ဘဝဆိုသော အရာ
Vol. 35 Ch. 476
ယင်ကိုးပါးလောကကြီး တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့လေပြီ။ အကြည့်ပေါင်းများစွာသည် ကောင်းကင်ရှိ ဒသမမြောက်လထံတွင် ရောက်ရှိနေကြပြီး ဖြည်းဖြည်းချင်း ပွင့်လာနေသော အက်ကြောင်းအား မမှိတ်မသုန် စိုက်ကြည့်နေကြ၏။
အဝေးမှကြည့်လျှင် ဒသမမြောက်လ၏ ပုံစံက ဖြည်းညှင်းစွာ ပွင့်လာနေသော မျက်လုံးကြီးတစ်ခုလိုပင်… ဤထူးဆန်းသော မြင်ကွင်းသည် မြင်နေရသူတိုင်းအား ထိုမျက်လုံးကြီးသာ အပြည့်အဝ ပွင့်သွားပါက ကောင်းကင်နှင့် မြေပြင်ကိုပင် ပြိုလဲပျက်စီးသွားစေလိမ့်မည်ဟူ၍ အထင်မှားစေ၏။
ယင်ကိုးပါးလောကထဲရှိ ရှာမန်တို့ပိုင်နက်ဖြစ်သော လီတစ်သန်းဧရိယာသည် မီးတောက်နဂါး၏ သင်္ချိုင်းအတွင်းသု့် စုမင်ဝင်ရောက်သွားချိန်ကနှင့်စာလျှင် ယခုအခါ များစွာကွဲပြားခြားနားသွားခဲ့လေပြီ။ ထူးဆန်းသော တောအုပ်သည် အဆပေါင်းများစွာ ပိုမိုကြီးမားလာပြီး အတိတ်အချိန်က စုမင် သတိထားခဲ့သော အန္တရာယ်နယ်မြေအားလုံးမှာလည်း ယခုအခါ များစွာ ပိုမိုကျယ်ပြန့်နေကြပြီဖြစ်သည်။
ရှာမန်မြို့တော်ကမူ… ဆက်လက်တည်ရှိနေခြင်း မရှိတော့ပေ…
ယင်ကိုးပါးလာကထဲရှိ နယ်မြေတစ်ခုအား ရှာမန်တို့ သိမ်းပိုက်နိုင်ခဲ့ခြင်း၏ ပြယုဂ်တစ်ခုဖြစ်ခဲ့သော ခမ်းနားထည်ဝါလှသည့် မြို့တော်ကြီးမှာ ယခုအခါ အပျက်အစီးများအဖြစ် ပြောင်းလဲနေခဲ့လေပြီ။ အဆောက်အဦးများ အားလုံးမှာ ဖျက်စီးခံထားရပြီး အစအနများက နေရာအနှံ့ ပြန့်ကျဲနေ၏။
အတိတ်အချိန်က ဧရာမကျောက်တိုင်ကြီးပေါ်တွင် တင်ထားခဲ့သော ဦးခေါင်းကြီးသည်လည်း အစအနပင်မကျန် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ရှာမန်တို့အား သူတို့မြို့တော်ကြီးကိုပင် မကာကွယ်စေနိုင်ခဲ့သည်အထိ မည်သို့သော် အပြောင်းအလဲမျိုး ဖြစ်ပျက်သွားခဲ့ကြောင်း မှန်းဆကြည့်နိုင်ရန် ခဲယဥ်းလှသည်။
ပျက်စီးနေသော ရှာမန်မြို့တော်၏ အထက်ကောင်းကင်ယံတွင် ကြီးမားသော အပေါက်ကြီးတစ်ခုရှိနေ၏။ အဝေးမှကြည့်လျှင် ထိုအပေါက်ကြီးသည် လှုပ်ရှားမှုမရှိပဲ ငြိမ်သက်နေသော ဝဲဂယက်ကြီးတစ်ခုအလားပင်… ထိုအပေါက်ကြီးပေါ်တွင် ခြောက်သွေ့နေသော သစ်ကိုင်းခြောက်များစွာ ရှိနေ၏။ ထိုသစ်ကိုင်းများသည် ကောင်းကင်ထဲတွင် အမြစ်တွယ်ဖုံးကွယ်နေဟန်ဖြင့် လေထုထဲမှ တိုးထွက်နေခဲ့ခြင်း ဖြစ်သည်။ သစ်ကိုင်းများသည် ဝဲဂယက်ကြီးတစ်ခုလုံးကို ဝန်းရံထားပြီး ချိပ်စည်းတစ်ခုသဖွယ် တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားကြ၏။
သို့သော်လည်း ရှာမန်မြို့တော်မှာ လုံးလုံးလျားလျား လူသူကင်းမဲ့နေခဲ့ခြင်းတော့ မဟုတ်ပေ။ အရှိန်အဝါများအား ထောက်လှမ်းမိနိုင်ရန် ခဲယဥ်းသော်လည်း အပျက်အစီးများကြားတွင် အလျင်အမြန် လှုပ်ရှားနေသော လူတစ်ချို့ရှိကြောင်း တွေ့မြင်နိုင်ပေသည်။ ထိုလူများသည် အပျက်အစီးများအတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားလေ့ရှိပြီး ထို့နောက် အလျင်စလို ပျံထွက်လာတတ်ကြ၏။
သေချာဂရုတစိုက်ကြည့်မည်ဆိုလျှင် ထိုလူများသည် လက်တစ်ဆုပ်စာ အရေအတွက်မျှရှိသော ရှာမန်များဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
ရှာမန်မြို့တော်ပတ်လည်ရှိ လီတစ်သန်းဧရိယာထဲတွင် မီးတောက်နဂါး၏ သင်္ချိုင်းအပြင် ရှာမန်တို့၏ အထွတ်အမြတ် နယ်မြေအဖြစ် ယူဆ၍ရသော အခြားနေရာနှစ်ခု ရှိခဲ့ဖူး၏။ တစ်ခုသည် ဝိညာဥ်နတ်ဆရာတို့၏ မွေးဖွားရာ… သင်္ချိုင်းကျယ်ကြီးဖြစ်သည်။ ထိုနေရာတွင် သေဆုံးခြင်းအငွေ့အသက်များကို အာရုံခံနိုင်ပြီး ပင်ကိုယ်ပါရမီရှိပါက ဝိညာဥ်နတ်ဆရာများ ဖြစ်လာနိုင်ပေသည်။
အခြားတစ်နေရာသည် ရှေ့ဖြစ်ဟောသူတို့၏ မွေးရပ်မြေဖြစ်သော… သားရဲအရိုးများစွာဖြင့် တည်ဆောက်ထားသည့် ယဇ်ပလ္လင်ဖြစ်သည်။ ထိုယဇ်ပလ္လင်တွင် မီးတောက်နဂါးထက်မလျော့သော စွမ်းအားတစ်ခု ရှိနေပြီး ၎င်း၏ပိုင်နက်အတွင်းသို့ ကျူးကျော်လာသူ မှန်သမျှကို ပုံရိပ်ယောင်များအတွင်း ကျရောက်ကာ သေဆုံးသွားစေနိုင်စွမ်း ရှိ၏။ အကယ်၍ သေဆုံးခြင်းမရှိပဲ ပုံရိပ်ယောင်အတွင်းမှ ဖောက်ထွက်နိုင်ခဲ့လျှင်တော့ အလားတူစွမ်းအားမျိုး ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပြီး ထိုသူများက ရှေ့ဖြစ်ဟောသူများပင် ဖြစ်လေသည်။
ယခုအချိန်တွင် သားရဲအရိုးယဇ်ပလ္လင်အနီးရှိ တောင်ကြားတစ်ခုထဲ၌ ရှာမန်အချို့ နေထိုင်နေကြ၏။ ထိုနေရာတွင်ရှိနေသော ရှာမန်အရေအတွက်မှာလည်း အယောက်တစ်ထောင်ပင် မပြည့်ပါချေ။ ၎င်းတို့အားလုံးသည် ပိန်လှီကာ အသားအရောင်များမှာ ဝါကျင်ကျင်ဖြစ်နေပြီး စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ထိုသူတို့၏ ပုံစံများမှာ အလွန်တရာ သနားဖွယ်ဖြစ်နေပြီး အကြည့်များကမူ သတိအပြည့်ဖြင့် ဖြစ်နေကြ၏။ သို့သော်လည်း ကောင်းကင်ရှိ ထူးခြားသောအပြောင်းအလဲကို မြင်လိုက်ချိန်တွင် ထိုသတိအပြည့်ဖြင့် အကြည့်များမှာ ထိတ်လန့်တုန်လှုပ်မှုများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ထိုလူများကြားတွင် တောင်ကြား၏ထောင့်တစ်နေရာ၌ ထိုင်နေသူတစ်ဦးရှိ၏။ ထိုလူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာအား ဖုံးကွယ်ထားသော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အနံ့ဆိုးကိုမူ ဖုံးကွယ်ထားနိုင်ခြင်းမရှိချေ။ ဝတ်ရုံများအောက်တွင် ဖုံးကွယ်ထားသော သူ့အရေပြားပေါ်၌ အရွယ်အစား အမျိုးမျိုးဖြင့် အမည်းကွက်များ ရှိနေ၏။
ထိုအမည်းကွက်များသည် သူ့ခန္ဓာကိုယ် ပုပ်သိုးဆွေးမြေ့နေရခြင်း၏ အရင်းအမြစ်ဖြစ်သလို သူ့အား နှိပ်စက်နေသည့် အဆုံးမရှိသော ဝေဒနာများ၏ အကြောင်းအရင်းလည်း ဖြစ်သည်။
ထိုဝတ်စုံနက်သည်လည်း အခြားသူများနည်းတူပင် ကောင်းကင်သို့ မော့ကြည့်လိုက်၏။ သို့သော်လည်း ဒသမမြောက်လအတွင်းရှိ အပြောင်းအလဲကိုမြင်သည်နှင့် သူ၏ မျက်နှာအမူအယာမှာ သိသိသာသာပင် ပြောင်းလဲသွားတော့သည်။
အခြားသူများအတွက် ဤဒသမမြောက်လအကြောင်း သေချာမသိနိုင်သော်လည်း သူကမူ ထိုသို့မဟုတ်ပေ။ ဤလသည် မီးတောက်နဂါး၏ ထာဝရလောကဖြစ်ကြောင်း သူသိနေ၏။ အကယ်၍ ယခုလို အပြောင်းအလဲတစ်ခုခု ပေါ်လာသည်ဆိုလျှင် တစ်စုံတစ်ဦးသည် ထာဝရလောကအတွင်းမှ အတင်းအကြပ် ဖောက်ထွက်လာရန် ကြိုးစားနေပြီဟု ဆိုလိုနေခြင်းဖြစ်သည်။
“မဖြစ်နိုင်ဘူး… သူ… သူ မဟုတ်လောက်ပါဘူး” ဝတ်စုံနက်သည် အထိတ်တလန့် ရေရွတ်လိုက်၏။
သူသည် စုမင်အား ထာဝရလောကအတွင်းသို့ စုပ်ယူခံရစေရန် ပြုလုပ်ခဲ့ပြီး ‘ကံကြမ္မာအဆောင်’ ကိုသုံးလျက် သူ၏ နတ်ဘုရားစိတ်အာရုံတစ်စအား ခွဲထုတ်ခဲ့သည့်အဘိုးအိုဖြစ်ပြီး မာန်စွမ်းအားရှင်ကုန်းမြေ၌ စုမင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သော တိထျန်း၏အစေခံလည်း ဖြစ်သည်။
သူသည် မီးတောက်နဂါး၏ကျိန်စာကြောင့် မသေဆုံးခဲ့သော်လည်း မတော်တဆဖြစ်ရပ်အချို့ကြောင့် ဤနေရာမှ ထွက်ခွာနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရ၏။ ထို့ကြောင့်ပင် မထွက်ခွာနိုင်ခဲ့သော အခြားသူများနှင့်အတူ ဤနေရာမှာပင် ဆက်နေရန်ရွေးချယ်ခဲ့ရပြီး နေ့ရက်တိုင်းအား သူရဲဘောကြောင်သော လိပ်များသဖွယ် နေ့စဥ်ဘဝအား ဖြတ်သန်းနေရခြင်း ဖြစ်သည်။
အခြားသူများ၏ စိတ်ပျက်အားလျော့မှုနှင့်စာလျှင် သူသည် ဘယ်သောအခါကမှ မျှော်လင့်ချက် မပျောက်ဆုံးခဲ့ဖူးပေ။ သူ့သခင်သာ ဤနေရာသို့ ဆင်းသက်လာသည်နှင့် သူ့ကို လာရောက်ရှာဖွေကာ ကယ်တင်ပေးလိမ့်မည်ဟု ယုံကြည်နေဆဲဖြစ်သည်။
သို့သော်လည်း ဒသမမြောက်လအတွင်းရှိ အပြောင်းအလဲကိုမြင်သည်နှင့် သူ့စိတ်ထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်လာခဲ့လေသည်။ ထာဝရလောကနှင့် ပက်သက်သော ကောလဟာလများအကြောင်း ဟိုးယခင်ကတည်းက သူကြားဖူးခဲ့၏။ ထိုနေရာသည် မည်သူမှ မလွတ်မြောက်နိုင်သော နေရာတစ်ခုဖြစ်ကြောင်း သိနေသဖြင့် သူ့မျက်စိရှေ့တွင် မြင်နေရသည့်အရာအား ယုံကြည်နိုင်ရန် ခဲယဥ်းနေလေသည်။
ထို့အပြင် စုမင်မြင်သည်နှင့် အလွန်တရာ ရင်းနှီးနေသည်ဟု ခံစားရမည့် လူနှစ်ဦးလည်း လူအုပ်ထဲတွင်ရှိနေ၏။ တစ်ဦးသည် ရှုပ်ပွနေသော ဆံပင်များဖြင့် လူလတ်ပိုင်းတစ်ဦး ဖြစ်သည်။ သူ၏ဝတ်ရုံများမှာ စုတ်ပြဲနေပြီး မျက်နှာထက်တွင် အမွေးအမျှင်များဖြင့် ဖြစ်နေခဲ့၏။ ကျောက်တုံးတစ်တုံးပေါ်တွင်ထိုင်ကာ ကောင်းကင်အား မော့ကြည့်နေခဲ့သော ထိုလူ၏ပုံစံက ဆိုးဆိုးဝါးဝါးပင် စုတ်ပြတ်နေခဲ့လေသည်။ သက်လတ်ပိုင်းလူ၏ မျက်နှာထက်တွင် ဝေခွဲမရဖြစ်ဟန် အရိပ်အယောင် တစ်စွန်းတစ်စ ရှိနေခဲ့၏။
‘အဲဒီနှစ်တုန်းက သူ မီးတောက်နဂါးရဲ့ နယ်မြေထဲကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။ လူတစ်ယောက် ပြောတာအရဆိုရင် ဒီဒသမမြောက်လက မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောကကို မီးတောက်နဂါးက အသက်သွင်းလိုက်ပြီဆိုတဲ့ သကေၤတပဲတဲ့။ ဒီအပြောင်းအလဲက… သူနဲ့များ ဆက်စပ်နေမလား…’ သက်လတ်ပိုင်းလူက တိတ်တဆိတ်တွေးတောရင်း သူ့မျက်နှာထက်တွင် အတိတ်အား လွမ်းဆွတ်သတိရဟန်မျိုး ပေါ်လာခဲ့သည်။ ထိုလူသည်ကား နန်ကုန်းဟန်ပင် ဖြစ်လေသည်။
အခြားသူတစ်ဦးကမူ မှုန်ကုတ်ကုတ်မျက်နှာထားနှင့် အဘိုးအိုတစ်ဦး ဖြစ်သည်။ အဘိုးအိုသည် မှုန်မှိုင်းအသက်မဲ့သော မျက်လုံးများဖြင့် မြေပြင်ထက်မှာပင် လဲလျောင်းနေပြီး သူ့တစ်ကိုယ်လုံးက အရိုးပေါ်အရေတင် ဖြစ်နေခဲ့၏။ ထိုအဘိုးအိုသည် ကောင်းကင်ရှိ ဒသမမြောက်လကို တွေတွေကြီး ငေးစိုက်ကြည့်နေခဲ့လေသည်။ စုမင်သာ ထိုအဘိုးအိုကိုမြင်ခဲ့မည်ဆိုလျှင် ၎င်းက သူနှင့် တိုက်ခိုက်ဖူးသော နှောင်းပိုင်းရှာမန် တိုင်မူဖြစ်ကြောင်း သိနိုင်ပေလိမ့်မည်။
အဘိုးအို၏ နံဘေးတွင် လက်တစ်ဖက်ပြတ်နေသော လူငယ်လေးတစ်ဦးက စောင့်ရှောက်ပေးနေ၏။ ထိုလူငယ်လေးသည် ကောင်းကင်ရှိ ဒသမမြောက်လအား ရံဖန်ရံခါဆိုသလို မော့ကြည့်နေခဲ့သော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ချေ။
ကောင်းကင်ရှိ ဒသမမြောက်လမင်းအား ကြည့်နေသူက အခြားသော သက်ရှိသတ္တဝါများလည်း ပါလေသည်။ ၎င်းတို့သည် တောင်ကြားအပြင်ဘက်ရှိ ယင်ကိုးပါးလောက၏ ကျယ်ပြန့်သော ကုန်းမြေကြီးတွင် နေထိုင်နေကြသူများဖြစ်သည်။ ထိုလူများ၏ အရပ်က ပေရာပေါင်းများစွာမြင့်မားပြီး ခြေလက်လေးချောင်းနှင့် သစ်ပင်သဖွယ်ဦးခေါင်းကြီးများ ရှိကြသည်။
ထိုသူများ၏ ပုံစံက ယင်ဝိညာဥ်များနှင့် အတော်တူလေသည်။ ထိုသူများသည် ချပ်ဝတ်များ ဝတ်ဆင်ထားပြီး ယင်ကိုးပါးလောကအတွင်းရှိ နေရာပေါင်းများစွာ၌ အခြေချနေထိုင်နေကြ၏။ ၎င်းတို့သည်လည်း ကောင်းကင်ထက်ရှိ ထူးခြားသောအပြောင်းအလဲကို မြင်လိုက်ကြလေသည်။
တစ်ချိန်က ရှာမန်များ ပိုင်ဆိုင်ခဲ့ဖူးသော ပိုင်နက်ထဲတွင်မူ ယင်ဝိညာဥ်များအပြင် ယောကျာ်း၊ မိန်းမ ပုံရိပ်ယောင်အရိပ်များလည်း ရှိနေပြီဖြစ်သည်။ ထိုလူများမှာ ထွင်းဖောက်မြင်ရလုနီးပါး ကြည်လင်နေသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များကိုမူ ပြတ်ပြတ်သားသား မမြင်ရပါချေ။
ထိုသတ္တဝါများအပြင် ကောင်းကင်၌နေထိုင်သော မျိုးနွယ်စုတစ်ခုလည်း ရှိနေသည်။ ၎င်းတို့သည် လူနှင့်တူသော ခန္ဓာကိုယ်များရှိသော်လည်း ကျောကုန်းတွင်မူ တောင်ပံတစ်စုံဆီ ပေါက်နေကြ၏။ အတောင်ပံများက လင်းနို့တောင်ပံများနှင့် ဆင်တူပြီး ထိုသက်ရှိအများစု၏ ဦးခေါင်းပေါ်၌ ဦးချိုတစ်ချောင်း ရှိနေလေသည်။
မျိုးနွယ်စုသုံးခုသည် တစ်ချိန်က ရှာမန်တို့ပိုင်ဆိုင်ခဲ့သော ပိုင်နက်ကို သိမ်းပိုက်ထားကြပြီး ကျန်ရစ်နေသေးသော ရှာမန်များနေထိုင်သည့် တောင်ကြားပတ်လည်ရှိ နေရာသုံးခုမှာပင် အခြေချထားကြသည်။
ကောင်းကင်မှ အပြောင်းအလဲသည် မျိုးနွယ်သုံးခု၏ အာရုံကိုလည်း ဖမ်းစားသွားခဲ့လေသည်။ ရှာမန်များနှင့်စာလျှင်တော့ ထိုအပြောင်းအလဲအကြောင်း သူတို့ဗဟုသုတများက ပိုမိုများပြားပေသည်။
“ဟိုးလွန်ခဲ့တဲ့နှစ်တုန်းက မီးတောက်နဂါးက သူ့ရဲ့ မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောကကို အသက်သွင်းခဲ့ပြီး အခုတော့ အဲဒါက ပွင့်လာမယ့်အရိပ်အယောင်တွေ ပြလာခဲ့ပြီ။ အဲဒီတုန်းက အထဲကိုဝင်သွားတဲ့လူက ထွက်လာတော့မှာများလား”
လင်းနို့တောင်ပံလူများ၏ ပိုင်နက်ထဲတွင် ပေသိန်းပေါင်းများစွာ မြင့်မားသော ဘဲဥပုံအရာဝတ္ထုကြီးတစ်ခု ရှိနေ၏။ ထိုအလုံးကြီးသည် လေထဲတွင် လွင့်မျောနေပြီး ၎င်းအနီး၌ အခြားသော အရွယ်အစား ပိုမိုသေးငယ်သည့် အနက်ရောင်ဘဲဥပုံ အလုံးများစွာရှိနေသည်။ ထိုအခိုက်အတန့်မှာပင် ကြောချမ်းဖွယ်အသံနက်ကြီးတစ်ခုက ၎င်းဧရိယာတစ်ခွင်ပျံ့လွင့်လာပြီး ထိုအသံသည် မည်သည့်ဘဲဥပုံအလုံးအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းကိုတော့ မသိရပေ။
အခြားတစ်ဖက်ရှိ ပုံရိပ်ယောင်လူများ၏ နယ်မြေထဲတွင် အလွန်တရာထူးဆန်းသော ယဇ်ပလ္လင်များစွာ ရှိသည်။ ယဇ်ပလ္လင်များသည် အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား အခြေအနေတစ်ခုတွင် ရှိနေပြီး လူတို့အတွက် ၎င်းတို့က အမှန်တစ်ကယ် တည်ရှိနေခြင်း ဟုတ်မဟုတ် ခွဲခြားသိနိုင်ရန် ခဲယဥ်းစေသည်။
“သေဆုံးပြီးသား မီးတောက်နဂါးရဲ့ ထာဝရလောကထဲကနေ ပြန်ထွက်လာနိုင်တဲ့သူက ကျိန်းသေပေါက် သူ့ဆီမှာ ထူးခြားမှုတစ်ခုခုတော့ ရှိလိမ့်မယ်… သူ့ကို ငါတို့မျိုးနွယ်ဆီ အရင်ခေါ်နိုင်အောင် ကြိုးစားကြစို့”
မီးတောက်နဂါး၏ သင်္ချိုင်းနှင့် အဝေးဆုံးဖြစ်သော နောက်ဆုံးနယ်မြေကမူ အဆုံးမရှိကျယ်ပြန့်သော တောအုပ်ကြီးတစ်ခုဖြစ်သည်။ ထိုဧရိယာသည် ချပ်ဝတ်များ ဝတ်ဆင်ထားသည့် သစ်ခြောက်ပင်ကြီးများသဖွယ် ဧရာမခန္ဓာကိုယ်ကြီးများနှင့် ယင်ဝိညာဥ်တို့၏ နေအိမ်ပင်ဖြစ်၏။
အဆုံးမရှိသော တောအုပ်ထဲတွင် ကြီးမားသော နန်းတော်ကြီးများရှိနေသည်။ သေချာကြည့်မည်ဆိုလျှင် ထိုနန်းတော်ကြီးများသည် ရှာမန်မြို့တော်ထဲတွင် ရှိခဲ့ဖူးသော နန်းတော်ကြီးများနှင့် အတူတူပင်ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
ဧရာမ ကျောက်ရုပ်တုကြီးများသည် နန်းတော်ကြီးများနံဘေး၌ လှုပ်ရှားမှုမရှိပဲ ငြိမ်သက်စွာရပ်နေဆဲ ဖြစ်သည်။ ထိုကျောက်ရုပ်တုများထဲမှ တစ်ခုသည်ကား အတိတ်အချိန်က စုမင်ငှားရမ်းခဲ့ဖူးသော ယင်ဝိညာဥ်ပင် ဖြစ်လေသည်။ ၎င်း၏ ကျောက်ခန္ဓာကိုယ်ကြီးက လှုပ်ရှားခြင်းမရှိသော်လည်း ဦးခေါင်းကြီးကမူ ကောင်းကင်ထက်ရှိ ဒသမမြောက်လအား မော့ကြည့်နေခဲ့ပြီး သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးသော အကြည့်တစ်ခု ရှိနေခဲ့သည်။
အဝေးတစ်နေရာရှိ ခန်းမတစ်ခုထဲတွင်တော့ တင်ပျဥ်ခွေထိုင်နေသော အဘိုးအိုတစ်ဦး ရှိနေလေသည်။ ထိုအဘိုးအိုသည် ကောင်းကင်သို့ မော့ကြည့်နေခြင်းမရှိသော်လည်း အပြောင်းအလဲကို သတိထားမိပုံပေါ်ပြီး သက်ပြင်းဖွဖွ ချလိုက်၏။
“သူ တစ်ကယ်ပဲ အဲဒီနေရာကနေ ပြန်ထွက်လာနိုင်လိမ့်မယ်လို့ ဘယ်သူကများ ထင်မှာတဲ့လဲ”
ယင်ကိုးပါးလောကထဲရှိ လူတိုင်း၏အကြည့်များက ကောင်းကင်ရှိ ဒသမမြောက်လထံ ရောက်နေချိန်မှာပင် ထာဝရလောကအတွင်းရှိ မြွေနဂါးရုပ်တုကြီးမှာ ကောင်းကင်သို့ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးကမူ ယခင်ထက် များစွာပိုမိုသေးငယ်သွားခဲ့လေပြီ။ ခရမ်းရောင်နှင့် အဖြူရောင်ဆံပင်များ ရောယှက်နေသော စုမင်သည် မြူခိုးများမှ ဖြစ်တည်လာသည့် ဧရာမမီးတောက်နဂါးကြီးနှင့် ရင်ဆိုင်နေရသော်လည်း ယခင်အတိုင်း အေးစက်တည်ငြိမ်နေဆဲသာ ဖြစ်၏။
မီးတောက်နဂါးကြီး နီးကပ်လာသည်နှင့် စုမင်သည် မြေပြင်အား ဖိနှိပ်ထားသော ဘယ်လက်ကိုမြှောက်၍ ဘယ်ဘက်လက်ညှိုးဖြင့် သူ့အရှေ့တွင် စက်ဝိုင်းခြမ်းတစ်ခု ဆွဲသားလိုက်သည်။
“ဒါက အတိတ်…”
ထို့နောက် ဘယ်လက်ကိုပြန်ချ၍ စက်ဝိုင်း၏ နောက်တစ်ခြမ်းကို ညာလက်ညှိုးဖြင့် အပြီးသတ်ဆွဲသားလိုက်လေသည်။
“ဒါက အနာဂါတ်…”
စက်ဝိုင်းအပြည့် ဆွဲသားပြီးသည်နှင့် စုမင်သည် ညာဘက်လက်ခုံပေါ်သို့ ဘယ်လက်ဖြင့် ဖိကပ်လိုက်ကာ ထိုစက်ဝိုင်းအား အရှေ့သို့ လျင်မြန်စွာ တွန်းထုတ်လိုက်သည်။
“ဒါက ပစ္စုပ္ပန်ပဲ… ပြီးတော့ သူ့နာမည်က… ကံကြမ္မာလို့ ခေါ်တယ်”
စက်ဝိုင်းထံမှ စူးရှတောက်ပသော အလင်းတို့ ဖြာထွက်လာသည်။ ထို့နောက် အရွယ်အစား အဆမတန်ကြီးမားလာပြီး မီးတောက်နဂါးထံသို့ တိုးဝင်သွား၏။ ၎င်းသည် တစ်ခဏအတွင်းမှာပင် မီးတောက်နဂါး၏ ဧရာမခန္ဓာကိုယ်ကြီးနှင့် တိုက်မိသွားပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေနိုင်သည့် ကျယ်လောင်သော တော်လဲသံကြီး မြည်ဟည်းလာသည်။ ပြင်းထန်သော အားလှိုင်းတစ်ခုသည်လည်း စုမင်ထံသို့ ရိုက်ခတ်လာခဲ့၏။ သို့သော်လည်း သူ့အနီးသို့ရောက်သည်နှင့် စုမင်သည် ပါးစပ်ဟကာ ထိုအားလှိုင်းကို စုပ်ယူပစ်လိုက်လေသည်။
အားလှိုင်းထဲတွင် ပါဝင်သော အဖြူရောင်မြူခိုးများက စုမင်၏ပါးစပ်ထဲသို့ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် စုပ်ယူခံလိုက်ရသည်။ ထို့နောက် စုမင်သည် ဆက်လက်၍ ယခင်ပုံစံအတိုင်း ဘယ်လက်နှင့် ညာလက်တို့ကိုသုံးကာ ကောင်းကင်နှင့်မြေပြင်ကို အားကုန်တွန်းထုတ်လိုက်လေသည်။
ကျယ်လောင်သော မြည်ဟည်းသံကြီး ပဲ့တင်ထပ်သွားပြီး ကောင်းကင်နှင့်မြေပြင်အား ထိစပ်နေသော ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာခဲ့၏။ စုမင်သည် အထက်သို့ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအက်ကြောင်းအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
“မသေဆုံး၊ မပျက်စီးနိုင်ခြင်းတဲ့လား… မင်းသာ အဲဒီဝိညာဥ်တွေကို ဝါးမြိုမယ်ဆိုရင် သေဆုံးလိမ့်မှာ မဟုတ်ပေမယ့် မဝါးမြိုခဲ့ရင်တော့ ပျက်စီးသွားလိမ့်မှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း ဝါးမြိုခြင်း၊ မဝါးမြိုခြင်းဆိုတာက ဆန့်ကျင်ဘက်အစွန်းနှစ်ခုလိုပဲ။ သူတို့ကို ပေါင်းစည်းမှုတစ်ခုလို့ ယူဆလို့မရဘူး။ အစစ်အမှန်ဆိုတာက စားသုံးနေရင်း မဝါးမြိုမိစေဖို့ဖြစ်ပြီး စားသုံးနေရင်း မဝါးမြိုတာက…”
စုမင်သည် တီးတိုးရေရွတ်နေရင်း အက်ကြောင်းအတွင်းသို့ ခြေချလိုက်သည့် တစ်ခဏမှာပင် သူ့မျက်ဝန်းများထဲ၌ နားလည်သဘောပေါက်မှုတို့ ပေါ်လာခဲ့ချေသည်။
“အဲဒါက ဘဝပဲ…”