← Chapters

ပြန်လည်ထွက်ပေါ်လာ

Vol. 35 Ch. 480

ပြန်လည်ထွက်ပေါ်လာ

Vol. 35 Ch. 480

ထိုစွမ်းအင်လှိုင်းသည် မီးတောက်နဂါး၏ နောက်ဆုံးအကြွင်းအကျန်များအားလုံး စုပေါင်းထားခြင်းဖြစ်သည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီး ပျောက်ကွယ်သွားသည်နှင့် ထိုစွမ်းအင်လှိုင်းက စုမင်ခန္ဓာကိုယ် ပေါက်ကွဲထွက်အောင် ဖြည့်တင်းချင်နေဟန်ဖြင့် အရပ်မျက်နှာအနှံ့မှ တိုးဝင်လာသည်။

အသွေး၊ အသားများက ထူးခြားဆန်းကြယ်သော ပြောင်းလဲမှုကို မဖြတ်ကျော်ရသေးသည့် ယခင်ကစုမင်သာ ဤစွမ်းအင်လှိုင်းနှင့် ရင်ဆိုင်ရမည်ဆိုလျှင် စွမ်းအားကုန်အသုံးချကာ ဂရုတစိုက်စုပ်ယူရန်မှအပ အခြားနည်းရှိမည်မဟုတ်ပေ။ သူ့မာန်အရိုးများကိုသာ တိုးပွားအောင်လုပ်ရင်း နောက်ဆုံး၌ မာန်ဝိညာဥ်နယ်ပယ်သို့ တက်ရောက်ရန် နောက်တစ်ကြိမ် ဖိအားပေးခံရမှာဖြစ်သည်။

သို့သော်လည်း ယခုအချိန်၌ စုမင်ကိုယ်ထဲရှိ အရိုးများအပြင် အသွေး၊ အသားအားလုံးက မွေးကင်းစတစ်ဦးလိုဖြစ်နေပြီး မီးတောက်နဂါး၏ စွမ်းအင်နှင့် အသက်ဓာတ်များကို အငမ်းမရ တောင့်တနေကြ၏။ ၎င်းတို့က အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုသဖွယ် သူ့ထံတိုးဝင်လာသမျှ စွမ်းအင်အားလုံးကို စုပ်ယူပစ်နေလေသည်။

စုမင်ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အရိုးအားလုံးက အလျင်အမြန်ပင် ရွှေရောင်တောက်လာကြသည်။ ထို့အပြင် သူ၏ အသွေး၊ အသားများ၊ အကြောများ အပါအဝင် အခြားအရာအားလုံးသည်လည်း ရွှေရောင်ဖျော့ဖျော့ တောက်ပလာခဲ့လေပြီ။

အရိုးအားလုံးအား စတေးခြင်း… သူတို့ဘိုးဘေးများ မဖြစ်ခဲ့ဖူးသလို နောင်အနာဂါတ်တွင်လည်း ဖြစ်လာနိုင်ချေမရှိသော ပြောင်းလဲမှုတစ်ခုကား မီးတောက်နဂါး၏ ကောင်းချီးအောက်၌ စုမင်ခန္ဓာကိုယ်တွင် ဖြစ်ပျက်လို့လာခဲ့လေပြီ။

သူ့တစ်ကိုယ်လုံး ပိုမိုသန်မာလာနေပြီး စွမ်းအားများကလည်း စိတ်ကူး၍ပင်မရနိုင်သော အမြန်နှုန်းဖြင့် တိုးလာနေကြောင်း စုမင် ရှင်းရှင်းလင်းလင်းပင် ခံစားမိနေ၏။ ထိုခံစားချက်က သူ့လက်ထဲတွင် နေ၊ လနှင့် ကြယ်တာရာများကို ဆုပ်ကိုင်ထားရသလိုဖြစ်ပြီး စုမင်၏ ဆံပင်များသည်ပင် လေမတိုက်ပါဘဲနှင့် လွင့်မျောလှုပ်ရှားလာခဲ့သည်။ ထိုနေရာတွင် ရပ်နေသော သူ့ပုံစံက ရွှေရောင်အလင်းတို့ တောက်ပနေသည့် စစ်နတ်ဘုရားတစ်ပါးအလား…

စုမင်သည် မျက်လုံးများကို မှိတ်ထားပြီး သူ့တစ်ကိုယ်လုံးက ရွှေရောင်အလင်းတို့ ဖြာလဲ့တောက်ပနေသည်။ ထိုနေရာတွင်သာ တစ်ယောက်ယောက် ရှိနေခဲ့မည်ဆိုလျှင် သူတို့မြင်နေရသော စုမင်ပုံစံကြောင့် အလွန်ထိတ်လန့်သွားရပေလိမ့်မည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် သိသိသာသာပင် ရိုးရေစတေးနယ်ပယ်မှ မာန်စွမ်းအားရှင်တစ်ဦး၏ အရှိန်အဝါမျိုး ဖြစ်သော်လည်း ထိုအရှိန်အဝါက ပြင်းထန်လွန်းသဖြင့် မာန်ဝိညာဥ်နယ်ပယ်၌ ရှိနေသူများထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ခံစားချက်မျိုး ပေးစွမ်းနေလေသည်။

ဤသည်က ဝိရောဓိဖြစ်ဖွယ် ရှိသော်လည်း အစစ်အမှန် တည်ရှိနေသော ခံစားချက်တစ်ခုဖြစ်သည်။

စုမင်ထံသို့ နောက်ဆုံးလက်ကျန်စွမ်းအင်များ တိုးဝင်လာပြီးသည်နှင့် မီးတောက်နဂါး၏ ဦးခေါင်းကြီးက သူ့မျက်စိရှေ့မှာပင် အလျင်အမြန် ပျောက်ကွယ်သွားပြီး စုမင်ပတ်လည်တွင် ရှိသမျှအရာအားလုံးက ပြာမှုန်များအဖြစ် ပြောင်းလဲကာ လွင့်မျောပြန့်ကျဲသွားကြသည်။ ယင်ကိုးပါးလောကထဲရှိ ကောင်းကင်၊ မြေပြင်နှင့် အရာအားလုံး ပြန်ပေါ်လာချိန်မှာပင် စုမင်မျက်လုံးတို့လည်း ပြန်ပွင့်လာခဲ့လေသည်။ သူ့မျက်လုံးထဲမှ ရွှေရောင်အလင်းတို့ တောက်ပသွားပြီး ထိုအလင်းက လေထုကိုဖြတ်သန်းလျက် ယင်ကိုးပါးလောကအတွင်း အတောက်ပဆုံး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားခဲ့သည်။

ထိုအလင်းသည်ကား တစ်စုံတစ်ယောက်အား အသက်ရှူပင် မှားသွားစေနိုင်သော အလင်းတစ်ခု၊ လူတို့၏ စိတ်ဝိညာဥ်များကို ခိုးယူသွားနိုင်သည့် အလင်းတစ်ခုပင်…

ရွှေရောင်အလင်းတို့က စုမင်ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ မီးတောက်နဂါး၏ စွမ်းအင်တစ်စတစ်လေကိုပင် သူဖြုန်းတီးပစ်ခဲ့ခြင်းမရှိပေ။ အခြေတည်စိတ်ဝိညာဥ်၏ ဝိညာဥ်ဖွဲ့စည်းမှုအတွက် အသုံးပြုခဲ့သော အစိတ်အပိုင်းမှအပ ကျန်အရာအားလုံးက သူ့အသွေး၊ အသားနှင့် အရိုးများထဲတွင် စုဝေးနေသော စွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ယခုအချိန်တွင် စုမင်ကိုယ်ထဲရှိ အရိုးများအားလုံး၏ ခြောက်ပုံတစ်ပုံခန့်က မာန်အရိုးများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သလို သူ့အသွေး၊ အသားများသည်လည်း အလားတူပင် ဖြစ်၏။

အနာဂါတ်တွင် သူလျှောက်လှမ်းရတော့မည့် လမ်းကြောင်းက အခြားမာန်စွမ်းအားရှင်များ အားလုံးနှင့် တူညီတော့မှာမဟုတ်ပေ။ ပထမမာန်နတ်ဘုရားသည်ပင် ဤလမ်းကြောင်းကို မလျှောက်လှမ်းခဲ့ဖူးပေ။ ဤသည်က စုမင်တစ်ဦးတည်းနှင့်သာ သက်ဆိုင်သည့်… သူ၏ ဖန်တီးမှုလမ်းစဥ်ပင် ဖြစ်လေသည်။

စုမင်သည် ထာဝရလောကထံမှ အတိတ်နှင့် အနာဂါတ်ပေါင်းစည်းမှုကို နားလည်သဘောပေါက်ခဲ့၏။ ဆန့်ကျင်ဘက်ဒွန်တွဲမှုများ၏ ပေါင်းစည်းမှုများကိုလည်း ဥာဏ်အလင်းပွင့်ခဲ့သလို သူ့ခန္ဓာကိုယ်သည်လည်း တစ်ခါမျှမမြင်ဖူးသော ပုံစံမျိုးဖြင့် ဖွဲ့စည်းဖြစ်တည်လို့ လာခဲ့လေပြီ။ သူသည် ရိုးရေစတေးနယ်ပယ်မှ မာန်စွမ်းအားရှင်တစ်ဦးနှင့် တူသော်လည်း တစ်ကယ်ရော ရိုးရေစတေးနယ်ပယ်တွင်သာ ရှိနေသေးသည်ဟု ယူဆလို့ ရနိုင်ပါဦးမည်လော…

စုမင် မျက်လုံးတို့ဖွင့်လိုက်သည့် တစ်ခဏမှာပင် အမျိုးသမီးဦးခေါင်းက အပြီးတိုင်ပျောက်ကွယ်သွားခဲ့လေပြီ။ မြွေငယ်လေးသည် မြည်တွန်သံပြုလျက် ပြေးထွက်လာ၏။ ၎င်းပုံစံက အရင်နှင့် သိပ်ကွာခြားသွားပုံ မပေါ်သော်လည်း ၎င်း၏ မျက်လုံးများက စူးရှတောက်ပနေပြီး ထိုမျက်လုံးများ၏ အတွင်းနက်နက်ထဲတွင် သက်ရှိဝိညာဥ်အားလုံးကို စုပ်ယူပစ်နိုင်သည့် ဝဲဂယက်တစ်ခု ပုန်းကွယ်တည်ရှိနေသလိုပင်။ တစ်ယောက်ယောက်ကသာ ထိုမျက်လုံးများထဲသို့ စိုက်ကြည့်လိုက်မိမည်ဆိုလျှင် အသိစိတ်ပျောက်သွားသလို ခံစားလိုက်ရပေလိမ့်မည်။

စုမင် ဒဏ်ရာမရသည်ကို မြင်သောအခါမှသာ မြွေငယ်လေးက မြည်တွန်နေရာမှ ရပ်တန့်သွားခဲ့သည်။ ထို့နောက် လေထဲသို့ ပျံတက်သွားပြီး သူ့မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်လိုက်ဟန်နှင့်အတူ နာကျင်မှုအရိပ်အယောင်များ ပေါ်လာခဲ့၏။ သူ့အရေခွံအား ကိုယ်တိုင်ပြန်စုတ်ဖြဲနေဟန်ဖြင့် မြွေငယ်လေး၏ ခန္ဓာကိုယ်တစ်လျှောက်တွင်လည်း အက်ကြောင်းများ ပေါ်လာလေသည်။ ထိုအက်ကြောင်းများ ထိစပ်သွားသည်နှင့် ၎င်း၏ခန္ဓာကိုယ်က မရပ်မနား တုန်ယင်လာပြီး တစ်ဖြည်းဖြည်း ရှည်ထွက်လာခဲ့၏။

မြွေငယ်လေးသည် စုမင်လုံခြုံသည်ကို မြင်သောအခါမှသာ သူ၏ အစစ်အမှန် မီးတောက်နဂါးတစ်ကောင် ဖြစ်လာရန် ဆင့်ကဲဖြစ်စဥ်ကို စတင်လိုက်ခြင်း ဖြစ်သည်။

မြွေငယ်လေးအား ကြည့်လိုက်မိချိန်တွင် ၎င်းထံမှ စိတ်ပိုင်းဖြတ်ထားမှုနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုတို့ကို စုမင်ခံစားလိုက်ရ၏။ အရေခွံချွတ်ခြင်းသည် မြွေငယ်လေးအား သူ၏ရင်းမြစ်ဆီသို့ ပြန်လည်ကူးပြောင်းပေးမည့် အသွင်ပြောင်းလဲခြင်းနှင့် တူပေသည်။ ဆိုလိုသည်က မြွေငယ်လေးကိုယ်ထဲရှိ မီးတောက်နဂါးတို့၏ မျိုးဆက်သွေးအနည်းငယ်မှာ သူ့တစ်ကိုယ်လုံးပြည့်သည်အထိ လောင်ကျွမ်းသွားပြီး အစစ်အမှန် မီးတောက်နဂါး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့မည်ဟု ဆိုလိုနေခြင်းဖြစ်သည်။

မီးတောက်နဂါးထံမှ အမွေဆက်ခံထားမှု၏ အကူအညီကြောင့် မြွေငယ်လေးအတွက် အောင်မြင်နိုင်ချေက အလွန်မြင့်မားပေသည်။ ထိုအမွေအနှစ်များသည် သူ၏ အသွင်ကူးပြောင်းမှုကို ဖြတ်ကျော်နိုင်ရန် အမှောင်ထုထဲရှိ မီးအိမ်တစ်ခုအလား လမ်းညွှန်ပေးနေလေသည်။

“ငါ မင်းကို ကူညီပေးနိုင်လောက်တယ်”

စုမင် ညာလက်ကိုမြှောက်၍ သိုလှောင်အိတ်ကို အသာအယာပုတ်လိုက်သည်နှင့် ပိုးသားသေတ္တာလေးတစ်လုံး ပျံထွက်လာပြီး မြွေငယ်လေးထံ တိုးဝင်သွား၏။ ထို့နောက် ပိုးသေတ္တာသည် ပြာမှုန်များအဖြစ် ပြောင်းလဲသွားပြီး အတွင်းမှ ခရမ်းရောင်အရိပ်တစ်ခု ပျံ့နှံ့လာသည်။

ထိုအရာသည် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု၏ စိတ်တစ္ဆေတူညီထံမှ စုမင်လက်ဆောင်ရခဲ့သော… ခရမ်းရောင်စည်းချက်ပင် ဖြစ်သည်။

ဤအရာသည် သားရဲများအား ဘိုးဘေးပုံစံသို့ ပြန်ပြောင်းစေနိုင်သည့် ငွေရောင်အခွင့်အလမ်းတစ်ခု ပေးစွမ်းနိုင်သော ထူးဆန်းသည့်ပစ္စည်းတစ်ခု ဖြစ်သည်။ သို့သော် စွန့်စားရမည်က အလွန်များပြီး ကျရှုံးခဲ့လျှင် သေရမှာဖြစ်သည်။

ထို့ကြောင့်ပင် စုမင်သည် ယခင်က ဤပစ္စည်းကို မြွေငယ်လေးအပေါ် အသုံးမပြုရဲခဲ့ခြင်းဖြစ်သည်။ ယခုတော့ ၎င်းသည် မီးတောက်နဂါးထံမှ အမွေအနှစ်ကို လက်ခံရခဲ့ပြီး ဘိုးဘေးပုံစံသို့ ပြန်ပြောင်းရန် လမ်းကြောင်းမှန်တစ်ခုအား တွေ့နေပြီဟု ယူဆနိုင်သဖြင့် ခရမ်းစည်းချက်၏ အန္တရာယ်များက ဖယ်ရှားလိုက်သလို ဖြစ်သွားလေပြီ။ ထိုအရာက မြွေငယ်လေးအတွက် အကူအညီသာ ဖြစ်စေတော့မှာပင်…

ခရမ်းစည်းချက်ကို မြင်သည်နှင့် မြွေငယ်လေး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ ၎င်းသည် မြည်တွန်သံပြုလျက် ထိုခရမ်းရောင်အလင်းတို့ထံ တိုးဝင်သွားပြီး အလျင်အမြန်ပင် ပေါင်းစည်းသွား၏။

ခရမ်းစည်းချက်အား မြွေငယ်လေး ဝါးမြိုပေါင်းစည်းလိုက်သည်နှင့် လေထဲတွင် ခရမ်းရောင်အလင်းတို့ ပြည့်သွားခဲ့သည်။ ထိုအရာက မြူခိုးလွှာတစ်ခုလိုဖြစ်ပြီး လူတို့အား အထဲတွင်ဖြစ်ပျက်နေသည်များကို မမြင်နိုင်စေရန် ကာဆီးထား၏။ သို့သော်လည်း စုမင်မျက်လုံးထဲတွင် ရွှေရောင်အလင်းတို့ တောက်ပသွားသည်နှင့် သူ့အကြည့်က ခရမ်းရောင်အလင်းလွှာကို ချက်ချင်းပင် ထိုးဖောက်သွားသည်။ မြွေငယ်လေး၏ အမူအယာမှာ နာကျင်နေဟန် အရိပ်အယောင်များ မရှိတော့ပဲ ၎င်း၏ခန္ဓာကိုယ်က အသွင်ကူးပြောင်းမှုတစ်ခုအား ဖြတ်သန်းနေသည်ကို စုမင်မြင်လိုက်ရလေသည်။

စုမင် အနည်းငယ် စိတ်သက်သာရာရသွားပြီး သူ့ခန္ဓာကိုယ်ဆီသို့ အကြည့်ပြန်လွှဲလိုက်သည်။ သူ့ပုံစံက ယခင်နှင့် သိပ်ကွာခြားသွားပုံမပေါ်သော်လည်း ယခုဘယ်လောက် အစွမ်းထက်နေပြီမှန်း သူကိုယ်တိုင်သာ ခံစားမိလေသည်။

“ကိုယ်ပွားနဲ့ အဆိပ်အလောင်းတို့ရဲ့ အကူအညီနဲ့သာဆိုရင် မာန်ဝိညာဥ်နယ်ပယ် ကနဦးဆင့်က မာန်စွမ်းအားရှင်တွေနဲ့ ညီတဲ့ နှောင်းပိုင်းရှာမန်တွေနဲ့ ငါတိုက်ခိုက်နိုင်လောက်ပြီ… ဒါပေမယ့် အခုလောလောဆယ်တော့ ဘာအကူအညီမှမပါပဲ ငါဘယ်လောက်ခရီးရောက်နိုင်မလဲဆိုတာ အရင်သိချင်သေးတယ်” စုမင် ရေရွတ်လိုက်သည်။ ထို့နောက် အသက်ကိုဝဝရှူလိုက်ပြီး သူ၏ အခြေတည်နတ်ဘုရားထံသို့ လှမ်းကြည့်လိုက်၏။ အခြေတည်နတ်ဘုရားသည် မျက်လုံးများကိုမှိတ်ထားပြီး လေထဲတွင် လှုပ်ရှားမှုမရှိ ငြိမ်သက်စွာလွင့်မျောနေလေသည်။

အခြေတည်နတ်ဘုရားအားကြည့်ကာ ခဏမျှငြိမ်သက်သွားပြီးနောက် စုမင် ဘေးဘီဝဲယာသို့ လှည့်ကြည့်လိုက်ရင်း ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားတော့သည်။

သူ မီးတောက်နဂါး၏ကိုယ်ထဲသို့ မဝင်ခင်က ၎င်း၏တွန်းကန်အားကြောင့် သွေးနဂါးသည် အပြင်မှာပင်ပိတ်ဆို့ခံခဲ့ရပြီး သူနှင့်အတူ လိုက်မဝင်နိုင်ခဲ့သည်ကို သူမှတ်မိသေး၏။ အဆိပ်အလောင်းနှင့် ကျိယွင်ဟိုင်တို့သည်လည်း ထိုနေရာမှာပင် ယင်ဝိညာဥ်အိုကြီးနှင့်အတူ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ယခု မီးတောက်နဂါး၏ ခန္ဓာကိုယ်ပျောက်ကွယ်သွားသော်လည်း ၎င်းတို့အားလုံးကို စုမင်မတွေ့ရပေ။ ယင်ဝိညာဥ်အိုကြီးသည်လည်း သဲလွန်စပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

‘ဘယ်နှနှစ်တောင် ကုန်သွားတာပါလိမ့်…’ စုမင် တိတ်ဆိတ်သွားမိ၏။ ထို့နောက် အကြည့်လွှဲရန် ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ရာက သူ့အာရုံကို ချက်ချင်းဖမ်းစားသွားခဲ့လေသည်။ အဝေးရှိ မီးတောက်နဂါး၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသော နေရာတစ်ခုမှ အနက်ရောင်အလင်းတစ်ဖြာ တောက်ပနေခြင်းဖြစ်၏။

ဤနေရာတွင်ရှိနေသော မြူခိုးများကမူ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပေပြီ။ နေရာတစ်ခုလုံးက ရှင်းလင်းနေသဖြင့် ထိုအနက်ရောင်အလင်းက ထင်ထင်ရှားရှားပင် ပေါ်လွင်နေလေသည်။ စုမင်သည် ညာလက်ဖြင့် လေထုကိုကုပ်ဆွဲလိုက်သည်နှင့် ထိုအနက်ရောင်အလင်းက သူ့ရှေ့သို့ ပျံဝဲရောက်ရှိလာခဲ့သည်။

ထိုအရာက မြွေကြေးခွံတစ်ခုပင်။

ထိုအရာက မီးတောက်နဂါး၏ ခန္ဓာကိုယ်ပျက်စီးသွားသော်လည်း ကျန်ရစ်ခဲ့သည့် ကြေးခွံတစ်ခုဖြစ်သည်။ စုမင်သည် ထိုအကြေးခွံအား သေချာကြည့်ရင်း သူ့မျက်လုံးများက အံ့ဩမှုအရိပ်အယောင်တို့ဖြင့် တောက်ပလာ၏။

‘မီးတောက်နဂါးရဲ့ပုံစံက စပါးအုံးမြွေနဲ့တူတာပဲ။ ဒါဆို သူပျောက်ကွယ်သွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ ဒီအကြေးခွံက…’ စုမင် မျက်လုံးတို့က စူးရှတောက်ပသွားသည်။ အခြေတည်နတ်ဘုရား၏ မျက်လုံးများကလည်း ချက်ချင်းပွင့်လာပြီး တစ်ချက်လှုပ်ရှားကာ လေထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

ခဏကြာပြီးနောက် မီးတောက်နဂါး၏ ခန္ဓာကိုယ်ပျောက်ကွယ်သွားသောနေရာမှ စုမင်ထံသို့ ကြေးခွံလေးခု ပျံဝဲရောက်ရှိလာခဲ့သည်။ ထိုကြေးခွံများသည် ပထမကြေးခွံတစ်ခုနှင့်အတူ စုမင်ရှေ့တွင် လွင့်မျောရင်း ထူးခြားသော အနက်ရောင်အလင်းတစ်ဖြာ တောက်ပနေခဲ့လေသည်။

ထိုကြေးခွံများ ရောက်ရှိလာသည်နှင့် စုမင်နံဘေးရှိ လေထုမှာ ပုံပျက်သွားပြီး အခြေတည်နတ်ဘုရားလည်း ပြန်ပေါ်လာခဲ့သည်။ ထို့နောက် တစ်ခဏပင် ရပ်တန့်ခြင်းမပြုပဲ ၎င်းက စုမင်ခန္ဓာကိုယ်အတွင်းသု့် ဝင်ရောက်ပေါင်းစည်းသွားခဲ့လေသည်။

“နတ်မင်းကြိုဆိုဖော်စပ်ဖို့ လိုနေတဲ့ နောက်ဆုံးပါဝင်ပစ္စည်းက စပါးအုံးရဲ့ အမြီးက ကြေးခွံပဲ။ မီးတောက်နဂါးရဲ့ ကြေးခွံမှာရော တူညီတဲ့အာနိသင်မျိုး ရှိလောက်မလား သိချင်တယ်။ ရှိမယ်ဆိုရင်တော့ ငါ နတ်မင်းကြိုဆို ဖော်စပ်နိုင်တော့မှာပဲ…” စုမင်တစ်ယောက် အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

နတ်မင်းကြိုဆိုအကြောင်းကို နက်မှောင်တောင်တွင် ရှိနေစဥ်က သိခဲ့ရခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ သူသာ ဤကြေးခွံကို အသုံးပြုနိုင်မည်ဆိုလျှင် နောက်ဆုံးတော့ နတ်မင်းကြိုဆိုဖော်စပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းအားလုံးကို စုဆောင်းနိုင်သွားပြီဖြစ်သည်။

ထိုကြေးခွံများကို သိမ်းဆည်းပြီးသည်နှင့် စုမင် တင်ပျဥ်ခွေထိုင်ချလိုက်၏။ ထို့နောက် မြွေငယ်လေး၏ အသွင်ကူးပြောင်းမှုကို စောင့်ဆိုင်းရင်း နတ်ဘုရားစိတ်အာရုံကို အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်လိုက်ချေသည်။ သို့သော်လည်း အခြေတည်စိတ်ဝိညာဥ်သည် ဝိညာဥ်ဖွဲ့စည်းမှုကို ဖြတ်သန်းထားရသဖြင့် ပြန်သန်မာလာစေရန် အချိန်လိုအပ်နေသေး၏။ ထို့ကြောင့် စုမင်အနေဖြင့် နတ်ဘုရားစိတ်အာရုံကို အလွန်ကျယ်ပြန့်စွာ မဖြန့်ကျက်လိုက်နိုင်ပေ။ နတ်ဘုရားစိတ်အာရုံ၏ အပိုင်းငယ်လေးကို ဖြန့်ကျက်လိုက်ရုံဖြင့်ပင် သူမြင်လိုက်ရသော အရာအားလုံးက စုမင်ကို ထိတ်လန့်တုန်လှုပ်သွားစေလေသည်။

စုမင်အမူအယာက တစ်ဖြည်းဖြည်း ပြောင်းလဲသွား၏။ စိတ်ရှုပ်ထွေးမှုများ၊ အံ့အားသင့်မှုများနှင့် ထိုမှတစ်ဆင့် လေးနက်မှုများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

နတ်ဘုရားစိတ်အာရုံထဲတွင် သူမြင်နေရသော ကမ္ဘာကြီးသည် သူမှတ်မိထားသည်နှင့် များစွာကွာခြားသွားခဲ့လေပြီ။ ဤကမ္ဘာထဲတွင် နှစ်ပေါင်းမည်မျှ ကုန်ဆုံးသွားပြီမှန်း သူပိုပြီး မသေမချာ ဖြစ်လာမိ၏။

နတ်ဘုရားစိတ်အာရုံအား အလွန်ဝေးဝေးထိ မဖြန့်ကျက်နိုင်ခဲ့သဖြင့် မီးတောက်နဂါး၊ အဆိပ်အလောင်းနှင့် ကိုယ်ပွားတို့၏ အရှိန်အဝါကိုလည်း အာရုံခံမရခဲ့ပေ။ အဆုံးတွင်မတော့ သူ့မျက်နှာအမူအယာမှာ မည်းမှောင်အေးစက်လာတော့လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်ဆိုသော အချိန်က ကုန်ဆုံးသွားခဲ့သည်။ စုမင်သည် နေရာမှာပင် ထိုင်နေခဲ့လေသည်။ သူ၏ နတ်ဘုရားစိတ်အာရုံကို ပြန်ရနေပြီဖြစ်ပြီး ကြားထဲရှိအချိန်များအား သူ့စွမ်းအားများကို တည်ငြိမ်အောင်လုပ်ရန် အသုံးချခဲ့၏။

ထိုဆယ်ရက်အတွင်း မြွေငယ်လေး၏ အသွင်ကူးပြောင်းမှု ဖြစ်စဥ်မှာလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ကောင်းကင်ကိုပင် တုန်ခါသွားစေနိုင်သော ဟစ်ကြွေးသံတစ်ခုနှင့်အတူ လေထဲရှိ ခရမ်းရောင်အလင်းတို့ ပျောက်ကွယ်သွားသည်နှင့် လက်မောင်းတစ်ခုစာ ရှည်လျားပြီး လက်နှစ်ချောင်းခန့် လုံးပတ်ရှိသော အနီရောင်မြွေတစ်ကောင်က စုမင်ရှေ့၌ ပေါ်လာခဲ့လေသည်။

ထိုမြွေ၏ ဦးခေါင်းတွင် ဘုတစ်ခုရှိနေပြီး ၎င်း၏ နံဖူးအလယ်တွင်လည်း အက်ကြောင်းတစ်ခုရှိနေ၏။ ထိုအက်ကြောင်းက ၎င်း၏ တတိယမျက်လုံးနေရာဖြစ်သော်လည်း ယခုတော့ တင်းတင်းကြပ်ကြပ် စေ့ပိတ်နေပြီး မြွေငယ်လေးက ဖွင့်မထားခဲ့ပါချေ။

သူ့အကြည့်များက လေးနက်နေပြီး ဘယ်နေရာကိုပဲ ကြည့်လိုက်ပါစေ လေထုက ပုံပျက်သွားခဲ့သည်။ ထိုမျက်လုံးများက လေထုအတွင်းရှိ အမျိုးအမည်မသိ စွမ်းအားများကို စုပ်ယူနေသည့်အလားပင်…

မြေငယ်လေး၏ မြည်တွန်သံထဲတွင် သတ်ဖြတ်လိုစိတ်တို့ ရှိနေသော်လည်း စုမင်ဘက်သို့ လှည့်လိုက်ချိန်တွင်မူ ၎င်း၏ မျက်လုံးများထဲ၌ မှီခိုအားကိုးသော နူးညံ့သည့်အကြည့်များ ပေါ်လာခဲ့၏။ ၎င်းသည် စုမင်ထံ ပျံဝဲလာပြီး မိဘများရှေ့တွင် ဆော့ကစားနေသော ကလေးငယ်တစ်ဦးသဖွယ် ပျော်ရွှင်စွာ အော်ဟစ်မြည်တွန်လျက် လှည့်ပတ်ပျံဝဲနေလေသည်။

မြွေငယ်လေးကို ကြည့်ရင်း စုမင် နူးညံ့စွာပြုံးလိုက်မိသည်။ ထိုသို့ဖြင့် အချိန်အတော်ကြာသွားပြီးနောက်တွင်တော့ ခေါင်းမော့ကာ ကောင်းကင်သို့ လှမ်းကြည့်လိုက်တော့ချေသည်။

“သွားကြစို့။ ငါတို့ ဒီနေရာက ထွက်သွားကြမယ်”

All Chapters