မီးတောက်နဂါး၏ ကောင်းချီး
Vol. 35 Ch. 477
ဒသမမြောက်လမင်းအတွင်းရှိ အက်ကွဲကြောင်းမှာ လုံးလုံးလျားလျား ပွင့်လာခဲ့ပြီဖြစ်သည်။ ၎င်းသည် မျက်လုံးကြီးကိုဖွင့်၍ ဥာဏ်အလင်းပွင့်သွားဟန် အကြည့်ဖြင့် မြေပြင်သို့ ငုံ့ကြည့်လိုက်သည့်အလား…
“အဲဒါ သူ့အကြည့်ပဲ။ သူ… ထွက်လာပြီ…” တောင်ကြားထဲတွင်ထိုင်နေသော အဘိုးအိုသည် တစ်ကိုယ်စာကြားရုံမျှ တီးတိုးရေရွတ်လိုက်၏။ သူ့မျက်နှာထက်တွင်လည်း ခါးသီးမှုနှင့် စိတ်ပျက်အားလျော့မှု အရိပ်အယောင်များ ထင်ဟပ်လာခဲ့လေသည်။
တောင်ကြား၏ အခြားတစ်ဖက်ရှိ တောအုပ်ထဲ၌… ကောင်းကင်အား မော့ကြည့်နေသော ယင်ဝိညာဥ်သည် သက်ပြင်းဖွဖွချလျက် မျက်လုံးများကို ပြန်မှိတ်လိုက်၏။
သူ့အနောက်ရှိ နန်းတော်ကြီးများထဲမှ တစ်ခုအတွင်းရှိနေသော ယင်ဝိညာဥ်အိုကြီးသည်လည်း မျက်လုံးများ ပြန်မှိတ်သွားခဲ့လေသည်။
အခြားတစ်ဖက်ရှိ ပုံရိပ်ယောင်အရိပ်များဖြင့် ပြည့်နေသော နေရာတွင် အမျိုးသမီးတစ်ဦး၏ ဝိုးတဝါး ပုံရိပ်တစ်ခုရှိနေခဲ့သည်။ သူမသည် ကောင်းကင်ယံရှိ လမင်းအား သတိလက်လွတ်ငေးကြည့်ရင်း မြေပြင်ထက်တွင် ဟိုဟိုသည်သည် လွင့်မျောနေခဲ့လေသည်။
သူမသည် အလွန်တရာ လှပသူတစ်ဦး ဖြစ်ခဲ့ဖူးကြောင်း သူမ၏ ပုံပန်းသဏ္ဍာန်က ဖော်ပြနေ၏။ သို့သော်လည်း သူမ၏ အသိစိတ်ကင်းမဲ့နေဟန် အမူအယာနှင့် သူမ၏ ပုံရိပ်ယောင်တစ်ခုသဖွယ် ပုံသဏ္ဍာန်အပြောင်းအလဲတို့ကြောင့် သူမထံတွင် မည်သည်တို့ ဖြစ်ပျက်ခဲ့ဖူးကြောင်း စိတ်ကူးကြည့်နိုင်ရန်ပင် ခဲယဥ်းလှသည်။
မီးတောက်နဂါး၏ သင်္ချိုင်းထဲတွင်… လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျောက်ဖြစ်ကာ ခဲသွားခဲ့သော မီးတောက်နဂါး၏ ခန္ဓာကိုယ်ကြီးမှာ တစ်ဖြည်းဖြည်း စတင်ကာ ပုံမှန်ပြန်ဖြစ်လာနေပြီဖြစ်သည်။ ပုံမှန်ဖြစ်လာသည်နှင့် ပုပ်အဲ့အဲ့အနံ့ဆိုးများက လှိုင်လှိုင်ထွက်ပေါ်လာပြီး ခဲနေရာမှ ပြန်ကောင်းလာသော နေရာအားလုံးမှာ အလျင်အမြန်ပင် ပုပ်သိုးဆွေးမြေ့ကာ ပျောက်ကွယ်လာကြသည်။
မီးတောက်နဂါး၏ ဦးခေါင်းထဲရှိ ကြီးမားသောနယ်မြေကြီးထဲတွင် အသက်ရှူမှားလောက်ဖွယ် လှပသော အမျိုးသမီးဦးခေါင်းတစ်ခု ရှိနေ၏။ ယခင်က ထိုဦးခေါင်းတစ်ခုတည်းသာ ကျောက်မဖြစ်ပဲ ကျန်ရစ်ခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်တွင်မတော့ သူမ၏ဦးခေါင်း တစ်ခုလုံးအား အမည်းကွက်များ ဖုံးလွှမ်းစပြုလာပြီး ပုပ်သိုးဆွေးမြေ့လာနေပြီဖြစ်သည်။
သူမအရှေ့တွင် ကျောက်ရုပ်တုတစ်ခု ရှိနေပြီး ထိုကျောက်ရုပ်တုမှာ စုမင်ပင်ဖြစ်၏။
စုမင်၏ ရုပ်တုသည် ဦးခေါင်းပိုင်းမှစတင်၍ စူးရှသောအလင်းတန်းများ တောက်ပနေပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ခဲနေသော အခြေအနေသည်လည်း ဒီရေကျသွားသည့်သဖွယ် တစ်ဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာနေပြီဖြစ်သည်။ ကျောက်ရုပ်တုထံမှ ပြင်းထန်သော အသက်ဓာတ်လှိုင်းတစ်ခု တိုးထွက်လာပြီး ၎င်းက အချိန်နှင့်အမျှ ပိုမိုသန်မာလာလေသည်။
သူတို့အနီးရှိ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ အမျိုးသမီး၏ ဦးခေါင်းပေါ်ရှိ ပုပ်သိုးဆွေးမြေ့မှုများသည် သူမ၏ အသက်ဓာတ်များ မှေးမှိန်ပျောက်ကွယ်သွားနေကြောင်း သကေၤတတစ်ခုဖြစ်ပြီး သူမ၏ သေဆုံးလုဆဲဆဲ အခြေအနေနှင့် စုမင်၏ ခန္ဓာကိုယ်အခြေအနေတို့မှာ လုံးလုံးလျားလျားပင် ဆန့်ကျင်ဘက် ဖြစ်နေခဲ့၏။
အချိန်တစ်ချို့ကြာပြီးနောက် အမျိုးသမီးဦးခေါင်းသည် ပုပ်သိုးဆွေးမြေ့နေရင်း တန်းလန်းမှာပင် မျက်တောင်တို့ တဖျတ်ဖျတ် လှုပ်ခတ်လာပြီး မျက်လုံးများပွင့်လာခဲ့သည်။ ထို့နောက် အိုမင်းရင့်ကျက်မှုနှင့် အသိဥာဏ်ကြွယ်ဝမှုများ ထင်ဟပ်နေသော မျက်လုံးတစ်စုံ ပေါ်လာခဲ့လေသည်။
သူမ၏ စုမင်အား ဘာမျှမလုပ်ပဲ လှမ်းကြည့်ရုံသာ ကြည့်လိုက်ပြီး သူမ၏ နံဖူးအလယ်၌ ဝဲဂယက်တစ်ခု တစ်ဖြည်းဖြည်း ပေါ်လာခဲ့သည်။ ထိုဝဲဂယက်သည် တစ်ဖြည်းဖြည်းချင်း စတင်လည်ပတ်လာခဲ့လေသည်။
“မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောကထဲကနေ ထွက်လာနိုင်ခဲ့တဲ့ မင်းက… မင်းနဲ့ပဲ သက်ဆိုင်တဲ့ ပေါင်းစည်းမှုကို ရှာတွေ့သွားခဲ့ပြီ။ မင်းက ငါ့လေးစားမှုနဲ့ ထိုက်တန်ပါတယ်… ဒါကိုက ငါတို့ မီးတောက်နဂါးတွေရဲ့ ကံကြမ္မာပဲလေ…”
“ငါ့ကတိအတိုင်း ငါ့မျိုးနွယ်ဆီမှာ လိုလိုလားလား ဝါးမျိုခံပါ့မယ်။ ငါ့ စိတ်ဝိညာဥ်နဲ့ ခန္ဓာကိုယ် အကြွင်းအကျန်တွေကို သုံးပြီး… သူ့ရဲ့ ဘဝသစ်ကို ကောင်းချီးပေးလိုက်မယ်… ပြီးတော့… မင်းရဲ့ ဘဝသစ်အတွက်လည်း ကောင်းချီးပေးလိုက်ပါ့မယ်…”
“မီးတောက်နဂါးတွေရဲ့ ကောင်းချီးနဲ့အတူ ငါ့မျိုးနွယ်ကလေးငယ်နဲ့ ဒီထက်ပိုပြီး လျှောက်လှမ်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်…”
“ကျိန်စာတွေရဲ့ ဆန့်ကျင်ဘက်က ကောင်းချီးတွေပဲ။ ငါ့ရဲ့ ပျက်စီးပျောက်ကွယ်နေတဲ့ ခန္ဓာကိုယ်၊ ငါဝါးမြိုခဲ့တဲ့ ၉၇ ခုသောကမ္ဘာတွေနဲ့အတူ မင်းကို ကောင်းချီးပေးတယ်…” သူမက တီးတိုးရေရွတ်လိုက်သည်။ သူမမျက်လုံးများထဲတွင် အမုန်းတရားတို့ စိုးစဥ်းမျှမရှိပဲ တည်ငြိမ်မှုများသာ ရှိနေခဲ့၏။ စကားဆုံးသည်နှင့် သူမသည် ပါးစပ်ကိုဟကာ ပြန်ကောင်းလာနေသော စုမင်ထံသို့ လေများ မှုတ်ထုတ်လိုက်သည်။
ထိုလေများမှာ ဖြူဖွေးနေပြီး မြူခိုးများနှင့် တူနေခဲ့သည်။ ၎င်းတို့သည် စုမင်၏ မျက်နှာပေါ်သို့ ဖြည်းညှင်းစွာ ကျရောက်သွားပြီး သူ၏ မျက်လုံးများ၊ နှာခေါင်း၊ ပါးစပ်နှင့် နားများမှတစ်ဆင့် သူ့ကိုယ်တွင်းသို့ တိုးဝင်သွား၏။ ထိုအခိုက်အတန့်မှာပင် မီးတောက်နဂါး၏ ဧရာမကိုယ်လုံးကြီးသည် အလျင်အမြန်ပင် ပုပ်သိုးဆွေးမြေ့လာပြီး အဖြူရောင်မြူခိုးများ စိမ့်ထွက်လာကာ စုမင်ထံ တိုးဝင်လာကြသည်။ စုမင်သည် မီးတောက်နဂါး၏ အသက်ဓာတ်များအား အလျင်အမြန်ပင် စုပ်ယူနေသော စုပ်ဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားသလိုပင်။
“ငါ့စိတ်ဝိညာဥ်နဲ့ အမွေအနှစ်ကိုတော့ ငါ့မျိုးနွယ်ဆီ လက်ဆောင်တစ်ခုအဖြစ် လက်ဆင့်ကမ်းပေးခဲ့မယ်။ မင်းကိုတော့ ထာဝရလောကကို တည်ဆောက်ဖို့ ကမ္ဘာ ၉၆ ခုကို ငါသုံးပြီးတဲ့နောက် ကျန်ရစ်တဲ့ ကမ္ဘာတစ်ခုရဲ့ စွမ်းအားနဲ့အတူ ငါ့မှာကျန်ရှိနေသေးတဲ့ စွမ်းအားတွေကို ပေးခဲ့မယ်… မင်း ဘယ်လောက်ယူနိုင်မလဲဆိုတာကတော့ မင်း ဘယ်လောက်ပါရမီပါလဲဆိုတာပေါ် မူတည်သွားပြီ”
စကားဆုံးသည်နှင့် သူမ၏ မျက်လုံးများက ပြန်မှိတ်သွားခဲ့သည်။ သူမ၏ နံဖူးအလယ်တွင်ရှိနေသော ဝဲဂယက်မှာလည်း အချိန်နှင့်အမျှ ပိုမိုမြန်ဆန်လာ၏။ ဝဲဂယက်၏ အတွင်းထဲတွင် အနက်ရောင်အမျှင်တစ်ခုအား ဝိုးတဝါးမြင်နေရပြီး ထိုအရာက ဝဲဂယက် လည်ပတ်နေရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းလည်း ဖြစ်သည်။
မီးတောက်နဂါး၏ ခန္ဓာကိုယ်မှ အသက်ဓာတ်နှင့် အဖြူရောင်မြူခိုးများ အဆက်မပြတ် တိုးဝင်လာမှုကြောင့် စုမင်သည် ချက်ချင်းပင် ပြန်ကောင်းလာခဲ့သည်။ သူ့ကိုယ်တွင်းသို့ အရပ်မျက်နှာအနှံ့မှ တိုးဝင်ရိုက်ခတ်လာနေသော စွမ်းအင်လှိုင်းလုံးကြီးကို ရှင်းရှင်းလင်းလင်းပင် ခံစားလိုက်မိလေသည်။
တိုးဝင်လာနေသော ထိုစွမ်းအားနှင့် အသက်ဓာတ်များမှာ လျင်မြန်ပြင်းထန်လွန်းသဖြင့် သူသာ အလျင်အမြန် မတုန့်ပြန်လျှင် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖောင်းကားလာပြီး ပေါက်ကွဲထွက်သွားတော့မလိုပင် စုမင်ခံစားနေရ၏။
‘ဒါက မီးတောက်နဂါးရဲ့ ဘဝတစ်လျှောက်လုံး စုဆောင်းထားခဲ့တဲ့ စွမ်းအားတွေပဲ။ သူက သေပြီးသားမို့ မူလစွမ်းအားရဲ့ ဆယ်ပုံတစ်ပုံပဲ ကျန်တော့တယ်ဆိုပေမယ့် သူ့ခန္ဓာကိုယ် ပျက်စီးလာချိန်မှာတော့ စွမ်းအားတွေက အားအပြည့်ပေါက်ကွဲထွက်လာနေတာ… ဒါက… တစ်သက်မှာ တစ်ခါပဲ ကြုံတွေ့နိုင်မယ့် ကံကောင်းမှုကြီးပဲ’
စုမင် တုန့်ဆိုင်းမနေတော့ပေ။ သူတုန့်ဆိုင်းနေရန်လည်း မဖြစ်နိုင်ပေ။ ထိုစွမ်းအားများကိုသာ မစုပ်ယူလျှင် သူ့ခန္ဓာကိုယ်မှာ ချက်ချင်း ပေါက်ကွဲပျက်စီးသွားပေလိမ့်မည်။
အတင်းအကြပ်တိုးဝင်လာနေသော စွမ်းအားများမှာ ပြင်းထန်လွန်းသဖြင့် စုမင်အတွက် စဥ်းစားရန်ပင် အချိန်မရလိုက်ပေ။ သူ့ကိုယ်တွင်းရှိ မာန်အရိုးမှာ ချက်ချင်းအသက်ဝင်လာပြီး ထိုစွမ်းအင်များကို အရူးအမူး စုပ်ယူလိုက်ကြသည်။
စုမင်ကိုယ်ထဲတွင် မာန်အရိုးခုနစ်ခု ရှိနေခြင်းဖြစ်သည်။ လေစွမ်းအင် အမွေဆက်ခံခြင်း သလင်းကျောက်နှင့် လျှပ်စီးစွမ်းအင် သလင်းကျောက်တို့သည် မာန်အရိုးများအဖြစ် ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။ သူ့ကိုယ်တွင်းသို့ တိုးဝင်လာသော အသက်ဓာတ်နှင့် ပြင်းထန်သည့် စွမ်းအင်လှိုင်းတို့ကြောင့် စုမင်ကျောကုန်းရှိ ရှစ်ခုမြောက် မာန်အရိုးထံမှ ရွှေရောင်အလင်းတို့ ချက်ချင်းတောက်ပလာသည်။
ရှစ်ခုမြောက် မာန်အရိုးမှာ ရွှေရောင်အလင်းတို့နှင့်အတူ ဖြစ်ပေါ်လာခဲ့လေသည်။
သို့သော်လည်း ဤသည်က အစသာရှိသေး၏။ ရှစ်ခုမြောက်မာန်အရိုး ဖြစ်ပေါ်လာပြီး အသက်ဆယ်ကြိမ်ရှိုက်စာပင် မကြာလိုက်ပဲ စုမင်ကိုယ်တွင်းမှ ခပ်အုပ်အုပ်ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ့မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး နောက်ကျောမှ မျက်စိစူးဖွယ် ရွှေရောင်အလင်းများ တောက်ပလာပြန်၏။ ကိုးခုမြောက်မာန်အရိုး ဖြစ်ပေါ်လာခဲ့လေပြီ။
အသက်အကြိမ်တစ်ရာ ရှိုက်စာခန့် အချိန်ကုန်သွားပြီးနောက် စုမင်သည် အံကြိတ်ကာ ခပ်တိုးတိုးကြုံးဝါးလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။ သန်မာသော အသက်ဓာတ်နှင့် စွမ်းအားများသည် သူ့ကိုယ်တွင်းသို့ အလျင်အမြန် တိုးဝင်လာကြသည်။ ၎င်းတို့ပုံစံက တစ်ပြိုင်တည်းတိုးဝင်လာချင်နေပုံပေါ်ပြီး ထိုစွမ်းအားများကို စုပ်ယူနေသော စုမင်၏အမြန်နှုန်းသည်ပင် အနည်းငယ်နောက်ကျနေဆဲဖြစ်သည်။ စူးရှသောနာကျင်မှုနှင့်အတူ သူ့ကျောရိုးပေါ်တွင် ဆယ်ခုမြောက်မာန်အရိုးက ဖွဲ့စည်းဖြစ်တည်လာခဲ့သည်။
ယခုလို လျင်မြန်သော စွမ်းအားတိုးတက်မှုမျိုးအား အခြားသူများကိုသာ ပြောပြလိုက်မည်ဆိုလျှင် သေချာပေါက်ပင် အုံးအုံးကြွက်ကြွက် ဖြစ်သွားမှာဖြစ်သည်။ အဆုံးတွင်မတော့ မာန်စွမ်းအားရှင်တို့၏ ရိုးရေစတေးနယ်ပယ်အား ကျင့်ကြံရန် အလွန်ခက်ခဲသည်ဆိုသောအကြောင်းမှာ ယေဘုယျလက်ခံထားကြသော အရာဖြစ်နေသည် မဟုတ်ပါလား… မာန်စွမ်းအားရှင်များအတွက် မာန်ဝိညာဥ်နယ်ပယ်သည် နောက်ဆုံးနယ်ပယ်ဖြစ်သဖြင့် ရိုးရေစတေးနယ်ပယ်သို့ ရောက်သူများအား သန်မာသောစစ်သည်တော်များအဖြစ် ယူဆနိုင်နေပြီဖြစ်သည်။ ထိုလူများသည် ကလန်များ၏ တိုက်ခိုက်ရေးအင်အား၌ ပင်မကျောရိုးများဖြစ်ပြီး အလယ်အလတ်တန်းစား မျိုးနွယ်စုများအတွက်မူ အသန်မာဆုံးစွမ်းအားများ ဖြစ်သည်။
သို့သော် မီးတောက်နဂါးသည် ၎င်း ပျက်စီးပျောက်ကွယ်မသွားမီ သူ့ခန္ဓာကိုယ်အား စုမင်အတွက် ကောင်းချီးတစ်ခုအဖြစ် ကူးပြောင်းပေးခဲ့သဖြင့် မဖြစ်နိုင်သောအရာက ဖြစ်နိုင်လာခဲ့ခြင်းဖြစ်၏။ ၎င်းသည် စုမင်အား တိထျန်းပင် ကြိုမမြင်နိုင်ခဲ့သည့် ကြီးမားသော အခွင့်အလမ်းကြီးတစ်ခု ပေးအပ်ခဲ့ခြင်းပင်…
ဤအရာအားလုံး၏ ရင်းမြစ်မှာ ဟုန်လော့ကြောင့်ဖြစ်သည်။ သူ၏ ရုတ်တရက်ပေါ်ထွက်လာမှုသည် စုမင်အတွက် တိထျန်း၏ အစီအစဥ်များကို ထိန်းချုပ်မှုလွတ်သွားစေခဲ့သည်။ တိထျန်း၏ကိုယ်ပွား ဖျက်စီးခံလိုက်ရမှုသည် စုမင်အား သူ၏ကြိုတင်သတ်မှတ်ပြီးသား ကံတရားထံမှ ယာယီလွတ်မြောက်သွားစေခဲ့ပြီး စုမင်အတွက် မူလလမ်းကြောင်းမှ အကုန်သွေဖယ်သွားစေခဲ့၏။
စုမင်၏ နံဖူးမှ ချွေးများစီးကျလာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အချိန်မရွေး ပေါက်ကွဲထွက်တော့မတတ် ခံစားချက်ကလည်း ပိုမိုသန်မာလာ၏။ စွမ်းအားများအား မာန်အရိုးဆယ်ခုမှ အရူးအမူး စုပ်ယူနေစဥ် စုမင်သည်လည်း စွမ်းအားများကို စုစည်းလျက် ဆယ့်တစ်ခုမြောက် မာန်အရိုးဆီသို့ တွန်းပို့လိုက်၏။
အားနည်းကျိုးပဲ့လွယ်သော အတားအဆီးတစ်ခုအား ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုက ရိုက်ခတ်သွားသကဲ့သို့ သူ့ကိုယ်တွင်းရှိ ရွှေရောင်အလင်းများက ပိုမိုတောက်ပလာပြီး ဆယ့်တစ်ခုမြောက် မာန်အရိုးက ချက်ချင်းဖြစ်ပေါ်လာခဲ့လေသည်။
ဤသည်က အစသာရှိသေး၏။ အမွှေးတိုင်တစ်ဝက်ထွန်းစာခန့် ကြာပြီးနောက် သူ၏ ဆယ့်နှစ်ခုမြောက်မာန်အရိုးထံမှ ရွှေရောင်အလင်းတို့ တိုးထွက်လာခဲ့သည်။
‘ဒါက စိုင်ကော်လို့ချုံပေါ်ရောက်တဲ့ အခွင့်အရေးကြီးဆိုမှတော့ ငါ့ကိုယ်ငါ ထိန်းထားမနေပဲ စုပ်ယူရမယ်။ ဒီကံကောင်းမှုရဲ့ အကူအညီနဲ့ ငါဘယ်လောက်ဝေးဝေး သွားနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့’
စုမင်သည် လက်ဟန်သကေၤတတစ်ခု ပြုလုပ်လိုက်ပြီး သူ၏အတားအဆီးအားလုံးကို လျှော့ချလိုက်သည်။ ထို့နောက် ဆယ့်သုံးခုမြောက် မာန်အရိုးမှာ အလျင်အမြန်ပင် ဖွဲ့စည်းဖြစ်တည်လာခဲ့လေသည်။
မာန်အရိုး ဆယ့်သုံးခုမှ စွမ်းအားကြောင့် စုမင်၏ အသက်ဓာတ်နှင့် စွမ်းအင်များကို စုပ်ယူနှုန်းမှာ ပိုမိုမြန်ဆန်လာသည်။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်မှာ ပိုမိုတုန်ယင်လာပြီး ကျောရိုးပေါ်၌ ဆယ့်လေးခုမြောက် မာန်အရိုး ပေါ်လာခဲ့လေသည်။
မာန်အရိုး ဆယ့်လေးခု… စုမင်ပိုင်ဆိုင်ခဲ့ဖူးသော ပမာဏ၏ နှစ်ဆ…
ထိုသို့ဆိုလျှင်ပင် သူ့ကိုယ်တွင်းသို့ တိုးဝင်လာနေသော အသက်ဓာတ်နှင့် စွမ်းအင်များမှာ ယခင်အတိုင်း မြန်ဆန်ကြမ်းတမ်းနေဆဲ ဖြစ်ပြီး အနည်းငယ်ပင် လျော့ပါးသွားသည့် အရိပ်အယောင် မပြသေးပေ။ ထိုအစား ပိုမို၍ပင် များပြားလာသေး၏။
ဆယ့်ငါးခု၊ ဆယ့်ခြောက်ခုနှင့် ဆယ့်ခုနစ်ခုမြောက် မာန်အရိုးများမှာ ဆက်တိုက်ဆိုသလို တောက်ပလာပြီး စုမင်ကိုယ်တိုင်ပင် သူ၏ စွမ်းအားတိုးတက်မှုနှုန်းကြောင့် ထိတ်လန့်လာရပြီဖြစ်သည်။ သို့သော်လည်း ထိုအကြောင်းအား တစ်ခဏပင် တွေးမနေနိုင်ချေ။ သူ့စွမ်းအားကိုသာ မတိုးမြှင့်လျှင် သူ့ခန္ဓာကိုယ်က ပေါက်ကွဲပျက်စီးသွားပေလိမ့်မည်။
စုမင်သည် အံတင်းတင်းကြိတ်လျက် မာန်အရိုး ဆယ့်ခုနစ်ခုလုံးဖြင့် ထိုစွမ်းအင်များကို အရူးအမူး စုပ်ယူလိုက်သည်။ သူ့တွင် ယခုလောလောဆယ် ထိုအကြောင်းအား စိတ်ပူနေဖို့ ဂရုမစိုက်အားသေးပေ။ မဖြစ်မနေ စုပ်ယူပြီး အသစ်ဖြစ်ပေါ်လာသော မာန်အရိုးများထဲတွင် များပြားသော အသက်ဓာတ်များရှိနေစေရန် အသုံးချရပေမည်။
တစ်ခဏကြာပြီးနောက် ပေါက်ကွဲသံတစ်ချက်နှင့်အတူ ဆယ့်ရှစ်ခုမြောက် မာန်အရိုး ပေါ်လာခဲ့သည်။ ဤမာန်အရိုး ဖြစ်ပေါ်လာစေရန်အတွက် စုမင်စုပ်ယူခဲ့ရသော စွမ်းအားပမာဏသည် အခြားမာန်အရိုးများ အသက်ဝင်လာစေရန် လိုအပ်ခဲ့သည်ထက် ပိုမိုများပြားပေ၏။ သူသာ ပုံမှန်အတိုင်း ကျင့်ကြံမည်ဆိုလျှင် ဤဆယ့်ရှစ်ခုမြောက် မာန်အရိုး အသက်ဝင်လာစေရန် အလွန်ခက်ခဲလိမ့်မှာ ဖြစ်သည်။
၎င်းပေါ်လာသည်နှင့် ဆယ့်ကိုးခုမြောက် မာန်အရိုးသည်လည်း တစ်ပြိုင်တည်းလိုလိုပင် ဆက်တိုက်အသက်ဝင်လာခဲ့၏။ ယခုအချိန်တွင် စုမင်ခန္ဓာကိုယ်မှ တောက်ပနေသော ရွှေရောင်အလင်းများကြောင့် ဧရိယာတစ်ခွင်လုံး လင်းထိန်နေပြီဖြစ်သည်။ သူ့ဆံပင်များသည်ပင် လုံးလုံးလျားလျား ရွှေရောင်ပြောင်းသွားပုံ ပေါ်၏။
စုမင်၏ မျက်နှာတွင် သွေးကြောများ ဖောင်းကားလာပြီး တုန်ယင်နေမှုက ပိုမိုပြင်းထန်လာသည်။ သူ့အရေပြားမှလည်း အမည်းရောင်အရည်များ စိမ့်ထွက်လာ၏။ ၎င်းတို့သည် စွန့်ထုတ်ခံလိုက်ရပုံပေါ်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ယခင်ထက် များစွာပိုမိုပေါ့ပါးသွားသလို သိသိသာသာပင် ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် နှစ်ဆယ်ခုမြောက် မာန်အရိုးက ဝုန်းခနဲဖြစ်ပေါ်လာခဲ့လေသည်။
၎င်းပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မလိုပင် စုမင်ခံစားလိုက်ရသည်။ အံတင်းတင်းကြိတ်ကာ ထိုနာကျင်မှုကို တောင့်ခံလိုက်ပြီး ၎င်းအား ခွန်အားအဖြစ်သုံးလျက် သူ့ကိုယ်တွင်းသို့ မကုန်မဆုံးနိုင် တိုးဝင်လာနေသော အသက်ဓာတ်နှင့် စွမ်းအင်များကို နောက်ထပ်မာန်အရိုးများဆီ လမ်းကြောင်းပေးလိုက်သည်။
အချိန်တစ်ချို့ကြာပြီးနောက် နှစ်ဆယ့်တစ်ခုမြောက် မာန်အရိုး ဖြစ်ပေါ်လာခဲ့လေပြီ။
ထို့နောက်… နှစ်ဆယ့်နှစ်ခုမြောက်၊ နှစ်ဆယ့်သုံးခုမြောက်…
ရိုးရေစတေးနယ်ပယ်မှ အစွမ်းထက်မာန်စွမ်းအားရှင်များသည် အများဆုံးမှ မာန်အရိုး နှစ်ဆယ့်ခြောက်ခုသာ ဖန်တီးနိုင်ကြပြီး နောက်ဆုံးတစ်ခု ပေါ်လာသည်နှင့် ထိုသူသည် မာန်ဝိညာဥ်နယ်ပယ်ဆီ ချိုးဖျက်ဝင်ရောက်သွားတော့မှာ ဖြစ်သည်။ အခွင့်အရေးတစ်ကြိမ်သာရှိပြီး သေရေး၊ ရှင်ရေးအား အချိန်တစ်ခဏအတွင်း ဆုံးဖြတ်ရပေသည်။
အောင်မြင်သွားခဲ့လျှင် ထိုလူသည် မာန်ဝိညာဥ်နယ်ပယ်သို့ ဝင်ရောက်ကာ သန်မာသောစစ်သည်တော်တစ်ဦး ဖြစ်လာပေလိမ့်မည်။ သူတို့သည် မာန်စွမ်းအားရှင်တို့၏ ကျင့်ကြံခြင်းလမ်းစဥ်၌ နောက်ဆုံးနယ်ပယ်အား ရောက်ရှိနိုင်သော လူများထဲတွင် ပါဝင်သွားမှာလည်း ဖြစ်သည်။
အကယ်၍သာ… ကျရှုံးခဲ့လျှင်တော့ သူ့ကိုယ်တွင်းရှိ မာန်အရိုးအားလုံး ပေါက်ကွဲသွားပြီး အသက်ဓာတ်များက လျော့ပါးပျောက်ကွယ်သွားပေလိမ့်မည်။ သူ့ခန္ဓာကိုယ်ပါမကျန် ၎င်းနှင့်ပက်သက်သမျှ အရာအားလုံး သေဆုံးသွားမှာဖြစ်သည်။
ယခုအတိုင်းသာ စွမ်းအားဆက်တိုးသွားမည်ဆိုလျှင် မကြာမီမှာပင် သူ၏ မာန်အရိုး နှစ်ဆယ့်ခြောက်ခုစလုံး ပေါ်လာတော့မည်ဖြစ်ကြောင်း သတိပြုမိလိုက်ပြီး စုမင်၏ နှလုံးသားက ကြောက်ရွံ့မှုကြောင့် တစ်ဖြည်းဖြည်း အေးစက်လာခဲ့သည်။
သူ မည်သည့်ပြင်ဆင်မှုမှ မလုပ်ရသေးသလို အသူရာကိုးပါး ပန်းပွင့်ကိုလည်း ရှာမတွေ့သေးပါချေ။