမ်မွေ့တယ်”

ရန်ကျောက်ကဲက ကဗျာတစ်ပုဒ်ကို ဖြည်းညင်းစွာ ရွတ်ဆိုလိုက်သည်။

ပြီးမှ သူက ဆက်ပြောသည်။

“ဒီကဗျာရဲ့ ဒုတိယအပိုင်းက လင်ပေါင်ထျန်းကျွင်းရဲ့ ဓားသိုင်း (၄)မျိုးရဲ့ ပြင်ပလက္ခဏာတွေကို ဖော်ပြထားတာပဲ”

ဖန်းယွင်ရှန်းနှင့် အားဟူက စဉ်းစားရင်း ပြိုင်တူရေရွတ်လိုက်ကြသည်။

“နတ်ဘုရားအဆုံးသတ်ဓားသိုင်းက အဆုံးမရှိ သိမ်မွေ့တယ်...”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေကို ရုတ်သိမ်းလိုက်ရင်တောင် နတ်ဘုရားအဆုံးသတ်ဓားဝိညာဉ်က ကျန်ရစ်ခဲ့တယ် ၊ တခြား ဓားသိုင်းပညာနဲ့ သိုင်းပညာတွေထက် လူအများစုကို လှည့်စားဖို့ လုံလောက်တယ်”

ရန်ကျောက်ကဲနှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး...

“အဟက်... တိုက်ရမယ့်အချိန်ရောက်ရင်တော့ သူသေကိုယ်သေ ချရမှာပဲ”

သူက ပြုံးရင်း...

“အခွင့်အရေးရရင်တော့ တိဟွမ်ဧကရာဇ်က ဘာလို့ဒီလိုအမိန့်မျိုးချမှတ်သလဲဆိုတာ သိရအောင် အရင်ဆုံးကြိုးစားရမယ် ၊ လောလောဆယ်တော့ ငါတို့အတွက် ကြောက်စရာမရှိသေးပါဘူး ၊ ပြီးတော့... ငါကလည်း စန့်ချင်အဆက်အနွယ်လို့ ရှင်းရှင်းလင်းလင်း သတ်မှတ်လို့မရပါဘူး”

သူတို့ စကားပြောဆိုနေကြစဉ် သဘာဝပသာဒနယ်မြေရှိ အဆုံးမဲ့သံလိုက်မုန်တိုင်းများ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ဤ သဘာဝကပ်ဘေးက လျှင်မြန်စွာရောက်လာပြီး လျှင်မြန်စွာ ပြန်ထွက်သွားတတ်သည်။

လူအများအတွက်ခက်ခဲစေသည်မှာ ထိုမုန်တိုင်းများက ကြိုတင်သတိပေးမှုတစ်စုံတစ်ရာမရှိဘဲ ရုတ်တရက်ကျရောက်လာပြီး ရုတ်တရက် ထွက်ခွာသွားခြင်းပင်။

အဆုံးမဲ့သံလိုက်မုန်တိုင်းများ ငြိမ်သက်သွားသည်နှင့် သဘာဝပသာဒနယ်မြေနှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဝိညာဉ်စွမ်းအားစီးဆင်းမှုများ အလွန်တည်ငြိမ်သွားသည်။

ရန်ကျောက်ကဲ၏ ပြင်ပလောကကို အာရုံခံစားနိုင်စွမ်းသည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။

ထို့ကြောင့် အနောက်အရပ်မှ ထွက်ပေါ်လာသော အလွန်စွမ်းအားပြင်းထန်သည့် ရောက်ဝါတစ်ခုကို ချက်ချင်းပင် အာရုံခံလိုက်မိလေ၏။

***(Note - အရင်အပိုင်းတွေအားလုံးမှာ Eng အတိုင်း စန့်ချင်ကို ထိပ်တန်းသလင်း ၊ ယွိချင်ကို သလင်းကျောက်စိမ်း ၊ ထိုက်ချင်ကို မဟာသလင်းဆိုပြီး ဘာသာပြန်ဆိုခဲ့ပါတယ် ၊ ဒါပေမဲ့ နောက်ပိုင်းတရုတ်လိုကနေဘာသာဆက်ပြန်ရင်း Eng နာမည်တွေကို  အဲဒီလို ဘာသာပြန်ထားတာတွေက တာအိုဝါဒရဲ့ ထိပ်တန်းတာအိုဆရာသခင်ကြီး (၃)ပါးဖြစ်တဲ့ စန့်ချင် ၊ ယွိချင်နဲ့ ထိုက်ချင်တို့အကြောင်းတွေ မပေါ်လွင်တော့သလို ဖြစ်သွားတာကြောင့် နောက်ပိုင်းမှာ စန့်ချင် (လင်ပေါင်ထျန်းကျွင်း) ၊ ယွိချင် (ယွမ်စီထျန်းကျွင်း) ၊ ထိုက်ချင် (ထိုက်စန့်လောင်ကျွင်း) လို့ပဲ ဆက်လက် ဘာသာပြန်ဆိုသွားပါတော့မယ် ၊ ဖတ်ရအဆင်မပြေဖြစ်သွားရင် ဘာသာပြန်သူရဲ့အားနည်းချက်သာဖြစ်ပါသဖြင့် အနူးအညွတ်တောင်းပန်အပ်ပါတယ် - ဘာသာပြန်သူ)

All Chapters