← Chapters

ကောင်းချီးလေလော၊ ကျိန်စာလေလော

Vol. 35 Ch. 478

ကောင်းချီးလေလော၊ ကျိန်စာလေလော

Vol. 35 Ch. 478

ပိုအရေးကြီးသည်က မီးတောက်နဂါး၏ ကောင်းချီးဟုခေါ်သော အရာနှင့်ပက်သက်၍ စုမင် အမြဲသံသယဝင်နေခဲ့ခြင်းဖြစ်သည်။

သူ့အမြင်တွင် မီးတောက်နဂါးသည် ဥာဏ်များ၊ ပြတ်သားသော သက်ရှိမျိုးဖြစ်သည်။ ၎င်းသည် သေဆုံးသွားပြီးနောက် စိတ်ဝိညာဥ်တစ်စပင် ကျန်ရစ်ခဲ့လျှင်တောင် မောက်မာဝံ့ကြွားနေဦးမည့် သက်ရှိမျိုးဖြစ်၏။

ထိုအရာက လိမ်ညာခြင်းလည်း ဖြစ်နိုင်သလို၊ အမှန်တစ်ကယ် ကောင်းချီးတစ်ခုလည်း ဖြစ်နိုင်၏။ သို့သော်လည်း ကောင်းချီးများနှင့် ကျိန်စာများကြားတွင် မျဥ်းပါးလေးတစ်ကြောင်းသာ ရှိနေခြင်းဖြစ်သည်။ ထိုအရာက ပုလင်းလွတ်တစ်လုံးလိုပင်… ရေလုံလုံလောက်လောက် ဖြည့်ပြီးသည်နှင့် ပြည့်သွားလိမ့်မည်ဖြစ်သော်လည်း တစ်ယောက်ယောက်ကသာ ပုလင်းဆန့်နိုင်သည့် ရေပမာဏထက် ပိုမိုထိုးထည့်လိုက်မယ်ဆိုလျှင် ၎င်းက ကွဲအက်သွားနိုင်ပေသည်။

ဤပေါက်ကွဲမှုမျိုးသည်ကား ကောင်းချီးတစ်ခု မဟုတ်တော့ပဲ ကျိန်စာ၏ အခြားပုံစံတစ်မျိုး ဖြစ်သွားလေပြီ။

‘မင်းသာ ငါပေးတဲ့ အခွင့်အရေးကို ခံနိုင်ရည်ရှိရင် ငါ့ရဲ့ကျန်ရှိတဲ့ အသက်ဓာတ်တွေနဲ့ ကမ္ဘာတစ်ခုရဲ့ စွမ်းအားကို မင်းကြီးထွားလာနိုင်ဖို့ ကောင်းချီးပေးလိုက်မယ်။ အဲဒါမှ ငါ့မျိုးဆက်ရဲ့ သခင်ဖြစ်လာခွင့်ရှိမယ်’

‘မင်းသာ ခံနိုင်ရည်မရှိခဲ့ရင်တော့ မင်းမှာ ငါ့မျိုးဆက်ရဲ့ သခင်ဖြစ်လာခွင့်မရှိဘူး။ ဘာကြောင့်ပဲဖြစ်နေပါစေ၊ မီးတောက်နဂါးရဲ့ မျိုးဆက်တစ်ယောက်အတွက် သခင်မရှိတာက တစ်စုံတစ်ဦးရဲ့ အစေခံဖြစ်ရတာထက်တော့ သာသေးတယ်’

ဤသည်ကမှ မီးတောက်နဂါး၏ အတွေးအမှန် ဖြစ်နိုင်လောက်၏။

သေရေး၊ ရှင်ရေးအား အချိန်ခဏအတွင်း ဆုံးဖြတ်ရမည်ဖြစ်ပြီး ထိုအရာအားလုံးက စုမင်၏ ရွေးချယ်မှုအပေါ် မူတည်နေသည်။ ၎င်းက ကောင်းချီးတစ်ခု၊ ကျိန်စာတစ်ခု ဖြစ်သလို… စမ်းသပ်ချက်တစ်ခုလည်း ဖြစ်နေ၏။

စုမင်၏ မျက်လုံးတို့တောက်ပသွားသည်။ သူသည် အလျင်အမြန် ပုပ်သိုးဆွေးမြေ့လာနေသော အမျိုးသမီးဦးခေါင်းနှင့် သူမ၏ နံဖူးအလယ်မှ အနက်ရောင်အမျှင်လေးကို လှမ်းကြည့်လိုက်သည်။ ထိုအနက်ရောင်အမျှင်လေးအား မြင်နေရသည်က ပိုမိုရှင်းလင်းလာပြီး ၎င်းက အမျိုးသမီးဦးခေါင်း၏ နံဖူးအလယ်မှ အချိန်မရွေး တိုးထွက်လာတော့မည့် အလားပင်… ထိုအနက်ရောင်အမျှင်လေးမှာ သူ၏ မြွေငယ်လေးပင်ဖြစ်သည်။

‘ဒီစွမ်းအားတွေက ရုတ်တရက် ရောက်လာတာဖြစ်လို့ ငါ့မှာ တည်ငြိမ်နေအောင် လုပ်ဖို့အချိန်မရှိဘူး။ အဲဒီလိုဆိုမှတော့ မာန်ဝိညာဥ်နယ်ပယ်ကို အရှိန်အဟုန်နဲ့ ချိုးဖျက်ဖို့ အတင်းအကြပ် ကြိုးစားရတော့မှာပေါ့။ ပြီးပြည့်စုံတဲ့ ပြင်ဆင်မှုမရှိလို့… ငါ့ရဲ့ ကျရှုံးနိုင်ချေက တော်တော်မြင့်လိမ့်မယ်’

သူ့သိုလှောင်အိတ်ထဲတွင် သွေးကျောက်တုံးများစွာရှိသော်လည်း ၎င်းတို့အထဲရှိ တစ်ခုတွင်မှ အသူရာကိုးပါးပန်းပွင့် မပါကြောင်း စုမင်သိနေ၏။ ထိုသို့မဟုတ်လျှင် သူထိုကျောက်တုံးကိုခွဲကာ ထုတ်ယူပြီးလောက်ချေပြီ။ သူသည် ကြိုးတစ်ချောင်းပေါ်တွင် အလျင်အမြန်လှုပ်ရှားရန် ဖိအားပေးခံနေရသကဲ့သို့ အန္တရာယ်များသော အခြေအနေတစ်ခုတွင်ရှိနေပြီး ထိုအခိုက်အတန့်မှာပင် နှစ်ဆယ့်လေးခုမြောက် မာန်အရိုးက သူ့ကိုယ်တွင်း၌ ဖွဲ့စည်းဖြစ်ပေါ်လာခဲ့လေသည်။

‘ငါ ချိုးဖျက်တက်ရောက်ဖို့ ကြိုးစားသင့်လား၊ မကြိုးစားသင့်ဘူးလား…’

စုမင်စိတ်တို့ လွန်ဆွဲနေ၏။ သို့သော်လည်း သူ့ကိုယ်တွင်းသို့ အဆက်မပြတ် တိုးဝင်လာနေသည့် အသက်ဓာတ်နှင့် စွမ်းအင်များကို ဖယ်ထုတ်ရန်အတွက်မူ သူ့တွင်နည်းလမ်းမရှိပါချေ။ မာန်အရိုးများ အရေအတွက် ပိုများလာခြင်းနှင့် စွမ်းအင်များ တိုးဝင်လာနေခြင်းတို့ကြောင့် သူမည်မျှ သန်မာလာသည်ကို စုမင်ခံစားနေရ၏။

ထိုအရာက သူယခင်ပိုင်ဆိုင်ခဲ့ဖူးသည်ထက် များစွာသာလွန်သော ခွန်အားတစ်ခုဖြစ်သည်။ သို့သော်လည်း ပိုမိုသန်မာလာမှုနှင့်အတူ သေခြင်းတရား၏ အရိပ်အငွေ့တို့ကပါ ကပ်ပါလာလေသည်။ မာန်အရိုး နှစ်ဆယ့်ခြောက်ခုသို့ ရောက်သွားသည်နှင့် အရာအားလုံးဖြင့် လောင်းကြေးထပ်ကာ သူ့အသက်အား တစ်ခဏအတွင်း ဆုံးဖြတ်ချက်ချရတော့မှာ ဖြစ်သည်။

နှစ်ဆယ့်ငါးခုမြောက် မာန်အရိုးထံမှ ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတို့ တောက်ပလာသည်ကို စောင့်ကြည့်နေရင်း စုမင် အံကိုတင်းတင်းကြိတ်လိုက်မိ၏။ ထို့နောက် ဒျန်တျန်နယ်မြေထဲရှိ အခြေတည်စိတ်ဝိညာဥ်၏ မျက်လုံးများက ချက်ချင်းပွင့်လာပြီး လက်ဟန်သကေၤတများ ပြုလုပ်ကာ စွမ်းအားများကို ရှူသွင်းလိုက်သည်။

ဤသည်ကသာ ဖြစ်စဥ်ကို အရှိန်နှေးရန် စုမင်စဥ်းစားမိသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သို့သော် ဤနည်းလမ်းမှာလည်း ကြာရှည်အလုပ်မဖြစ်နိုင်ကြောင်း သူသေချာသိနေ၏။ အခြေတည်စိတ်ဝိညာဥ်ကသာ မီးတောက်နဂါး၏ အသက်ဓာတ်နှင့် စွမ်းအင်များကို စုပ်ယူနိုင်စွမ်း မရှိတော့သည်နှင့် ခက်ခဲသောရွေးချယ်မှုတစ်ခုကို သူလုပ်ရတော့မှာဖြစ်သည်။

စုမင်ကိုယ်တွင်းသို့ တိုးဝင်လာနေသော စွမ်းအားများမှာ လမ်းကြောင်းပြောင်းသွားပြီး အများစုက အခြေတည်စိတ်ဝိညာဥ်ထံ တိုးဝင်သွားကြသည်။ ထို့နောက် တစ်ခဏအတွင်း အခြေတည်စိတ်ဝိညာဥ်အား စွမ်းအားများ ဖုံးအုပ်သွားလေသည်။

အခြေတည်စိတ်ဝိညာဥ်သည် ဟုန်လော့ချန်ထားရစ်ခဲ့သော အင်မော်တယ်တို့၏ ကျင့်ကြံနည်းအတိုင်း လက်ဟန်သကေၤတများကို ဆက်တိုက်ပြုလုပ်နေ၏။ တစ်ခဏအကြာမှာပင် ၎င်းသည် မူလအရွယ်အစားထက် နှစ်ဆပိုကြီးလာပြီး မျက်နှာထက်တွင်လည်း နာကျင်မှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။ ဤသို့ အတင်းအကြပ် စွမ်းအားတိုးမြှင့်မှုမျိုးသည် ကံကောင်းမှုအခွင့်အလမ်း တစ်ခုဖြစ်သလို အန္တရာယ်နှင့် နာကျင်မှုများ ရှိသည်ဟုလည်း ရည်ညွှန်းနေ၏။

အခြေတည်စိတ်ဝိညာဥ်၏ အရွယ်အစားမှာ ဖောင်းကားလာသည်နှင့် ၎င်း၏ ကျင့်ကြံဆင့်သည်လည်း အစောပိုင်းအခြေတည်စိတ်ဝိညာဥ်အဆင့်မှ အခြေတည်စိတ်ဝိညာဥ် အလယ်ဆင့်သို့ ချက်ချင်းရောက်ရှိသွားသည်။ အချိန်များက အလျင်အမြန်ပင် ကုန်ဆုံးသွားပြီး မကြာမီမှာပင် အခြေတည်စိတ်ဝိညာဥ်သည် ယခင်ထက် နှစ်ဆပိုမိုဖောင်းကားလာကာ စုမင်နှင့် ၎င်း၏ မျက်နှာပေါ်တွင် အပြင်းအထန် နာကျင်ခံစားရေဟန် အမူအယာမျိုး ပေါ်လာခဲ့သည်။

အခြေတည်စိတ်ဝိညာဥ်မှာ အချိန်မရွေး ပေါက်ကွဲထွက်သွားတော့မည်ဟု စုမင်ခံစားနေရ၏။ ထို့နောက် သူ့ခေါင်းထဲတွင် ဝုန်းခနဲမြည်ဟည်းသွားပြီး အခြေတည်စိတ်ဝိညာဥ်ထံမှ ကြုံးဝါးသံကြီး ထွက်ပေါ်လာသည်။ အခြေတည်စိတ်ဝိညာဥ်၏ အတွင်းပိုင်းမှာ မည်းနက်နောက်ကျိသွားပြီး အလယ်ဆင့်မှ နှောင်းပိုင်း အခြေတည်စိတ်ဝိညာဥ်အဆင့်သို့ ချက်ချင်းထိုးတက်သွား၏။

သို့သော်လည်း စုမင်ကိုယ်တွင်းသို့ တိုးဝင်လာနေသော စွမ်းအားများမှာ အနည်းငယ်ပင် လျော့နည်းသွားခြင်း မရှိသေးပေ။ ထိုအစား ပိုမို၍ပင် များပြားလာနေပြီး ၎င်းတို့က စုမင်ခန္ဓာကိုယ် ပေါက်ကွဲမသွားမချင်း ရပ်တန့်မည့်ပုံမပေါ်ပေ။

စုမင်၏ ကိုယ်ပေါ်တွင် သွေးကြောများဖောင်းကြွလာပြီး အခြေတည်စိတ်ဝိညာဥ်တွင်လည်း သေးငယ်သော အက်ကြောင်းလေးများ စပေါ်လာခဲ့ချေပြီ။ ယခုအချိန်တွင် ၎င်းပုံစံက ပေါက်ကွဲထွက်သွားတော့မည့် ပုလင်းလေးတစ်လုံးလိုပင်…

အခြေတည်စိတ်ဝိညာဥ်သည် စွမ်းအားများကို ဆက်လက်စုပ်ယူနေပြီး နှောင်းပိုင်းအဆင့်မှ အခြေတည်စိတ်ဝိညာဥ် မဟာစက်ဝန်းကြီး အဆင့်သို့ တက်လှမ်းသွားခဲ့သည်။ နောက်တစ်လှမ်းဆိုသည်နှင့် စိတ်ဝိညာဥ်ဖွဲ့စည်းမှုအဆင့်သို့ ရောက်ရှိသွားတော့မှာ ဖြစ်သည်။

စိတ်ဝိညာဥ်ဖွဲ့စည်းမှုအဆင့်သို့ ရောက်ရှိသွားသည်နှင့် အခြေတည်စိတ်ဝိညာဥ်သည် နှောင်းပိုင်းရှာမန်နှင့် မာန်ဝိညာဥ်နယ်ပယ် မာန်စွမ်းအားရှင်များသဖွယ် သန်မာလာပြီဖြစ်သည်။

‘အင်မော်တယ်တွေရဲ့ စိတ်ဝိညာဥ်ဖွဲ့စည်းမှုအဆင့်ကို ရောက်ဖို့ဆိုရင် သူတို့ရဲ့ နယ်ပယ်တွေကို နားလည်ထားဖို့လိုတယ်။ နယ်ပယ်တွေဆိုတာက တစ်ကယ်ကို ထူးခြားဆန်းကြယ်ပြီးတော့ ငါအခုထိ နားမလည်နိုင်သေးတဲ့ အရာပဲ… ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ငါအဲဒီအဆင့်ကို ရောက်အောင်လုပ်ရမှာပဲ’

စုမင်သည် အံတင်းတင်းကြိတ်ကာ အရာအားလုံးကို စတေးရန် အသင့်ဖြစ်နေလေပြီ။ သေရေး၊ ရှင်ရေးအား တစ်ခဏအတွင်း ဆုံးဖြတ်ရမည့် အချိန်ရောက်လာသောအခါ သူ့ကိုယ်သူ သေခြင်းတရားကို တွေးပူမနေတော့ကြောင်း သိလိုက်ရ၏။ ဤသည်က မီးတောက်နဂါး၏ ကောင်းချီးနှင့် စမ်းသပ်ချက်ဆိုမှတော့ သူလည်း တစ်ခြားအရာတွေကို တွေးပူမနေတော့ပေ။

စုမင်စိတ်ထဲတွင် ထိုအတွေးပေါ်လာသည်နှင့် အခြေတည်စိတ်ဝိညာဥ်သည်၏ မျက်နှာတွင် ကြမ်းကြုတ်သော အမူအယာတစ်ခု ပေါ်လာပြီး ပါးစပ်ကိုဟလိုက်လေသည်။

‘မီးတောက်နဂါး… မင်းရဲ့ ကောင်းချီးကို ငါဘယ်လောက်လက်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့’

အခြေတည်စိတ်ဝိညာဥ်သည် ပါးစပ်ကို ကျယ်ကျယ်ဟ၍ စွမ်းအင်များကို အရူးအမူး စုပ်ယူလိုက်သည်။ စုမင်ကိုယ်တွင်းသို့ တိုးဝင်လာသမျှ စွမ်းအင်အားလုံးမှာ အခြေတည်စိတ်ဝိညာဥ်ထံ ရောက်ရှိသွားပြီး ၎င်း၏အရွယ်အစားက အလွန်လျင်မြန်စွာ ကြီးထွားလာသည်။ ထို့နောက် နောက်ဆုံးတွင်တော့ စုမင်နှင့် အရွယ်အစားချင်း အတူတူဖြစ်လာခဲ့လေသည်။

‘စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း… စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း… နယ်ပယ်တွေအကြောင်း ငါနားမလည်သေးပေမယ့် အတိတ်နဲ့ အနာဂါတ် ပေါင်းစည်းမှုကိုတော့ နားလည်တယ်။ အတိတ်နဲ့ အနာဂါတ်ကြားက ကြားမှတ်ကိုလည်း သိတယ်။ နယ်ပယ်တွေအကြောင်း ပြောရမယ်ဆိုရင်တော့ ငါ့ရဲ့ နယ်ပယ်က ကံကြမ္မာပဲ’

‘လူတိုင်းက သူတို့ကိုယ်ပိုင် ကံကြမ္မာတွေရှိပြီး သက်ရှိအားလုံးက ပြန်လည်ဝင်စားခြင်းနဲ့ပဲ အဆုံးသတ်ရတယ်’

အခြေတည်စိတ်ဝိညာဥ်သည် ပိုမိုဖောင်းကားလာပြီး အဆုံး၌ ခပ်တိုးတိုး ကြုံးဝါးသံတစ်ချက်နှင့်အတူ ပေါက်ကွဲသွားလေသည်။ စုမင်ခေါင်းထဲတွင်လည်း ဝုန်းခနဲမြည်ဟည်းသွား၏။

သူ့စိတ်များက ဝေဝါးသွားပြီး အခြေတည်စိတ်ဝိညာဥ်၏ အသွင်ကူးပြောင်းမှုကို မြင်လိုက်ရပုံပေါ်သည်။ ဘဝသစ်တစ်ခုကား မွေးဖွားလာခဲ့ချေပြီ။ ၎င်းအား အခြေတည်စိတ်ဝိညာဥ်ဟု မခေါ်နိုင်တော့ပဲ အခြေတည်နတ်ဘုရားဟု ခေါ်ရတော့မှာ ဖြစ်သည်။

အခြေတည်နတ်ဘုရားသည် အရိပ်တစ်ခုနှင့် တူသော်ငြား ရုပ်ခန္ဓာလည်း ရှိနေ၏။ ၎င်းက ရုပ်ခန္ဓာရှိသည်ဟု ထင်ရသော်လည်း တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်တစ်ခုလည်း ဖြစ်နေပြန်၏။ အခြေတည်နတ်ဘုရားထံမှ ထွက်ပေါ်လာသော လှိုင်းလုံးတစ်ခုကို စုမင်အာရုံခံမိလိုက်သည်။ ထိုအရာက အခြေတည်နတ်ဘုရားသာ မပျက်စီးခဲ့လျှင် သူ့စိတ်ဝိညာဥ်သေဆုံးလိမ့်မှာ မဟုတ်ဟု စုမင်အား ပြောပြနေသော စိတ်စွမ်းအင်အမျှင်တစ်ခု ဖြစ်သည်။

အခြေတည်နတ်ဘုရားသည် ယခုမှ မွေးဖွားလာကာစဖြစ်၍ မည်မျှအားနည်းနေသေးကြောင်း စုမင် ခံစားမိသည်။ သူ့ကိုယ်သူ ပြန်လည်ကောင်းမွန်လာအောင် ကုစားရန်အတွက် အချိန်လိုအပ်ပေသည်။ ၎င်းအနေဖြင့် မီးတောက်နဂါး၏ စွမ်းအင်များကိုသာ ထပ်မံစုပ်ယူမည်ဆိုလျှင် ခံနိုင်ရည်မရှိပဲ ချက်ချင်းပျက်စီးသွားပေလိမ့်မည်။

မီးတောက်နဂါး၏ အသက်ဓာတ်နှင့် စွမ်းအင်များသည် အခြေတည်နတ်ဘုရားထံသို့ တိုးဝင်သွားတော့မှာဖြစ်သည်။ စုမင် မျက်လုံးများကိုဖွင့်၍ လက်ဟန်သကေၤတတစ်ခု ပြုလုပ်ကာ သူ့ရှေ့သို့ ညွှန်ပြလိုက်သည်။ အခြေတည်နတ်ဘုရားထံ ချဥ်းကပ်သွားသော စွမ်းအင်များသည် စုမင်ကိုယ်ထဲမှ ပြန်တိုးထွက်သွားပြီး သူ့အရှေ့တွင် စုစည်းသွားကြ၏။

‘အခြေတည်နတ်ဘုရားကို ဖွဲ့စည်းနိုင်ခဲ့တဲ့ အင်မော်တယ်တွေက အခြေတည်နတ်ဘုရား မပျက်စီးသရွေ့ သူတို့စိတ်ဝိညာဥ်ကလည်း သေဆုံးလိမ့်မှာ မဟုတ်ဘူး။ ငါ့မှာလည်း အခု အခြေတည်နတ်ဘုရား ရှိနေပြီဆိုမှတော့ ငါ့ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် အခြေတည်နတ်ဘုရားကိုသုံးပြီး တစ်ခြားတစ်ယောက်ကို ပူးကပ်လို့ရပြီ’

စုမင်သည် အံကို တင်းတင်းကြိတ်ထားလိုက်ပြီး သူ့ကိုယ်ထဲမှ အခြေတည်နတ်ဘုရား ထွက်သွားသည်နှင့်တစ်ပြိုင်နက် မီးတောက်နဂါး၏ စွမ်းအင်များကို သူ၏ မာန်အရိုးများထံ တွန်းပို့လိုက်သည်။

တစ်ခဏအတွင်းမှာပင် နှစ်ဆယ့်ငါးခုမြောက် မာန်အရိုးမှ စူးရှသော ရွှေရောင်အလင်းများ ဖြာထွက်လာ၏။ ယခုအချိန်တွင် သူ့ကျောရိုးတစ်ခုလုံးမှာ ရွှေရောင်အလင်းတို့ တောက်ပနေပြီး သူ့တစ်ကိုယ်လုံး ရွှေရောင်ဖြစ်သွားသလိုပင်…

မာန်အရိုး နှစ်ဆယ့်ငါးခုဆိုသည်မှာ ရိုးရေစတေးနယ်ပယ်၏ အထွတ်အထိပ်ဖြစ်သည်။ ဤအဆင့်သို့ရောက်ရှိနေသော သန်မာသည့် မာန်စွမ်းအားရှင်များမှာ အများအပြားရှိသော်လည်း ထိုသူများသည် နှစ်ဆယ့်ခြောက်ခုမြောက် မာန်အရိုးပေါ်လာချိန်တွင် ကြုံတွေ့ရမည့် သေခြင်း၊ ရှင်ခြင်း အခက်အခဲအား ဖြတ်ကျော်ရန် ယုံကြည်ချက်မရှိသဖြင့် ကျင့်ကြံမှုကို ဆက်မလုပ်ကြပေ။ စုမင်တွင်သာ ရွေးချယ်စရာရှိမည်ဆိုလျှင်လည်း အောင်မြင်မည်ဟူသော ယုံကြည်ချက်များများစားစားရှိမှသာ သေချာပေါက် စွန့်စားမှာဖြစ်သည်။ သို့သော်လည်း ယခုအချိန်၌ သူ့တွင် ရွေးချယ်စရာမရှိပေ။

စုမင်၏ မျက်လုံးများက နီရဲလာသည်။ စိတ်ပိုင်းဖြတ်ပြီးသည်နှင့် မာန်အရိုး နှစ်ဆယ့်ငါးခုသည် မီးတောက်နဂါး၏ စွမ်းအင်များကို စုပ်ယူကာ… နှစ်ဆယ့်ခြောက်ခုမြောက် မာန်အရိုးအား ဖန်တီးခြင်းကို စတင်လိုက်လေပြီ။

နှစ်ဆယ့်ခြောက်ခုမြောက် မာန်အရိုးမှာ အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်ကြာပြီးနောက် ဖွဲ့စည်းဖြစ်တည်လာခဲ့လေသည်။ ထိုအခိုက်အတန့်မှာပင် မီးတောက်နဂါး၏ ကိုယ်ထည်အပြင်မှပင် လှမ်းမြင်နိုင်သော ရွှေရောင်အလင်းများက စုမင်၏ကျောရိုးမှ တိုးထွက်လာ၏။ ထိုအလင်းများမှာ အတူတကွ စုဝေးသွားပြီး စုမင်အနောက်တွင် အရိပ်ကြီးတစ်ခု ဖွဲ့စည်းဖြစ်ပေါ်လာတော့မည့်ပုံပင်… ထိုအရိပ်ကြီးသည်ကား… မာန်ဝိညာဥ်နယ်ပယ်ရှိ အစွမ်းထက်မာန်စွမ်းအားရှင်အားလုံး ပိုင်ဆိုင်သော… သူတို့ကိုယ်ပိုင် မာန်နတ်ဘုရားရုပ်တုပင် ဖြစ်လေသည်။

သူ့ဝိညာဥ်အား ထိုရုပ်တုအတွင်းသို့ စုပ်ယူခံရတော့မလို ခံစားချက်နှင့်အတူ စုမင်စိတ်မှာ ဝေဝါးသွားပြီး ခေါင်းထဲတွင် ဗလာကျင်းသွားခဲ့၏။

သို့သော်လည်း ထိုအရိပ်သည် ပေါ်ထွက်လာပြီးသည်နှင့် အကြိမ်အနည်းငယ်မျှ တောက်ပသွားပြီးနောက် ၎င်း၏ပုံစံကို ဆက်ထိန်းမထားနိုင်တော့မည့်ပုံ ပေါ်လာခဲ့သည်။ ထို့နောက် အလွန်တရာ မတည်ငြိမ်သော အခြေအနေဖြင့် အသက်ရှူကြိမ်များစွာခန့် တောင့်ခံနေခဲ့ပြီး နောက်ဆုံးတွင်တော့ ဝုန်းခနဲ ပေါက်ကွဲပျက်စီးသွားတော့၏။

ထိုအရိပ် ပြိုကွဲသွားသည်နှင့် ၎င်းအတွင်းသို့ စုပ်ယူခံခဲ့ရသော စုမင်စိတ်မှလည်း စုတ်ပြဲသွားသလို ခံစားလိုက်ရသည်။ စူးရှသောအလင်းတို့ တောက်ပနေသည့် သူ့ကျောရိုးမှာလည်း ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်နှင့်အတူ အပိုင်းပိုင်း ပျက်စီးသွားသည်။ ကျောရိုးပျက်စီးမှုနှင့်အတူ စုမင်၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာခဲ့လေသည်။

အစပိုင်းတွင် သွေးများသည် စီးကျရုံသာ စီးကျလာသော်လည်း နောက်တစ်ခဏအတွင်းမှာပင် ပန်းထွက်လာခဲ့၏။ သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းမှလည်း သွေးများပန်းထွက်လာပြီး စုမင်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပိန်ကျသွားခဲ့သည်။

သေခြင်းတရား၏ အရိပ်မည်းတို့သည် စုမင်ခေါင်းထက်၌ လွှမ်းခြုံလာခဲ့လေပြီ။ မာန်ဝိညာဥ်နယ်ပယ်သို့ ဝင်ရောက်ရန် သူ၏ကြိုးစားမှုမှာ ကျရှုံးသွားခဲ့ပြီဖြစ်သည်။

ကျောရိုးပျက်စီးမှုကြောင့် စုမင်၏ အသွေး၊ အသားတို့သည်လည်း ပဲ့ကြွေပျောက်ကွယ်သွားတော့မည့် အရိပ်အယောင်များ ပြလာခဲ့၏။ အသက်ဓာတ်များမှာ အလျင်အမြန် ပျောက်ကွယ်သွားနေပြီး အသက်မီးစာက အလျင်အမြန်ပင် အရောင်မှိန်လာလေသည်။

သို့သော်လည်း ထိုလက္ခဏာများ ပြလာချိန်မှာပင် သူ့ကိုယ်တွင်းသို့တိုးဝင်လာသော မီးတောက်နဂါး၏ များပြားသော စွမ်းအင်နှင့် အသက်ဓာတ်များကြောင့် စုမင်၏ ခန္ဓာကိုယ်နှင့် အသွေး၊ အသားတို့မှာ စုတ်ပြဲပျက်စီးသွားခြင်း မရှိခဲ့ပေ။ မီးတောက်နဂါး၏ အသက်ဓာတ်များသည် စုမင်အထဲသို့ ပေါင်းစည်းသွားပြီး စုမင်၏ အသက်ဓာတ်မှာ အလျင်အမြန်ပင် ပြန်လည်အားပြည့်လာခဲ့၏။ အပိုင်းပိုင်းပျက်စီးသွားသော ကျောရိုးသည်လည်း တစ်ခုတည်းအဖြစ် လျင်မြန်စွာ ပြန်လည်ချိတ်ဆက်သွားလေသည်။

“ငါ မင်းကို ကူညီပေးလို့ရတယ်။ ဒါပေမယ့် အဲဒါက တစ်ကြိမ်ပဲဖြစ်နိုင်လိမ့်မယ်… ငါ့ရဲ့ကောင်းချီးကို သက်ရှိတိုင်း လက်ခံနိုင်စွမ်းရှိတာမဟုတ်ဘူး။ နောက်တစ်ကြိမ်မှာ… မင်း ခံနိုင်ရည်မရှိရင်တော့ မင်းက ငါ့မျိုးဆက်ရဲ့ သခင်မဖြစ်ထိုက်ဘူး”

“နောက်လာမယ့် ငါ့ရဲ့ ကောင်းချီးလှိုင်းလုံးကို ထိန်းမထားနိုင်ရင်တော့ ဒီနေရာမှာပဲ ငါနဲ့အတူ ပုပ်သိုးဆွေးမြေ့သွားလိုက်တော့… အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန်ကို ကြိုးစားဖြတ်ကျော်နိုင်သွားတာနဲ့ ငါ့အဖိုးတန်ကမ္ဘာတစ်ခုရဲ့ ကျန်ရစ်တဲ့ စွမ်းအားတွေ ပေါ်လာလိမ့်မယ်။ မင်းသာ အဲဒါကို စုပ်ယူနိုင်မယ်ဆိုရင် အဲဒါက မင်းအတွက် စစ်မှန်တဲ့ ကံကောင်းမှုပဲ”

မီးတောက်နဂါး၏ အသံက စုမင်စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ သူ့ကျောရိုးသည် တစ်ဖြည်းဖြည်း ပြန်လည်စုဝေးသွားပြီး အသက်ဓာတ်များကလည်း ပြန်လည်အားပြည့်သွားပြီဖြစ်သည်။ ကျောရိုးတွင် ရွှေရောင်အလင်းများ တောက်ပနေခြင်းမရှိတော့ပဲ ၎င်းတို့ကို နောက်တစ်ကြိမ် ပြန်လည်သန့်စင်ရန် လိုအပ်သည်မှအပ စုမင်အတွက် အနည်းငယ်ပင် ထိခိုက်မှုမရှိခဲ့ပေ။

သူ့ကျောရိုး ပြန်လည်ဖြစ်ပေါ်လာချိန်တွင် မာန်အရိုးများမှာ ပျက်စီးသွားခဲ့ပြီဖြစ်သော်လည်း သူ့စွမ်းအားများ လျော့ပါးသွားသည်ဟု မခံစားရရုံသာမက ယခင်ထက်ပင် ပိုမိုသန်မာလာသည်ဟု စုမင်ခံစားနေရသေး၏။ သို့သော်လည်း သူ့ကိုယ်တွင်းသို့ တိုးဝင်လာသော အသက်ဓာတ်နှင့် စွမ်းအင်များကြောင့် ကျောရိုးပေါ်ရှိ ပထမဆုံး ကျောရိုးဆစ်မှာ ရွှေရောင်အလင်းတို့ နောက်တစ်ကြိမ် တောက်ပလာခဲ့ပြီဖြစ်၍ ထိုထူးထူးဆန်းဆန်း ခံစားချက်ကြီးအား စဥ်းစားနေချိန် မရှိတော့ပေ။

All Chapters