← Chapters

ကံကြမ္မာမျိုးနွယ် (ပထမအပိုင်း)

Vol. 35 Ch. 482

ကံကြမ္မာမျိုးနွယ် (ပထမအပိုင်း)

Vol. 35 Ch. 482

ရှာမန်တို့နေထိုင်ရာ တောင်ကြားဆီသို့ တိမ်စိုင်မည်းများက အလျင်အမြန် ချဥ်းကပ်လာနေသည်။ ထိုတိမ်စိုင်မည်းများထဲတွင် ကျောကုန်း၌ တောင်ပံပါသော လင်းနို့သားရဲများ ရာနှင့်ချီကာ ပါလာ၏။ လင်းနို့သားရဲများ၏ ပုံစံက ကြောက်မက်ဖွယ်ကောင်းပြီး ပါးစပ်မှ ချွန်ထက်သောအစွယ်များ ငေါထွက်နေသည်။ ၎င်းတို့မျက်လုံးများမှ အနီရောင်အလင်းတို့က တောက်ပလွန်းသဖြင့် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖုံးလွှမ်းနေ၏။

၎င်းတို့ တစ်ကိုယ်လုံးက မည်းနက်နေပြီး သာမန်ရှာမန်တစ်ဦး၏ အရွယ်အစားထက် သုံးဆမျှ ပိုမိုကြီးမားကာ ပေနှစ်ဆယ်နီးပါးခန့် အရပ်မြင့်ကြသည်။ တုတ်ခိုင်နေသော လက်မောင်းကြီးများက ခွန်အားသက်သက်နှင့်ပင် လူတစ်ယောက်ကို ဆွဲဖြဲပစ်နိုင်မည့်ပုံပေါ်၏။

အဝတ်အစား ဝတ်ဆင်ထားခြင်းမရှိသော်လည်း ဝတ်ရုံရှည်များသဖွယ် ငှက်မွေးတောင်များက သူတို့ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးထားလေသည်။ လင်းနို့သားရဲ တစ်ကောင်ချင်းစီတိုင်း၏ လက်ထဲတွင် အဝိုင်းပုံဓားသွားများကို ကိုင်ဆောင်ထားကြသည်။ ဓားသွားများက နီရဲနေပြီး လတ်လတ်ဆတ်ဆတ်သွေးတို့ စွန်းထင်းနေသလိုပင်…

ဟိန်းဟောက်အော်မြည်သံများက လေထုထဲတွင် ပဲ့တင်ထပ်နေ၏။ ကောင်းကင်ရှိ လမင်းတို့၏ အလင်းရောင်အောက်တွင် ရှာမန်တို့၏ တောင်ကြားဆီ ချဥ်းကပ်လာနေသော လင်းနို့သားရဲများ၏ အသွင်က လူသတ်မိစ္ဆာကြီးများအလား…

နံဖူးအစပ်၌ ဆံပင်ဖြူတစ်ချို့ပင် ပေါက်နေပြီဖြစ်သော နန်ကုန်းဟန်က တောင်ကြားအတွင်းရှိ ကျောက်သားစင်မြင့်တစ်ခုပေါ်တွင် ရပ်နေလေသည်။ သူသည် နီးကပ်လာနေသော လင်းနို့သားရဲများကို စိုက်ကြည့်ရင်း အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။ “စီနီယာတိုင်မူ ဘယ်လိုနေသေးလဲ”

ခဏတာ တိတ်ဆိတ်နေပြီးနောက် သူ့နံဘေးတွင်ရပ်နေသော ဒါဇင်ခန့်လူများထဲမှ တစ်ဦးက အသံတိုးတိုးဖြင့် ပြန်ဖြေလာသည်။ “စီနီယာတိုင်မူက နက်နက်ရှိုင်းရှိုင်း အိပ်မောကျနေတုန်းပါပဲ… နိုးလာမယ့် အရိပ်အယောင် မရှိသေးပါဘူး။ နောက်ဆုံးတစ်ခေါက်တုန်းက သူရခဲ့တဲ့ ဒဏ်ရာတွေက အတော်လေး ပြင်းထန်သွားတယ်။ ကျုပ်တို့မှာလည်း ဆေးဝါးလုံလုံလောက်လောက် မရှိတော့… သူနိုးလာခဲ့ရင်တောင် ကျင့်ကြံဆင့်က ဆိုးဆိုးဝါးဝါး ကျသွားလိမ့်မယ်”

“စီနီယာဟေးယာကရော” နန်ကုန်းဟန်တစ်ယောက် သက်ပြင်းမောချကာ နောက်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။

“စောစောက စီနီယာဟေးယာကို သွားမေးဖို့ တစ်ယောက်လွှတ်လိုက်ပေမယ့် ဘာလို့မှန်းမသိပဲ သူက ရုတ်တရက်ကြီး တံခါးပိတ်ကျင့်ကြံဖို့ ဝင်သွားပါတယ်တဲ့။ ဘယ်သူ့ကိုမှ လက်ခံမတွေ့တဲ့အပြင် သူ့လှိုဏ်ဂူကိုတောင်မှ… စည်းချပြီး ပိတ်ထားပါတယ်”

သူတို့ပြောနေစဥ်မှာပင် ကောင်းကင်ရှိ တိမ်စိုင်မည်းများက ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး ရှာမန်များအပေါ်သို့ အလျင်အမြန် နိမ့်ဆင်းလာ၏။ စိတ်လှုပ်ရှားမှုတို့ ရောစွက်နေသော စူးရှကျယ်လောင်သည့် အော်မြည်သံများကလည်း လေထုတစ်လျှောက် ပဲ့တင်ထပ်လာခဲ့သည်။ ထို့နောက် လင်းနို့သားရဲ ရှစ်ကောင်က အောက်ဘက်ရှိ တောင်ကြားဆီသို့ ထိုးဆင်းလာခဲ့လေသည်။

လင်းနို့သားရဲများက အလွန်လျင်မြန်ပြီး ချက်ချင်းပင် သူတို့အနားသို့ ရောက်လာတော့မည့်ပုံပင်… နန်ကုန်းဟန်သည် စင်မြင့်ပေါ်တွင်ရပ်လျက် လင်းနို့သားရဲများကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာသည်။

သူ့အနောက်ရှိ လူတစ်ဒါဇင်ခန့်၏ တုန့်ပြန်မှုကလည်း ထိုနည်းအတိုင်းသာပင်… အချို့ဆိုလျှင် လက်သီးများပင် တင်းတင်းဆုပ်ထားပြီး ရက်စက်ကြမ်းကြုတ်သော အမူအယာမျိုးဖြင့် ကြည့်နေကြ၏။ သူတို့သာ ထိုသို့တုန့်ပြန်လိုက်ခြင်း မဟုတ်ပေ။ တောင်ကြားထဲတွင် ပုန်းအောင်းနေသော ရှာမန်များသည်လည်း လင်းနို့သားရဲများ ထိုးဆင်းလာသော မြင်ကွင်းကို မြင်လိုက်ကြသည်။ ထိုအရာက သူတို့အိပ်မက်ထဲအထိ ခြောက်လှန့်နေသော အိပ်မက်ဆိုးတစ်ခု ဖြစ်သလို သူတို့မျက်စိရှေ့မှာပင် ဖြစ်ပျက်နေသည့် ရက်စက်ကြမ်းကြုတ်သော အဖြစ်မှန်တစ်ခုလည်း ဖြစ်သည်။

လင်းနို့သားရဲရှစ်ကောင်သည် တောင်ကြားအထက် ပေနှစ်ရာပင်မဝေးသော နေရာသို့ ရောက်ရှိလာခဲ့လေပြီ။ စိတ်လှုပ်ရှားစွာ အော်မြည်လျက် တိုးဝင်လာသော်လည်း တောင်ကြားအထက် ပေတစ်ရာအကွာအဝေးသို့ ရောက်သည်နှင့် လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး မြည်ဟည်းသွားပြီး တောင်ကြားတစ်ဝိုက်၌ ပုံရိပ်ယောင်အလင်းလွှာတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်တည်းဆိုသလို အလင်းလွှာပေါ်တွင် ပြင်းထန်သောအားလှိုင်းများ ပေါ်လာပြီး လင်းနို့သားရဲရှစ်ကောင်က ထိုအားလှိုင်းများနှင့် တိုက်မိသွားခဲ့သည်။

သို့သော်လည်း ၎င်းတို့သည် ထိုအားလှိုင်းများကြောင့် အနည်းငယ်ပင် ထိခိုက်ဒဏ်ရာမရပဲ အနောက်ဘက်ကိုသာ ပေတစ်ရာခန့် ပြန်လွင့်စင်သွားကြသည်။

“လင်းနို့သားရဲတွေရဲ့ တိုက်ပွဲနည်းဗျူဟာက လုံးဝကို မပြောင်းလဲသေးဘူး။ ငါတို့တွေ သူတို့သားကောင်ဖြစ်လာအောင်လို့ သူတို့ကို တိုက်လာအောင် မျှားခေါ်ဖို့ ကြိုးစားနေကြတုန်းပဲ”

“သူတို့ခန္ဓာကိုယ်တွေက အခုဆိုရင် ရိုးရေစတေးနယ်ပယ် အလယ်ဆင့်ရဲ့ အထွတ်အထိပ်မှာ ရောက်နေတဲ့ မာန်စွမ်းအားရှင်တွေနဲ့ ယှဥ်နိုင်နေပြီ… နောက်ဆုံးတစ်ခေါက် လာတိုက်တုန်းကထက် ပိုသန်မာလာကြတယ်။ နောက်တစ်ကြိမ်လာတဲ့အခါကျ သူတို့ခန္ဓာကိုယ်တွေက ရိုးရေစတေးနယ်ပယ် နှောင်းပိုင်းအဆင့်ရဲ့ မာန်စွမ်းအားရှင်တွေနဲ့ ယှဥ်လို့ရတဲ့အထိ ဖြစ်နေလောက်ပြီ” နန်ကုန်းဟန်အနောက်ရှိ လူအုပ်ထဲမှ နီရဲနေသာ မျက်လုံးများဖြင့် ပိန်ပါးပါးအဘွားအိုတစ်ဦးက ပြောလိုက်သည်။

“ဒီတစ်ကြိမ် ကျူးကျော်မှုမှာပါလာတဲ့ သူတို့ရဲ့ သာမန်မျိုးနွယ်ဝင်တွေကတောင် အရမ်းတိုးတက်လာပြီဆိုရင် ခရမ်းပိုးမျှင်အဆင့် လင်းနို့သားရဲရဲ့ ရုပ်ခွန်အားက ရိုးရေစတေးနယ်ပယ် နှောင်းပိုင်းအဆင့်က မာန်စွမ်းအားရှင်တွေလောက် ဖြစ်နေလောက်ပြီ”

အဘွားအို ပြောဆိုနေစဥ်မှာပင် လင်းနို့သားရဲရှစ်ကောင်ကို တွန်းထုတ်ခဲ့သော အလင်းလွှာထံမှ စူးရှတောက်ပသော အလင်းတို့ တောက်ပလာသည်။ အလင်းတန်းများက တစ်ခုနှင့်တစ်ခု ဖြတ်တောက်ကာ ဧရာမပိုက်ကွန်ကြီးအသွင်ဖြင့် လင်းနို့သားရဲရှစ်ကောင်ထံ တိုးဝင်သွားသည်။ အလင်းလွှာသည် ထိုလင်းနို့သားရဲများအား ပိတ်လှောင်ထားချင်နေသည့်အလား…

သို့သော်လည်း ၎င်းတို့အနီးသို့ ပိုက်ကွန်ချဥ်းကပ်သွားစဥ်မှာပင် လင်းနို့သားရဲရှစ်ကောင်ထဲမှ တစ်ကောင်သည် ညာလက်ကိုရင်ဘတ်ရှေ့တွင်ကပ်လျက် ရှုပ်ထွေး၊ နားမလည်နိုင်သော ဂါထာတစ်ခုကို ရွတ်ဖတ်လိုက်၏။ ဂါထာရွတ်သံများ ပဲ့တင်ထပ်လာသည်နှင့် ၎င်းအနောက်ရှိ လေထုက စုတ်ပြဲသွားပြီး ကြီးမားသော သွေးနီရောင် လင်းနို့ကြီးတစ်ကောင် တိုးထွက်လာသည်။

ထိုသွေးနီရောင်လင်းနို့ကြီးသည် ပေဒါဇင်ပေါင်းများစွာ ကြီးမားပြီး ဟိန်းဟောက်အော်မြည်လျက် ပိုက်ကွန်ထံ တိုးဝင်သွားသည်။ ပိုက်ကွန်အားထိမိသည်နှင့် သွေးနီရောင်လင်းနို့မှာ ပေါက်ကွဲသွားပြီး ရာနှင့်ချီသော အနီရောင်အလင်းစက်များက ပိုက်ကွန်ထဲသို့ တည့်တည့်ကျသွားခဲ့သည်။ ရာချီသော အနီရောင်အလင်းစက်များက အသက်ရှိနေပုံပေါ်ပြီး အရပ်မျက်နှာအနှံ့သို့ ကူးခပ်လှုပ်ရှားနေ၏။ ၎င်းတို့ပုံစံက သွေးနီရောင် လေလွင့်ဝိညာဥ်များလိုပင်…

“သူတို့ နတ်ဘုရားစွမ်းရည်တွေရဲ့ ခွန်အားကလည်း အများကြီးပိုပြီး အားကောင်းလာတယ်။ နောက်ဆုံးအခေါက်နဲ့ ယှဥ်ကြည့်မယ်ဆိုရင် တော်တော်သိသာတယ်။ သာမန်လင်းနို့သားရဲတွေကတောင် အလယ်အလတ်ရှာမန် အလယ်ဆင့်ရဲ့ စွမ်းအားမျိုးရှိနေကြပြီ…”

“အကယ်၍… မတော်တဆ တစ်ခုခုသာ မဖြစ်ခဲ့ဘူး၊ စတေးမှုသာ မလုပ်ဘူးဆိုရင် ငါတို့အတွက် နိုင်နိုင်ချေက ခြောက်ပုံတစ်ပုံပဲရှိတယ်။ အကယ်၍ အလင်းလွှာကို ထိန်းထားနိုင်မယ်ဆိုရင်တော့… ဒါပေမယ့်လည်း အဲဒီအတွက် ပေးဆပ်ရမယ့်တန်ဖိုးက ငါတို့လူ သုံးရာကနေ ငါးရာလောက် အလင်းလွှာရဲ့ စုပ်ယူခံရပြီး သေသွားလိမ့်မယ်” အဘွားအိုက လေးလေးနက်နက် ပြောလိုက်ပြီး သူမအသံထဲ၌ ဝမ်းနည်းမှုအရိပ်အယောင်တို့ စွန်းထင်းနေ၏။

နန်ကုန်းဟန်ကမူ ငြိမ်သက်လျက်… သူ့အနောက်ရှိ လူအားလုံးသည်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ကြချေ။

ကောင်းကင်ရှိ တိမ်စိုင်မည်းများထဲမှ အရိပ်တစ်ဒါဇင်ခန့် တိုးထွက်လာပြီး ပထမလင်းနို့သားရဲ ရှစ်ကောင်နှင့်အတူ အလင်းလွှာထံ ပြေးဝင်သွားသည်။

လေထုထဲ၌ ပေါက်ကွဲသံများ ပဲ့တင်ထပ်သွား၏။

တောင်ကြားအတွင်းရှိ နေရာလွတ်တစ်ခုတွင် ပေထောင်ပေါင်းများစွာ ကြီးမားသော အစီအရင်ကြီးတစ်ခု ရှိနေသည်။ ယခုအချိန်တွင် မြောက်များစွာသော ရှာမန်များက ထိုအစီအရင်ထဲ၌ တင်ပျဥ်ခွေ ထိုင်နေကြလေသည်။

ထိုရှာမန်များအားလုံး၏ ပုံစံက ပိန်ပါးဖျော့တော့နေကြသည်။ အစီအရင်သည် သူတို့၏ စွမ်းအားများကို ဆက်တိုက်စုပ်ယူပစ်နေပြီး အကာအကွယ်စည်း အသက်ဝင်နေစေရန် ဆက်လက်ထိန်းထားပေးလေသည်။

ဤအစီအရင်က ငြိမ်သက်သော အစီအရင်တစ်ခု မဟုတ်ပေ။ ၎င်းသည် အဆက်မပြတ် တောက်ပနေပြီး ထိုအလင်းစက်များ၏ ကြိမ်နှုန်းက အလင်းလွှာပေါ်သို့ ရိုက်ခတ်ခံရမှုနှုန်းနှင့် တိုက်ရိုက်အချိုးကျနေလေသည်။ အလင်းလွှာထံမှ အလင်းစက်တို့ ပိုမိုတောက်ပလာသည်နှင့် ရှာမန်အယောက်သုံးဆယ်ကျော်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အချို့ဆိုလျှင် သွေးအန်လိုက်ကြရသည်။ ထိုသူတို့၏ ပုံစံက ပြိုလဲလုနီးနီး ဖြစ်သွားသည်နှင့် ၎င်းတို့လဲမကျမီမှာပင် အနီးရှိ တစ်စုံတစ်ယောက်က ချက်ချင်းရှေ့တက်ကာ ထိုလူများကို သယ်ထုတ်သွားကြပြီး အစီအရင် ဆက်လည်ပတ်နေစေရန်အတွက် အခြားတစ်ယောက်က သူတို့နေရာကို ချက်ချင်းဝင်ယူရလေသည်။

သယ်ထုတ်သွားခံရသော လူများသည် နံဘေးတွင် ချက်ချင်းထိုင်ချလိုက်ကာ နှောင့်နှေးမှု တစ်ခဏပင်မရှိပဲ အသက်ရှူခြင်းကိုထိန်းညှိ၍ ပြန်ကောင်းလာအောင် လုပ်ကြရသည်။

သို့သော်ငြား အချိန်မီ သယ်မထုတ်နိုင်လိုက်သူအချို့လည်း ရှိလေသည်။ ထိုလူများကမူ အစီအရင်တွင်းသို့ အသက်ဓာတ်များ စုပ်ယူခံလိုက်ရပြီး ခါးခါးသီးသီး ရယ်မောရင်း သူတို့ခန္ဓာကိုယ်များက အလျင်အမြန် ခြောက်ကပ်သွားကြ၏။ အဆုံးတွင် အရိုးစုများအဖြစ်၊ ထိုမှတစ်ဆင့် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်မျောပါသွားကြတော့သည်။ သူတို့၏ အသက်ဓာတ်နှင့် စွမ်းအားများကမူ အကာအကွယ်စည်းအတွက် စွမ်းအားများဖြစ်သွားခဲ့လေသည်။

အချိန်တို့ကုန်လွန်လာသည်နှင့်အမျှ တောင်ကြားအပြင်ရှိ အလင်းလွှာကို ဝင်တိုးနေသော လင်းနို့သားရဲများမှာ အရေအတွက် တစ်ရာခန့်အထိ ရှိလာပြီဖြစ်သည်။ ထိုလင်းနို့သားရဲများသည် ထူးဆန်းသော အော်မြည်သံများနှင့်အတူ အလင်းလွှာကို ဝင်ဆောင့်နေကြသဖြင့် အလင်းလွှာထံမှ အက်ကွဲသံများ ထွက်ပေါ်လာနေပြီး ၎င်းက ဆက်မထိန်းထားနိုင်တော့ဟန်ဖြင့် အချိန်မရွေး ပျက်စီးသွားတော့မည့်ပုံ ပေါ်လာခဲ့သည်။

“တိုက်ကြရအောင် ဆရာ။ အစီအရင်ထဲမှာ ကျုပ်တို့လူ ဆယ့်ခြောက်ယောက်တောင် သေသွားပါပြီ” နန်ကုန်းဟန်အနောက်ရှိ လူဒါဇင်အုပ်ထဲမှ တစ်ယောက်က စိုးရိမ်တကြီးပြောလိုက်သည်။

နန်ကုန်းဟန်သည် ဖြူဖျော့နေသော မျက်နှာထားဖြင့် တိတ်တဆိတ်ပင် ခေါင်းယမ်းပြလိုက်၏။

ပေါက်ကွဲမြည်ဟည်းသံများက နေရာအနှံ့မှ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေသည်။ ခဏကြာပြီးနောက် အလင်းလွှာကို တိုက်ခိုက်နေသော လင်းနို့သားရဲ အရေအတွက်မှာ တစ်ရာ့ငါးဆယ်ခန့် ရှိလာပြီဖြစ်ပြီး ၎င်းတို့၏ အော်မြည်သံများက ရှာမန်တို့၏ နားထဲသို့ တိုးဝင်လာပြီး နှလုံးသားများပင် တုန်ယင်သွားစေလေသည်။

“နည်းနည်းလောက် ထပ်စောင့်လိုက်ဦး။ ငါတို့မှာ အခွင့်အရေးတစ်ကြိမ်ပဲရှိတာ။ အလဟသ အဖြစ်ခံလို့မရဘူး…” နန်ကုန်းဟန်က အံတင်းတင်းကြိတ်လျက် အသံတိုးတိုးဖြင့် ပြော၏။

“ဆရာ အစီအရင်ကို ထိန်းထားနိုင်ဖို့ ကျုပ်တို့လူ လေးဆယ့်သုံးယောက် သေသွားပါပြီ။ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် အသေအပျောက် ပိုများလာလိမ့်မယ်”

နန်ကုန်းဟန်သည် အလင်းလွှာအပြင်ရှိ လင်းနို့သားရဲ နှစ်ရာခန့်နှင့် ၎င်းတို့အထက်ရှိ တိမ်စိုင်မည်းများကိုကြည့်ကာ အံကိုတင်းတင်းကြိတ်လိုက်မိသည်။

“မိစ္ဆာလေးတွေကို အသင့်ပြင်ကြ”

သူ့ပါးစပ်မှ ထိုစကားသံထွက်လာသည်နှင့် လူအုပ်ထဲရှိ တစ်ယောက်က အလျင်အမြန်ပင် ပြေးထွက်သွားသည်။ ထို့နောက် အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် တောင်ကြားအတွင်းရှိ လှိုဏ်ဂူအချို့မှ လူကိုးဦး ထွက်လာကြ၏။

ထိုလူကိုးယောက်စလုံးက တိုက်ပွဲရှာမန်များဖြစ်သည်။ ၎င်းတို့သည် သူတို့လှိုဏ်ဂူများနှင့် ဆက်ထားသော လသာဆောင်များပေါ်တွင်ရပ်ကာ ကောင်းကင်ကိုမော့ကြည့်လိုက်ကြသည်။ သူတို့တစ်ယောက်ချင်းစီ၏ လက်ထဲတွင်တော့ အလွန်တရာ ကြီးမားသော အနက်ရောင်လေးများကို ကိုင်ဆောင်ထားကြလေသည်။

ထိုလူကိုးဦးသည် သာမန်လူတစ်ယောက်၏ အရပ်ထက် ပိုမိုရှည်လျားသော လေးကြီးများကို ဖြည်းဖြည်းချင်း ဆွဲလိုက်ကြသည်။ လေးညှို့ကို အပြည့်ဆွဲပြီးသည်နှင့် သူတို့အားလုံး၏ အနောက်မှ ဝိညာဥ်နတ်ဆရာသုံးဦး၊ စိတ်ဝိညာဥ်ဖမ်းစားသူ သုံးဦးနှင့် ရှေ့ဖြစ်ဟောသူ သုံးဦးဆီ ထွက်လာကြသည်။

ဝိညာဥ်နတ်ဆရာများထံမှ ဂါထာရွတ်သံ တိုးတိုးပေါ်လာသည်နှင့် တောင်ကြားအောက်တွင် စုစည်းထားသော သိပ်သည်းသည့် သေဆုံးခြင်းအငွေ့အသက် စွမ်းအင်လှိုင်းတစ်ခုက မိစ္ဆာလေးများထံ တိုးဝင်လာပြီး မှိန်ဖျော့ဖျော့ မြားတစ်စင်းစီအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

စိတ်ဝိညာဥ်ဖမ်းစားသူများ၏ မျက်လုံးများကပွင့်လာပြီး လေထဲတွင် စိတ်ဝိညာဥ်ဖမ်းစားသူများနှင့်သာ သက်ဆိုင်သည့် ထူးခြားသောစွမ်းအားတစ်ခု လှုပ်ခတ်လာ၏။ စိတ်ဝိညာဥ်ဖမ်းစားသူတို့၏ စိတ်ဝိညာဥ်များသည် မိစ္ဆာလေးအတွင်းရှိ မြားပေါ်တွင် စုဝေးသွားပြီး ပျောက်ကွယ်သွားမှာ မဟုတ်သည့်အလား…

ရှေ့ဖြစ်ဟောသူများသည် အိပ်စက်ခြင်းတစ်ခုအတွင်း ဝင်ရောက်သွားသည့်အလား မျက်လုံးများကို မှိတ်လိုက်ကြ၏။ သူတို့မျက်လုံးမှိတ်လိုက်သည်နှင့် တိုက်ပွဲရှာမန်ကိုးဦး၏ မျက်လုံးများက အဖြူရောင်ပြောင်းသွားခဲ့သည်။ ထိုတစ်ခဏတွင် သူတို့စိတ်ဝိညာဥ်များ ပျောက်ဆုံးသွားသည့်အလား မျက်ဝန်းများက ဗလာဖြစ်သွားကြသည်။

“မိစ္ဆာလေးတွေကို ဆွဲကြ” နန်ကုန်းဟန်၏ အော်ဟစ်သံနှင့်အတူ တိုက်ပွဲရှာမန်ကိုးဦးသည် ကြုံးဝါးကာ မိစ္ဆာလေးများကို အားထည့်ကာ ထပ်ဆွဲလိုက်ကြ၏။ သူတို့၏ လက်မောင်းများ၊ ပခုံးများက စုတ်ပြတ်သွားပြီး သွေးတို့စီးကျလာသော်လည်း အဆုံးစွန်အထိ ဆွဲလိုက်ပြီးမှ ရုတ်တရက် လွှတ်လိုက်လေသည်။

တောင်ကြားထဲတွင် လေထုအား ထိုးခွင်းသံများ ပဲ့တင်ထပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် နဂါးနက်ကြီးကိုးကောင်က တောင်ကြားထဲမှ လျင်မြန်သောအရှိန်ဖြင့် တိုးထွက်သွားပြီး အလင်းလွှာကိုဖောက်ကာ လင်းနို့သားရဲ နှစ်ရာဆီ တိုးဝင်သွားခဲ့သည်။

စူးစူးဝါးဝါး အော်ဟစ်သံများက ဧရိယာတစ်ခွင် ပြည့်နှက်သွားသည်။ မြားကိုးစင်းသည် အရှိန်လျော့ကျသွားခြင်းမရှိပဲ အရူးအမူး တိုးဝင်သွားသည်။ ၎င်းတို့က လင်းနို့သားရဲကိုးကောင်၏ ခန္ဓာကိုယ်များကို ထိုးဖောက်ဖြတ်သန်းသွားသော်လည်း အနည်းငယ်ပင် စွမ်းအားလျော့ကျသွားခြင်း မရှိခဲ့ပေ။

လေထုတစ်ခွင်ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး မြားထိုးဖောက်ခံလိုက်ရသည့် လင်းနို့သားရဲအားလုံး၏ ခန္ဓာကိုယ်များက ပေါက်ကွဲထွက်ကုန်ပြီး သွေးသား အစအနများက နေရာအနှံ့ ပြန့်ကျဲသွား၏။

မိစ္ဆာမြားကိုးချောင်းသည် တစ်ချောင်းလျှင် အနည်းဆုံး အသက်သုံးသက်စီ နှုတ်ယူသွားခဲ့သည်။ မြားကိုးစင်းသည် လက်ကျန်စွမ်းအင်များကုန်ဆုံးသွားသည်နှင့် ပျောက်ကွယ်သွားရမည့်အစား ပေါက်ကွဲသွားကြ၏။ ထိုပေါက်ကွဲမှုသည် သေဆုံးခြင်းအငွေ့အသက် စွမ်းအင်လှိုင်းအဖြစ် ပြောင်းလဲသွားပြီး အလင်းလွှာတစ်ခုလုံးကို ဖုံးအုပ်သွားသည်။

“သေဆုံးခြင်းအငွေ့အသက်တွေရဲ့ လှည့်စားထားမှုနဲ့ဆိုရင်၊ ငါတို့ သေဆုံးခြင်းအငွေ့အသက် စွမ်းအားကို တစ်ကြိမ်ထုတ်လွှတ်ကြမယ်” နန်ကုန်းဟန်သည် အားကုန်သုံး၍ အော်ဟစ်လိုက်သည်နှင့် တောင်ကြားတစ်ခုလုံးပင် တုန်ခါသွားခဲ့သည်။ မြေပြင်မှ သေဆုံးခြင်းအငွေ့အသက်မြူများ စိမ့်ထွက်လာပြီး တောင်ကြားအလယ်၌ စုဝေးသွားကာ တောင်ကြားအတွင်းရှိ မြင်ကွင်းက ရုတ်ခြည်းဝေဝါးသွားခဲ့သည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်တွင်တော့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မြူခိုးအတွင်းရှိ သေဆုံးခြင်းအငွေ့အသက်အားလုံးက တိုးထွက်သွားပြီး လေတို့ဖြင့်ဖွဲ့စည်းထားသည့် ဧရာမတိုင်လုံးကြီးသဖွယ် ကောင်းကင်ရှိ လင်းနို့သားရဲများထံ တိုးဝင်ရိုက်ခတ်သွား၏။

All Chapters