← Chapters

အစီအရင်

Vol. 35 Ch. 481

အစီအရင်

Vol. 35 Ch. 481

ဤနေရာသို့ ဝင်ရောက်လာခဲ့ပြီးနောက် နှစ်ပေါင်းများစွာကြာပြီး ထိုနေ့တွင်တော့ စုမင်သည် သူ၏မြွေငယ်လေးကို ခေါ်ဆောင်ကာ မီးတောက်နဂါး၏ သင်္ချိုင်းမြေအား စွန့်ခွာလာခဲ့ပြီဖြစ်သည်။ ထိုနယ်မြေထဲမှ ထွက်ခွာလာပြီးနောက် တောင်ပေါ်တွင်ရပ်ကာ အနောက်သို့ ပြန်လှည့်ကြည့်လိုက်မိသည်။

တောင်ခြေရှိ သင်္ချိုင်းမြေမှ မြူခိုးများမှာ ပျောက်ကွယ်သွားတာ ကြာခဲ့ပေပြီ။ ပြန်လှည့်ကြည့်မိချိန်တွင် မီးတောက်နဂါး၏ ဧရာမအလောင်းကြီးသည်လည်း မရှိတော့ပါချေ။

ဤနေရာသို့ ဝင်လာချိန်မှစ၍ ဖြစ်ပျက်ခဲ့သောအရာများ၏ မှတ်ဥာဏ်တို့က သူ့စိတ်ထဲတွင်သာ စွဲထင်ကျန်ရစ်တော့သည်။ လူသတ်မြူခိုးများ၊ မီးတောက်နဂါး၏ အလောင်းအတွင်းမှ တိုက်ပွဲ၊ ထာဝရလောကအတွင်းမှ ပြန်လည်ဝင်စားမှုများနှင့် ကောင်းချီးတစ်ဖြစ်လဲ စမ်းသပ်မှုအတွင်း ဖြစ်ပေါ်ခဲ့သော သူ့ခန္ဓာကိုယ်၏ ထိုပြောင်းလဲမှုများ…

ထိုအရာများက ယခုတော့ အလှမ်းဝေးသော အိပ်မက်တစ်ခုလိုသာ ဖြစ်ပြီး အစစ်အမှန်ဟု မထင်ရတော့ပေ။ နောက်ဆုံးတော့လည်း သူ့ဝိညာဥ်က ထာဝရလောကထဲမှာ အချိန်ကြာမြင့်စွာ နေခဲ့ရသည် မဟုတ်ပါလော…

ထိုအိပ်မက်မှ နိုးထလာခဲ့ပြီဆိုလျှင်တောင် အချိန်တစ်ခုကြာအထိတော့ ပြန်ကောင်းမွန်လာနိုင်ဖို့ ခဲယဥ်းနေဦးမှာဖြစ်သည်။

ခဏမျှကြည့်ပြီးနောက် စုမင် အကြည့်ပြန်လွှဲလိုက်သည်။ သူ့ပုခုံးပေါ်တွင် လဲလျောင်းနေသော မြွေငယ်လေးသည်လည်း မီးတောက်နဂါး၏ သင်္ချိုင်းရှိရာသို့ ပြန်လှည့်ကြည့်နေလေသည်။ ၎င်း၏ မျက်လုံးများထဲတွင် မခွဲခွာလိုဟန် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူ့အတွက်တော့ ဤနေရာသည်ကား သူ့မျိုးနွယ် နေထိုင်ခဲ့သောနေရာတစ်ခုဖြစ်သလို သူ့အား ဘဝသစ်တစ်ခု ပေးအပ်ခဲ့သော နေရာလည်း ဖြစ်သည်။ ဤနေရာသည် သူ့အား မီးတောက်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲပေးခဲ့သော အထွတ်အမြတ်နေရာဟုလည်း ဆိုနိုင်၏။

စုမင် စတင်ထွက်ခွာလိုက်သည်။ ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်သို့ဦးတည်လိုက်ပြီး သူ့မှတ်ဥာဏ်များထဲမှ ရှာမန်မြို့တော်ရှိရာဆီသို့ ပျံသန်းသွားလိုက်လေသည်။

အစောပိုင်းက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ခဲ့သော်လည်း ဧရိယာက သိပ်မကျယ်သဖြင့် အနီးဝန်းကျင်ကိုသာ ထောက်လှမ်းနိုင်ခဲ့လေသည်။ သူသာ အချိန်မည်မျှကုန်သွားကြောင်း သိလိုလျှင် ရှာမန်မြို့တော်က အဖြေရှာနိုင်မည့်နေရာဟု ခံစားနေရ၏။

အသိပြန်ကပ်လာသည်နှင့်အမျှ သူ၏ ဝေဝါးနေသော မှတ်ဥာဏ်များက တစ်ဖြည်းဖြည်း ကြည်လင်လာခဲ့သည်။ ထိုမှတ်ဥာဏ်များက သူနှင့် အလွန်အလှမ်းဝေးသည်ဟု ခံစားရသော်လည်း ၎င်းတို့အတိုင်းသာ ကောင်းကင်မှ ပျံသန်းလာခဲ့မိ၏။

လမ်းတစ်လျှောက်တွင် မည်သည့်ရှာမန်နှင့်မျှ မဆုံခဲ့သော်လည်း သူမြင်နေရသော နယ်မြေကမူ မှတ်မိထားသည်နှင့် အလွန်ကွာခြားသွားခဲ့ချေပြီ။

စုမင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့မိ၏။ ရက်ပေါင်းများစွာကြာပြီးနောက် ရှာမန်မြို့တော်သို့ ရောက်လာသောအခါ မြေပြင်ထက်၌ ရှာမန်မြို့တော်၏ အပျက်အစီးပုံများကိုသာ မြင်လိုက်ရလေသည်။ နေရာအနှံ့ ပြန့်ကျဲနေသော မြို့တော်၏ အပျက်အစီး အပိုင်းစများက စုမင်အား ပိုမို၍ပင် တိတ်ဆိတ်သွားစေ၏။

စုမင်သည် အပျက်အစီးများအထက်တွင်ရပ်ကာ အောက်သို့ငုံ့ကြည့်လိုက်သည်။ အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် မြေပြင်ထက်သို့ ဖြည်းဖြည်းချင်း ဆင်းသက်ကာ အပျက်အစီးများထံ လျှောက်သွားလိုက်သည်။

ရှေ့သို့လျှောက်ရင်း စုမင်မျက်နှာထက်တွင် တွေဝေငေးငိုင်သော အမူအယာတစ်ခု ပေါ်လာခဲ့သည်။ သူ့မျက်လုံးရှေ့တွင် ပုံရိပ်ယောင်များသာ ပေါ်နေသလိုပင်… ဘယ်နေရာသွားသွား အတိတ်အချိန်က မြို့တော်ကြီး၏ ကြီးကျယ်ခမ်းနားမှုများကိုသာ မြင်နေရ၏။ သို့သော်လည်း ယခုအချိန်တွင်တော့ ထိုရွှေရောင်နေ့ရက်များကား သူ့မျက်စိရှေ့ရှိ အပျက်အစီးပုံများ ဖြစ်နေခဲ့လေပြီ။

“ဘာတွေများ ဖြစ်သွားခဲ့တာလဲ” စုမင် ရေရွတ်မိသည်။ ထို့နောက် အပျက်အစီးများကြား လျှောက်သွားနေရာမှ ရပ်တန့်သွားပြီး သူ့အကြည့်က ပြိုကျပျက်စီးနေသော အိမ်တစ်လုံးအပေါ် ကျရောက်သွားခဲ့သည်။ ထိုနေရာက သူတည်းခိုခဲ့ဖူးသော တည်းခိုဆောင်ဖြစ်၏။

ထိုနေရာတွင် ခဏရပ်နေပြီးနောက် ရှေ့သို့ဆက်လျှောက်လိုက်သည်။ တစ်ဖြည်းဖြည်းဖြင့် အတိတ်အချိန်က လမ်းများ၊ ယင်ဝိညာဥ်၏ ကာကွယ်မှုကို ရခဲ့သော နန်းတော်တို့ကို ဖြတ်ကျော်လာခဲ့၏။ သို့သော်လည်း ထိုနေရာသို့ရောက်ချိန်တွင် နန်းတော်ကြီးကို မတွေ့တော့ချေ။ နန်းတော်ကြီးမှာ တစ်စုံတစ်ယောက်၏ ယူဆောင်သွားခြင်းကို ခံရပြီး လေထဲမှာပင် ပျောက်သွားသည့်အလား… ထိုနေရာတစ်ခုလုံးက ဗလာနတ္ထိ ဖြစ်နေခဲ့၏။

စုမင် ခေါင်းမော့ကြည့်လိုက်၏။ မိုးထိုးနေသော ကျောက်တိုင်ကြီးနှင့် ကျောက်တိုင်ထိပ်ဖျားတွင် စိုက်ထူထားခဲ့သော ဧရာမဦးခေါင်းကြီးမှာလည်း မရှိတော့ပါချေ။ ကောင်းကင်ထက်တွင် သစ်ကိုင်းခြောက်များစွာက ချိပ်စည်းအစီအရင်တစ်ခုသဖွယ် ပိတ်လှောင်ထားသော အပေါက်ကြီးတစ်ခုကိုသာ တွေ့လိုက်ရသည်။

ရတနာလောင်းကစားပွဲ ကျင်းပခဲ့ရာ ရင်ပြင်ဖြစ်သည့် အပျက်အစီးများ၏ အလယ်ဗဟိုဆီ ရောက်လာသောအခါ စုမင်မျက်ဝန်းတို့ ကျဥ်းမြောင်းသွားခဲ့၏။

ထိုနေရာရှိ မြေပြင်တွင် ဧရာမတွင်းကြီးတစ်ခု ရှိနေပြီး ထိုတွင်းကြီး၏ ပုံစံက ပဥ္စဂံပုံသဏ္ဍာန်ဖြစ်သည်။ ၎င်းက ပေသောင်းပေါင်းများစွာ နေရာယူထားခဲ့သည်။

တွင်းအစွန်းတွင် ရပ်လိုက်မိချိန်၌ စုမင်မျက်နှာတွင် အလွန်တရာ လေးနက်သော အမူအယာတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး တွန်းအစွန်းမှ မြေသားအချို့ကို ယူကြည့်လိုက်၏။ ၎င်းတို့ထံမှ အစီအရင်တစ်ချို့၏ စွမ်းအင်အကြွင်းအကျန်များကို ခံစားမိနေလေသည်။

“ဒါ အစီအရင်တစ်ခုပဲ” စုမင် အပေါ်သို့ တစ်ဖန်မော့ကြည့်လိုက်သည်။ ကောင်းကင်ရှိ အပေါက်ကြီးက တွင်းကြီး၏ အပေါ်တည့်တည့်မှာပင် ရှိနေခြင်းဖြစ်သည်။

စုမင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် အတွေးထဲနစ်မြောနေရင်းမှပင် ညာလက်ကိုဆတ်ခနဲမြှောက်၍ သူ့အနောက်ဘက်သို့ ညွှန်ပြလိုက်မိ၏။ ပေါ့ပေါ့ပါးပါးပင် လှုပ်ရှားလိုက်သော လှုပ်ရှားမှုတစ်ခုဖြစ်သော်လည်း ၎င်းက မရေမတွက်နိုင်သော ဆင့်ကဲဖြစ်စဥ်ပေါင်းများစွာကို ဖြတ်သန်းထားရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။ ထိုလက်ညှိုးချက်တွင် အချိန်၏စွမ်းအားများ ပါဝင်နေသည့်အလား… ၎င်းက ရိုးရှင်းပုံပေါ်သော်လည်း စုမင် လက်ညှိုးဖြင့်ညွှန်ပြလိုက်သောဘက်ရှိ လေထုတွင် နက်ရှိုင်းသော အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။

လေဟာနယ်သည်ပင် ထိုလက်ညှိုးချက်၏ စွမ်းအားကို ခံနိုင်ရည်မရှိသလိုပင်။ လေထဲတွင် ကျယ်လောင်သော မြည်ဟည်းသံကြီး ပဲ့တင်ထပ်သွားသည်။ စုမင်ကမူ အနောက်သို့လှည့်မကြည့်ပဲ သူ့အရှေ့ရှိ တွင်းကိုသာစိုက်ကြည့်လျက် အတွေးတို့ထဲ နစ်မြုပ်နေဆဲဖြစ်သည်။

သို့သော်လည်း မြည်ဟည်းသံများ ပဲ့တင်ထပ်နေစဥ်မှာပင် သူ့အနောက်ရှိ ဗလာလေဟာနယ်ထဲ၌ တစ်ဝက်တစ်ပျက် ထွင်းဖောက်မြင်နေရသော ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် ချက်ချင်းပေါက်ကွဲသွားကာ လေလှိုင်းတစ်ခုအသွင်ဖြင့် ပေထောင်ပေါင်းများစွာအဝေးထိ လွင့်စင်သွားပြီးမှ ပျောက်ကွယ်သွားခဲ့၏။

ထိုပုံရိပ်သေဆုံးသွားသည်နှင့် စုမင်ပတ်ပတ်လည်ရှိ လေထုထဲတွင် ထိုပုံရိပ်မျိုး တစ်ရာနီးပါးခန့် ပေါ်လာခဲ့သည်။ ပုံရိပ်များသည် ရှေ့သို့ဆက်တက်မလာတော့ပဲ သူ့အနီးတွင်သာရပ်လျက် စောင့်ဆိုင်းနေကြလေသည်။ ၎င်းတို့သည် လှုပ်ရှားခြင်းမပြုပဲ လေထဲမှာပင်ရပ်နေကြပြီး စုမင်အား သတိကြီးကြီးထားလျက် စောင့်ကြည့်နေကြ၏။

အချိန်အတော်ကြာပြီးနောက် ထိုအစီအရင်၏ အသုံးပြုပုံကို ဆက်မတွေးတော့ရန် စုမင်ဆုံးဖြတ်လိုက်သည်။ အစီအရင်များနှင့် ပက်သက်သည့် သူ၏ အသိပညာအများစုက အစ်ကိုသုံး ဟူကျီဆီမှ ရလာခြင်းဖြစ်ပြီး အင်မော်တယ်တို့၏ အစီအရင်များကမူ သူ့အတွက် ဟုန်လော့ချန်ထားခဲ့သည်များသာ ဖြစ်သည်။

ဤအစီအရင်၏ အသုံးပြုပုံများထဲမှ တစ်ခုသည် တည်နေရာရွှေ့ပြောင်းခြင်း ဖြစ်ကြောင်း စုမင် နည်းနည်းပြောနိုင်သော်လည်း အခြားအသုံးပြုပုံများ ရှိနေသေးလား ဆိုတာတော့ သူလည်းမသိပေ။

မတ်တပ်ထရပ်လိုက်ကာ သူ့ပတ်လည်ရှိ တစ်ဝက်တစ်ပျက် ထွင်းဖောက်မြင်နေရသော ပုံရိပ်များကို ဝေ့ကြည့်လိုက်၏။ ထိုပုံရိပ်များပေါ်သို့ သူ့အကြည့်ရောက်သွားသည်နှင့် ၎င်းတို့က တုန်ယင်သွားပြီး အလိုလိုပင် နောက်ဆုတ်သွားကြသည်။ သူတို့အတွက်တော့ စုမင်အကြည့်က အကောင်အထည်ရှိနေပုံပေါ်ပြီး သူတို့ခန္ဓာကိုယ်များကို ထိုးဖောက်သွားသလို ခံစားလိုက်ရလေသည်။

စုမင် အကြည့်ပြန်လွှဲရန် ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ရာက သူ့အာရုံကို ဖမ်းစားသွားခဲ့ပြီး သူ့နံဘေးတွင်ရပ်နေသော ပုံရိပ်တစ်ခုအား သေချာစိုက်ကြည့်လိုက်မိသည်။

ထိုပုံရိပ်က ဆယ်ကျော်သက်လူငယ်ကောင်လေး တစ်ယောက်နှင့်တူ၏။ ၎င်းက အရပ်သိပ်မရှည်ပဲ တစ်ဝက်တစ်ပျက် ထွင်းဖောက်မြင်နေရသော ဝိုးတဝါး အခြေအနေတစ်ခုတွင် ရှိနေလေသည်။ ထိုကောင်လေးကို သေချာကြည့်မိချိန်၌ စုမင် အနည်းငယ်မျှ အံ့ဩသွားခဲ့ရသည်။ ထို့နောက် သူ့လက်ကိုမြှောက်၍ ကောင်လေးရှိနေရာဘက်သို့ ကုပ်ဆွဲလိုက်သည်နှင့် ထိုပုံရိပ်သည် ကိုယ်ပိုင်ဆန္ဒမပါပဲ စုမင်ထံသို့ ဆွဲယူခံလိုက်ရလေသည်။

အထိတ်တလန့်် အမူအယာဖြင့် ပုံရိပ်ကောင်လေးက စုမင်ရှေ့သို့ လွင့်မျောလာခဲ့သည်။ သူ့ပုံစံက ရုန်းကန်အော်ဟစ်နေပုံ ပေါ်ပေမယ့်လည်း ဘာအသံမျှ ထွက်မလာခဲ့ပေ။

စုမင် ထိုကောင်လေးကို သေချာကြည့်လိုက်မိသည်။ သူ့ပုံပန်းသွင်ပြင်က ဝေဝါးနေသော်ငြားလည်း စုမင်သေချာကြည့်ချိန်တွင် မျက်နှာသွင်ပြင်ကို အနည်းငယ်ပုံဖော်နိုင်လိုက်၏။ ထိုပုံရိပ်ကောင်လေးကို လေ့လာရင်း စုမင်မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအယာတစ်ခု ပေါ်လာခဲ့သည်။

“အားဟူ…” အချိန်အတော်ကြာ စဥ်းစားပြီး နောက်ဆုံးတွင်မှ ထိုကောင်လေးကို စုမင်မှတ်မိသွားခဲ့သည်။ ၎င်းက ယင်ကိုးပါးလောကဆီသို့ သူနှင့်အတူလာခဲ့သော ကလေးငယ်နှစ်ဦးထဲမှ တစ်ဦး ဖြစ်သည်။

‘ဒီနေရာမှာ ဘာတွေဖြစ်သွားတာပါလိမ့်’ စုမင် လက်ကိုလွှတ်ပေးလိုက်သည်နှင့် အားဟူသည် အထိတ်တလန့်ပင် အနောက်သို့ အလျင်အမြန် ပြန်ဆုတ်သွားခဲ့သည်။ ထွက်ပြေးသွားသော သူ့အားလိုက်ကြည့်နေလိုက်ပြီးနောက် စုမင်မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ချလိုက်သည်။

ထို့နောက် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြည်းညှင်းစွာ ဖြန့်ကျက်လိုက်သည်။ ထိုအခိုက်အတန့်တွင်တော့ အခြေတည်နတ်ဘုရား၏ ပြန်လည်ကောင်းမွန်လာရန် လိုအပ်မှုကို သူမတွေးမိတော့ပေ။ ယင်ကိုးပါးလောကထဲ၌ အခြားအပြောင်းအလဲများ ဖြစ်ပျက်ခဲ့သေးလား ဆိုတာကိုသာ သူသိချင်မိ၏။

နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သည်နှင့် ရှာမန်မြို့တော်အနှံ့တွင် အားဟူကဲ့သို့ ပုံရိပ်များ သောင်းချီရှိနေကြောင်း တွေ့လိုက်ရသည်။ မိန်းမောတွေဝေနေသော အမူအယာဖြင့် ထိုပုံရိပ်များသည် အပျက်အစီးများကြား ပုန်းလျှိုးကွယ်လျှိုးဖြင့် ဟိုသည်လျှောက်သွားနေကြ၏။ ၎င်းတို့ကို သာမာန်မျက်စိဖြင့် မမြင်ရပဲ နတ်ဘုရားစိတ်အာရုံဖြင့်သာ ထောက်လှမ်းသိရှိနိုင်လေသည်။

စုမင် နတ်ဘုရားစိတ်အာရုံကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ကျက်လိုက်သောအခါ ရှာမန်မြို့တော်ပျက်ကြီး၏ အပြင်ရှိ နေရာတိုင်းလိုလိုက ယခင်နှင့် ကွဲပြားသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ အချိန်အတော်ကြာမှသာ စုမင် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

ထို့နောက် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် တောင်ကြားတစ်ခုကို ရှာတွေ့ခဲ့ပြီး တောင်ကြားအတွင်း၌ ရှာမန်လူမျိုးအချို့ကို တွေ့ခဲ့လေသည်။ တောင်ကြားဆီသို့ အလျင်အမြန် ဦးတည်ပျံသန်းနေသည့် ကျောကုန်း၌ အတောင်ပံကြီးများဖြင့် သက်ရှိအုပ်တစ်ခုကိုလည်း စုမင် ထောက်လှမ်းမိခဲ့သည်။ ထိုသက်ရှိများက အရေအတွက်ရာချီနေပြီး ၎င်းတို့၏ ကြုံးဝါးသံများအတွင်း၌ ကောင်းကင်ကိုပင် လောင်ကျွမ်းပစ်လုမတတ် သတ်ဖြတ်ခြင်းအရှိန်အဝါများ ပါဝင်နေသည်။

‘နတ်ဘုရားစိတ်အာရုံကို အပြည့်အဝ ဖြန့်ကျက်နိုင်ဖို့အတွက် အခြေတည်နတ်ဘုရား ပြန်ကောင်းလာဖို့ လပေါင်းများစွာလိုနေသေးတာတော့ စိတ်မကောင်းစရာပဲ။ အခုကတော့ ဖြန့်ကျက်လိုက်ရင်တောင် အသေးစိတ်ရှာနိုင်ဖို့ဆိုတာ မလွယ်ဘူး။ အခြေတည်နတ်ဘုရား ပြန်ကောင်းလာမှပဲ အဆိပ်အလောင်း၊ ကိုယ်ပွား၊ သွေးနဂါးနဲ့ ငါ့ကြားမှာရှိတဲ့ ဆက်သွယ်မှုကိုရှာဖို့ နတ်ဘုရားစိတ်အာရုံကို ပြန်အသက်သွင်းရတော့မှာပဲ။ ဝတ်စုံနက်အဘိုးကြီးကိုလည်း အလွတ်မပေးနိုင်ဘူး။ သူသာ ယင်ကိုးပါးလောကထဲမှာ ရှိသရွေ့ ငါသူ့ကို မရရအောင်လိုက်ရှာမယ်’

‘ဒါပေမယ့် အဲဒီတောင်ကြားထဲမှာ ရှာမန်တွေရှိနေဦးမယ်လို့တော့ ငါထင်မထားမိဘူး။ ငါ လိုချင်တဲ့ အဖြေတွေကို အဲဒီမှာ ရှာတွေ့နိုင်မယ်ထင်တယ်’

စုမင်သည် အလင်းတန်းရှည်တစ်ခု အသွင်ပြောင်းလျက် ကောင်းကင်သို့ ဦးတည်လိုက်ကာ ထိုတောင်ကြားဆီသို့ ဦးတည်လိုက်၏။

ကောင်းကင်ရှိ ဒသမမြောက်လ ပျောက်ကွယ်သွားမှုကြောင့် တောင်ကြားအတွင်း နေထိုင်ကြသော ရှာမန်များမှာ ဆက်တိုက်ဆိုသလို စိတ်သောကရောက်နေခဲ့ကြသည်။ ယင်ကိုးပါးလောကအတွင်း၌ အပြောင်းအလဲအသစ်များ ထပ်ပေါ်လာဦးမည်လား မသိရသဖြင့် အများစုက အလွန်စိုးရိမ်နေကြလေသည်။

တောင်ကြား၏ ဝေးလံသော ထောင့်တစ်နေရာတွင်… ပုပ်အဲ့အဲ့အနံ့ဆိုးတို့ ထွက်ပေါ်နေသော ဝတ်စုံနက် အဘိုးအိုတစ်ယောက် ဆတ်ခနဲတုန်ယင်သွားခဲ့၏။ သူ၏ နံဖူးအလယ်တွင် ထိကပ်ထားသော ညာလက်ကို ဖြည်းဖြည်းချင်း ပြန်ချလိုက်လေသည်။

ထို့နောက်တွင်တော့ ခါးသီးသောအမူအယာဖြင့် သက်ပြင်းရှည်ကြီးတစ်ခုသာ ချလိုက်တော့၏။

ထိုအခိုက်အတန့်တွင် ဧရိယာတစ်ခုလုံးအား နတ်ဘုရားစိတ်အာရုံလှိုင်းတစ်ခု ဖြတ်သန်းသွားကြောင်း သူမှလွဲ၍ မည်သူမျှ မသိခဲ့ပါချေ။ သူသာ အချိန်ပြည့်သတိထားနေပြီး လျှို့ဝှက်ကျင့်စဥ်တစ်ခုကိုသုံးလျက် သူ၏ အရှိန်အဝါနှင့် တည်ရှိမှုကိုသာ ဖျောက်ဖျက်မထားခဲ့လျှင် ထိုလူက သူ့အား ကျိန်းသေပေါက် သတိပြုမိသွားပေလိမ့်မည်။

‘ကံကြမ္မာက ဒီနေရာကို ဦးတည်လာတော့မယ်ထင်တယ်…’ ဝတ်စုံနက်အဘိုးအိုသည် ရင်ဘတ်ကြားမှ အနက်ရောင်ပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သော်လည်း ခဏတာတွန့်ဆုတ်နေပြီးနောက် ပုလင်းကိုမဖွင့်ပဲ ပြန်သိမ်းဆည်းထားလိုက်လေသည်။

‘ဒီဆေးလုံးကို ဖော်စပ်ဖို့ ငါ့မှာ ဆေးပင်သုံးမျိုး လိုနေသေးတယ်။ ငါသာ အဲဒါကို အခုစားလိုက်မယ်ဆိုရင် ကျိန်စာကို ချိုးဖျက်နိုင်မယ့် အခွင့်အရေးက ဆယ်ပုံပုံ တစ်ပုံပဲရှိတယ်။ ငါသာ ကျရှုံးသွားခဲ့ရင်၊ အသိစိတ်ပျောက်ပြီး သေတာနဲ့ ဘာမှခြားတော့မှာမဟုတ်ဘူး…’

‘ဒါပေမယ့် ငါ့လျှို့ဝှက်ကျင့်စဥ်နဲ့ စောစောက ထောက်လှမ်းမိလိုက်တဲ့ သူ့ရဲ့ နတ်ဘုရားစိတ်အာရုံ လှိုင်းတွေအရဆိုရင် သူငါ့ကို မရှာနိုင်သေးဘူးလို့ ငါသေချာပေါက် ပြောနိုင်တယ်။ အဲဒီလိုဆိုမှတော့ ငါသေချာပုန်းနေသရွေ့ သူနဲ့ထိပ်တိုက်တွေ့မှုကို ရှောင်ရှားနိုင်လိမ့်မယ်’

ဝတ်စုံနက်အဘိုးအိုသည် ခဏမျှတွေဝေနေပြီးနောက် မတ်တပ်ထရပ်ကာ လှိုဏ်ဂူအတွင်းသို့ ပြန်ဝင်၍ ထိုင်ချလိုက်ပြီး စွမ်းအင်အားလုံးကို လှည့်ပတ်လျက် လျှို့ဝှက်ကျင့်စဥ်ကို ဆက်လက်အသက်သွင်းထားလိုက်လေသည်။

‘ဒီကျိန်စာကြောင့်သာ မဟုတ်ရင် သူငါ့ဆီလာရှာစရာတောင် လိုမှာမဟုတ်ဘူး။ ငါ့ဘာသာပဲ သူ့ဆီသွားလိုက်တယ်… နောက်ထပ်သုံးနှစ်လောက်သာ အချိန်ရမယ်ဆိုရင် ဒီဆေးလုံးနဲ့ ကျိန်စာကိုချိုးဖျက်နိုင်မယ့် အခွင့်အရေးက ငါးပုံတစ်ပုံထိ မြင့်လာလိမ့်မယ်’ အဘိုးအိုသည် ခေါင်းခါယမ်းကာ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုများကို ဖိနှိပ်ထားလိုက်ပြီး တရားထိုင်ခြင်းအတွင်းသို့ နစ်မြောလိုက်လေသည်။

အဘိုးအို တရားစထိုင်ချိန်မှာပင် သူတို့တောင်ကြားဆီသို့ တိမ်စိုင်မည်းတို့ အလျင်အမြန်ပင် ဦးတည်ရောက်ရှိလာခဲ့သည်။ ထိုတိမ်မည်းများအတွင်း၌ အနက်ရောင်တောင်ပံများဖြင့် ကြောက်မက်ဖွယ် ထူးဆန်းသောသတ္တဝါများ ရာနှင့်ချီ၍ ရှိနေလေသည်။

၎င်းတို့သည် တောင်ကြားဆီသို့ အလျင်အမြန် ချဥ်းကပ်လာနေပြီး လေထုထဲ၌ စူးရှသော အော်မြည်သံများ ပြည့်နေခဲ့သည်။ ထိုစူးစူးဝါးဝါးအော်မြည်သံများကိုကြားလိုက်သည့် ရှာမန်အားလုံး၏ မျက်နှာထားက ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး သူတို့မျက်နှာများပေါ်တွင် မုန်းတီးမှုနှင့်အတူ အကြောက်တရားတို့ ထင်ဟပ်လာခဲ့သ၏။

တိမ်စိုင်မည်းများ ပေါ်လာမှုက ရုတ်တရက်ဆန်လွန်းသဖြင့် တောင်ကြားအတွင်းရှိ ရှာမန်များကို ချက်ချင်းပင် သတိကပ်သွားစေခဲ့သည်။ ရှာမန်အများစုသည် သူတို့လှိုဏ်ဂူများထဲသို့ ပြန်လည်တိုးဝင်သွားပြီး ကောင်းကင်ရှိ တိမ်စိုင်မည်းများကို စိုးရိမ်ပူပန်စွာ စိုက်ကြည့်နေကြလေသည်။

နန်ကုန်းဟန်သည် တောင်ကြားအတွင်းရှိ ကျောက်သားစင်မြင့်တစ်ခုပေါ်တွင် ရပ်နေခဲ့၏။ သူ့အနောက်တွင် စုတ်ပြဲနေသော အဝတ်စားများဖြင့် လူတစ်ဒါဇင်ခန့်ရှိနေပြီး ၎င်းတို့အားလုံးက ကောင်းကင်ကို စူးစူးရဲရဲ စိုက်ကြည့်နေကြလေသည်။

“ဆရာ၊ ကျုပ်တို့လူတွေကို ပုန်းဖို့စီစဥ်ပြီးသွားပါပြီ။ အကာအကွယ်စည်းကိုလည်း အပြည့်အဝ အသက်သွင်းထားပြီးပြီ”

“မိစ္ဆာလေးကိုလည်း အပြည့်ဆွဲထားပြီးပြီဖြစ်လို့ အချိန်မရွေး သူ့အစွမ်းကိုပြဖို့ အသင့်ဖြစ်နေပါပြီ”

“ဝိညာဥ်နတ်ဆရာတို့ရဲ့ ယဇ်ပလ္လင်က သေဆုံးခြင်းအငွေ့အသက် လမ်းကြောင်းကိုလည်း အသက်သွင်းထားပြီးပါပြီ။ ကျုပ်တို့စုဆောင်းထားတွေနဲ့ဆိုရင်၊ သေဆုံးခြင်းအငွေ့အသက် စွမ်းအားကို နှစ်ကြိမ်တော့ ထုတ်လွှတ်နိုင်ပါလိမ့်မယ်”

“သူတို့အသက်ကို စတေးမယ့် မျိုးနွယ်ဝင်တွေလည်း ပြင်ဆင်ပြီးကြပါပြီ။ အကာအကွယ်စည်း ဆက်လည်ပတ်စေဖို့အတွက် သူတို့အသက်ကိုပေးဖို့ အသင့်ပါပဲ”

“ဆယ့်ငါးနှစ်တောင် ရှိသွားပြီ…” နန်ကုန်းဟန်သည် အနောက်မှလူများ ပြောသည်ကိုနားထောင်ကာ ကောင်းကင်ရှိ အလျင်အမြန်နီးကပ်လာနေသော တိမ်စိုင်မည်းများကို ကြည့်နေရင်းမှ ခပ်တိုးတိုးရေရွတ်လိုက်၏။

“ရှာမန်မြို့တော် ဖျက်စီးခံလိုက်ရတာ ဆယ့်ငါးနှစ်တောင် ရှိသွားခဲ့ပြီ။ အပြင်ကမ္ဘာဆီက တပ်ကူတွေနဲ့ ပက်သက်ပြီး ခုထိဘာသတင်းမှ မကြားရသေးဘူး။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ဒီတောင်ကြားထဲမှာ လူတစ်သောင်းနီးပါး ရှိခဲ့ပေမယ့် အဲဒီဆက်တိုက်ဆိုသလို တိုက်ပွဲတွေကြောင့် အခုတော့ ငါတို့မှာကျန်တာဆိုလို့ လူတစ်ထောင်တောင် မပြည့်တော့ဘူး…” သူက ခါးသီးစွာ ဆက်ပြောလိုက်သည်။

“အဲဒီ လင်းနို့သားရဲတွေက ငါတို့ကို ဘယ်နှကြိမ်တောင် အမဲလိုက်ခဲ့လဲ။ ငါတို့ သေသည်အထိ ဆက်တိုက်ကြတာပေါ့”

All Chapters