← Chapters

တစ်ဖက်လှည့်ဖြင့်ကူညီခြင်း

Vol. 49 Ch. 683

တစ်ဖက်လှည့်ဖြင့်ကူညီခြင်း

Vol. 49 Ch. 683

အခန်း (၆၈၃) တစ်ဖက်လှည့်ဖြင့်ကူညီခြင်း

လေဟုန်စီးကောင်းကင်ရွက်လှေ၏ တည်ငြိမ်ခိုင်ခန့်မှုက အံ့သြစရာကောင်းလှသည်။ ဤမျှပြင်းထန်သော အဆုံးမဲ့သံလိုက်မုန်တိုင်းများကြားတွင် အခြေအနေကို ဆက်လက်ထိန်းထားနိုင်သည်။

လေပြင်းများနှင့် ပင်လယ်လှိုင်းလုံးများကြား ရွက်လှေကြီးက ပျက်ဆီးမသွားဘဲ ကြံ့ကြံ့ခံ ရပ်တည်နေခဲ့သည်။

သို့သော် အဆုံးမဲ့သံလိုက်မုန်တိုင်းများက အလွန်ကြီးမားသည့် အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ လေပွေမုန်တိုင်းများစွာက ပင်လယ်ရေပြင်ထက်မှ လှိုင်းလုံးကြီးများနှင့် ‌ရောယှက်နေပြီး ကောင်းကင်ထက်သို့ ထိုးဖောက်ဝင်ရောက်နေသဖြင့် လေဟုန်စီးကောင်းကင်ရွက်လှေမှာ ပင်လယ်ပြင်ထက် အလွယ်တကူ မဆင်းသက်နိုင် ဖြစ်နေသည်။

ရွက်လှေထက်မှလူများကို ကူရာကယ်ရာမဲ့စေသည့်အချက်မှာ မုန်တိုင်းက စောစောကလို ခဏမျှတိုက်ခတ်ပြီး ရပ်တန့်သွားခြင်းမရှိဘဲ ဆက်တိုက်ဆိုသလို ဝင်ရောက်လာခြင်း ဖြစ်သည်။

ယခုတစ်ခေါက် မုန်တိုင်းတိုက်ခတ်ချိန်က အလွန်ကြာမြင့်ပြီး ကြောက်မက်ဖွယ်ရာ အဆုံးမဲ့သံလိုက်မုန်တိုင်းများက အဆုံးမရှိဟု ထင်မှတ်ရသည်။

မုန်တိုင်း၏ လွှမ်းမိုးမှုအောက်တွင် ပင်လယ်ရေနက်အတွင်းမှ အကာအကွယ်အလင်းရောင်သည်လည်း ပိုမိုမှိန်ဖျော့လာကာ ပျောက်ကွယ်လုမတတ် ဖြစ်လာသည်။

ပြီးတော့ ထိုရတနာပစ္စည်းအလင်းရောင်က ပင်လယ်ရေအောက်မှ စွမ်းအားတစ်ခုခုဖြင့် ချည်နှောင်ခံထားရသည့်အလား မလှုပ်မယှက်ဖြစ်နေသည်။ ပင်လယ်နက်ရှိုင်းရာတွင် ပိတ်မိနေပြီ လွတ်မြောက်ရန်ခက်ခဲသည့်အလားပင်။

ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် အားဟူကို လှည့်ကြည့်ရင်း...

“မင်းတို့တွေ သတိထားပြီး လဲမကျအောင် မတ်တတ်ရပ်နေကြနော်”

ပြောပြီးသည်နှင့် သူ အသင်္ချေနဂါးနန်းတော်၏ ခန်းမအလယ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး လက်တစ်ဖက်က ကြမ်းပြင်ကိုထိလျှက် ကျန်လက်တစ်ဖက် လက်သီးတင်းတင်းဆုပ်ကာ နန်းတော်အမိုးကိုကျော်လွန်ပြီး အဝေးတစ်နေရာထိတိုင် ထိုးနှက်လိုက်သည်။

ကြယ်တာရာချီစွမ်းအားအနှစ်သာ၏ တိုက်တွန်းမှုအောက်တွင် အသင်္ချေနဂါးနန်းတော် ရုတ်တရက် တုန်ခါသွားပြီး နဂါးဟိန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထို့နောက် နန်းတော်အထက် ကောင်းကင်ယံတွင် အစီအရင် သင်္ကေတများ တစ်ခုပြီးတစ်ခု ဖြစ်တည်လာကာ တောက်ပသောအလင်းတန်းများထွက်ပေါ်လာသည်။

တဖြည်းဖြည်း နဂါးနန်းတော်ထက်တွင် ကြီးမားသော အစီအရင်စက်ဝန်းကြီးတစ်ခု ‌ပေါ်လာ၏။ အစီအရင်စက်ဝန်း၏ လွှမ်းခြုံမှုအောက်တွင် အသင်္ချေနဂါးနန်းတော်၏ ရောင်ဝါသည်ပင် အနည်းငယ် ပြောင်းလဲသွားသယောင် ထင်မှတ်ရသည်။

အားဟူက ရိုးရှင်းစွာ ပြုံးလိုက်ရင်း...

“သခင်လေး... ကျွန်တော်တို့က အခု အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ ရောက်နေတာဆိုတော့ အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်တာ အကျိုးရှိပါတယ် ၊ ဒါပေမဲ့ အခု သူတို့ကို တည့်ထိုးကြီးသွားကူညီမှာတာ့ မဟုတ်ဘူးလား”

သူက ဆက်ပြောသည်။

“ပြီးတော့ အဆုံးမဲ့သံလိုက်မုန်တိုင်းတွေရဲ့ဒဏ်ကို ကျွန်တော်တို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက သူ့ကို ထူးဆန်းစွာကြည့်ရင်း...

“မင်းကိုဘယ်သူက အဲဒီမုန်တိုင်းတွေထဲ သွားခိုင်းလို့လဲ ၊ အဲဒီမုန်တိုင်းထဲသာဝင်သွားရင် ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်နေမှာပေါ့”

အားဟူမှာ တံတွေးသီးမလိုဖြစ်သွားပြီး...

“ဒါပေမဲ့ သခင်လေးပုံစံက သူတို့ကို ကူညီမယ့်ပုံပေါက်နေတာ မဟုတ်ဘူးလား”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ကူညီဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်ကွာ ၊ မင်းကိုယ်တိုင် မုန်တိုင်းထဲ ဝင်စရာမလိုပါဘူး”

ထိုစကားကြားတော့ အားဟူက ခေါင်းတွင်တွင်ကုတ်ရင်း အသင်္ချေနဂါးနန်းတော်ကို လွှမ်းခြုံထားသည့် အစီအရင်စက်ဝန်းကို လှမ်းကြည့်လိုက်သည်။

ထိုအချိန် အဆုံးမဲ့သံလိုက်မုန်တိုင်းများအလယ် ၊ ကောင်းကင်ယံတွင် ရွက်လွှင့်နေသော ‘လေဟုန်စီးကောင်းကင်ရွက်လှေ’ ကြီးသည် ကပ်ဘေးပမာ မုန်တိုင်းကြားတွင် ကျားကုတ်ကျားခဲ ကြံ့ကြံ့ခံလျှက် ရှိသည်။

ကြောက်မက်ဖွယ်ရာ မိုးကြိုးလျှပ်စီးများနှင့် လေပွေမုန်တိုင်းများမထိခိုက်စေရန် မိုးပျံလှေကြီးကို ကာကွယ်ပေးထားသည့် အကာအကွယ်အလင်းတန်းကြားမှာပင် ရွက်လှေကြီးမှ ကြီးမားသောရွက်ကြီးများ ကောင်းကင်ထက်သို့ ပျံတက်သွားသည်ကို တွေ့ရသည်။

ရွက်ဖျင်ကြီးများအောက်တွင် လူအချို့ မတ်တတ်ရပ်နေကြပြီး သူတို့အားလုံး၏မျက်နှာများက အလွန်သိက္ခာရှိစွာ တည်ကြည်လေးနက်နေကြသည်။

သက်လတ်ပိုင်းလူရွယ်တစ်ယောက်က မျက်မှောင်ကြုံ့ရင်း...

“တူမလေး’ဝန်’ က သိပ်ကို အတင့်ရဲလွန်းတယ် ၊ ‘ကောင်းကင်ဝန်းကျင်အင်းသင်္ကေတ’ ပိုင်ဆိုင်ထားတာနဲ့ မိုးအောက်မြေပြင်မှာ သူ သွားချင်တဲ့နေရာ သွားလို့ရပြီလို့ ထင်နေတာလား”

သူ့ဘေးမှ လူရွယ်က သက်ပြင်းချရင်း...

“ကျူတောပင်လယ်ဒေသရဲ့ သဘာဝပသာဒပင်လယ်ပြင်မှာ အဆုံးမဲ့သံလိုက်မုန်တိုင်းတွေ တစ်နှစ်ပတ်လုံးတိုက်ခတ်နေတယ်ဆိုတာ... အရင်က ကောလဟလပဲကြားဖူးတာ ၊ အခုတော့ ကိုယ်တိုင်တွေ့မြင်ရပြီပဲ ၊ ကိုယ်တိုင်သာမတွေ့ရရင် ဘယ်လောက်အန္တရယ်များလဲဆိုတာ သိရမှာမဟုတ်ဘူး ၊ ပြီးတော့ ဒီနေရာကမုန်တိုင်းတွေက တခြားနေရာတွေက အဆုံးမဲ့သံလိုက်မုန်တိုင်းတွေထက်တောင် ပိုပြီးပြင်းထန်သေးတယ် ၊ ငါတို့ လေဟုန်စီးကောင်းကင်ရွက်လှေတောင် ဆင်းသက်လို့မရဘူးဖြစ်နေတယ်”

ထိုလူရွယ်က စာပေသမားတစ်ယောက်နှင့်ဆင်တူပြီး သူ့နာမည်က ချန်ကျိလျန် ဖြစ်သည်။ သူက အရှေ့တောင် ထိပ်တန်းအရှင်သခင်၏ တိုက်ရိုက်တပည့်များထဲမှ တစ်ယောက် ဖြစ်၏။

သဘာဝပသာဒနယ်မြေ ၊ ပင်လယ်ရေအောက်ထဲတွင် ပိတ်မိနေသူမှာ ဝန်လော့ရှာဟု အမည်ရသော မိန်းမပျိုတစ်ယောက်ဖြစ်ပြီး သူမက ချန်ကျိလျန်၏ တိုက်ရိုက်တပည့်ဖြစ်သည်။ ထို့ကြောင့် သူမသည်လည်း အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကို အုပ်စိုးသော အရှေ့တောင် ထိပ်တန်းအရှင်သခင်၏ တိုက်ရိုက်အဆက်အနွယ်ဟု ဆိုနိုင်သည်။

ချန်ကျိလျန်ဘေးတွင်ရပ်နေသည့် လူရွယ်က ချန်ကျိလျန်၏ ဂိုဏ်းတူအစ်ကို ၊ ဝန်လော့ရှာ၏ ဆရာဦးလေး ‘ကျန့်မင်’ ဆိုသူ ဖြစ်သည်။

သူတို့နှစ်ယောက်တွင် တစ်ယောက်က နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့် ၊ သိုင်းသူတော်စင် ပဉ္စမအဆင့်ရှိပြီး ကျန်တစ်ယောက်ကတော့ နတ်ဘုရားသိမြင်ခြင်းကနဦးအဆင့် ၊ သိုင်းသူတော်စင် စတုတ္ထအဆင့် ရှိသူ ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်အရ သူတို့နှစ်ယောက်လုံးကို ကျူတောပင်လယ်ဒေသ၏ ထိပ်တန်းသိုင်းကျင့်ကြံသူများအဖြစ် သတ်မှတ်နိုင်သော်လည်း စွမ်းအားအမြင့်မားဆုံး အထွတ်ထိပ်အဆင့်များ မဟုတ်ကြသေးပေ။ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးတွင် သူတို့နှစ်ယောက်ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူ များစွာရှိသည်။

သို့သော် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် သမုဒ္ဒရာဓား ‘ကျန့်မင်’ နှင့် ဥဒေါင်းတောင်ပံဓား ‘ချန်ကျိလင်’ တို့ကို မသိသူ မရှိကြပေ။

ဤသို့ဖြစ်သည်မှာ သူတို့နှစ်ယောက်က အရှေ့တောင် ထိပ်တန်းအကြီးအကဲ၏ တိုက်ရိုက်တပည့်များဖြစ်နေ‌သောကြောင့် မဟုတ်ပေ။ သူတို့၏ ထူးခြားသော တန်ခိုးစွမ်းအားများကြောင့်သာ ကြီးကျယ်ခမ်းနားသော ဂုဏ်သတင်းကျော်ကြားမှုကို ရရှိခဲ့ခြင်း ဖြစ်၏။

သူတို့ခြေထောက်အောက်မှ ‘လေဟုန်စီးကောင်းကင်ရွက်လှေ’ မပါရှိဘဲ ၊ သူတို့သည် မည်သူမည်ဝါ၏တပည့်ဖြစ်ကြောင်း အားမကိုးဘဲ ၊ သူတို့ကိုယ်ပိုင်တန်ခိုးစွမ်းအားဖြင့်ပင် ကျူတောပင်လယ်ဒေသလိုနေရာမျိုးကို စိတ်ရှိတိုင်း လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသည်။

ကျူတောပင်လယ်ဒေသတွင် သူတို့နှင် လက်ရည်တူယှဉ်နိုင်သူများဆို၍ ဧကရာဇ်ရွှမ်မု ၊ ခန်းမသခင်’ကုဟုန်’ ၊ ကွမ်းမင်ဂိုဏ်းချုပ်’လော့ကျီးထောင်’ ၊ ယိုးမင်ဂိုဏ်းချုပ်’ကျိုးဟောက်ရှန်း’နှင့် ကြေးနီကျွန်းသခင်’ကုန်းစွန်းမင်’ တို့ သာလျှင် ရှိသည်။

သို့သော် ယခုတော့ တန်ခိုးစွမ်းအားမြင့်မားလှပါသည်ဆိုသော အနှီတန်ခိုးစွမ်းအားရှင်နှစ်ယောက်မှာ သဘာဝမုန်တိုင်းများကိုရင်ဆိုင်ရင်း အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေကြ၏။

ချန်ကျိလင် သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်သည်။

အမှန်တော့ ဝန်လော့ရှာလက်ထဲတွင်ရှိနေသော ‘ကောင်းကင်ဝန်းကျင်အင်းသင်္ကေတ’ က သာမန်အကာအကွယ်ပစ္စည်းလေးတစ်ခုမျှသာ ဖြစ်သည်။ ထို့ကြောင့် အဆုံးမဲ့သံလိုက်မုန်တိုင်းများအတွင်း သူမ ဝင်ရောက်သည့်အခါ ထိုပစ္စည်းကို အပြည့်အဝ အားကိုးခဲ့ခြင်း မရှိပေ။

တကယ်တော့ ဝန်လော့ရှာက သူမ၏ ဆရာဖြစ်သူ ၊ ဆရာဦးလေး’ကျန့်မင်’ နှင့် လေဟုန်စီးကောင်းကင်ရွက်လှေကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသော ရတနာပစ္စည်းများကို အမှန်တကယ်ပင် မှီခိုအားထားခဲ့ပြီး သူမ ဒုက္ခရောက်လျှင်လည်း လာရောက်ကယ်တင်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

စိတ်မကောင်းစရာမှာ ဝန်လော့ရှာ တွက်ချက်မှု မှားယွင်းသွားခဲ့သည်။ ချန်ကျိလင်နှင့် ကျန့်မင်တို့က အခြေအနေကို စောင့်ကြည့်စောင့်ဆိုင်းနေရသော်လည်း သူမအတွက်တော့ အသက်အန္တရယ်ရှိနေပြီ ဖြစ်သည်။

သိုင်းသူ‌တော်စင် ပဉ္စမအဆင့်ရှိသော ကျန့်မင်က...

“အခု နည်းလမ်းတစ်ခုပဲ ရှိတော့တယ် ၊ မင်းက ဒီ လေဟုန်စီးကောင်းကင်ရွက်လှေကို ထိန်းပေးထား ၊ ငါက ရွက်လှေပေါ်ကဆင်းပြီး ပင်လယ်ရေအောက်က တူမလေး’ဝန်’ ကို ခေါ်ထုတ်လာခဲ့မယ်”

ထိုစကားကြားတော့ ချန်ကျိလင်မျက်ခုံးများ တင်းတင်းကျပ်ကျပ် တွန့်ချိုးသွားသည်။

သူတို့အတွက် ဤတစ်နည်းသာ ရှိတော့သည်။ သို့သော် အလွန်အန္တရယ်ကြီးမားလွန်းပြီး မုန်တိုင်းများသာ အချိန်တိုအတွင်း ရပ်တန့်မသွားပါက ကျန့်မင်သည်ပင် ထိခိုက်ဒဏ်ရာရသွားနိုင်သည်။

သူစဉ်းစားနေစဉ် ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မုန်တိုင်းများအပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။

မုန်တိုင်းများအလယ် မိုးကြိုးလျှပ်စီးအလင်းရောင်များဖြင့် ကာကွယ်ထားသော်လည်း အဝေးမှ အသင်္ချေနဂါးနန်းတော်၏ လှုပ်ရှားမှုများကို အာရုံခံနိုင်နေသေးသည်။

အစပိုင်းတွင် ထိုနန်းတော်နှင့်ပတ်သက်ပြီး စိတ်ထဲသိပ်မထားသော်လည်း နဂါးနန်းတော်ထက် ကောင်းကင်ယံတွင် ရုတ်တရက် အပြောင်းအလဲများဖြစ်လာသည့်အခါ ချန်ကျိလင် အရေးမစိုက်ဘဲ မနေနိုင်တော့ပေ။

“သူတို့က ငါတို့ဆီက အမြတ်ထုတ်ဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား”

ချန်ကျိလင် အံ့အားသင့်စွာဖြင့် တွေးလိုက်သည်။

သူနှင့် ကျန့်မင်ဘေးတွင် လူတစ်ယောက်မတ်တတ်ရပ်နေပြီး ဆံပင်ဖြူဖြူများနှင့် အဘိုးအိုတစ်ယောက် ဖြစ်သည်။ အပြင်ပန်းသာ အသက်အရွယ်ကြီးရင့်သော်လည်း စိတ်ဓာတ်ကတော့ အလွန်တက်ကြွရွှင်လန်းဟန် ရှိ၏။

ထိုအဘိုးကြီးက ပြုံးရင်း...

“သူတို့အနေနဲ့ လေဟုန်စီးကောင်းကင်ရွက်လှေရဲ့သင်္ကေတကို မသိဘဲတော့ နေမှာမဟုတ်ဘူး ၊ ဉာဏ်မရှိတဲ့အပြုအမူမျိုး မလုပ်လောက်ဘူး ၊ တကယ်လို့ အဲဒီလောက် ရူးမိုက်မယ်ဆိုရင်လည်း  ဒီအဘိုးကြီး သူတို့ကို သွားရှင်းပစ်လိုက်မယ်”

ချန်ကျိလင် ခေါင်းညိတ်ရင်း...

“အဲဒါ အကောင်းဆုံးပဲ”

ထိုအဘိုးကြီးနာမည်က ပိုင်ကျစ်မင် ဖြစ်သည်။

သူက အရှေ့တောင် ထိပ်တန်းမျိုနွယ်တစ်ယောက် မဟုတ်ပေ။ သူက သိုင်းသူတော်စင် စတုတ္ထအဆင့်အောင်မြင်ပြီး အောက်ဘုံကမ္ဘာမှ အထက်ဘုံကမ္ဘာသို့တက်လာသူတစ်ယောက်ဖြစ်၏။ ကံကောင်းစွာပင် သူက ကျန့်မင် ၊ ချန်ကျိလင်တို့အုပ်စုနှင့် တွေ့ဆုံခဲ့ပြီး မျက်နှာသာပေးခြင်း ခံခဲ့ရသည်။

ကျန့်မင်သည်လည်း အသင်္ချေနဂါးနန်းတော်မှ အပြောင်းအလဲများကို သတိပြုမိသည်။

သူက တစ်ချက်လှမ်းကြည့်ရင်း...

“ကြည့်ရတာ သူတို့က ငါတို့ဆီက အမြတ်ထုတ်ချင်တဲ့ပုံမရှိဘူး ၊ ငါတို့ကို ကူညီဖို့ ကြိုးစားနေသလိုပဲ”

ချန်ကျိလင်က ခေါင်းခါယမ်းရင်း...

“ကူညီဖို့ကြိုးစားတာဆိုရင်တော့ အသိအမှတ်ပြုပါတယ် ၊ ဒါပေမဲ့ ကောင်းကင်ဘယ်လောက်မြင့်တယ် ၊ မြေကြီးဘယ်လောက်နက်တယ်ဆိုတာကို သိပုံမပေါ်ဘူး ၊ ဒီလိုမုန်တိုင်းထဲကို သူတို့ချဉ်းကပ်လာရင် တစ်ခါတည်း အက်ကွဲကြေမွသွားမှာပေါ့”

ကျန်းမင်က အသင်္ချေနဂါးနန်းတော်ကို အာရုံစူးစိုက်ပြီး ကြည့်လိုက်သည်။

“မဟုတ်သေးဘူး...”

ချန်ကျိလင်နှင့် ပိုင်ကျစ်မင်တို့လည်း လှမ်းကြည့်ရင်း မှင်တက်သွားကြ၏။

အသင်္ချေနဂါးနန်းတော်ထက်မှ အစီအရင်စက်ဝန်းက လှည့်ပတ်နေပြီး အလင်းတန်းများက နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားကာ လေထဲသို့ ပျံတက်လာသည်။

အလင်းတန်းများက ပုံစံများစွာ ရေးစွဲနေသည့်အလား လှည့်ပတ်နေပြီး အသင်္ချေနဂါးနန်းတော်ကို ဗဟိုပြုကာ သဏ္ဌန်တစ်ခု ဖြစ်တည်လာသည်။

သေသေချာချာကြည့်လိုက်တော့ အလင်းစီးကြောင်းများဖြင့် ရေးဆွဲထားသောသဏ္ဌန်က အသင်္ချေနဂါးနန်းတော်ကို လွှမ်းခြုံကာ ကြီးမားသော ရွက်လှေကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားလေ၏။

All Chapters