← Chapters

ဘာအတွက်ကြောင့်များ ကျင့်ကြံနေသနည်း၊ ဘာအကြောင်းကြောင့်များ သန်မာအောင် ကြိုးစားနေရသနည်း

Vol. 35 Ch. 479

ဘာအတွက်ကြောင့်များ ကျင့်ကြံနေသနည်း၊ ဘာအကြောင်းကြောင့်များ သန်မာအောင် ကြိုးစားနေရသနည်း

Vol. 35 Ch. 479

အသစ်ဖွဲ့စည်းရန် အဟောင်းကိုချိုးဖျက်ရမည်။ ဤသည်က ရှေးယခင်ကတည်းကပင် မပြောင်းလဲခဲ့သော စည်းမျဥ်းတစ်ခုဖြစ်သည်။

ဤစည်းမျဥ်းသည် ကိစ္စရပ်များစွာအတွက် တည်ရှိနေခဲ့၏။ လူတို့သည် ၎င်းရှိကြောင်း ရှာတွေ့လာခဲ့ပြီး ကောက်ချက်ချကြရာမှတစ်ဆင့် ထိုစကားပုံ ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မီးတောက်နဂါး၏ ကောင်းချီးကြောင့် စုမင်သည် ယခင်က မည်သူမျှမကြုံခဲ့ဖူးသော ထူးခြားသည့်အပြောင်းအလဲ တစ်ခုအား ဖြတ်သန်းခဲ့ရသည်ဟု ဆိုနိုင်၏။ ထိုအပြောင်းအလဲသည်ကား… ရိုးရေစတေးနယ်ပယ် အထွတ်အထိပ်မှတစ်ဆင့် မာန်ဝိညာဥ်နယ်ပယ်သို့ ချိုးဖျက်တက်ရောက်ရန် ကြိုးစားပြီး ကျရှုံးခဲ့သော်လည်း မသေခဲ့ခြင်းပင်။

မာန်စွမ်းအားရှင်တို့၏ သမိုင်းတွင် ဤကဲ့သို့ အဖြစ်အပျက်မျိုး အကြိမ်အနည်းငယ်ခန့် ရှိခဲ့ဖူးသော်လည်း ထိုလူများသည် အသက်ဓာတ်များစွာဆုံးရှုံးသွားပြီး သေလုမြောပါးဖြစ်သွားတတ်ကြသည်။

သို့သော်လည်း မီးတောက်နဂါး၏ ကောင်းချီးကြောင့် စုမင်သည် စုမင်၏ မာန်အရိုးများက ပျက်စီးသွားသော်လည်း သူ့စွမ်းအားများမှာမူ ကျန်ရှိနေဆဲဖြစ်သည်။ မာန်အရိုးများမှာ ကျောရိုးတွင်သာ ကန့်သတ်ထားခြင်းမရှိတော့ပဲ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသလိုပင်။ ထို့ကြောင့်ပင် သူ၏ သန်မာမှုက လျော့ကျမသွားခဲ့ခြင်း ဖြစ်၏။

ဤအရာမျိုးကမူ ယခင်က တစ်ခါမျှ မဖြစ်ပျက်ခဲ့ဖူးပေ။ မာန်စွမ်းအားရှင်တို့၏ ကျင့်ကြံနည်းအတွက် ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုလုံးကို ဖန်တီးခဲ့သော ပထမမာန်နတ်ဘုရားသည်ပင် ဤအခြေအနေမျိုး ဖြစ်လာနိုင်သည်ဟု မထင်ခဲ့လောက်ချေ။

စုမင်၏ ပျက်စီးသွားသော ကျောရိုးနှင့် မာန်အရိုးနှစ်ဆယ့်ခြောက်ခုသည် မာန်စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး သူ၏ နံရိုးများ၊ ဦးခေါင်းခွံ၊ လက်မောင်းများ၊ လက်ချောင်းများ၊ တင်ပါးဆုံရိုးတို့အပြင် သူ့ကိုယ်တွင်းရှိ အခြားအရိုးများ အားလုံးထံ ပေါင်းစည်းသွားခဲ့သည်။

ထိုစွမ်းအင် တစ်စိတ်တစ်ပိုင်းဆိုလျှင် သူ့အသွေး၊ အသားများထဲသို့ပင် ပေါင်းစည်းသွားပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေသည်။

ရွှေရောင်အလင်းဖျော့တို့ တစ်ဖန်တောက်ပလာသော ပထမဆုံးမာန်အရိုးအပြင် သူ့ကိုယ်တွင်းရှိ အခြားအရိုးများအပြင် အသွေး၊ အသားအားလုံးသည် မီးတောက်နဂါး၏ စွမ်းအင်များကို စုပ်ယူနေကြောင်း စုမင်ခံစားမိနေသည်။

အခြားလူအားလုံးနှင့် ယခင်က စုမင်ကိုယ်တိုင်သည်ပင် ရိုးရေစတေးနယ်ပယ်၌ သူတို့ကျောရိုးကိုသာ သန့်စင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ… သူသာ ဤနည်းအတိုင်း ဆက်သွားမည်ဆိုလျှင် ကျောရိုးသာမကပဲ သူ့အရိုးများနှင့် အသွေး၊ အသားများကိုပါ သန့်စင်ပြီးသား ဖြစ်သွားလိမ့်မည်ဟု စုမင် အံ့ဩတကြီး သတိပြုမိလိုက်၏။

ရိုးရေစတေးနယ်ပယ်တွင် သူတို့သန်စင်သော ‌ရှေးဟောင်းမာန်အရိုး နှစ်ဆယ့်ခြောက်ခုသည် သူတို့ခန္ဓာကိုယ်များအား ဘိုးဘေးများနှင့် တူညီသော အခြေအနေသို့ရောက်အောင် ပြောင်းလဲပေးခြင်း ဖြစ်သည်။ ထိုမာန်အရိုးများ ဖြစ်ပေါ်လာသည်နှင့် မာန်စွမ်းအားရှင်များသည် ၎င်းတို့ကိုသုံး၍ ကြီးမြတ်သောစွမ်းအားများ ရယူနိုင်ကြ၏။ သို့သော် စုမင်သာ သူ့အရိုးအားလုံးကို မာန်အရိုးများအဖြစ် ပြောင်းလဲလိုက်မည်ဆိုလျှင် သူ့ခွန်အားသည်ကား…

စုမင်တစ်ယောက် အသက်ဝဝရှူလိုက်မိသည်။ သူ့ကိုယ်တွင်းရှိ အရိုးအားလုံးကိုသာ မာန်အရိုးများအဖြစ် ပြောင်းလဲပြီး အသွေး၊ အသားများထဲသို့ မာန်စွမ်းအင်များ ပေါင်းထည့်လိုက်မည်ဆိုလျှင် သူ့ခွန်အားက မည်မျှပင် ကြောက်မက်ဖွယ် ကောင်းသွားလိမ့်မည်နည်း…

ထိုအတွက် စုမင်မှာ အဖြေမရှိပေ။ ရိုးရေစတေးနယ်ပယ်အတွက် ဖွဲ့စည်းပုံကို အုတ်မြစ်ချပေးခဲ့သော ပထမမာန်နတ်ဘုရားမှာပင် အဖြေမရှိလောက်ပါချေ။

‘ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ငါသာ ဒီကြမ်းတမ်းတဲ့လမ်းကို တစ်ကယ်လျှောက်မယ်ဆိုရင်၊ ငါ့အတွက် မာန်ဝိညာဥ်နယ်ပယ်ကို ရောက်ဖို့ဆိုတာ စိတ်ကူးကြည့်လို့မရလောက်အောင်ကို ခက်သွားလိမ့်မယ်။ အဲဒါက အောင်မြင်ဖို့တောင် မဖြစ်နိုင်သလောက်ပဲ’

ဤအရာကို စုမင် သေချာနားလည်ပေသည်။ မာန်ဝိညာဥ်နယ်ပယ်တွင် မာန်အရိုးနှစ်ဆယ့်ခြောက်ခုအား စုစည်းကာ မာန်နတ်ဘုရားရုပ်တု ဖွဲ့စည်းရခြင်းသည်ပင် အလွန်ခက်ခဲနေပြီးဖြစ်သည်။ သူ့ကိုယ်တွင်းရှိ အရိုးအားလုံးကိုသာ ဘိုးဘေးများ၏ အခြေအနေမျိုးဖြစ်အောင် ပြောင်းလိုက်မည်ဆိုလျှင် သူ့အတွက် မာန်ဝိညာဥ်နယ်ပယ်သို့ရောက်ရန် ကြိုးစားရမည့်အခက်အခဲက မြင်သာလှ၏။

သို့သော်လည်း အဖြစ်အပျက်များက စုမင်အား တွန့်ဆုတ်နေခွင့်မပေးခဲ့ပေ။ မာန်ဝိညာဥ်နယ်ပယ်သို့ တက်ရောက်ရန် ဆက်လက်ကြိုးစားပြီး ကျဆုံးကာ သူ့ခန္ဓာကိုယ် ပျက်စီးသွားပါက အခြားသူတစ်ဦးကို ပူးကပ်မည်လား…

သို့တည်းမဟုတ် ယခင်က မည်သူမျှမကြုံဖူးသော လမ်းကြောင်းအတိုင်း ဆက်လျှောက်ပြီး မာန်ဝိညာဥ်နယ်ပယ်သို့ တက်ရောက်ရန် မည်သို့ ဖြေရှင်းမည်ကို နောက်မှ စဥ်းစားမည်လား ဆိုတာပင်။

ထိုလမ်းကြောင်းနှစ်ခုအပြင် အခြားလမ်းကြောင်းတစ်ခုလည်း ရှိသေး၏။ ထိုအရာက သူသာ မာန်ဝိညာဥ်နယ်ပယ်သို့ အောင်အောင်မြင်မြင် ရောက်ရှိသွားခဲ့လျှင် ဆိုတာပင်… သို့သော်လည်း ထိုအရာက လက်တွေ့တွင်မူ တစ်ကြိမ်တည်းဖြင့် အောင်မြင်မည်မဟုတ်ကြောင်း စုမင်သိ၏။ စွမ်းအင်များကို တည်ငြိမ်အောင် မလုပ်ရသေးသဖြင့် ဤအတင်းအကြပ် ခွန်အားဖြည့်တင်းမှုကြောင့် သူ့ခန္ဓာကိုယ်တွင် မတည်မငြိမ်ဖြစ်နေသော စွမ်းအင်အစိတ်အပိုင်းများစွာ ရှိနေလေသည်။ ထိုစွမ်းအားများနှင့် သဟာတဖြစ်အစရန် အချိန်တစ်ချို့ယူပြီး ရိုးရေစတေးနယ်ပယ် ကြီးမြတ်သောပြည့်စုံဆင့်သို့ အမှန်တစ်ကယ် ရောက်ပြီးမှသာ အောင်မြင်နိုင်ပေလိမ့်မည်။

စုမင်၏ မျက်လုံးများက တစ်ဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားသည်။ အသက်ဝဝရှူသွင်းလိုက်ပြီး စိတ်လျှော့ကာ တိုးဝင်လာနေသော စွမ်းအားများကို အရိုးနှင့် အသွေးအသားများထဲသို့ စုပ်ယူရန်သာ အာရုံစိုက်ထားလိုက်၏။

မကြာမီမှာပင် စုမင်ကိုယ်တွင်းရှိ အရိုးများထံမှ ရွှေရောင်အလင်းဖျော့တို့ တောက်ပလာသည်။ သူ့ကျောရိုးရှိ ပထမ အရိုးဆယ်ခုသည်လည်း စူးရှတောက်ပသော ရွှေရောင်အလင်းတို့ တောက်ပနေခဲ့လေပြီ။ စုမင်နှလုံးသားထဲတွင် ယခင်က တစ်ခါမျှ မခံစားဖူးသော အလွန်တရာ သန်မာသည့် ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။ ဤခွန်အားသည် ရိုးရေစတေးနယ်ပယ်မှ လူများထက် အပြတ်အသတ် သာလွန်နေသော်ငြား ရိုးရေစတေးနယ်ပယ်တွင်သာ ရှိနေသေးသည်ဟု သတ်မှတ်နိုင်လေသည်။

စွမ်းအင်များကို စုပ်ယူရင်း စုမင်တစ်ခုလုံး ရွှေရောင်အလင်းဖျော့တို့ တောက်ပလာချိန်မှာပင် စုမင်ကိုယ်ထဲသို့ အတင်းအကြပ် တိုးဝင်လာနေသော အသက်ဓာတ်နှင့် စွမ်းအင်လှိုင်းများက ရုတ်တရက် ရပ်တန့်သွား၏။ ၎င်းတို့ရပ်တန့်သွားသည်နှင့် ကောင်းကင်ကိုပင် စုတ်ဖြဲပစ်နိုင်သော ပြင်းထန်သည့် စွမ်းအင်လှိုင်းတစ်ခုက စုမင်ထံသို့ ဦးတည်လာချေသည်။

ထိုအချိန်သည်ကား အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန် ပြည့်သွားသည့် အချိန်အတိအကျပင် ဖြစ်လေသည်။

ဤစွမ်းအင်အား ပကတိမျက်စိဖြင့်ပင် တွေ့မြင်နိုင်၏။ ၎င်းက မီးတောက်နဂါး၏ ပျောက်ကွယ်သွားသော ခန္ဓာကိုယ်မှဖြစ်ပေါ်လာသည့် စိန်တုံးပုံ သလင်းကျောက်တစ်ခုဖြစ်သည်။ သလင်းကျောက်ထံမှ စူးရှတောက်ပသော အလင်းများဖြာထွက်နေပြီး ၎င်းက စုမင်၏ခန္ဓာကိုယ်ဆီသို့ ဦးတည်လာနေ၏။ ထို့နောက် အချိန်ကာလအား ဖြတ်သန်းလာသော အလင်းမြစ်တစ်စင်းသဖွယ် အလွန်မြန်ဆန်သော အရှိန်ဖြင့် စုမင်နံဖူးသို့ တိုးဝင်သွားလေသည်။

သလင်းကျောက်အား ထိမိသည်နှင့် စုမင်ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းပြင်းထန်ထန်ပင် တုန်ယင်သွားသည်။ သူ့နံဖူးမှ စူးရှသော နာကျင်မှုတစ်ခု တိုးထွက်လာပြီး သလင်းကျောက်သည် နံဖူးအား ထိုးဖောက်ကာ ကိုယ်တွင်းသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်စွဲကပ်သွားလေသည်။

ပြင်းထန်သောအားလှိုင်းတစ်ခုဖြင့် ရိုက်ခတ်ခံလိုက်ရသလိုပင် စုမင်ဦးခေါင်းက နောက်ပြန်လန်သွားခဲ့သည်။ သူ့ခေါင်းထဲတွင် တဝုန်းဝုန်း ပေါက်ကွဲသံများ မြည်ဟည်းသွား၏။ ထိုတစ်ခဏတွင် သူရင်ဆိုင်နေရသော အန္တရာယ်များအပါအဝင် အရာအားလုံးကို မေ့လျော့သွားခဲ့လေသည်။ သူ့ခေါင်းထဲတွင် ကျန်နေသည့် တစ်ခုတည်းသောအရာက ကောင်းကင်သို့ထိုးတက်သွား‌သော ကျယ်လောင်ကြမ်းတမ်းသည့် ကြုံးဝါးသံကြီးပင် ဖြစ်သည်။ ထိုကြုံးဝါးသံသည် မရေမတွက်နိုင်သော သက်ရှိများထံမှ တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့သလိုပင်… စုမင်၏ ရှုပ်ထွေးနောက်ကျိနေသော ခေါင်းထဲတွင် မြင်နေရသည်က ကမ္ဘာကြီးတစ်ခု၊ ဧရာမမီးတောက်နဂါးကြီး တစ်ကောင်သည် လေထဲ၌ ပျံဝဲနေပြီး ၎င်း၏ ပါးစပ်ကျယ်ကြီးကို ဟလိုက်သည်နှင့် ထိုကမ္ဘာ၏ အစိတ်အပိုင်းအများစုက ပြိုကျသွားခဲ့သည်။

ပြိုကွဲပျက်စီးသွားသော ကမ္ဘာကြီးသည် ပျောက်ကွယ်သွားခြင်းမရှိပဲ ၎င်းတို့အပေါ်တွင် ရှိနေသော သက်ရှိများအပါအဝင် အစိတ်အပိုင်းများက ဆက်တိုက်ဆိုသလို စုစည်းသွားခဲ့၏။ ထိုသက်ရှိများ မည်မျှပင် ကြိုးစားရုန်းကန်ပါစေ၊ ၎င်းက အချည်းနှီးသာဖြစ်သည်။ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသော အရာဆို၍ လေထဲတွင် ပဲ့တင်ထပ်နေသော စိတ်ပျက်အားလျော့မှုအပြည့်ဖြင့် အရူးအမူး ကြုံးဝါးသံများသာ ဖြစ်၏။ တစ်ဖြည်းဖြည်းဖြင့် ထိုကမ္ဘာကြီးသည် စိန်ပုံစံ သလင်းကျောက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မီးတောက်နဂါး၏ မြိုချခံလိုက်ရ‌လေသည်။

‘ဒါက… ကမ္ဘာတစ်ခုရဲ့ စွမ်းအားလား’

“အဲဒါက ထာဝရလောကကို ဖန်တီးပြီးနောက် ငါ့မှာကျန်ခဲ့တဲ့ လောကဘုံတစ်ခုပဲ… လောကမှာရှိတဲ့ သက်ရှိအားလုံးက ဘယ်လို ကျင့်ကြံခြင်းလမ်းစဥ်မျိုးကိုပဲ ရွေးချယ်ပါစေ၊ လမ်းစဥ်အမည်တွေ ဘယ်လောက်ပဲ ကွဲပြားနေပါစေ၊ နောက်ဆုံးမှာတော့ အားလုံးက လောကဘုံစွမ်းအားကို ကျင့်ကြံခြင်းနဲ့ အဆုံးသတ်ကြတာချည်းပဲ…” မီးတောက်နဂါးသည် ထူးခြားရှေးကျသော အသံဖြင့် ပြောဆိုလိုက်သော စကားသံက အရပ်မျက်နှာအနှံ့မှ ပဲ့တင်ထပ်လာခဲ့သည်။

ထိုစကားလုံးများတွင် မီးတောက်နဂါး၏ ဘဝတစ်သက်တာ အတွေ့အကြုံများ၊ နားလည်သဘောပေါက်မှုများ ပါဝင်နေလေသည်။

“အခုချိန်မှာတော့ မင်းအနေနဲ့ လောကဘုံစွမ်းအားကို နားလည်တတ်မြောက်နိုင်ဦးမှာ မဟုတ်ဘူး။ အဲဒါက မင်းရဲ့ စွမ်းအားကိုလည်း တိုးမြှင့်မပေးနိုင်ပေမယ့် ဒါကမှ မင်းအတွက် ငါ့ရဲ့ တစ်ကယ့်ကောင်းချီးပဲ… ဆုပ်ကိုင်ပါ၊ နားလည်တတ်မြောက်အောင်လုပ်ပါ။ လုပ်နိုင်ပြီဆိုတာနဲ့ အဲဒီနေ့က စကြဝဋာကြီးထဲမှာရှိနေတဲ့ ထူးခြားဆန်းကြယ်မှုတွေကို မင်းရှာတွေ့နိုင်လာနိုင်မယ့်နေ့ပဲ။ ဘယ်အရာကိုမဆို မင်း ထိန်းချုပ်နိုင်တယ်ဆိုတာ သိလာလိမ့်မယ်”

မီးတောက်နဂါး၏ စကားသံက စုမင်၏ နှလုံးသားနှင့် စိတ်ဝိညာဥ်ထဲတွင် ပဲ့တင်ထပ်နေသဖြင့် သူ့စိတ်တို့ ရှုပ်ထွေးနေသော်လည်း ထိုစကားလုံးများကို ရှင်းရှင်းလင်းလင်း ကြားနေရလေသည်။ ၎င်းက သူ့စိတ်ဝိညာဥ်ထဲသို့ နက်ရှိုင်းစွာ ရိုက်နှိပ်ထားသော တံဆိပ်တစ်ခုလိုပင်။

“ဘာအကြောင်းကြောင့် သက်ရှိအားလုံးက ကျင့်ကြံနေရလဲဆိုတာ မင်းသိလား။ ဘာအကြောင်းကြောင့် ငါတို့တွေ ပိုသန်မာလာအောင် ကြိုးစားနေကြလဲ သိလား” မီးတောက်နဂါးသည် အသံတိုးတိုးဖြင့် မေးမြန်းလာ၏။

ထိုမေးခွန်းအား စုမင် မဖြေတတ်ပေ။ မည်သို့ပင်ဆိုစေ မီးတောက်နဂါးသည်လည်း သူ့အဖြေအား မျှော်လင့်ထားပုံမပေါ်ပေ။

“အဲဒါက ငါတို့ခန္ဓာကိုယ်မှာ ချို့ယွင်းချက်တွေ ရှိနေလို့ပဲ။ မျိုးနွယ်တိုင်းမှာ မတူညီတဲ့ ချို့ယွင်းချက်တွေရှိကြတယ်။ ကျင့်ကြံခြင်း ဖြစ်ပေါ်လာရတဲ့ မူလဇာစ်မြစ်က ငါတို့ အဲဒီချို့ယွင်းချက်တွေကို ပြုပြင်ဖို့ပဲ… ဒါပေမယ့်လည်း ချို့ယွင်းချက်တွေကို ပြုပြင်ဖို့ဆိုတာက ရိုးရှင်းတဲ့ အလုပ်တစ်ခုမှ မဟုတ်တာ… များသောအားဖြင့်တော့ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးတဲ့အခါ မျိုးနွယ်တစ်ခုမှာ သက်ရှိဝိညာဥ် တစ်ခု၊ နှစ်ခုလောက်ကတော့ အဲဒီလို လုပ်နိုင်လေ့ရှိကြတယ်”

“မျိုးနွယ်တိုင်းရဲ့ ချို့ယွင်းချက်ကို ရှာဖွေပြီး ပြုပြင်တဲ့ နည်းလမ်းတွေက မတူညီကြပေမယ့် အဆုံးမှာတော့ ငါတို့အားလုံးက လောကဘုံစွမ်းအားကို လိုအပ်ကြတယ်… ငါ့ရဲ့ ရှည်လျားလှတဲ့ သက်တမ်းတစ်လျှောက်မှာ အင်မော်တယ်တွေနဲ့ အဆက်အဆံ ရှိခဲ့ဖူးတယ်။ အင်မော်တယ်တွေရဲ့ ကျင့်ကြံခြင်းလမ်းစဥ် အုတ်မြစ်က အဆင့်သုံးဆင့် ပိုင်းခြားထားတယ်။ ပထမအဆင့်က လောကဘုံစွမ်းအားနဲ့ ထိတွေ့မှုမရှိသေးဘူး။ ဒါပေမယ့် ဒုတိယအဆင့်က စတင်လို့ သူတို့က နိဗ္ဗာန်သို့ ပြန်လည်မွေးဖွားခြင်းဆိုတာကို ဖြတ်သန်းကြရတယ်။ သူတို့ကိုယ်မှာရှိတဲ့ ချို့ယွင်းချက်အားလုံးကို ပြုပြင်ခံရပြီး အသစ်တစ်ဖန် မွေးဖွားလာကြလိမ့်မယ်။ အဲဒီအချိန်ကစလို့ လောကဘုံစွမ်းအားကို လေ့ကျင့်ကြတယ်”

“တတိယအဆင့်ကတော့ နတ္ထိဆိုတဲ့အရာပဲ။ အဲဒါက ခန္ဓာကိုယ်အတွင်း ချို့ယွင်းချက် နည်းလာတာနဲ့အတူ ပြည့်စုံမှုဆီရောက်အောင် ကြိုးစားတဲ့နေရာမှာ အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုပဲ။ အဆုံးစွန်ပြည့်စုံမှုကို ရနိုင်ပြီဆိုတာနဲ့ စတုတ္ထအဆင့်ကို စတက်လှမ်းရလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ သူ့မှာ ချို့ယွင်းချက်ဆိုတာ တစ်စုံတစ်ရာမရှိတော့ပဲ… သူတို့လျှောက်လှမ်းရမယ့် လမ်းကြောင်းက လောကအချိန်စီးကြောင်း စွမ်းအားပဲ”

မီးတောက်နဂါး၏ အသံက တစ်ဖြည်းဖြည်းအားပျော့လာ၏။ ထိုတွေ့ရှိမှုများက ၎င်းဘဝ၏ ရတနာများပင်ဖြစ်သည်။

“အဲဒါက အင်မော်တယ်တွေနဲ့ တူတဲ့ နတ်ဘုရားတွေအပါအဝင် မျိုးနွယ်အားလုံးအတွက် အတူတူပဲ။ ပေါင်းစည်းခြင်းဒဿန၊ မဟာယန၊ ကောင်းကင်ဘုံသို့ တက်ရောက်ခြင်း၊ ရွှေရောင်လွှမ်သော ထာဝရရှင်သန်ခြင်း နဲ့ တစ်ခြားအဆင့်တွေအားလုံးကလည်း အဆုံးသတ်မှာတော့ ငါတို့ကိုယ်ထဲမှာရှိတဲ့ ချို့ယွင်းချက်တွေကို ပြုပြင်ဖို့အတွက်ပဲ”

“မင်းက မာန်စွမ်းအားရှင်တစ်ယောက် မဟုတ်လား။ မာန်ဝိညာဥ်နယ်ပယ် ပြီးတဲ့နောက် မာန်စွမ်းအားရှင်တွေ လျှောက်လှမ်းရတဲ့ လမ်းစဥ်နာမည်က ကွဲပြားနိုင်ပေမယ့်လည်း တစ်ကယ်ကတော့ မင်းတို့ရဲ့ ချို့ယွင်းချက်တွေကို ပြုပြင်ဖယ်ရှားဖို့ လောကဘုံစွမ်းအားကိုပဲ အသုံးပြုကြရတယ်။ ချို့ယွင်းချက်နည်းလေ ပိုသန်မာလာလေလေဖြစ်ပြီး အဆုံးမှာတော့ ပြည့်စုံမှုဆီရောက်နိုင်လိမ့်မယ်”

ထိုစကားလုံးများကို ကြားပြီးနောက် စုမင်စိတ်တို့ တစ်ဖြည်းဖြည်း ပြန်လည်ကြည်လင်လာခဲ့သည်။ သူ့ရင်ထဲမှာမူ မုန်တိုင်းထန်နေခဲ့လေပြီ။ ဤယူဆချက်များသည် သူတစ်ခါမျှ မကြားဖူးသော အရာများဖြစ်ပြီး ၎င်းတို့က သူ့စိတ်ထဲတွင် လျှပ်ပြက်သလို အလင်းရောင်တစ်ခုကို ရုတ်တရက် မြင်လိုက်ရစေသည်။

“ငါတို့မီးတောက်နဂါးတွေက ကံကောင်းမှုဖြစ်စဥ်တွေကနေတစ်ဆင့် မွေးဖွားလာကြပေမယ့် ငါတို့မှာလည်း ချို့ယွင်းချက်တွေရှိတာပဲ။ အဲဒီချို့ယွင်းချက်ကတော့ ငါတို့အတွက် အုတ်မြစ်ချထားတဲ့ ကျင့်ကြံခြင်းလမ်းစဥ် မရှိတာပဲ။ ငါတို့အတွက် အဲဒီချို့ယွင်းချက်ကို ပြုပြင်ဖို့က တစ်ခြားအရာတွေကို ဝါးမြိုရုံပဲ တတ်နိုင်တယ်”

“ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်တောင် ငါတို့မျိုးနွယ်တွေရဲ့ ချို့ယွင်းချက်က ဘာလဲဆိုတာ မသိလို့ပဲ။ အဲဒါက မသေဆုံး၊ မပျက်စီးနိုင်သော ထာဝရလောကလည်း ဖြစ်နိုင်သလို၊ ခေါင်းကိုးလုံးနဂါးလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့်ပဲ ငါက ငါတောင်မသိတဲ့ ချို့ယွင်းချက်ကို ပြုပြင်ဖယ်ရှားနိုင်ဖို့ တစ်ခြားကမ္ဘာတွေကို ဆက်တိုက်ဝါးမြိုခဲ့မိတယ်”

ထိုအမျိုးသမီးဦးခေါင်းကို စိုက်ကြည့်ရင်း စုမင်ငေးငိုင်နေမိသည်။ ထာဝရလောအတွင်းရှိ ပေါင်းစည်းမှုများကို သူမှတ်မိပေသည်။

“ငါ အသက်ရှိစဥ်က နေရာတွေအများကြီးကို ရောက်ခဲ့ဖူးတယ်။ စကြဝဋာကြီးက အဆုံးအစမရှိ ကျယ်ပြောလွန်းပါတယ်။ မဟာအစစ်အမှန်လောကကြီးလေးခုထဲက နှစ်ခုကိုတောင် ရောက်ဖူးခဲ့ပြီး… လောကအချိန်စီးကြောင်း စွမ်းအားကို ကျွမ်းကျင်ထားတဲ့ ပြည့်စုံမှုဆီရောက်ပြီးသား လူငါးဦးနဲ့ ဆုံခဲ့ဖူးတယ်။ သူတို့က ဒီစကြဝဋာကြီးနဲ့ မဟာအစစ်အမှန်နယ်မြေကြီး လေးခုထဲမှာမှ အစွမ်းထက်သော သက်ရှိတွေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့လူတွေပဲ”

“တစ်ကယ်တော့ မဟာအစစ်အမှန်နယ်မြေကြီး လေးခုမှာ အဲဒီအဆင့်ကို ရောက်သွားတဲ့လူတွေကိုခေါ်တဲ့ တူညီတဲ့နာမည်တစ်ခုရှိတယ်။ သူတို့က ကံကြမ္မာ၊ ရှင်သန်ခြင်းနဲ့ မရဏတရားရဲ့ အရှင်သခင်တွေပဲ။ သူတို့က စကြဝဋာကြီးရဲ့ စက်ဝန်းတွေကို ထိန်းချုပ်ပြီး တစ်စုံတစ်ရာက သူတို့မွေးဖွားစေချင်ရင် မွေးဖွားလာရပြီး သူတို့ သေဆုံးစေချင်ရင်တော့ သေဆုံးရတယ်”

“မျိုးနွယ်တွေအားလုံးမှာ အဲဒီအဆင့်အတွက် နာမည်အမျိုးမျိုး ရှိကြပေမယ့်… သူတို့အားလုံး လိုချင်တာကတော့… ပြည့်စုံမှုကိုပဲ။ တစ်ကယ်တော့ အဲဒီအဆင့်ထဲမှာ နယ်ပယ်ကြီးတစ်ချို့ ခွဲထားသေးတယ်တဲ့။ ဒါပေမယ့် သူတို့ကတော့ အဲဒါတွေက ဒဏ္ဍာရီသက်သက်ပဲလို့ ပြောကြတာပဲ” မီးတောက်နဂါး၏ အသံက ပိုမိုအားနည်းလာပြီဖြစ်သော်လည်း သူမစကားသံများက စုမင်ခေါင်းထဲမှာ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

“အခုမင်းမှာ ငါ့ရဲ့လောကဘုံစွမ်းအားလည်း ရှိနေပြီ။ ငါ့မျိုးဆက်ကိုလည်း မင်းကို သခင်အဖြစ် အသိအမှတ်ပြုခိုင်းခဲ့ပြီးပြီ… ငါ့စိတ်ဝိညာဥ်က မကြာခင်ပျောက်ကွယ်သွားတော့မယ်။ ငါ့အသက်ဓာတ်နဲ့ စွမ်းအင်နောက်ဆုံးလှိုင်းကို တောင့်ခံနိုင်ဖို့ ကြိုးစားပါ။ အဲဒါကိုကျော်ဖြတ်နိုင်သွားတာနဲ့ မင်း အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာလိမ့်မယ်။ ကျရှုံးခဲ့ရင်တော့ ငါနဲ့အတူ သေဆုံးရလိမ့်မယ်…”

ထိုစကားများကို ပြောပြီးချိန်မှာပင် အမျိုးသမီးဦးခေါင်းက ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ မြွေငယ်လေးသည် သူမ၏ နံဖူးအလယ်ရှိ ဝဲဂယက်ထဲမှ ဟိန်းဟောက်လျက် တိုးထွက်လာ၏။

တစ်ချိန်တည်းမှာပင် မီးတောက်နဂါး၏ ဧရာမဦးခေါင်းကြီးသည် အဆုံးမရှိသော မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး စုမင်ထံသို့ တဝုန်းဝုန်း တိုးဝင်လာခဲ့သည်။

မီးတောက်နဂါး၏ ဦးခေါင်းပျောက်ကွယ်သွားသည်နှင့် ကြယ်ရောင်စုံကောင်းကင်ကြီးက သူတို့ခေါင်းထက်တွင် ပေါ်လာခဲ့သည်။ လကိုးစင်းသည် တောက်ပစွာ ဖြာလင်းနေပြီး ဒသမမြောက်လမင်းကမူ ကောင်းကင်ထက်မှ အလျင်အမြန်ပင် ပျောက်ကွယ်သွားနေခဲ့လေသည်။

All Chapters