အသက်အငယ်ဆုံးသိုင်းသူတော်စင်
Vol. 49 Ch. 685
အခန်း (၆၈၅) အသက်အငယ်ဆုံးသိုင်းသူတော်စင်
ကြောက်မက်ဖွယ်ရာ အဆုံးမဲ့သံလိုက်မုန်တိုင်းများကြားမှ ထွက်ခွာလာပြီးနောက် ကြီးမားသော မိုးပျံရွက်လှေကြီးအပြင်ဘက်တွင် လျှပ်စီးကြောင်းများနှင့် ရောင်စုံအလင်းတန်းများ ရွေ့လျားလှုပ်ခတ်နေသည်။
ကြောက်မက်ဖွယ်ရာ မိုးကြိုးလျှပ်စီးနှင့် လေပွေမုန်တိုင်းများကို ဖြတ်သန်းလာပြီးသည့်နောက် ဤ ရွက်လှေကြီးသည် မတွန်းလှန်နိုင်သောအရှိန်အဟုန်ဖြင့် ရင်သပ်ရှုမောဖွယ်ရာ ပြောင်းလဲသွားသည်။
အစောပိုင်းက မုန်တိုင်းများအလယ်တွင် ကြီးမားသောသက်ရောက်မှုခံရပြီး လူးလွန့်နေခဲ့သော်လည်း ယခုတော့ ရွက်လှေကြီး၏မျက်နှာပြင်၌ ခြစ်ရာလေးတစ်စပင် မတွေ့ရပေ။
တန်ခိုးစွမ်းအားရောင်ဝါနှင့် အသရေခမ်းနားမှုကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်သည်။
ရန်ကျောက်ကဲက သူ့အရှေ့မှ ဧရာမ ကောင်းကင်ရွက်လှေကြီးကိုကြည့်ပြီးနောက် ဖန်းယွင်ရှန်းနှင့် အားဟူကို လှမ်းကြည့်သည်။
“မင်းတို့တွေ ဒီမှာ ခဏစောင့်နေကြဦး...”
သူတို့နှစ်ယောက် ခေါင်းညိတ်သည်နှင့် ရန်ကျောက်ကဲက နဂါးနန်းတော်အတွင်းမှ ထွက်ခွာသွားပြီး လေဟုန်စီးကောင်းကင်ရွက်လှေကြီးထံ ဦးတည်လိုက်သည်။
သူလေထဲမှာရှိနေစဉ်မှာပင် မိုးပျံရွက်လှေကြီးထက်မှ အလင်းတန်းတစ်ခုကျဆင်းလာပြီး လှေကားတစ်ခုသဏ္ဌန် ပြောင်းလဲသွားသည်။
ဒါကိုမြင်တော့ ဖန်းယွင်ရှန်းနှင့် အားဟူတို့ ခေါင်းညိတ်လိုက်ကြ၏။
ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် ရွက်လှေကြီးထက်မှလူများက ရန်ကျောက်ကဲကို ရန်မူလိုခြင်းမရှိဘဲ မိတ်ဖြစ်ဆွေဖြစ် သဘောထားကြောင်း ပြသလိုက်သည် မဟုတ်လား။
အလင်းလှေကားထက်သို့ ရန်ကျောက်ကဲ ခြေချလိုက်သည်နှင့် ခြေလှမ်းတက်စရာမလိုဘဲ အလိုအလျောက်ပင် ရွက်လှေကြီးထက်သို့ သယ်ဆောင်သွားခြင်း ခံရသည်။
ရွက်လှေပေါ်တွင်တော့ အဘိုးကြီး ပိုင်ကျစ်မင်အပါအဝင် ကျန်လူများအားလုံးက ရန်ကျောက်ကဲကို တွေ့မြင်အကဲခတ်လိုသဖြင့် စောင့်နေကြသည်။
ရန်ကျောက်ကဲက ခပ်ပါးပါးပြုံးရင်း...
“ငါက ‘ရန်’ မျိုးနွယ် ၊ နာမည်က ရန်ကျောက်ကဲပါ ၊ အားလုံးကို နှုတ်ဆက်ပါတယ်”
ထိပ်တန်းအဆင့်မြင့် တန်ခိုးစွမ်းအားရှင် (၃)ယောက်ရှေ့မှာပင် ရန်ကျောက်ကဲအမူအရာက ပုံမှန်ပဲ ဖြစ်၏။
လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို အကဲခတ်နေသော သူ့မျက်ဝန်းများသည်လည်း တုန်လှုပ်ခြင်းအလျှဉ်းမရှိသလို အံ့သြတကြီး ဖြစ်နေခြင်းလည်း မရှိပေ။ သူ့မျက်ဝန်းများထဲတွင် သဘောကျခြင်းအချို့သာလျှင် တွေ့ရသည်။
ရန်ကျောက်ကဲကိုကြည့်ပြီး ကျန့်မင် ၊ ချန်ကျိလင်နှင့် ပိုင်ကျစ်မင်တို့ စိတ်ထဲလှုပ်ရှားသွားသည်။
“ဒီလူငယ်က အတော်လေး ဣန္ဒြေရတယ် ၊ ကြည့်ရတာ... အတွေ့အကြုံများတဲ့ပုံပဲ”
ထိုအချက်ကို ပိုင်ကျစ်မင်တစ်ယောက်က အခြားသူများထက်ပိုပြီး အပြင်းအထန် အာရုံခံမိခဲ့သည်။
သူ ပထမဆုံးအကြိမ် လေဟုန်စီးကောင်းကင်ရွက်လှေကို တွေ့မြင်ဖူးစဉ်က အတော်လေး အံ့သြတကြီးဖြင့် တုန်လှုပ်သွားခဲ့ဖူးသည်။
အောက်ဘုံကမ္ဘာတွင် အကြီးကျယ်ဆုံးလူတစ်ယောက်ဖြစ်ခဲ့ပြီး ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ရောက်လာရသဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမာနကြီးနေသည်များအားလုံး ချက်ချင်းပင် ငုပ်လျှိုးသွားခဲ့ရသည်။
ကျန့်မင်နှင့် ချန်ကျိလျန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် မွေးဖွားကြီးပြင်းလာသူများပင်လျှင် လေဟုန်စီးကောင်းကင်ရွက်လှေကို ကိုယ်တိုင်တွေ့မြင်ဖူးသူ အနည်းငယ်သာ ရှိသည်။
ကျင့်ကြံခြင်းအဆင့် မလုံလောက်သူများနှင့် အဆင့်နိမ့်လူတန်းစားအများစုသည် လေဟုန်စီးကောင်းကင်ရွက်လှေကဲ့သို့ ရတနာယဉ်ပျံမျိုးနှင့် ထိတွေ့နိုင်မည် မဟုတ်ပေ။ သူတို့အနေဖြင့် ပန်းချီကားများတွင်သာ အလွန်ဆုံး တွေ့မြင်ဖူးကြပေလိမ့်မည်။
သို့သော် မိုးပျံရွက်လှေကြီးများကို ပန်းချီကားထဲတွင်တွေ့မြင်ရခြင်းနှင့် လူကိုယ်တိုင်အနီးကပ်တွေ့မြင်ရခြင်းက နှိုင်းယှဉ်မရပေ။ ထို ရွက်လှေကြီးများထံမှ လွင့်ပျံလာသော ဖိအားနှင့် စွမ်းအားရောင်ဝါကို အဝေးမှခံစားမိသည်နှင့်ပင် တုန်လှုပ်ကြရမည် ဖြစ်သည်။
ကျန့်မင်တို့အားလုံး မျက်နှာအမူအရာများ ပိုမိုတည်ကြည်လေးနက်သွားပြီး ရန်ကျောက်ကဲကို ဂရုတစိုက် အကဲခတ်နေကြသည်။
“သိုင်းသူတော်စင် ပထမအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း ကနဦးအဆင့် ကျင့်ကြံသူပဲ... နေဦး ... အသက်ကတော်ငယ်သေးတာပဲ”
သူတို့အားလုံး နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်သည်။
သေသေချာချာ အကဲခတ်ကြည့်တော့ အသက်အရွယ်နှင့် ရုပ်သွင်က ကွာခြားခြင်းမရှိကြောင်း တွေ့ရသည်။
အနှီလူငယ်သည် အလွန်ဆုံးရှိ အသက် (၃၀)မျှသာ ရှိသေးပြီး သိုင်းသူတော်စင်တစ်ယောက် ဖြစ်နေသည်တဲ့လား။
သူတို့အားလုံးထဲတွင် ကျန့်မင်က ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးဖြစ်သည်။ ပိုင်းခြားသိမြင်နိုင်စွမ်းလည်း မြင့်မားပြီး သူ မသိမြင်သည့်အကြောင်းအရာ မရှိသလောက်ပင်။
သို့သော် ယခုတော့ ကျန့်မင်သည် ရန်ကျောက်ကဲကို တုန်လှုပ်စွာပင် စူးစိုက်ကြည့်နေသည်။
ချန်ကျိလျန်နှင့် ပိုင်ကျစ်မင်တို့မှာ နဂိုက သံသယများစွာရှိသော်လည်း ကျန့်မင်အမူအရာကိုတွေ့ရသည့်အခါ ရင်ထဲလှုပ်ရှားသွားသည်။
“ဂိုဏ်းတူအစ်ကို’ကျန့်’... သူ့အသက်က...”
ကျန်ကျိလျန်က မယုံကြည်နိုင်စွာဖြင့် သူ၏ဂိုဏ်းတူအစ်ကိုအား အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။
ထိုအခါမှ ကျန့်မင်သတိပြန်ဝင်လာပြီး ခေါင်းခါယမ်းရင်း...
“သူ့အသက်က (၃၀)ထက် မပိုဘူး...”
ချန်ကျိလျန် ပင့်သက်တစ်ချက်ရှိုက်ရင်း...
“တကယ်ပဲ အသက် (၃၀)ထက် မပိုဘူးလား ၊ မဟာကပ်ဘေးကာလကတည်းက အသက်အငယ်ဆုံး သိုင်းသူတော်စင်များ ဖြစ်နေမလားပဲ...”
ကျန့်မင်က...
“သေတော့မသေချာဘူး ၊ ဒါပေမဲ့ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ကနေ သိုင်းသူတော်စင်အဆင့် တက်ရောက်တာမှာတော့ သူက အသက်အငယ်ဆုံးပဲ”
ချန်ကျိလျန်က မျက်မှောင်ကြုံ့ရင်း...
“အရင်က ဒီလိုလူမျိုးတစ်ယောက်ရှိတယ်ဆိုတာ တစ်ခါမှ မကြားမိပါဘူး ၊ ဒီလို အံ့သြစရာအရည်အချင်းရှိတဲ့လူတစ်ယောက်က နာမည်တော့ ကျော်ကြားသင့်တာပေါ့ ၊ အရမ်းကြီး မကျော်ကြားဘူးဆိုရင်တောင်မှ ဒီလိုမျိုး လူမသိသူမသိတော့ မဖြစ်သင့်ဘူးလေ”
စကားပြောနေရင်း သူ့စိတ်ထဲ ရုတ်တရက် တုန်လှုပ်သွားပြီး...
“သူက ခွန်လွန်တောင်က ကျင့်ကြံသူများလား ၊ ခွန်လွန်တောင်ကနေ လောကကြီးအကြောင်း အတွေ့အကြုံရှာဖို့ ထွက်လာတာများလား”
ကျန့်မင်က...
“ဧကရာဇ် (၃)ပါးနဲ့ အုပ်စိုးရှင် (၅)ပါးရဲ့ အဆက်အနွယ်များလား...”
သို့သော် ထိုဖြစ်နိုင်ချေကို မဆုံးဖြတ်ခင် သူက အံ့အားသင့်စွာဖြင့်...
“မဟုတ်ဘူး... အဲဒီလိုလူတစ်ယောက် ခရီးထွက်လာမယ်ဆိုရင် ငါတို့ သတင်းမကြားတာမျိုး မဖြစ်နိုင်ဘူး ၊ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကို ဒီလိုလူတစ်ယောက်ဝင်လာရင် ဆရာကတော့ မသိဘဲနေမှာ မဟုတ်ဘူး”
ချန်ကျိလျန်က မချိပြုံးပြုံးရင်း...
“ဒါဖြင့် ဒီလောက်တော်တဲ့ ပါရမီရှင်က ဘယ်ကရောက်လာတာလဲ”
ကျန့်မင်က...
“ငါလည်း အဲဒါကို အရမ်းသိချင်နေတာ”
အသံပို့လွှတ်စနစ်ဖြင့် စကားပြောနေကြရင်း ကျန့်မင်က ရန်ကျောက်ကဲကို အကဲခတ်လျှက် ဖြည်းညင်းစွာမေးသည်။
“ငါက အရှေ့တောင်ထိပ်တန်းအရှင်သခင်ရဲ့တပည့် ကျန့်မင်ပါ ၊ မင်းကဘယ်သူများလဲ သိခွင့်ရှိမလား”
ရန်ကျောက်ကဲက ပြုံးရင်း...
“ငါ ငယ်ငယ်ကတည်းက အဖေ့ဆီက သိုင်းပညာသင်ယူခဲ့တယ် ၊ ဒါပေမဲ့ စောစောကတော့ မဟာကပ်ဘေးမတိုင်ခင်က အမွေအနှစ် အပိုင်းအစတစ်ခုကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့လို့ ပြသခဲ့မိပါတယ် ၊ ဒီကမိတ်ဆွေတို့ စိတ်မရှိဖို့ မျှော်လင့်ပါတယ်”
ကျန့်မင်က...
“အဲဒါက တကယ့်ကို မှတ်သားထိုက်တဲ့ နည်းပညာတစ်ခုပါပဲ”
ချန်ကျိလျန်က တစ်နေရာသို့ လှမ်းကြည့်ရင်း...
“လော့ရှာ... ဒီကိုလာပြီး မိတ်ဆွေလေး’ရန်’ ကို ကျေးဇူးတင်စကားပြောလိုက်ဦး ၊ သူ ကူညီလို့ မင်းအသက်ရှင်လျက် လွတ်မြောက်လာတာ”
လေဟုန်စီးကောင်းကင်ရွက်လှေကြီး၏ ကုန်းပတ်ထက်တွင် မိန်းမပျိုတစ်ယောက် ရှိနေသည်။ သူမက ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေပြီး ရန်ကျောက်ကဲရောက်လာတော့မှ မတ်တတ်ထရပ်လိုက်လေ၏။
ယခု ချန်ကျိလျန်စကားကိုကြားတော့ မိန်းမပျိုက နာခံစွာဖြင့် အနားသို့ လျှောက်လာသည်။ သူမအသက်က အပြင်ပန်း (၂၀)ကျော် (၃၀)ဝန်းကျင်ခန့် ရှိသည်။
ထိုမိန်းမပျိုလေးက အရှေ့တောင် ထိပ်တန်းအရှင်သခင်၏ တိုက်ရိုက်တပည့်ဖြစ်သော ချန်ကျိလင်၏ တပည့်မလေး ဖြစ်၏။ သူမနာမည်က ဝန်လော့ရှာဟု ခေါ်သည်။
သူမက သဘာဝပသာဒနယ်မြေရှိ ပင်လယ်ရေနက်ထဲတွင် ပိတ်မိနေခဲ့ပြီး ကျန့်မင်နှင့် ချန်ကျိလျန်တို့က သူမကိုကယ်တင်ရန် အချိန်မီရောက်လာသဖြင့် တော်သေးသည်ဟု ဆိုရမည်။ မဟုတ်ပါက သူမကို ကာကွယ်ပေးထားသော ကောင်းကင်ဝန်းကျင်အင်းသင်္ကေတ အစွမ်းကုန်သွားလျှင် အဆုံးမဲ့သံလိုက်မုန်တိုင်းများကြား သေကြေပျက်ဆီးများမည်မှာ အသေအချာပင်။
ရန်ကျောက်ကဲ တစ်ချက်အကဲခတ်လိုက်သည်နှင့် သူမ၏ရုပ်သွင်ထက် အသက်ပိုကြီးကြောင်း ရိပ်မိလိုက်သော်လည်း အလွန်တရာအသက်ကြီးနေခြင်းတော့ မရှိသေးပေ။
သူမ၏ကျင့်ကြံခြင်းအဆင့်က ထိတ်လန့်စရာကောင်းစွာ “အမတလက်ဖွဲ့နှောင်းပိုင်းအဆင့်” ဖြစ်၏။ အသက်အရွယ်နှင့်နှိုင်းယှည်ပါက သူမ၏ကျင့်ကြံခြင်းအဆင့်က သိုင်းသမားအများစုကို ချွေးပျံစေရန် လုံလောက်ပေသည်။
ရန်ကျာက်ကဲနေထိုင်ခဲ့သောကမ္ဘာနှင့် အခြားသော အောက်ဘုံကမ္ဘာများတွင်ဆိုလျှင် ဤမိန်းကလေး၏ ကျင့်ကြံခြင်းအရှိန်အဟုန်က အခြားသူများထက်ပိုပြီး ပြင်းထန်မြင့်မားမည် အမှန်ပင်။
ဝန်လော့ရှာက ရန်ကျောက်ကဲကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာထက် စိုးရိမ်ပူပန်သောအရိပ်အငွေ့များ ဖြတ်သန်းသွားသည်။
ပြီးမှ သူမက ဦးညွှတ်လျှက် ကျေးဇူးတင်စကားဆိုလိုက်၏။
“ကျွန်မ လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
ရန်ကျောက်ကဲကပြုံးရင်း...
“မိန်းကလေးက အားနာနေပြန်ပါပြီ ၊ အပြင်လောကကိုထွက်လာရင် မျှော်လင့်မထားတဲ့အန္တရယ်တွေက လူတိုင်းအပေါ် ကျရောက်နိုင်တာပါပဲ ၊ ကူညီပေးတာ မပြောပလောက်ပါဘူး”
ဝန်လော့ရှာက ခေါင်းညိတ်လိုက်ပြီး ဆရာဖြစ်သူကို တစ်စုံတစ်ခု မေးမြန်းလိုဟန် မျက်လုံးထောင့်ကပ်ကြည့်လိုက်သည်။
သို့သော် သူမ မေးခွန်းမထုတ်မီပင် ချန်ကျိလျင်က အသံပို့လွှတ်စနစ်ဖြင့် စကားပြောလာ၏။
“သူ့အသက်အရွယ်နဲ့ ရုပ်သွင်က ထပ်တူကျတယ် ၊ အများဆုံး အသက် (၃၀)ထက် မပိုသေးဘူး”
ထိုစကားကိုကြားတော့ ဝန်လော့ရှာမျက်ဝန်းထဲ အံ့သြတုန်လှုပ်ခြင်းများ လှစ်ခနဲတစ်ချက် ဖြတ်သန်းသွားသည်။ ထို့နောက် ရန်ကျောက်ကဲကိုကြည့်ရင်း သူမ မျက်ဝန်းများ တည်ကြည်လေးနက်သွား၏။
အရှေ့တောင် ထိပ်တန်းအရှင်သခင်၏ အဆက်အနွယ်များက များပြားခြင်း မရှိပေ။ သို့သော် သားစဉ်မြေးဆက် တပည့်အားလုံးက မယုံကြည်နိုင်လောက်အောင် အရည်အချင်းရှိသူများ ဖြစ်ကြ၏။
ထို့ကြောင့် ဝန်လော့ရှာ၏ဘဝတွင် ကြီးကျယ်ခမ်းနားသော ပါရမီရှင်များစွာကို တွေ့မြင်ဖူးလေသည်။ သူမကိုယ်တိုင်ကလည်း ပါရမီရှင်များထဲမှ ပါရမီရှင်တစ်ယောက်ဖြစ်နေခဲ့ပြီး နေ့စဉ်နေ့တိုင် ပါရမီရှင်များကိုချည်း မြင်နေရသဖြင့် ကျင့်သားရနေပေပြီ။
သို့ပေသိ ယခုတော့ သူမထက် (၁၀)နှစ်ကျော်ငယ်သော ဤလူငယ်က သူမထက်ပင်အချိန်စောပြီး သိုင်းသူတော်စင်တစ်ယောက်ဖြစ်နေကြောင်း တွေ့ရသည့်အခါ ဝန်လော့ရှာ မတုန်လှုပ်ဘဲ မနေနိုင်ပေ။
ရန်ကျောက်ကဲက ပုံမှန်အတိုင်းပင် ပြုံးလိုက်ရင်း...
“အရှေ့တောင် ထိပ်တန်းမျိုးနွယ်တွေရဲ့ နာမည်ကျော်ကြားမှုကို ကြားဖူးတာ ကြာပါပြီ ၊ ဒီနေ့ အခုလို ဆုံတွေ့ခွင့်ရမယ်လို့ ထင်မထားမိဘူး”