ကောင်းကင်ထက်မှ နတ်ရွက်လှေ
Vol. 49 Ch. 682
အခန်း (၆၈၂) ကောင်းကင်ထက်မှ နတ်ရွက်လှေ
စွမ်းအားမြင့်မားသော ရောင်ဝါတစ်ခုချဉ်းကပ်လာသည်ကို အာရုံခံမိသဖြင့် ရန်ကျောက်ကဲ အနောက်အရပ်သို့ လှမ်းကြည့်လိုက်သည်။
ကောင်းကင်တွင် တိမ်တိုက်များအက်ကွဲသွားပြီး နေရောင်ခြည်တောက်ပလာကာ ပင်လယ်ရေပြင်ဆီသို့ သက်တံ့ရောင် ခြယ်သထွက်ပေါ်လာသည်။
အလင်းတန်းများအလယ် အနက်ရောင်အစက်အပျောက်လေးတစ်ခု တဖြည်းဖြည်းပေါ်လာပြီး ထိုအနက်ရောင်အစက်က တစ်ခဏအတွင်းကြီးထွားလာကာ ရန်ကျောက်ကဲတို့မျက်ဝန်းရှေ့သို့ ရောက်လာ၏။
ပေတစ်ရာခန့်ရှည်လျားသော ရွက်လှေကြီးတစ်စင်းသည် လေနှင့်တိမ်တိုက်များကို စီးနင်းလျှက် နေရောင်ခြည်များအလယ် ရွက်လွှင့်လာလေသည်။
ထို ရွက်လှေကြီးက ကောင်းကင်ကိုးထပ်မှလေကိုထိုးခွင်းကာ တိမ်ပင်လယ်ကိုဖြတ်သန်းလျှက် မိုင်ထောင်ချီ ခရီးနှင်လာသည်။
ရန်ကျောက်ကဲမျက်ဝန်းများ ဖျတ်ခနဲလင်းလက်သွားချိန် သူ့နံဘေးမှ ဖန်းယွင်ရှန်းနှင့် အားဟူက ရွက်လွှင့်လာသော ဧရာမလှေကြီးကို စူးစိုက်ကြည့်နေသည်။
အားဟူက သွားရည်ကျလုမတတ် ပါးစပ်အဟောင်းသားဖြင့်...
“သခင်လေး... ဟိုတစ်ခါ ယိုးမင်ဂိုဏ်းကလူတွေပြောဖူးတဲ့ လေဟုန်စီးကောင်းကင်ရွက်လှေဆိုတာ အဲဒါကို ပြောတာလား”
ဖန်းယွင်ရှန်းက မျက်ဝန်းများကျဉ်းမြောင်းလိုက်ရင်း...
“ဒါဖြင့်... အရှေ့တောင်ပိုင်း ထိပ်တန်းမျိုးနွယ်တွေ ရောက်လာတာလား”
ရန်ကျောက်ကဲက...
“အင်း... တခြားကိစ္စမရှိဘူးဆိုရင် ဒီ လေဟုန်စီးကောင်းကင်ရွက်လှေက အရှေ့တောင် ထိပ်တန်းမျိုးနွယ်တွေရဲ့ ရွက်လှေ ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ သေချာချင်ရင် အနီးကပ်သွားလေ့လာမှ ရလိမ့်မယ်”
လေဟုန်စီးကောင်းကင်ရွက်လှေဆိုသည်က အထက်ဘုံကမ္ဘာတွင် ဒဏ္ဍာရီဆန်သော ရတနာတစ်ခု ဖြစ်သည်။
ထိုရွက်လှေကြီး၏စွမ်းအားက ပြင်းထန်လွန်းသလို ပြုလုပ်ရသည်လည်း မလွယ်ကူဘဲ အလွန်တရာလည်း ရှားပါးလေ၏။ ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ ပြည်နယ် (၁၀)ခု၏ အရှင်သခင်များနှင့် အခြားသော ထိပ်တန်းအဆင့်ပုဂ္ဂိုလ်အချို့သာလျှင် ထိုသို့သောမိုးပျံရွက်လှေကြီးများကို ပိုင်ဆိုင်ကြသည်။
ကျူတောပင်လယ်ဒေသက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ပိုက်နက်တွင် ပါဝင်သည်။ ထို့ကြောင့် သူတို့အရှေ့မှ လေဟုန်စီးကောင်းကင်ရွက်လှေကြီးက အရှေ့တောင်ပိုင်းက ထိပ်တန်းမျိုးနွယ်များ၏ ရွက်လှေကြီး ဖြစ်နိုင်သည်။
သို့သော် ကျူတောပင်လယ်ဒေသက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်နှင့်လည်း နယ်စပ်ဒေသဖြစ်လေရာ ဤ ရွက်လှေက တောင်ပိုင်းထိပ်တန်းမျိုးနွယ်များ၏ ရွက်လှေလည်း ဖြစ်နိုင်သည်။
လေထဲတွင် နေနှင့်လကို လိုက်လံဖမ်းဆီးတော့မည့်ပမာ လီပေါင်းတစ်သောင်းမကသော အလျှင်နှင့်ပျံသန်းနေသော ရွက်လှေကြီးကိုကြည့်ရင်း သူ့မျက်ဝန်းများ ခဏတာ လှုပ်ရှားသွားသည်။
ကောင်းကင်ဘုံနန်းတော်မှ မိုးပျံရွက်လှေများအကြောင်း စဉ်းစားမိသည့်အခါ ရန်ကျောက်ကဲ စိတ်အစဉ်က အတိတ်သို့ ပျံ့လွင့်သွားသည်။ ထိုရွက်လှေများက မဟာကပ်ဘေးကြီးမတိုင်ခင်က ကြယ်စင်များအကြား ဖြတ်သန်းသွားလာကြသော ‘ထျန်းဟယ်’ ရွက်လှေများ ဖြစ်ကြသည်။
ကောင်းကင်ဘုံနန်းတော်မှ အမတမျိုးနွယ်များနှင့် နတ်မျိုးနွယ်များ ကောင်းကင်ကြယ်စင်မြစ်ဖြစ်သော “ထျန်းဟယ်မြစ်” အတွင်း လှည့်လည်သွားလာရန် ထိုရွက်လှေကြီးများကို အသုံးပြုကြသည်။
သို့သော် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ထျန်းဟယ်ရွက်လှေကြီးများသည်လည်း ကောင်းကင်ဘုံနန်းတော်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
ထို့ကြောင့် ‘လေဟုန်စီးကောင်းကင်ရွက်လှေ’ ဆိုသော နာမည်ကိုကြားစဉ်က သူ့စိတ်ထဲ မရေမရာဖြင့် သံသယဝင်ခဲ့သည်။ ယခု မျက်မြင်တွေ့မြင်ရပြီဖြစ်ရာ သူ့အရှေ့မှ မိုးပျံရွက်လှေကြီးမှာ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ထျန်းဟယ်ရွက်လှေကို ပြန်လည်တုပ တီထွင်ထားခြင်း ဖြစ်၏။
ရှေးယခင်တစ်ချိန်က ထျန်းဟယ်ရွက်လှေလောက် မကောင်းမွန်သော်လည်း ခမ်းနားနေဆဲ ဖြစ်သည်။
သူ့အရှေ့မှ လေဟုန်စီးကောင်းကင်ရွက်လှေကိုကြည့်ရင်း ရန်ကျောက်ကဲ ခဏတာ စိတ်လှုပ်ရှားသွားသည်။ ခေတ်အဆက်ဆက်ပြောင်းလဲသွားခဲ့သော ကမ္ဘာမြေကြီး ၊ ကျယ်ပြောလှသောသမုဒ္ဒရာနှင့် အဆုံးမရှိသောလယ်ကွင်းများသည် အချိန်ကာလ၏ စီးဆင်းမှုအောက်တွင် ပြောင်းလဲနေသည်သာပင်။
ကြီးမားသော ရွက်လှေကြီးက ကောင်းကင်တစ်ခွင် ဖြတ်သန်းရွက်လွှင့်လာပြီး ရန်ကျောက်ကဲတို့ဦးခေါင်းထက်မှဖြတ်ကျော်ကာ သဘာဝပသာဒနယ်မြေ အလယ်ဗဟိုသို့ ရောက်ရှိသွားပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။
ထို့နောက် ရွက်လှေကြီးထံမှ ကြေးမုံမှန်မီးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပင်လယ်ပြင်ထက်သို့ ကျရောက်သွားသည်။
ကောင်းကင်ထက်တွင်တွဲလဲခိုနေသော ကြေးမုံမှန်အလင်းတန်းက သိပ်သည်းလာပြီး သဘာဝပသာဒနယ်မြေ ပင်လယ်ပြင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ရန်ကျောက်ကဲ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း...
“ကြည့်ရတာ တစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကို ရှာနေတဲ့ပုံပဲ”
အရှေ့တောင် “နေဝန်းကောင်းကင်ပြည်နယ်” က အရှေ့တောင် ထိပ်တန်းအရှင်သခင်၏ အုပ်ချုပ်မှုအောက်တွင်ရှိကြောင်း လူတိုင်းအသိအမှတ်ပြုကြသည်။ ဤ ပြည်နယ်တစ်ခွင်မှ သက်ရှိသက်မဲ့ အရာအားလုံး သူ၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ကျရောက်သည်။
သို့သော် ပြည်နယ်တွင်း အင်အားစုများကြား အငြင်းပွားမှုများနှင့် အာဏာလုပွဲများတွင် ကြီးကြီးမားမား ရုန်းရင်းဆန်ခတ်မဖြစ်ပါက အရှေ့တောင် ထိပ်တန်းအရှင်သခင်က ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ တာ့ရွှမ်တိုင်းပြည်နှင့် တာ့ရွှမ်ပုန်ကန်ဆန့်ကျင်သူများ အပြင်းအထန် တိုက်ပွဲများဖြစ်နေသည်ကိုပင် အရှေ့တောင် ထိပ်တန်းအရှင်သခင်က ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပေ။
ဟုတ်ပေ၏။
ဤနှစ်များအတွင်း ကျူတောပင်လယ်ဒေသကို မည်သူပင် အုပ်ချုပ်ပါစေ ၊ အာဏာချိန်ခွင်လျှာမည်သို့ပင် ပြောင်းလဲပါစေ အရှေ့တောင် ထိပ်တန်းအရှင်သခင်အပေါ် မထီလေးစားပြုဝံ့သူ ရှိမည်မဟုတ်ပေ။
အရှေ့တောင်ထိပ်တန်းမျိုးနွယ်များ တစ်ခါတစ်လေ ခရီးလှည့်လည်တတ်သော်လည်း ရှားပါးလှသလို ကျင့်ကြံသူများကြားမှ အာဏာလွန်ဆွဲပွဲများတွင်လည်း ပါဝင်ပတ်သက်လေ့ မရှိကြပေ။
ဥပမာဆိုရလျှင် အရှေ့တောင် ထိပ်တန်းမျိုးနွယ်များ ကျူတောပင်လယ်ဒေသမသို့ မလာရောက်သည်မှာပင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ယခုကဲ့သို့ တစ်စုံတစ်ခုကိုရှာဖွေရန် အထူးခရီးစဉ်တစ်ခု ထွက်ခွာလာခြင်းက ပိုမိုရှားပါးသော ဖြစ်ရပ်ပင်။
ရန်ကျောက်ကဲ မျက်တောင်တစ်ချက်ခတ်လိုက်သည်။
ပထမဆုံး သူ့အတွေးထဲသို့ ဝင်ရောက်လာသည်မှာ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးထဲသို့ ဝင်ရောက်စဉ်က တွေ့မြင်ခဲ့သော သေတ္တာ ဖြစ်သည်။
အကယ်၍ သူ အာရုံခံမိသည် မမှားဘူးဆိုလျှင် ထိုသေတ္တာမျက်နှာပြင်ထက်တွင် ‘ကောင်းကင်ဝါးမျို’ ဟု ရေးသားထားပြီး သဘာဝပသာဒပင်လယ်အောက်ခြေတွင် နစ်မြုပ်ဖုံးကွယ်လျှက် ရှိသည်။
လေဟုန်စီးကောင်းကင်ရွက်လှေထက်မှ ကြေးမုံမီးအလင်းတန်းက ဖြာကျနေဆဲဖြစ်ပြီး လမ်းကြောင်းအတိုင်း တောက်ပနေသည်။
ထိုစဉ်...
ကောင်းကင်တစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားသည်။
ထို့နောက် သဘာဝပသာဒနယ်မြေ ပင်လယ်ရေမျက်နှာပြင်ထက်သို့ ကြီးမားသော လှိုင်းလုံးကြီးများ မြင့်တက်လာပြီး မရေမတွက်နိုင်သော မုန်တိုင်းများ ပြင်းထန်လာကာ ရေနဂါးများကောင်းကင်ထက်သို့ ပျံတက်သွားကြ၏။
ရေနဂါးများအလယ်မှ လျှပ်စီးကြောင်းများကိုကြည့်ရင်း ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ခနဲ ဖြစ်သွားသည်.
ဖန်းယွင်ရှန်း မျက်လုံးပြူသွားပြီး...
“ကျောက်ကဲ... ဒီ မြင်ကွင်းကိုမြင်ရတော့ ရှင်ပြောသလို သတိပေးချက်မရှိဘဲ ရောက်လာတတ်တဲ့ အဆုံးမဲ့သံလိုက်မုန်တိုင်းတွေအကြောင်းကို ကျွန်မ နားလည်သွားပြီ”
သဘာဝပသာဒနယ်မြေတစ်ခုလုံး ကြောက်မက်ဖွယ်ရာ သံလိုက်မုန်တိုင်းများဖြင့် တစ်ဖန်ပြန်လည် ဖုံးလွှမ်းသွားခဲ့ပြီး ပင်လယ်ပြင်တစ်ခုလုံး မုန်တိုင်းများ ၊ ငလျှင်လှိုင်းများ ၊ လျှပ်စီးများဖြင့် ပြည့်နက်သွားသည်။
ကောင်းကင်ထက်တွင် ပျံသန်းနေသော ဧရာမရွက်လှေကြီးကတော့ ကြောက်မက်ဖွယ်ရာ မိုးကြိုးလျှပ်စီးများကို မရှောင်လွှဲဘဲ ခံနိုင်ရည်ရှိစွာဖြင့် သဘာဝပသာဒနယ်မြေအထက် ကောင်းကင်ယံတွင် ရပ်တန့်နေဆဲပင်။
ရန်ကျောက်ကဲတို့အုပ်စု၏မျက်လုံးများထဲမှာတော့ လေဟုန်စီးကောင်းကင်ရွက်လှေကြီးက အရွယ်အစား ကြီးမားသည့်တိုင် မိုးကြိုးမုန်တိုင်းများအလယ်တွင် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် လျှပ်စီးများတဖျတ်ဖျတ်ခတ်နေသော ကြောက်မက်ဖွယ်ရာ လေပွေမုန်တိုင်းကြီးမားကြားတွင် အလင်းရောင်တစ်ခု ထိုးဖောက်ထွက်ပေါ်လာသည်။ ထိုအလင်းရောင်က လေဟုန်စီးကောင်းကင်ရွက်လှေကို လွှမ်းခြုံကာကွယ်ပေးထားသည်။
တောက်ပသောအလင်းရောင်ထွက်ပေါ်လာရာနေရာတွင် မုန်တိုင်းဒဏ်ကြောင့် ရွက်လှေကြီး အဆက်မပြတ်တုန်ခါနေသည့်တိုင် နေရာမှာပင် ရပ်တန့်နေရန် တည်ငြိမ်စွာထိန်းထားနိုင်ဆဲဖြစ်ကြောင်း တွေ့ရသည်။
ဖန်းယွင်ရှန်း အံ့အားသင့်သွားပြီး...
“ဒီ လေဟုန်စီးကောင်းကင်ရွက်လှေက အဆုံးမဲ့သံလိုက်မုန်တိုင်းတွေကို ကြံ့ကြံ့ခံနေတာပဲ ၊ တကယ့်ကို ခိုင်မာလွန်းတယ် ၊ ဒီမုန်တိုင်းတွေကို အမတကူးပြောင်းခြင်းအဆင့် သိုင်းဆရာသခင်တွေတောင် လွယ်လွယ်နဲ့ ရင်မဆိုင်ရဲဘူး မဟုတ်လား”
အားဟူမှာလည်း ပါးစပ်အဟောင်းသားဖြင့်...
“သခင်လေး... အဲဒါကြီးက အတော်ကောင်းတဲ့ပစ္စည်းပဲဗျ... နော်”
ရန်ကျောက်ကဲက ပခုံးတွန့်ပြလိုက်သည်။
အားဟူ၏မျက်လုံးထဲ အလွန်လောဘတက်နေသည်မှာ အံ့သြစရာမရှိပေ။ ဤ ရွက်လှေကြီးက သူတို့အားလုံးအတွက် အလွန်တရာ ကောင်းမွန်ခမ်းနားသောရတနာပစ္စည်းတစ်ခုဖြစ်နေသည် မဟုတ်လား။
ဤ မိုးပျံရွက်လှေက ထျန်းဟယ်ရွက်လှေနှင့် နှိုင်းယှဉ်မရသော်လည်း လက်ရှိမှာတော့ အတော်လေး ထူးခြားသော ပစ္စည်းတစ်ခု ဖြစ်နေသည်။
ပြုလုပ်ရသည်ခက်ခဲသလို လက်ရာမြောက်အောင် ပုံစံဆွဲရသည်လည်းခက်ခဲသည်။ ထို့ထက်ဆိုးသည်က ဤသို့သော မိုးပျံလှေကြီးတစ်စင်းပြုလုပ်ရန် ပစ္စည်းရှာရ ပိုပြီးခက်ခဲခြင်း ဖြစ်၏။
သူ့မျက်ဝန်းများက သဘာဝပသာဒနယ်မြေကို စူးစိုက်ကြည့်နေရင်း လေဟုန်စီးကောင်းကင်ရွက်လှေထက်မှ ဆင်းသက်လာသော ကြေးမုံမှန်အလင်းရောင်ကို အာရုံစိုက်နေသည်။
ရန်ကျောက်ကဲ မျက်မှောင်ကြုံ့ရင်း...
“ရတနာပစ္စည်းတစ်ခုခုကိုရှာဖွေဖို့ သူတို့ ဒီလောက် အလောတကြီးလုပ်မှာမဟုတ်ဘူး ၊ ကြည့်ရတာ လူတစ်ယောက်ကို ရှာနေတာဖြစ်ရမယ်”
ခဏအကြာတွင် ကြေးမုံမှန်အလင်းတန်းက ရုတ်တရက် တောက်ပသွားသည်။ မုန်တိုင်းနှင့် ဒီရေလှိုင်းများကြားမှာပင် ပင်လယ်ရေပြင်အောက်ဘက်ဆီမှ အလင်းရောင်တစ်ခုသည်လည်း ဖျတ်ခနဲ လင်းလက်သွား၏။
ထိုအလင်းရောင်က တစ်စုံတစ်ခုကြောင့် ပိတ်ဆို့ခံထားရပြီး အခြားသူများ တွေ့မြင်နိုင်ခြင်း မရှိပေ။ သို့သော် လေဟုန်စီးကောင်းကင်ရွက်လှေမှ ကြေးမုံမှန်အလင်းရောင်ဖြင့် နှိုးဆွခံလိုက်ရသဖြင့် ထူးထူးခြားခြား ထွက်ပေါ်လာခြင်းပင်။
မဟုတ်ပါက အပြင်ဘက်မှ မည်သူမှ သတိပြုမိမည် မဟုတ်ပေ။ ထို့ကြောင့် ရန်ကျောက်ကဲတို့သည်လည်း အစောပိုင်းက ဤအလင်းရောင်ကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။
မုန်တိုင်းက တဟုန်းဟုန်းတောက်လောင်နေသဖြင့် စောင့်ကြည့်ရန် အဆင်မပြေသည့်တိုင် ရန်ကျောက်ကဲကတော့ ပင်လယ်ရေအောက်မှ အလင်းရောင်ကိုစူးစိုက်ကြည့်ရင်း သဘောပေါက်သွားသည်။
“သေချာတယ်... ၊ ဒါက ခန္ဓာကိုယ်ကိုကာကွယ်ပေးတဲ့ ရတနာပစ္စည်းတစ်မျိုးပဲ ၊ အဆုံးမဲ့သံလိုက်မုန်တိုင်းကို တွန်းလှန်ဖို့ ဒီရတနာပစ္စည်းကို အသုံးပြုလို့ရတယ်”
သူကြည့်နေစဉ်မျာပင် ရတနာပစ္စည်း၏အလင်းရောင်က သိသိသာသာ ယိုယွင်းနေပြီး ကြာရှည်ထိန်းနိုင်တော့ခြင်းမရှိသည်ကို တွေ့ရသည်။ သို့သော် လိုက်လံရှာဖွေခံနေရသော ထိုသူကတော့ ပင်လယ်နက်ရှိုင်းရာတွင် ပိတ်မိနေပြီး ရုန်းထွက်နိုင်ခြင်း မရှိသေးပေ။
လေဟုန်စီးကောင်းကင်ရွက်လှေကြီးသည် နောက်ဆုံးတော့ ပစ်မှတ်ကို ရှာတွေ့သွားပြီ ဖြစ်သည်။
သို့သော် အဆုံးမဲ့သံလိုက်မုန်တိုင်းများကြားတွင် လက်ရှိအခြေအနေအတိုင်း တည်ငြိမ်စွာထိန်းထားနိုင်သည့်တိုင် ပင်လယ်ရေမျက်နှာပြင်ထက် ဆင်းသက်လာရန်ကတော့ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်သေးပေ။