မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောက… ပွင့်လိုက်စမ်း
Vol. 35 Ch. 475
ထိုစကားလုံးများကို ရေရွတ်ပြီးသည်နှင့် စုမင် မတ်တပ်ထရပ်လိုက်၏။ ထိုအချိန်၌ သူ့နံဘေးတွင် တစ်ယောက်ယောက် ရှိနေခဲ့လျှင်ပင် သူမြင်ခဲ့ရသော လောကကိုတော့ သူ၏ဗလာမျက်ဝန်းများထဲ၌ မည်သူမျှ မြင်တွေ့နိုင်လိမ့်မည် မဟုတ်ပေ။
စုမင်သည် တောင်ကုန်းပေါ်တွင်ရပ်ကာ အသက်ဝဝရှူသွင်းလိုက်၏။ ဤနေရာတွင် နှစ်ပေါင်း မရေမတွက်နိုင်အောင် နေခဲ့ပြီးပြီဖြစ်၍ သူ့တွင် လုပ်စရာများစွာ ကျန်သေးပေသည်။ သူ၏ နိုးထလာမှုကို အသုံးချ၍ မီးတောက်နးါး၏ စိတ်ဝိညာဥ်ကို လုံးလုံးလျားလျား ပျောက်ကွယ်သွားစေရန် ပြုလုပ်ရပေမည်။ သို့မှသာ အလဲအလှယ်အနေဖြင့် သူ၏ မြွေငယ်လေးမှာ မီးတောက်နဂါးပေးအပ်မည့် ကံကောင်းမှုအခွင့်ထူးကို ရရှိမှာဖြစ်သည်။
စုမင်သည် ခဏမျှငြိမ်သက်သွားပြီးနောက် ရှေ့သို့စလှမ်းလိုက်၏။ ထိုသို့ ရှေ့ဆက်လျှောက်လာရင်း များပြားလှသော ဝိညာဥ်များနှင့် ဆုံခဲ့ရလေသည်။ သို့သော် ၎င်းတို့သည် သူ့အား မြင်တွေ့ကြပုံမပေါ်ပဲ အေးအေးဆေးဆေးပင် ဖြတ်ကျော်သွားကြ၏။ အသိစိတ်ကင်းမဲ့နေမှုကြောင့် သူ့အရှိန်အဝါကိုလည်း သတိမပြုမိခဲ့ကြချေ။
ရာချီသော ဝိညာဥ်များအချင်းချင်း ဝါးမြိုနေသည့် တိုက်ပွဲများဖြစ်စေ၊ ထောင်ချီ၊ သောင်းချီ၊ သိန်းချီသော ဝိညာဥ်များကြားမှ တိုက်ပွဲများဖြစ်စေ အကုန်လုံးက ထိုအတိုင်းပင်…
ထိုမျှမကသော သန်းဆယ်ချီသည့် ဝိညာဥ်များသည်ပင် စုမင်အား မမြင်ကြသလို ဗလာမျက်ဝန်းများဖြင့် စုမင်သည်လည်း ၎င်းတို့ကို မြင်ဟန်မတူပေ။
စုမင်သည် ထိုများပြားလှသော ဝိညာဥ်များကို ဖြတ်ကျော်လာခဲ့သော်လည်း အချင်းချင်း ရင်ဆိုင်ထိတွေ့မှုမရှိခဲ့ပေ။ လောကရှိ အရာအားလုံးသည် စည်းမျဥ်းဥပဒေသတစ်ခုအတိုင်း လိုက်နာဖြစ်ပျက်နေကြသည့်အလား… စုမင်၏ နှလုံးသားကသာ တည်ငြိမ်နေပြီး သူ့မျက်လုံးဖြင့် မမြင်သရွေ့ မည်သည်ကမှ တည်ရှိမနေသလိုပင်။
သူလျှောက်လှမ်းနေသော လမ်းကြောင်းသည်လည်း မည်သည့်အရာနှင့်ပင်ကြုံပါစေ၊ ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ သူ ဦးတည်နေသော နေရာသည်ကား မြောက်များလှစွာသော ပြန်လည်ဝင်စားမှုဘဝများ၏ အဆုံးသတ်နေရာဖြစ်ခဲ့သော… မိုးထိတောင်ကြီးနှင့် ကြီးမားသော မြွေနဂါးရုပ်တုကြီးထံသို့ဖြစ်သည်။
စုမင်သည် ရှေ့ဆက်လျှောက်လာရင်း… အေးစက်ငြီးငွေ့နေသော အမူအယာဖြင့် အဘိုးအိုကိုသော်လည်းကောင်း၊ မြေပြင်မှတစ်ဆင့် ခရီးနှင်နေသော ပေါ့ပါးမှုနှင့် လေးလံမှုတိုက်ကွက်ကို တတ်မြောက်ထားသည့် လူတို့ကိုသော်လည်းကောင်း တွေ့ခဲ့ရ၏။
ထို့အပြင် အခြားသော ‘ထာဝရရှင်သန်ခြင်း စစ်သည်တော်ဝိညာဥ်’ များနှင့်လည်း ဆုံခဲ့ရသော်ငြား စုမင်ဘက်မှ ၎င်းတို့အားမမြင်သလို ၎င်းတို့ဘက်မှလည်း စုမင်အား မမြင်၊ မတွေ့ခဲ့ကြချေ။
အချိန်များစွာ ကုန်ဆုံးသွားပြီးနောက် အဆုံးတွင်မတော့ စုမင်ရှေ့တွင် မိုးထိတောင်ကြီးကို မြင်လာရပြီဖြစ်သည်။ မှုန်မှိုင်းမှိုင်း ကောင်းကင်ကြီးထံမှ ရောင်ပြန်ဟပ်နေဟန်ဖြင့် ဧရာမမြွေမဂါးရုပ်တုကြီးအပေါ် လေးလံထိုင်းမှိုင်းသော လေထုတစ်ခုက လွှမ်းခြုံထားသည်။
ဤသည်က မှတ်ဥာဏ်အားလုံး ပြန်ရပြီးနောက် ဤနေရာသို့ စုမင် ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။
သူ့မျက်လုံးများသည် ထိုတောင်ကြီးကိုမူ မြင်နေရဟန်ဖြင့် လှမ်းကြည့်လိုက်၏။
“ငါအခု ထွက်သွားတော့မယ်…” စုမင်သည် တစ်ကိုယ်စာကြားရုံမျှ တီးတိုးရေရွတ်လိုက်၏။ ထို့နောက် ရှေ့ဆက်သွားရန် ပြင်လိုက်စဥ်မှာပင် သူ့ခြေလှမ်းများက ရုတ်တရက်ရပ်တန့်သွားပြီး တစ်နေရာသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူ၏ ဗလာမျက်ဝန်းများထဲတွင် မည်သည့်အလင်းရောင်မျှ ရှိမနေချေ။ သူလှမ်းကြည့်လိုက်ရာဘက်တွင် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်အား တရွတ်ဆွဲလျက် မိုးထိတောင်ဆီသို့လာနေသည့် အရာရာကို ငြီးငွေ့နေဟန် အမူမယာဖြင့် အဘိုးအိုတစ်ဦး ရှိနေလေသည်။
ထိုအဘိုးအိုသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာတွင် ဇရာ၏အရိပ်အယောင်အချို့ ထင်ဟပ်နေ၏။ အဘိုးအိုသည် အခြားဆင့်ခေါ်ခံရသူများလိုပင် တောင်ဆီသို့ ကြိုးစားသွားနေခြင်း ဖြစ်သည်။ သူသည်လည်း နောက်ဆုံး၌ ဤနေရာသို့ အရောက်လာနိုင်ခဲ့သော်ငြား သေဆုံးသွားလိုက်၊ ပြန်လည်ရှင်သန်လာလိုက်ဖြင့် မပြီးဆုံးနိုင်ပဲ သံသရာလည်နေသည့် စုမင်၏ ယခင်ဘဝများအတိုင်း ဖြစ်နေဟန်ပင်…
ထိုအဘိုးအိုသည် မြွေငယ်လေး၏ အသက်ဖြင့် မီးတောက်နဂါး၏ ကျန်ရစ်သောစိတ်ဆန္ဒကို ခြိမ်းခြောက်ကာ ထာဝရလောကကို အတင်းအကြပ် အသက်သွင်းစေရန် ရည်ရွယ်ချက်ဖြင့် မီးတောက်နဂါး၏ ကိုယ်ထဲတွင် ပေါ်လာခဲ့ဖူးသူဖြစ်သည်။ သူသည် မာန်စွမ်းအားရှင်တို့၏ ကုန်းမြေ၌ စုမင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သော တိထျန်း၏ အစေခံလည်းဖြစ်၏။
သို့သော်ငြား စိတ်မကောင်းစရာကောင်းသည်က သူသည် မီးတောက်နဂါး၏ မောက်မာဝံ့ကြွားမှုကို အထင်သေးမိခဲ့ခြင်းပင်… ထို့ကြောင့်ပင် သူ၏ နတ်ဘုရားစိတ်အာရုံ တစ်စသည် ထာဝရလောကအတွင်းသို့ အတင်းအကြပ် စုပ်ယူခံခဲ့ရပြီး အဆုံးမရှိသော ရှင်သန်၊ သေဆုံးခြင်း ဘဝစက်ဝန်းများကို ဖြတ်သန်းလျက် ခံစားနေရခြင်းဖြစ်သည်။
သူသည် ဤအရှုပ်အထွေးများကြားတွင် သူ့ခန္ဓာကိုယ်ကြီးအား တရွတ်ဆွဲလျက် သူ့ခန္ဓာကိုယ်အား ကျိန်စာ၏ ဝါးမြိုခံနေရခြင်းကို တောင့်ခံရန် သူ့ကိုယ်သူဖိအားပေးနေရလေသည်။
စုမင်သည် အဘိုးအိုအား မြင်နိုင်ဟန်ဖြင့် ထိုဘက်သို့ လှမ်းကြည့်နေ၏။ အချိန်အတော်ကြာပြီးနောက် သူသည် ခြေထောက်ကိုကြွ၍ အဘိုးအိုထံ လျှောက်သွားလိုက်သည်။ သူ အနီးသို့ ရောက်သည်အထိ အဘိုးအိုသည် စုမင်၏ တည်ရှိမှုကို သတိမထားမိသေးပဲ သူ့အားဆင့်ခေါ်နေသည့် မိုးထိတောင်ကြီးဆီသွားရာ သူ့လမ်းကြောင်းအတိုင်းသာ ဆက်သွားနေဆဲဖြစ်သည်။
စုမင်သည် အဘိုးအိုနံဘေးသို့ လျှောက်သွားလိုက်၏။ ထို့နောက် တည်ငြိမ်စွာပင် သူ့လက်ကိုမြှောက်၍ အဘိုးအို၏ ဝိညာဥ်ထဲသို့ ထိုးသွင်းလိုက်သည်။ အဘိုးအို၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူ့မျက်နှာထက်၌ နာကျင်မှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူ ရုန်းကန်လိုသည့် အခိုက်အတန့်မှာပင် စုမင်သည် သူ့လက်ကို ပြန်ဆွဲထုတ်လိုက်၏။ သူ့လက်ဖဝါးထဲတွင် အစိမ်းရောင်မြူခိုးစိုင်တစ်ခု ရှိနေလေသည်။
စုမင်သည် ၎င်းကို အားဖြင့်ဆုပ်ခြေလိုက်ပြီးသည်နှင့် အဘိုးအိုကို ဆက်၍ ဂရုစိုက်မနေတော့ပဲ တောင်ကြီးဆီသို့ လျှောက်သွားတော့သည်။
ဤနေရာရှိ အဆုံးမရှိသော ဘဝစက်ဝန်းများအား ဖြတ်သန်းနေရသည့် ပင်ပန်းဆင်းရဲမှုမှာ သေခြင်းတရားထက် ပိုမိုဆိုးရွားသဖြင့် ထိုအဘိုးအိုကို စုမင်သတ်မှာမဟုတ်ပေ။ သတ်ပေးလိုက်ခြင်းက ထိုအဘိုးအိုအတွက် ပျော်ရွှင်မှုကို ယူဆောင်လာပေးသလိုသာ ဖြစ်နေပေလိမ့်မည်။
သူအမှန်တစ်ကယ် သတ်ဖြတ်လိုသည်က အပြင်လောကတွင်ရှိနေသော အဘိုးအို၏ အစစ်အမှန်ခန္ဓာကိုယ်ကိုသာ ဖြစ်သည်။ ၎င်းအား သတ်ဖြတ်ခြင်းကသာ စုမင်၏ အမုန်းတရားများကို ငြှိမ်းသတ်ပေးနိုင်ပေလိမ့်မည်။
တောင်ဆီသို့ရောက်လာပြီး အကြေးခွံများပေါ် ခြေချမိချိန်တွင် ရင်းနှီးနေသော စာလုံးများကို စုမင် အာရုံခံလိုက်မိ၏။ ထိုစာလုံးများသည် သူ၏ ပြန်လည်ဝင်စားမှုဘဝများနှင့် မဆုတ်မနစ်သော ဇွဲလုံ့လတို့၏ ပြယုဂ်ပင်ဖြစ်သည်။
စုမင်သည် မြွေနဂါးကြီး၏ ဦးခေါင်းဆီသို့ လျှောက်သွားလိုက်ပြီး နောက်ဆုံး ထိုနေရာသို့ရောက်သွားချိန်တွင် ကောင်းကင်သို့ မော့ကြည့်လိုက်၏။
“မီးတောက်နဂါး၊ ဒါက မင်းတို့မျိုးနွယ်ရဲ့ ကံကြမ္မာဆိုမှတော့ ငါ့မြွေကို မင်းဝါးမြိုချင်တာနဲ့ ပက်သက်ပြီး ဘာမှမှားမနေပါဘူး… ငါမင်းကို လေးစားပါတယ်။ ငါ မင်းကျိန်စာကနေ နိုးထလာခဲ့ပြီမို့ အခု ဒီနေရာကနေ ထွက်သွားတော့မယ်”
စုမင်၏ အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း သူထိုစကားလုံးများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ငြိမ်သက်နေသော ကောင်းကင်ယံတွင် လေပြင်းများ တိုက်ခတ်လာပြီး တိမ်စိုင်များက စုဝေးလာသည်။ ကောင်းကင်ကိုပင် တုန်ခါသွားစေနိုင်သော မိုးခြိမ်းသံများလည်း ထွက်ပေါ်လာသည်။
ကောင်းကင်၏ ကြုံးဝါးသံကဲ့သို့ ကျယ်လောင်သော မိုးခြိမ်းသံတစ်ခု မြည်ဟည်းလာပြီး အနက်ရောင်ဝတ် အဘိုးအိုအား တုန်တုန်ယင်ယင်ဖြင့် မြေပြင်ထက်သို့ ဒူးထောက်ကျသွားစေသည်။ အဆုံးမရှိသော လောကကြီးအတွင်းရှိ ကျန်ဝိညာဥ်အားလုံးသည်လည်း တိုက်ခိုက်နေရင်း တုန်ရီသွားကြပြီး မြေပြင်ပေါ်သို့ ဝပ်တွားကုန်ကြသည်။
အစွမ်းထက်သော ထာဝရရှင်သန်ခြင်း စစ်သည်တော်ဝိညာဥ်များ၏ မျက်နှာများပေါ်မှာပင် အကြောက်တရားတို့ ထင်ဟပ်လာပြီး မြေပြင်သို့ ပြုတ်ကျကုန်ကာ ကောင်းကင်အား ကိုးကွယ်ပူဇော်လိုက်ကြရ၏။
ထိုမိုးခြိမ်းသံသည် စုမင်၏ စကားများအတွက် တုန့်ပြန်ချက်တစ်ခုအလား… စကားဆုံးသည်နှင့် စုမင်သည် မြွေနဂါးကြီး၏ ဦးခေါင်းပေါ်၌ တည်တည်ငြိမ်ငြိမ်ပင်ရပ်ကာ လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
“ငါ့လက်ဖဝါးတွေဟာ အတိတ်ကို ကိုယ်စားပြုပြီး ငါ့လက်ဖမိုးတွေကတော့ ငါ့ရဲ့ အနာဂါတ်ကို ကိုယ်စားပြုတယ်…” စုမင်သည် ညာလက်အား မှောက်လျက်အနေအထားဖြင့် ကောင်းကင်သို့ မြှောက်လိုက်ပြီး ဘယ်ဘက်လက်ကိုမူ ဆန့်ကျင်ဘက်လားရာအတိုင်း လှုပ်ရှားလိုက်သည်။
“လက်နှစ်ဖက် ထိတွေ့တဲ့အခါ အတိတ်နဲ့ အနာဂါတ်ရဲ့ ပေါင်းစည်းမှု ပေါ်လာလိမ့်မယ်။ အတိတ်နဲ့ အနာဂါတ်တို့ ပေါင်းစည်းသွားတဲ့အခါ စွမ်းအားတို့ ပွင့်လန်းလာလိမ့်မယ်” စုမင်၏ ညာလက်သည် အောက်ဘက်ရှိ သူ၏ ဘယ်လက်ထံသို့ ဖြည်းညှင်းစွာ နိမ့်ဆင်းလာသည်။
“အတိတ်နဲ့ အနာဂါတ်ရဲ့ ပေါင်းစည်းမှုကိုတော့… ကံကြမ္မာလို့ ခေါ်တယ်” ထိုအခိုက်အတန့်မှာပင် စုမင်၏ လက်နှစ်ဖက်မှာ ထိကပ်သွားတော့သည်။
၎င်းတို့ထိသွားသည်နှင့် စုမင်၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန်ပင် စတင်တုန်ခါလာသည်။ သူ့မျက်နှာပေါ်တွင် သွေးကြောများ ဖောင်းကားလာ၏။ သူ၏ ဆံပင်ရှည်များမှာ လေမတိုက်ပါပဲနှင့် စတင်လွင့်မျောလာကြပြီး သူ့ဝတ်ရုံများသည်လည်း ပြင်းပြင်းထန်ထန်ပင် တဖျတ်ဖျတ် လှုပ်ရှားလာသည်။ သူ့အနောက်တွင် ကလေးငယ်တစ်ဦး၏ ပုံရိပ်ယောင်အရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုကလေးငယ်သည် ငိုကြွေးခြင်းမရှိသလို သေဆုံးနေသည့်အလား ၎င်း၏ ပွင့်နေသောမျက်လုံးများအတွင်း အလင်းတစ်စပင် ရှိမနေခဲ့ပေ။
လောကမှာ ပုံပျက်လာပြီး ခရမ်းရောင်ဆံပင်တို့ဖြင့် လူတစ်ဦး တစ်ဖြည်းဖြည်း ပေါ်လာခဲ့သည်။ ကောင်းကင်ယံအား မော့ကြည့်နေသော ထိုလူ၏ မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နေခဲ့၏။ ထိုလူပေါ်လာသည်နှင့် ထာဝရလောကထဲတွင် ထိတ်လန့်ဖွယ် အပြောင်းအလဲကြီးတစ်ခုလည်း ဖြစ်ပျက်လာခဲ့လေသည်။
မီးခိုးရောင်ကောင်းကင်ကြီးမှာ မြူခိုးများသဖွယ် စတင်လှည့်ပတ်လာသည်။ အဖြူရောင်မြေပြင်မှာ မင်နက်တို့ စွန်းထင်းသွားဟန်ဖြင့် အနက်ရောင်ပြောင်းသွားပြီး ပြင်းထန်စွာ တုန်ခါလာ၏။
“ကံကြမ္မာ ပေါင်းစည်းမှု၊ ပထမပေါင်းစည်းခြင်း”
စုမင် ရေရွတ်လိုက်သည်နှင့် သူ့အရှေ့ရှိ ခရမ်းရောင်ဆံပင်နှင့်လူသည် သူ့ထံသို့ စတင်ရွေ့လျားလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့အနောက်ရှိ ကလေးငယ်၏ မျက်လုံးထဲတွင်လည်း မီးခိုးရောင်အလင်းတစ်ခု တောက်ပလာပြီး စုမင်ထံသို့ ဦးတည်ရွေ့လျားလာသည်။
အတိတ်နှင့်အနာဂါတ်တို့က ဝဲဂယက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး စုမင်အား ဝန်းရံသွားသည်။ ဝဲဂယက်၏ လည်ပတ်မှုက ပိုမိုမြန်ဆန်လာပြီး နောက်ဆုံးတွင် စုမင်အားဝဲဂယက်အတွင်းသို့ စုပ်ယူသွား၏။ စုမင် ပျောက်ကွယ်သွားပြီးနောက်တွင် မြွေနဂါးကြီး၏ ဦးခေါင်းထက်၌ ပြင်းပြင်းထန်ထန် လည်ပတ်နေသော ဧရာမဝဲဂယက်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
ထိုဝဲဂယက်ကြီးထံမှ ကျယ်လောင်သော မြည်သံများထွက်ပေါ်နေ၏။ ထိုအထဲတွင် စုမင်၏ အတိတ်၊ အနာဂါတ်နှင့် ပစ္စုပ္ပန်များအားလုံး ပါဝင်နေခြင်း ဖြစ်သည်။ ဤအရာအားလုံးသည် ထာဝရလောကအတွင်း၌ ရရှိခဲ့သော ဥာဏ်အလင်းပွင့်မှုများမှတစ်ဆင့် စုမင်၏ အကြီးကျယ်ဆုံး ဖန်တီးမှုကြီးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
၎င်းသည်ကား ‘ကံကြမ္မာ’ ဟူသော ပေါင်းစည်းမှုကြီးပင်…
ထိုသို့ဖြင့် လည်ပတ်နေသော ဝဲဂယက်ထဲမှ လက်တစ်ဖက် တိုးထွက်လာ၏။ ထိုလက်မှာ ဖြူဖျော့နေပြီး မည်သည့်ခွန်အားမျှ ပါဝင်ပုံမရပေ။ သို့သော်လည်း ထိုလက်သည် ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်ရာ လည်ပတ်နေသော ဝဲဂယက်ကြီးက ချက်ချင်းပဲ အေးခဲရပ်တန့်သွားပြီး ၎င်းလက်သီးဆုပ်ထဲသို့ တိုးဝင်သွားခဲ့၏။
ဝဲဂယက်ကြီး ပျောက်ကွယ်သွားသည်နှင့် မြွေနဂါးကြီး၏ ဦးခေါင်းပေါ်တွင် လူတစ်ဦး ပေါ်လာခဲ့လေသည်။ ထိုလူသည် ခေါင်းတစ်ဝက်တွင် ခရမ်းရောင်ဆံပင်များ ပြည့်နေပြီး ကျန်တစ်ဝက်မှာ အဖြူရောင်ဆံပင်များရှိနေသော ကောင်လေးတစ်ဦးဖြစ်သည်။ ကောင်လေးသည် အသက်ရှစ်နှစ်၊ ကိုးနှစ် အရွယ်ခန့်သာ ရှိသေးသော်လည်း သူ့အသားတို့မှ လေးလံထိုင်းမှိုင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ သူ့မျက်လုံးများကမူ အဆုံးမရှိသော သံသရာစက်ဝန်း၏ အလင်းတို့ဖြင့် တောက်ပနေခဲ့လေသည်။
ကောင်လေးသည် မီးခိုးရောင်ကောင်းကင်ကြီးကို အေးစက်စက် မော့ကြည့်လိုက်၏။ ထို့နောက် စကားတစ်ခွန်းမျှမဆိုပဲ အထက်သို့ ပျံတက်သွားပြီး အနီးသို့ရောက်သည်နှင့် ညာလက်ဖြင့် ကောင်းကင်အား ပင့်တင်လိုက်သည်။
ကောင်းကင်တွင် လည်ပတ်နေသော မီးခိုးရောင်မြူခိုးတိမ်များဆီမှ ကျယ်လောင်သောမြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။ ကောင်းကင်ယံတစ်ခုလုံး တုန်ခါလာပြီး မြူခိုးများက တစ်စုံတစ်ဦး၏ ဆွဲဖြဲခံလိုက်ရဟန်ဖြင့် တစ်လွှာပြီး တစ်လွှာ တလိပ်လိပ် နောက်ဆုတ်သွားကြသည်။ ကောင်းကင်သည် အချိန်နှင့်အမျှ လျင်မြန်စွာပါးလာနေသော သစ်သားတုံးကြီး တစ်ခုလိုပင်…
ထိုအခိုက်အတန့်မှာပင် ကြံးဝါးသံကြီးသဖွယ် ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုက စုမင်ထံသို့ အရပ်မျက်နှာအနှံ့မှ ရိုက်ခတ်လာ၏။ ထို့နောက် ထာဝရလောကအတွင်းရှိ ဝိညာဥ်အားလုံး ပေါက်ကွဲထွက်ကုန်ကြပြီး အဖြူရောင်မြူခိုးများအဖြစ်ပြောင်းကာ အထက်သို့ ထိုးတက်သွားကြသည်။ ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော အဖြူရောင်မြူခိုးများက စုမင်ရှေ့သို့ အလျင်အမြန်ပင် စုဝေးရောက်ရှိလာခဲ့လေသည်။
ထိုအဖြူရောင်မြူခိုးများသည် စုမင်ရှေ့မှာပင် အဆုံးကိုမမြင်နိုင်သော ဧရာမခန္ဓာကိုယ်ကြီးဖြင့် မီးတောက်နဂါးကြီး တစ်ကောင်အဖြစ် ဖွဲ့စည်းသွား၏။
မီးတောက်နဂါးကြီးက အော်ဟစ်ဟိန်းဟောက်လိုက်ပြီး ပါးစပ်ကြီးကိုဟကာ စုမင်အားဝါးမြိုရန် ကြိုးစားလိုက်သည်။ ၎င်းနှင့်ယှဥ်လျှင် စုမင်က ပုရွက်ဆိတ်တစ်ကောင်သဖွယ် ဖြစ်နေသော်လည်း သူ့မျက်နှာထားကမူ အနည်းငယ်ပင် ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ ဝါးမြိုခံရသည်နှင့်တစ်ပြိုင်နက် စုမင်သည် ဘယ်လက်ဖြင့် အောက်သို့ရိုက်ချလိုက်၏။
သူ၏ ညာလက်သည် ကောင်းကင်အား ပင့်တင်ထားပြီး ဘယ်ဘက်လက်ကမူ မြေပြင်ကို ဖိချလိုက်ခြင်း ဖြစ်သည်။ လက်နှစ်ဖက်လုံးကို အားထည့်ကာ တွန်းထုတ်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်က ပြင်းပြင်းထန်ထန်ပင် တုန်ခါလာခဲ့သည်။ ကောင်းကင်ယံတွင် သာမာန်မျက်စိဖြင့်ပင် မြင်နိုင်သော အက်ကွဲကြောင်းကြီးများ ပေါ်လာသလို မြေပြင်တွင်လည်း ကြီးမားသော ချောက်နက်ကြီးများ ပေါ်လာခဲ့၏။
“မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောက ပွင့်လိုက်စမ်း…”
ဤသည်က အတိတ်နှင့် အနာဂါတ်အား ပေါင်းစည်းပြီးနောက် စုမင်ပါးစပ်မှ ပထမဆုံးထွက်ပေါ်လာသော စကားသံဖြစ်သည်။ သူ့အသံသည် ရေခဲတမျှ အေးစက်နေပြီး ငယ်ရွယ်ပျိုမြစ်ခြင်းနှင့် ရင့်ကျက်တည်ငြိမ်ခြင်းများ ပေါင်းစည်းပါဝင်နေသဖြင့် ထူးခြားသောခံစားချက်တစ်ခု ပေးစွမ်းနေ၏။
ထိုစကားကို ရေရွတ်ပြီးသည်နှင့် စုမင်သည် လက်နှစ်ဖက်အား ထပ်မံအားထည့်လိုက်ပြန်သည်။
ထိုအခိုက်အတန့်မှာပင် ယင်ကိုးပါးလောကထဲရှိ ဒသမမြောက်လ၏ အလယ်ဗဟို၌ အက်ကြောင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ပြင်းထန်သော အားတစ်ခုသည် ထိုလအား အတွင်းမှ ဆွဲဖြဲရန် ကြိုးစားနေသည့်အလား… ထိုထူးဆန်းသော အပြောင်းအလဲသည် ယင်ကိုးပါးလောကထဲရှိ သက်ရှိအားလုံး၏ အာရုံကို ဖမ်းစားသွားပြီး ၎င်းတို့ကို ထိတ်လန့်ခြောက်ခြားသွားစေသည်။
တစ်ချိန်တည်းမှာပင် မီးတောက်နဂါး၏ သင်္ချိုင်းအတွင်းမှ မီးတောက်နဂါး၏ ကျောက်ဖြစ်ရုပ်ကြွင်းတွင်လည်း ထူးခြားမှုတစ်ခု ပေါ်လာခဲ့၏။ ကောင်းကင်ရှိ ဒသမမြောက်လကဲ့သိုပင် ၎င်းဦးခေါင်းရှိ နံဖူးအလယ်နေရာမှ တတိယမျက်လုံးထဲတွင် အက်ကြောင်းတစ်ခု ပေါ်လာခြင်းဖြစ်သည်။ တစ်ယောက်ယောက်သည် ထိုမျက်လုံးအား အတင်းအကြပ် ဆွဲဖွင့်ချင်နေသည့်အလားပင်…