← Chapters

ငါလည်း အပြင်လူပဲ

Vol. 35 Ch. 484

ငါလည်း အပြင်လူပဲ

Vol. 35 Ch. 484

ဤသည်က ရူးသွပ်သွားသော တိုက်ပွဲကြီးတစ်ခုပင်။ လွန်ခဲ့သော ဆယ့်ငါးနှစ်တာကာလလုံး ဆေးဝါးနည်းပါးကာ အနာဂါတ် ဘယ်ဆီဘယ်ဝါမှန်းမသိ လမ်းပျောက်နေခဲ့သော ရှာမန်များနှင့်ယှဥ်လျှင် လင်းနို့သားရဲများက မယုံနိုင်လောက်အောင်ပင် အစွမ်းထက်နေနှင့်ပြီးသား ဖြစ်သည်။

ထိုဆယ့်ငါးနှစ်တာကာလအတွင်း လင်းနို့သားရဲများနှင့် တိုက်ခိုက်ရင်း ရှာမန်ပေါင်းများစွာ သေဆုံးခဲ့ရ၏။ သူတို့၏ သန်မာသောစစ်သည်တော်အများစုမှာလည်း ကျဆုံးသွားခဲ့ပြီဖြစ်ပြီး ကျန်ရစ်ခဲ့သူများမှာ လူအိုကြီးများနှင့် ကလေးများသာဖြစ်သည်။ သူတို့၏ အဓိက တိုက်ပွဲဝင်အင်အားကို ဖွဲ့စည်းနိုင်လောက်သည်အထိ ထိုလူများတွင် စွမ်းအင်များများစားစား မရှိကြပေ။

စိတ်ခွန်အား လျော့နည်းလာမှုကြောင့် ယင်ကိုးပါးလောကထဲရှိ နယ်ခံမျိုးနွယ်များအပေါ် ကြောက်ရွံ့မှုက ရှာမန်တို့၏ နှလုံးသားထဲတွင် အမြစ်တွယ်နေခဲ့ပြီဖြစ်ပြီး အထူးသဖြင့်တော့ ဤတစ်ကြိမ်ပေါ်လာသော ရွှေပိုးချည်လင်းနို့သားရဲလိုမျိုးဖြစ်သည်။ ဆယ့်ငါးနှစ်အတွင်း ရွှေပိုးချည်သားရဲ ပေါ်လာသည်က ဤတစ်ကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ်ရှိပြီဖြစ်သော်လည်း သိသိသာသာကိုပင် ဤတစ်ခေါက်အကောင်က လွန်ခဲ့သောဆယ်နှစ်ဝန်းကျင်ကကောင်ထက် ပိုမိုသန်မာပေသည်။

နန်ကုန်းဟန်၏ လုပ်ရပ်နှင့်စကားများက ရှာမန်တို့၏ စိတ်ဓာတ်ကိုခဏသာမြှင့်တင်ပေးနိုင်ခဲ့၏။ လူသတ်ပွဲကြီး စတင်သည်နှင့် ထိုစွမ်းအင်က ကြာရှည်မခံခဲ့ပါချေ။

လေထဲတွင် စူးစူးဝါးဝါး နာနာကျင်ကျင် အော်ဟစ်သံများနှင့် ပြည့်နေခဲ့သည်။ ကြီးမားသော ခန္ဓာကိုယ်ကြီးများနှင့် လင်းနို့သားရဲများ၏ ရှေ့မှောက်၌ ရှာမန်တို့၏ခုခံမှုက အချည်းနှီးပင်။ ကြိုးစားရုန်းကန်ကာ ပြန်တိုက်ခိုက်နေကြသော်လည်း လင်းနို့သားရဲများ၏ ခန္ဓာကိုယ်များက မာန်စွမ်းအားရှင်များကဲ့သို့ပင် ကြံ့ခိုင်ကြပြီး ရှာမန်တို့ထက် သာလွန်အားကောင်းသော နတ်ဘုရားစွမ်းရည်များလည်း ပိုင်ဆိုင်ထားကြသေးသည်။ အရေအတွက်ကလည်း အလွန်များပြားလှသဖြင့် ရှာမန်တို့အတွက်တော့ ဤတိုက်ပွဲက ပျက်ဆီးခြင်းကပ်ဘေးတစ်ခုထက် မပိုခဲ့ချေ။

အထူးသဖြင့်တော့ ခရမ်းပိုးချည်လင်းနို့သားရဲ တစ်ဒါဇင်ခန့်ဖြစ်သည်။ သူတို့သည် နှောင်းပိုင်းရှာမန်တစ်ယောက်နှင့် ညီသောစွမ်းအားမျိုး ပိုင်ဆိုင်ထားကြပြီး ခန္ဓာကိုယ်များကလည်း မာန်ဝိညာဥ်နယ်ပယ်မှ မာန်စွမ်းအားရှင်တစ်ယောက်ကဲ့သို့ ကြံ့ခိုင်ကြ၏။ သူတို့ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ကျယ်လောင်သော ရယ်မောသံများ ပဲ့တင်ထပ်နေပြီး သူတို့လမ်းကြောင်းကို ပိတ်ဆို့ရန် ကြိုးစားသောရှာမန်များမှာ အရှင်လတ်လတ်ပင် အပိုင်းပိုင်း ဆွဲဖြဲခံရလေသည်။

ထိုလင်းနို့သားရဲများက နတ်ဘုရားစွမ်းရည်များပင် ထုတ်မသုံးကြပေ။ သူတို့၏ သန်မာသောလက်များက အရာရာကို အစားထိုးရန် လုံလောက်နေခဲ့လေသည်။ ရှာမန်တို့၏ ခေါင်းများ၊ ခြေလက်များက ခန္ဓာကိုယ်မှ ဆွဲဖြံခံထားရပြီး အသားစနှင့် သွေးစက်များက နေရာအနှံ့ပြန့်ကျဲနေ၏။ ထိုအရာက ကောင်းကင်ထက်တွင် အချိန်ထာဝရ တည်ရှိသွားတော့မည့် ပုံရိပ်ကြီးတစ်ခုသဖွယ် ပြောင်းလဲသွားခဲ့သည်။

နန်ကုန်းဟန်သည် သွေးတစ်လုပ်အန်လိုက်ရသော်လည်း သူ့လက်ထဲရှိ လှံရှည်က လင်းနို့သားရဲတစ်ကောင်၏ နံဖူးကို ထိုးဖောက်သွားခဲ့သည်။ သူသည် ဘယ်လက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်သည်နှင့် သူ့ပတ်လည်တွင် သေဆုံးခြင်းအငွေ့အသက်များစွာ စုဝေးလာပြီး လေဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုလေဝဲအတွင်းမှ သေလွန်ဝိညာဥ်များစွာပေါ်လာပြီး ဧရိယာထဲသို့ တိုးဝင်သွားကြသည်။

သူက ဝိညာဥ်နတ်ဆရာတစ်ယောက် ဖြစ်သည်။ ဝိညာဥ်နတ်ဆရာအများစုသည် လူသေများအပေါ်တွင်သာ ခံစားချက်ရှိပြီး သက်ရှိများအပေါ် အေးစက်သည်ဟုဆိုသော်လည်း နန်ကုန်းဟန်ကမူ ထိုသို့မဟုတ်ခဲ့ချေ။ ဝိညာဥ်နတ်ဆရာ ဖြစ်လာခြင်းသည်ပင် သူ၏နွေးထွေးတက်ကြွသော စရိုက်သဘာဝကို လွှမ်းမိုးနိုင်ခဲ့ခြင်းမရှိပဲ ထိုအကြောင်းအရင်းကြောင့်လည်း သူနှောင်းပိုင်းရှာမန် ဖြစ်မလာနိုင်ခဲ့ခြင်းဖြစ်သည်။

သူ့အနောက်ရှိ မျိုးနွယ်ဝင်များမှာ ဆက်တိုက်ဆိုသလို သေဆုံးနေကြပြီး အရေအတွက်မှာ အလျင်အမြန်ပင် လျော့နည်းလာခဲ့၏။ ကိုယ့်ကိုယ်ကို ဖောက်ခွဲရာမှ ထွက်ပေါ်လာသော ပေါက်ကွဲသံများသည်လည်း လေထဲတွင် ပဲ့တင်ထပ်နေပြီး လူသတ်ပွဲကြီး၏ ပြင်းထန်မှုက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ချေပြီ။

ကိုယ့်ကိုယ်ကို ဖောက်ခွဲသွားကြသူများမှာ သက်ကြီးရွယ်အိုများဖြစ်သည်။ မသေဆုံးမီ သူတို့ကိုယ်သူတို့ ဖောက်ခွဲသွားမှုက ရှာမန်အားလုံးအတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့သည်။

“သေတဲ့အထိ တိုက်ကြ” နန်ကုန်းဟန်က အော်ဟစ်ကြုံးဝါးလိုက်သည်။

“ကိုယ့်အတွက် ကိုယ် တိုက်ပွဲဝင်ကြ။ ငါတို့လူတွေအတွက် တိုက်ကြ။ ဒီတိုက်ပွဲမှာ ငါတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲမယ်။ ရူးသွပ်မှုနဲ့အတူ အနာဂါတ်ကို ဆုပ်ကိုင်ကြစို့”

ရှာမန်များအားလုံး၏ မျက်လုံးများက နီရဲလာသည်။ လင်းနို့သားရဲများအား တစ်ယောက်တည်းတိုက်လို့ မနိုင်လျှင် နှစ်ယောက်တိုက်မှာဖြစ်ပြီး နှစ်ယောက်က မလုံလောက်သေးလျှင် သုံးယောက်ပေါင်းတိုက်ကြ၏။

ထိုသို့ဆိုလျှင်ပင် ရှာမန်များထက်မလျော့သော လင်းနို့သားရဲများကြောင့် ရှာမန်များကြားရှိ အသေအပျောက်များက ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး လေထဲတွင်လည်း သွေးနံ့တို့ ပြည့်နေခဲ့သည်။ နာနာကျင်ကျင် အော်ဟစ်သံများကလည်း ဧရိယာတစ်ခွင် ပဲ့တင်ထပ်နေလေသည်။

နန်ကုန်းဟန်သည် သူ့ညာဘက်ရှိ မျိုးနွယ်ဝင်တစ်ယောက်၏ခေါင်းအား ဂုတ်မှဆွဲဖြဲခံလိုက်ရသည်ကို မြင်လိုက်ရ၏။ ဒဏ်ရာမှ သွေးများပန်းထွက်လာပြီး နန်ကုန်းဟန်၏ မျက်နှာကိုပင် သွေးစက်အချို့ လာစင်ခဲ့လေသည်။

အနည်းငယ်သာ တိုက်ခိုက်ရသေးသော်လည်း စတိုက်ခဲ့သော ရှာမန်အယောက်ငါးရာမှာ ယခုဆိုလျှင် အယောက်သုံးရာပင် မကျန်တော့ပါချေ။ သူတို့သည် ရှေ့ဆက်တိုးနိုင်စွမ်းမရှိတော့ပဲ အပေါ်မှ လင်းနို့သားရဲများ ဖိအားပေး ဆင်းသက်လာသောအခါ နောက်သို့ ဆက်တိုက်ဆုတ်ပေးနေရလေသည်။ သူတို့သည် အလင်းလွှာရှေ့သို့ ရောက်သည်အထိ နောက်ပြန်ဆုတ်ပေးလိုက်ရ၏။

နန်ကုန်းဟန်၏ နှလုံးသားထဲတွင် စိတ်ပျက်အားလျော့မှုတို့ ပြည့်လာခဲ့လေပြီ။ သူ့မျိုးနွယ်ဝင်များ သေဆုံးသွားသည်ကို ကြည့်နေရပြီး ဆယ့်ငါးနှစ်အတွင်း ရင်းနှီးခဲ့ရသော ထိုမျက်နှာများ ပေါက်ကွဲပျက်စီးသွားကြသည်ကို ကြည့်နေရ၏။ ထိုအရာအားလုံးကို မြင်နေရသော်လည်း ဘာမှလုပ်မပေးနိုင်ခဲ့ပေ။

သို့သော်လည်း အလင်းလွှာရှေ့သို့ သူတို့ရောက်လာချိန်မှာပင် ကောင်းကင်ထက်တွင် ဧရာမလက်ကြီးတစ်ခု ပေါ်လာပြီး နန်ကုန်းဟန်နှင့် အခြားရှာမန်များထံသို့ ဦးတည်ကျဆင်းလာခဲ့သည်။

အဝေးမှကြည့်လျှင် ထိုလက်ဖဝါးကြီး၏ပုံစံက ကြောက်မက်ဖွယ်ပင်။ ၎င်းသည် ပေထောင်ပေါင်းများစွာကြီးမားပြီး ကျဆင်းလာသောအရှိန်ကြောင့် လေထုသည်ပင် တုန်ခါမြည်ဟည်းလာခဲ့သည်။ လက်ဖဝါးထိပ်တွင် ရွှေပိုးချည်သားရဲ ရှိနေလေသည်။

ရွှေပိုးချည်သားရဲသည် ညာလက်ကိုမြှောက်ထားပြီး အောက်သို့ ဖြည်းဖြည်းချင်း ရိုက်ချနေခြင်းဖြစ်သည်။ သူ့နှုတ်ခမ်းထောင့်တွင် စက်ဆုပ်ရွံရှာမှု၊ အထင်သေးမှုအပြည့်ဖြင့် လှောင်ပြုံးတစ်ခု ရှိနေလေသည်။ သူ့အတွက်တော့ ဒီအပြင်လူများက အားနည်းလွန်းသဖြင့် တိုက်ခိုက်ရမည်ပင် မတန်ပေ။

ကြုံးဝါးသံတစ်ချက်နှင့်အတူ နန်ကုန်းဟန်၏ မျက်နှာပေါ်တွင် သွေးကြောတို့ဖောင်းကားလာ၏။ သူ့အနောက်ရှိ မျိုးနွယ်ဝင်များသည်လည်း စွမ်းအင်များကိုလှည့်ပတ်ကာ ထိုလက်ဝါးကြီး ခုခံရန် ရူးရူးမူးမူး ပြင်ဆင်လိုက်ကြလေပြီ။

သူတို့၏ သေဆုံးမှုက နောက်မှစိတ်ပူရမည့်အရာဖြစ်သည်။ သူတို့သာ မခုခံနိုင်ခဲ့ပါက အလင်းလွှာအနေဖြင့် ထိုလက်ဝါးရိုက်ချက်ကို တောင့်ခံနိုင်ရန် အလွန်ခဲယဥ်းသွားပေလိမ့်မည်။ အလင်းလွှာပျက်စီးသွားသည်နှင့် တောင်ကြားထဲရှိ ကလေးငယ်များ၊ ဒဏ်ရာရထားသော မျိုးနွယ်ဝင်များအနေဖြင့် လုံးဝပင် ပြန်လည်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပဲ ရက်ရက်စက်စက် လူမျိုးတုန်း သတ်ဖြတ်မှုတစ်ခုအား ရင်ဆိုင်ရပေတော့မည်။

ပေငါးရာပင် မဝေးတော့သောနေရာသို့ လက်ဝါးကြီးရောက်လာသည်နှင့် တောင်ကြားအတွင်းမှ ကြုံးဝါးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လူတိုင်း၏မျက်စိရှေ့မှာပင် တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသော ဆံပင်ရှည်များ၊ ဖြူဖျော့နေသော မျက်နှာတို့ဖြင့် အဘိုးအိုတစ်ဦးက တောင်ကြားအပြင်သို့ တိုးထွက်သွားခဲ့၏။ အဘိုးအို၏ အလျင်မှာ အလွန်မြန်ဆန်လွန်းသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းလွှာကို ဖြတ်သန်းသွားပြီး နန်ကုန်းဟန်နှင့် အခြားသူများကိုလည်း ဖြတ်ကျော်သွားကာ ၎င်းတို့အပေါ်တွင်ရပ်၍ လက်ဝါးချက်ကို တစ်ဦးတည်း ရင်ဆိုင်လိုက်လေသည်။ အဘိုးအိုသည် ကျဆင်းလာနေသော လက်ဝါးကြီးထံသို့ ညာလက်သီးဖြင့် တိုက်ရိုက်ပြန်တိုက်ခိုက်လိုက်၏။

“စီနီယာ တိုင်မူ”

“အဲဒါ စီနီယာတိုင်မူပဲ”

လူအုပ်ကြားမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုအဘိုးအိုသည် ယခင်တိုက်ပွဲအတွင်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ကောင်းကောင်းကုသမှုမခံခဲ့ရသဖြင့် သတိလစ်မေ့မြောနေခဲ့သော တိုင်မူပင်ဖြစ်သည်။

တောင်ကြားအတွင်းရှိ ဆူညံသံများကြောင့် ပြန်နိုးလာချိန်၌ သူ့ကိုယ်သူပင် ဂရုမစိုက်ပဲ ဝင်ရောက်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ လက်ဝါးကြီးနှင့် သူ့လက်သီးချက်ထိမိသည်နှင့် တိုင်မူ၏ ပါးစပ်မှ သွေးတို့အန်ထုတ်လိုက်ရ၏။ ထို့နောက် သူ့တစ်ကိုယ်လုံးမှ သွေးမြူများပေါ်လာပြီး ကြိုးပြတ်သွားသော စွန်တစ်ခုသဖွယ် အနောက်သို့ ပြန်လွင့်ထွက်သွားခဲ့သည်။

“ဒါက ဒီမှာရှိတဲ့ အပြင်လူတွေထဲမှာ အသန်မာဆုံးတဲ့လား။ အားပျော့လွန်းတယ်။ မင်းက ငါ့ပြိုင်ဘက်တောင် မဟုတ်ဘူး… မင်းတို့အပြင်လူတွေအကုန် သွားသေလိုက်ကြတော့”

ကောင်းကင်ယံမှ အေးစက်စက်အသံတစ်ခု ပျံ့လွင့်လာပြီး တောင်ကြားတစ်ဝိုက် ပျံသန်းနေသော လင်းနို့သားရဲများ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်ဟန် အအူမယာများ ပေါ်လာခဲ့သည်။ ခရမ်းပိုးချည် လင်းနို့သားရဲ ဒါဇင်ခန့်သည်လည်း အောက်ဘက်ရှိ မြင်ကွင်းကိုကြည့်ကာ အေးစက်စက် ရယ်မောလိုက်ကြ၏။

ထိုစကားလုံးများကို ပြောလိုက်သည်က ဧရာမလက်ဝါးကြီးကို ဆောင်ကျဥ်းလာခဲ့သော ရွှေပိုးချည် လင်းနို့သားရဲ ဖြစ်သည်။

နန်ကုန်းဟန် စိတ်တို့လေးလံသွားရ၏။ ထို့နောက် ချက်ချင်းပျံတက်လိုက်ပြီး တိုင်မူကို ကူတွဲပေးလိုက်သည်။ တိုင်မူ၏ မျက်နှာက ဖြူဆုတ်နေပြီး မျက်လုံးများက ပွင့်မလာတော့ချေ။ သူသည် အစကတည်းက ဒဏ်ရာအပြင်းအထန်ရထားခြင်းဖြစ်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်ရန် သူ့ကိုယ်သူ ဖိအားပေးခဲ့ပြီးနောက် ဒဏ်ရာအပြင်းအထန် ထပ်ရသွားခြင်းဖြစ်သည်။ ယခုအချိန်၌ သူ့အသက်က အန္တရာယ်ရှိနေခဲ့လေပြီ။

ဧရာမလက်ကြီးက သူတို့ထံသို့ ကျယ်လောင်ဆူညံသော ပေါက်ကွဲသံများနှင့် တိုးဝင်လာသည်။ ၎င်းက နန်ကုန်းဟန်နှင့် အခြားသူများကို ထိမိတော့မည့်အချိန်မှာပင် နန်ကုန်းဟန်သည် အော်ဟစ်လိုက်ပြီး ရှာမန်များအားလုံး အလင်းလွှာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြ၏။ ထို့နောက် သူတို့မျက်စိရှေ့မှာပင် အလင်းလွှာပေါ်သို့ လက်ဝါးရိုက်ချက် ကျရောက်လာသည်ကို မြင်တွေ့လိုက်ကြရသည်။ ကျယ်လောင်သော တော်လဲသံကြီးက ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေပြီး အလင်းလွှာက အပိုင်းအစများအဖြစ် နေရာအနှံ့သို့ ပေါက်ကွဲလွင့်စင်သွားခဲ့သည်။

ယခုအချိန်တွင် တောင်ကြားတစ်ခုလုံး အကာအကွယ်မဲ့သွားခဲ့လေပြီ။

လက်ဝါးကြီးသည် အလင်းလွှာကို ဖျက်ဆီးပြီးသော်လည်း ပျောက်ကွယ်မသွားသေးပဲ တောင်ကြားထဲရှိ ရှာမန်များအားလုံးကို ဖျက်စီးပစ်ချင်ဟန်ဖြင့် အောက်သို့ဆက်လက်ကျဆင်းလာသည်။

ကျောက်တောင်များ ပြိုကျလာပြီး ကျောက်တုံးများစွာက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။ မြေပြင်သည်ပင် ထိုစွမ်းအားကို မခံနိုင်ဟန်ဖြင့် အက်ကြောင်းများ ပေါ်လာခဲ့၏။

တောင်ကြားထဲရှိ အစီအရင်အတွင်း၌ မည်သည့်အလောင်းမှ ရှိမနေပဲ ပြာများသာ အပုံအပင် ရှိနေခဲ့၏။ လက်ဝါးရိုက်ချက်အတွင်း အစီအရင်ကို ထိန်းထားခဲ့သော လူအားလုံးမှာ သေဆုံးပျောက်ကွယ် သွားခဲ့ပြီဖြစ်သည်။

တောင်များမှ ကျောက်တုံးတို့ ပြိုကျလာသည်နှင့် တုန်ခါနေသော လှိုဏ်ဂူများထဲတွင် ကလေးငယ်များသည် မိခင်တို့ကို တင်းတင်းကြပ်ကြပ် ဖက်ထားကြ၏။ မျက်လုံးများကို မှိတ်လျက် သူတို့ထံ ရောက်ရှိလာတော့မည့် သေခြင်းတရားကို စောင့်ကြိုနေကြလေသည်။

နန်ကုန်းဟန်သည် ခါးသီးစွာ ရယ်မောရင်း လက်ဝါးကြီးကို မော့ကြည့်လိုက်ပြီး သူ့မျက်နှာထက်၌ စိတ်ပျက်အားလျော့မှုတို့ ပေါ်လာခဲ့၏။

“ဒီတော့… ဒါက ငါတို့ရဲ့ ကံကြမ္မာပေါ့… ဒါဆိုလည်း ရှိပါစေတော့။ ငါတို့အားလုံး သေရတော့မှာပဲ”

ထိုအချိန်တွင် ရွှေပိုးချည်လင်းနို့၏ အသံက လေထဲ၌ ပဲ့တင်ထပ်နေပြီး သူ့အသံအတွင်းမှ စက်ဆုပ်ရွံရှာမှုများကို အတိုင်းသား ကြားနေရလေသည်။

“… အပြင်လူတွေအကုန် သွားသေလိုက်ကြတော့”

သို့သော်လည်း နန်ကုန်းဟန်တို့နှင့် ပေသုံးရာပင်မဝေးတော့သောနေရာသို့ လက်ဝါးကြီးရောက်ရှိလာစဥ်၊ အကုန်လုံး စိတ်ပျက်လက်ပျက်ဖြင့် အားလျှော့လိုက်ချိန်မှာပင်…

အလားတူ အေးစက်စက်အသံတစ်သံက ကောင်းကင်နှင့်မြေပြင်ကြားတွင် မိုးခြိမ်းသံသဖွယ် မြည်ဟည်းလာခဲ့ပြီး ရွှေပိုးချည်လင်းနို့၏ အသံကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

“ငါ…” ထိုအရာက ပထမဆုံးပေါ်လာသော စကားလုံးပင်။ ထိုစကားသံနှင့်အတူ ကောင်းကင်ရှိ လင်းနို့သားရဲများသည် သူတို့ထံမှ အဝေးမှလေပြင်းများ တိုက်ခတ်လာသလို ခံစားလိုက်ရ၏။ ထိုလေပြင်းများ၏ အင်အားသည် ကောင်းကင်ဘုံ၏ ကြမ်းတမ်းသော ကြုံးဝါးသံကြီးလိုပင် ဖြစ်ပြီး သူတို့အားလုံးကို အနောက်သို့ လွင့်စင်သွားစေခဲ့သည်။

“က…” ထိုသည်က ဒုတိယစကားလုံးပင်… ပထမစကားလုံး ပေါ်လာချိန်တွင် အသံသည် အဝေး၌ ရှိနေသေးသည်ဟု ထင်ရသော်လည်း ဒုတိယစကားလုံးကမူ သူတို့နားထဲသို့ ကပ်ပြောလိုက်သလို ခံစားလိုက်ကြရသည်။ ထိုအရာက ကြောက်မက်ဖွယ် မိုးခြိမ်းသံကြီးသဖွယ်ဖြစ်ပြီး ကြားလိုက်ရသော လင်းနို့သားရဲတိုင်း၏ ခေါင်းနှင့် စိတ်ထဲတွင် တဝုန်းဝုန်းပေါက်ကွဲသံများ မြည်ဟည်းသွားခဲ့သည်။

ထို့နောက် တောင်ကြားထဲတွင် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး လက်ဝါးကြီး၏ အောက်တည့်တည့်၌ လူတစ်ယောက်ပေါ်လာခဲ့၏။ ထိုလူ၏ မျက်နှာကို သေချာမမြင်ရပဲ သူတို့မြင်လိုက်ရသည်က ထိုလူသည် ညာလက်ကိုမြှောက်၍ လက်တစ်ချောင်း ဆန့်ထုတ်လိုက်ခြင်းသာ ဖြစ်သည်။ ထို့နောက်တွင်တော့ လက်ဝါးကြီ၏ အလယ်သို့ လက်ချောင်းဖြင့် ပေါ့ပေါ့ပါးပါးပင် တို့ထိလိုက်လေသည်။

“လည်း…” ဤသည်က တတိယမြောက် စကားလုံးပင်။ ထိုအသံက တည်ငြိမ်နေသော်လည်း စကြဝဋာကြီး၏ စည်းမျဥ်းအချို့ ပါဝင်နေပုံရပြီး ဧရိယာတစ်ခွင်လုံးရှိ အခြားအသံအားလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။

လက်ဝါးကြီးနှင့်ယှဥ်လျှင် ထိုလူမှာ အလွန်သေးငယ်လှသော်လည်း သူ့လက်ချောင်းထိသွားသည်နှင့် လေထဲတွင် ထိတ်လန့်ဖွယ် ပေါက်ကွဲမြည်ဟည်းသံကြီး ပေါ်လာခဲ့သည်။ ပေါက်ကွဲမှုအားလှိုင်းတစ်ခုသည်လည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ၎င်းက ဒေါမာန်ဟုန်ကြီးနေသော လှိုင်းလုံးကြီးများသဖွယ်၊ ပြင်းထန်သောလေပြင်းများသဖွယ် ဧရိယာတစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။

ပေါက်ကွဲသံများနှင့်အတူ လက်ဝါးကြီးမှာ တစ်လက်မချင်းစီ ပဲ့ကျလာပြီး အဆုံး၌ ပေါက်ကွဲသွားခဲ့၏။ သို့သော်လည်း ပေါက်ကွဲမှုမှ ထွက်ပေါ်လာသောအားလှိုင်းသည် ကောင်းကင်သို့ ပြန်လည်တွန်းထုတ်ခံလိုက်ရလေသည်။

“… အပြင်လူ ပဲ” ပြိုကွဲသွားသော လက်ဝါးကြီးနှင့် စကားသံ၏ နောက်ဆုံးစကားလုံးနှစ်ခုက ဖြည်းဖြည်းချင်း ပေါ်လာခဲ့၏။

ထိုအချိန်တွင် ဧရိယာတစ်ခွင်လုံး လေပြင်းများ တိုက်ခတ်နေသော်လည်း ထိုလူပုံရိပ်က လေထဲတွင် မားမားမတ်မတ် ရပ်နေဆဲဖြစ်သည်။ သူ၏ ဆံပင်ရှည်များမှာ လေနှင့်အတူ လွင့်မျောကခုန်နေပြီး သူ့ဝတ်ရုံများက ဆီးနှင်းသဖွယ် ဖြူဆွတ်နေခဲ့သည်။ ထိုလူက ချောမောခန့်ညားသော လူတစ်ဦးဖြစ်ပြီး သူ့နံဖူးအလယ်၌ စိန်ပွင့်ပုံ အမှတ်အသားတစ်ခု ရှိနေလေသည်။ သူ့ပခုံးပေါ်တွင် မြွေငယ်လေးတစ်ကောင်သည် ခေါင်းထောင်လျက် တရွှီရွှီမြည်တွန်နေခဲ့၏။ ထိုနေရာတွင်ရပ်နေသော သူ့ပုံက အားလုံး၏အာရုံများကို ဖမ်းစားသွားခဲ့လေသည်။

သူ့အကြည့်များက လေးနက်နေပြီး ကောင်းကင်ဘုံ၏ စွမ်းအားများ ပါဝင်နေသလိုပင်။ ထိုလူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေရောင်အလင်းလှိုင်းများ ဖြန့်ကျက်ထားပြီး သူ့ပုံစံအား ရွှေရောင်ချပ်ဝတ်တစ်ခု ဝတ်ဆင်ထားသည့်ပုံ ပေါ်နေစေသည်။

လေးနက်သောအကြည့်အပြင် သူ့မျက်ဝန်းများထဲမှ အခြားသူတို့၏ စိတ်နှလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည့် အကြည့်တစ်ခုလည်း ရှိနေခဲ့သည်။ သူနှင့် အကြည့်ချင်းဆုံလိုက်မိသော လင်းနို့သားရဲတိုင်း၏ စိတ်ထဲ၌ တဝုန်းဝုန်းပေါက်ကွဲသံများပင် မြည်ဟည်းသွားခဲ့၏။ ထိုလူ၏ အကြည့်တစ်ချက်နှင့်ပင် သူတို့ခန္ဓာကိုယ်များက ပေါက်ကွဲသွားတော့မည့်အလား ဖြစ်သည်…

ထိုအရာက ဤနေရာတွင်ရှိသော စွမ်းအားအလုံးစုံထက် သာလွန်နေသော ခွန်အားတစ်ခုပင် ဖြစ်လေသည်။

All Chapters