မော့စု
Vol. 35 Ch. 485
ဤသည်က ဧရာမလက်ဝါးကြီးကို လက်တစ်ချောင်းတည်းဖြင့် ဖြိုခွဲပစ်နိုင်ပြီး မျိုးနွယ်လုံးကျွတ် သတ်ဖြတ်မှုကို ချက်ချင်းရပ်တန့်သွားစေကာ လင်းနို့သားရဲအားလုံးကို ထိတ်လန့်ခြောက်ချားသွားစေသည့် ခွန်အားမျိုးဖြစ်သည်။
“ငါလည်း အပြင်လူပဲ” စုမင်သည် သိသိသာသာပင် အမူအယာ ပြောင်းလဲသွားသော ရွှေပိုးချည်လင်းနို့သားရဲနှင့် ကောင်းကင်ရှိ ကျန်လင်းနို့သားရဲများကို မော့ကြည့်လိုက်သည်။
ဤနေရာရှိ သွေးသံရဲရဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက စုမင်၏ မျက်နှာထားကို မည်းမှောင်သွားစေသည်။ သူသာ နည်းနည်းလောက် ထပ်နောက်ကျသွားမည်ဆိုလျှင် ဤနေရာ၌ အသက်ရှင်ကျန်ရစ်သူ ရှိတော့မည်မဟုတ်ပေ။ ထိုသို့သာဖြစ်သွားပါက သူလိုချင်သော အဖြေများအတွက် တစ်ခြားနည်းများ စဥ်းစားရတော့မှာ ဖြစ်သည်။
ထို့အပြင်… သေဆုံးသွားသူများက ရှာမန်များဆိုသော်လည်း ထိုရှာမန်များက မာန်စွမ်းအားရှင်များနှင့် အလွန်တရာမှ တူညီလေသည်။ သူတို့၏ ကျင့်ကြံနည်းများ၊ စွမ်းရည်များက မတူကွဲပြားကောင်း ကွဲပြားနိုင်သော်လည်း သူတို့က လူသားများဖြစ်နေဆဲပင်။ ကျောကုန်းတွင် လင်းနို့တောင်ပံများပေါက်နေသည့် ထိုကောင်းကင်ရှိ အရာများကတော့ သိသိသာသာကိုပင် ဤနေရာမှ အခြားမျိုးနွယ်တစ်ခု ဖြစ်ပေလိမ့်မည်။
သူတို့ပုံစံက အလွန်ထူးခြားသော်လည်း စုမင်အတွက်တော့ ၎င်းတို့က လ၏အတောင်ပံများနှင့် အနည်းငယ်ဆင်တူသည်ဟု ခံစားရချေသည်။
လင်းနို့သားရဲများ၏ အမူအယာများ ပြောင်းလဲသွားစဥ်မှာပင် စုမင်သည် နှာခေါင်းရှုံ့လိုက်ပြီး ကောင်းကင်သို့ ခြေလှမ်းလိုက်သည်။ ကောင်းကင်ရှိ ရွှေပိုးချည်လင်းနို့ထံမှလည်း စူးရှကျယ်လောင်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့၏။
၎င်းထံမှ ဟိန်းဟောက်သံ ပေါ်လာသည်နှင့် အခြားသောလင်းနို့သားရဲများ၏ မျက်နှာပေါ်တွင် ရူးသွပ်မှု၊ ရက်စက်ကြမ်းကြုတ်မှုများ ပေါ်လာခဲ့သည်။ ထို့နောက် ခရမ်းပိုးချည်လင်းနို့ တစ်ဒါဇင်ခန့် ဦးဆောင်လျက် ၎င်းတို့အားလုံးက စုမင်ထံသို့ ပြေးဝင်လာကြလေသည်။
စုမင်မျက်နှာထားက မည်းမှောင်နေဆဲဖြစ်သည်။ သူ့တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းတို့ တောက်ပလာပြီး မည်သည့်နတ်ဘုရားစွမ်းရည်မှ ထုတ်သုံးမနေပေ။ ထိုအစား ညာလက်ကိုမြှောက်၍ လက်သီးဆုပ်လိုက်ပြီး လက်သီးတစ်လုံးသာ ပစ်သွင်းလိုက်လေသည်။
သူ့ကိုယ်တွင်းရှိ အရိုးခြောက်ပုံတစ်ပုံခန့်မှာ မာန်အရိုးများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်၍ သူ့ခွန်အားနှင့်ပက်သက်၍ စုမင် အကြမ်းဖျင်းခန့်မှန်းထားရုံသာ ရှိသေး၏။ ယခုအချိန်အထိ သူမည်မျှသန်မာကြောင်း တိတိကျကျသိနိုင်ရန် နှိုင်းယှဥ်နိုင်မည့် အရာမျိုးမရှိခဲ့ဖူးပေ။ ထို့ကြောင့်ပင် သူ့မျက်လုံးထဲ၌ ထိုလင်းနို့သားရဲများက သူ့ခွန်အားကို စမ်းသပ်ရန် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်လာတော့၏။
လေထဲသို့ လက်သီးချက်ကျရောက်သွားသည်နှင့် ကျယ်လောင်သော မြည်ဟည်းသံက ယင်ကိုးပါးလောကတစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။ ရုတ်ခြည်းဆိုသလို စုမင်ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းများက မျက်စိစူးဖွယ် တောက်ပလာခဲ့သည်။ စုမင်ကိုယ်တိုင်က နေလုံးကြီးအဖြစ် ပြောင်းလဲသွားသလိုပင်… လက်သီးချက် ကျရောက်သွားသောလေထုထဲ၌ အက်ကြောင်းတစ်ခုပေါ်လာပြီး ကြီးမားသော အနက်ရောင်စုပ်ဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုစုပ်ဝဲနှင့် ထိတွေ့မိသော လင်းနို့သားရဲများမှာ စူးစူးဝါးဝါး အော်ြမည်လျက် အတွင်းသို့ စုပ်ယူခံလိုက်ရပြီး အော်မြည်နေရင်းပင် အမှုန့်ကြိတ်ခံလိုက်ရကာ ပျောက်ကွယ်သွားခဲ့ကြသည်။
စုမင် ရှေ့တစ်လှမ်းတက်လိုက်၏။ သူခြေချလိုက်သည်နှင့် တစ်လောကလုံး တုန်ခါသွားပြီး လေထုသည်ပင် ထိုခြေလှမ်း၏ ခွန်အားကို မခံနိုင်ဟန်ဖြင့် အက်ကွဲသွားခဲ့သည်။ ထိုအက်ကြောင်းသည် ကျယ်လောင်သော မြည်ဟည်းသံတစ်ချက်နှင့်အတူ ပိုမိုကျယ်ပြန့်လာစဥ်မှာပင် တစ်ဒါဇင်နီးပါးခန့် ခရမ်းပိုးချည်သားရဲများ စုမင်ထံချဥ်းကပ်လာကြလေသည်။
စုမင် ရှောင်တိမ်းခြင်းမပြုပဲ သူ့အရှေ့ရှိ လေထုကိုသာ ညာလက်ညှိုးဖြင့် ပိုင်းဖြတ်လိုက်သည်။ ခရမ်းပိုးချည်လင်းနို့တစ်ကောင်သည် ဟိန်းဟောက်ကြုံးဝါးလိုက်ကာ ၎င်း၏သန်မာသော ရုပ်ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့်ပင် ထိုတိုက်ခိုက်မှုကို ခုခံရန်တွေးလိုက်ပြီး ၎င်း၏ညာလက်ဖြင့် စုမင်၏လက်ချောင်းကို တွန်းထုတ်လိုက်၏။ ထို့နောက် သူ၏ ဘယ်လက်ကို လက်သည်းတစ်ခုအသွင်ယူ၍ စုမင်၏ရင်ဘတ်အား ကုပ်ဆွဲလိုက်လေသည်။
ခရမ်းပိုးချည်လင်းနို့သည် သူ့ခန္ဓာကိုယ်တစ်ပိုင်းတော့ ပျက်စီးသွားနိုင်သည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။ သူ့စိတ်ထဲတွင်တော့ သူသာ ဤလူကို ထိခိုက်အောင်လုပ်နိုင်သရွေ့ သူ့ခန္ဓာကိုယ်တစ်ပိုင်း ပျက်စီးသွားလျှင်လည်း အရေးမကြီးပါချေ။ သို့သော်လည်း စုမင်လက်ချောင်းအား ထိမိသည်နှင့် ကြောက်မက်ဖွယ်စွမ်းအားတစ်ခုက သူ၏ညာလက်မှတစ်ဆင့် တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး အသက်တစ်ရှိုက်စာ အတွင်းမှာပင် အသိစိတ်ပျောက်ကာ ထာဝရအိပ်မောကျသွားတော့သည်။
တစ်ခြားသူများ၏ အမြင်တွင်တော့ စုမင်၏ လက်ချောင်းကြောင့် ထိုခရမ်းပိုးချည်လင်းနို့၏ ခန္ဓာကိုယ်မှာ အစိတ်အပိုင်းများစွာ ပေါက်ကွဲလွင့်စင်သွားခဲ့ခြင်း ဖြစ်သည်။
သူသည် ခရမ်းပိုးချည်တစ်ကောင်အား လက်ချောင်းတစ်ချောင်းတည်းဖြင့် သတ်ဖြတ်ခဲ့၏။ အချိန်ကြာမြင့်စွာ မဖြစ်ပွားခဲ့ဖူးသော အရာက တစ်ခဏအတွင်းမှာပင် ပြီးသွားခဲ့၏။ ဖြစ်ရပ်မှာ အလွန်လျင်မြန်လွန်းသဖြင့် ရွှေပိုးချည်သားရဲ၏ မျက်လုံးများက ကျဥ်းမြောင်းသွားတော့သည်။ သို့သော်လည်း အောက်ဘက်ရှိ ရှာမန်များထံမှ ကျယ်လောင်သော ဝမ်းသာအားရ ဟစ်ကြွေးသံများ ပေါ်လာခဲ့သည်။
ထိုဟစ်ကြွေးသံများပင် ထွက်ပေါ်လာပြီး ချက်ချင်းပင် ပြန်ငြိမ်ကျသွားခဲ့၏။ ကျန်ခရမ်းပိုးချည်လင်းနို့များက ရွှေရောင်ပုံရိပ်ထံ တိုးဝင်သွားကြသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။ ခရမ်းပိုးချည်များက တစ်ပြိုင်တည်းလိုလို တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအားလုံးက ရွှေရောင်လူရိပ်ပေါ် ကျရောက်သွားကြသည်။
စုမင်သည် ရှောင်တိမ်းခြင်းမပြုပဲ ခရမ်းပိုးချည်သားရဲတို့၏ တိုက်ခိုက်မှုများကို ထိုအတိုင်းသာခံယူလိုက်၏။ ထိုခရမ်းပိုးချည်သားရဲများ၏ပုံစံက အလွန်တရာ ရက်စက်ကြမ်းကြုတ်ပြီး ၎င်းတို့၏ မျက်နှာပေါ်တွင် အရူးအမူး သတ်ဖြတ်လိုစိတ်တို့ ထင်ဟပ်နေသော်လည်း ထိုအမူအယာများက ခဏအတွင်းခဲတောင့်သွားတော့သည်။
“အားနည်းလွန်းတယ်”
စုမင် ခေါင်းခါလိုက်မိသည်။ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်က အလွန်သန်မာလာပြီဖြစ်၍ ထိုတိုက်ခိုက်မှုများအား မခံစားမိသလောက်ပင်… တစ်ခုတည်းသော သက်ရောက်မှုဟူ၍ သူ၏ချီများ အနည်းငယ် လှုပ်ခတ်သွားခြင်းသာဖြစ်သည်။ သူသည် အသက်ဝဝရှူသွင်းလိုက်ပြီး မာန်အရိုးများအတွင်းရှိ စွမ်းအင်အားလုံးက ပေါက်ကွဲထွက်လာသည်။ ဤသည်က သူ၏ ရိုးရေစတေးနယ်ပယ် စွမ်းအားများဖြစ်ပြီး ယခုအချိန်တွင် သူ့ကိုယ်တွင်း၌ရှိနေသည့် အသန်မာဆုံးစွမ်းအားလည်း ဖြစ်သည်။
ထိုစွမ်းအားတို့ ပေါက်ကွဲထွက်လာသည်နှင့် စုမင်ခန္ဓာကိုယ်ရှိ ရွှေရောင်အလင်းများက ပေတစ်ထောင်ဧရိယာအထိ ဖုံးလွှမ်းသွားသည်။ တဝုန်းဝုန်း ပေါက်ကွဲသံများ၊ နာနာကျင်ကျင် အော်ြမည်သံများနှင့်အတူ စုမင်အားတိုက်ခိုက်ခဲ့သော ခရမ်းပိုးချည်သားရဲများမှာ သွေးအန်ကာ နောက်သို့ လွင့်စင်ကုန်ကြသည်။ ထို့နောက် သူတို့ခန္ဓာကိုယ်များက တစ်စစီပဲ့ကျလာခဲ့လေသည်။
စုမင်သည် တည်တည်ငြိမ်ငြိမ်ပင် ညာလက်ကိုမြှောက်၍ လေထုကို ဖမ်းဆုပ်လိုက်ရာ နောက်သို့လွင့်စင်သွားခဲ့သော ခရမ်းပိုးချည်သားရဲများထဲမှ တစ်ကောင်သည် ၎င်း၏စိတ်ဆန္ဒမပါပဲ စုမင်ဆီသို့ ပြန်လည်လွင့်မျောလာခဲ့၏။ စုမင်က ၎င်း၏ လည်ပင်းကိုဆုပ်ကိုင်လိုက်ပြီး တင်းတင်းညှစ်လိုက်သည်နှင့် ထိုသားရဲ၏ ခန္ဓာကိုယ်မှ ခပ်အုပ်အုပ်အက်ကွဲသံတစ်ခု ပေါ်လာပြီး ဇက်ကျိုးကာ သေဆုံးသွားတော့သည်။
“အားနည်းလွန်းတယ်။ တိုက်ဖို့တောင် မတန်ဘူး”
စုမင်သည် ခရမ်းပိုးချည်သားရဲကို မြေပြင်ပေါ်သို့ လွှတ်ချလိုက်ပြီး ကောင်းကင်ယံအမြင့်တွင်ရပ်နေသော ရွှေပိုးချည်လင်းနို့ထံသို့ သုန်မှုန်နေသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။ သူ့စကားလုံးများက အစောပိုင်းတွင် ကံကြမ္မာမျိုးနွယ်တို့ထံသို့ ရွှေပိုးချည်သားရဲ ပြောခဲ့သည့် စကားလုံးများအတိုင်း တစ်ထပ်တည်းပင်ဖြစ်သည်။ သူက ထိုသတ္တဝါ၏ စကားများကို ၎င်းထံ ချက်ချင်းပြန်ပေးလိုက်ခြင်း ဖြစ်၏။
မူလက ရှေ့တက်ရန်ပြင်နေသော ရာနှင့်ချီသည့် သားရဲများမှာ အနောက်သို့ ပြန်ဆုတ်သွားကြပြီး ၎င်းတို့၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်လာခဲ့သည်။ ၎င်းတို့အားလုံးက ရှေ့သို့ ခြေလှမ်းဝက်မျှပင် ဆက်တိုးမလာရဲတော့ပေ။
“မင်းက ဘယ်သူလဲ” ရွှေပိုးချည်သားရဲက အလိုမကျဟန်ဖြင့် မေးသည်။
စုမင်သည် သူ့အောက်တွင်ရပ်နေသဖြင့် သူ့အားမော့ကြည့်နေသော်လည်း ရွှေပိုးချည်သားရဲအတွက်တော့ စုမင်က သူ့အား အထင်သေးသည့်အကြည့်များဖြင့် ကြည့်နေသည်ဟု ခံစားနေရချေသည်။ သို့သော်လည်း တစ်ဖက်လူ၏ ထွက်ပေါ်လာမှု၊ ထုတ်လွှတ်ထားသော ကြောက်မက်ဖွယ် အရှိန်အဝါနှင့် လျင်မြန်သော အသေသတ်တိုက်ကွက်များက ရွှေပိုးချည်သားရဲကို မွန်းကြပ်လာစေပြီး စိတ်ဝိညာဥ်ထဲမှပင် တုန်လှုပ်ခြောက်ခြားလာစေရန် လုပ်ဆောင်နေ၏။
ဤတစ်ကြိမ် ရှာမန်တို့၏နေရာသို့ သူ့မျိုးနွယ်များစွာ ခေါ်ဆောင်လာရခြင်းမှာ ယဇ်ပလ္လင်ကို သိမ်းပိုက်လို၍ ဖြစ်သည်။
ထိုယဇ်ပလ္လင်အား သူတို့ကြိုက်သည့်အချိန် သိမ်းပိုက်နိုင်လေသည်။ စောစောလည်း သိမ်းပိုက်နိုင်သလို နောက်ကျမှလည်း သိမ်းပိုက်နိုင်သော်ငြား ဤနေရာသည် မျိုးနွယ်စုသုံးခုကြား ဆုံမှတ်နေရာ ဖြစ်နေသဖြင့် လက်တစ်ဆုပ်စာရှာမန်များကို ရှင်သန်ခွင့်ပေးထားရမည်ဟု အတိတ်အချိန်က ယင်ဝိညာဥ်များနှင့် သဘောတူညီမှုလုပ်ခဲ့ရ၏။
ထို့ကြောင့်ပင် ရှာမန်များမှာ ယနေ့အချိန်အထိ အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်သည်။ မတော်တဆမှုများသာ မဖြစ်ခဲ့လျှင် ရှာမန်များမှာ ထိုအတိုင်းဆက်လက်အားနည်းသွားပေလိမ့်မည်။ ၎င်းတို့သည် အချိန်တိုအတွင်း အမြစ်ပြတ်သုတ်သင်ခံရမှာ မဟုတ်သော်လည်း တစ်ဖြည်းဖြည်း ကျွန်ပြုခံရကာ သားကောင်များ ဖြစ်သွားပေလိမ့်မည်။
သူ ဤနေ့လာရန် ရွေးချယ်ခဲ့ရသည့် မဟာအကြောင်းအရင်းကြီး တစ်ခုလည်း ရှိနေသေးသည်။
ထိုအကြောင်းအရင်းမှာ ကောင်းကင်ရှိ ဒသမမြောက်လ ပျောက်ကွယ်သွားမှုကြောင့် ဖြစ်သည်။
ဒသမမြောက်လ ပျောက်ကွယ်သွားသည်နှင့် သူတို့မျိုးနွယ်စုတစ်ခုလုံးတွင် လေးကောင်သာရှိသော ရွှေပိုးချည်လင်းနို့သားရဲများမှာ သူတို့၏ မြင့်မြတ်သောဘိုးဘေးထံမှ ဆင့်ခေါ်မှုကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရလေသည်။
ထိုဆင့်ခေါ်မှုထဲရှိ သူ့ဆန္ဒမှာ အပြင်လူတို့၏ သွေးသား၊ စိတ်ဝိညာဥ်များဖြင့် ယဇ်ပူဇော်မှုတစ်ခု လုပ်လိုခြင်း ဖြစ်သည်။
ထိုဆန္ဒသည် လူတစ်ဦးတစ်ယောက်တည်းကို ရည်ရွယ်နေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သလို မျိုးနွယ်စုတစ်ခုလုံးကို ကြံရွယ်နေခြင်းလည်း ဖြစ်နိုင်၏။ ညွှန်ကြားချက်များက ရှင်းရှင်းလင်းလင်း မရှိခဲ့ပေ။ ထိုအရာက မကြာသေးမီကပင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနောက်ကွယ်မှ အကြောင်းရင်း ဖြစ်လေသည်။
မကြာသေးမီက သေဆုံးခဲ့သော အပြင်လူများ၏ ဝိညာဥ်များနှင့် အသွေး၊ အသားများကို လင်းနို့သားရဲများက တိတ်တဆိတ် ယူဆောင်ထားခဲ့ကြသည်။
သို့သော်လည်း စုမင်ပေါ်ထွက်လာမှုနှင့် ရုတ်တရက်အပြောင်းအလဲတို့ကြောင့် ရွှေပိုးချည်သားရဲမှာ အမူအယာ သိသိသာသာ ပြောင်းလဲသွားရုံမျှအပ မတတ်နိုင်ခဲ့ပေ။ သူတို့ဘိုးဘေးသည် အပြင်လူအားလုံးအား ယဇ်ပူဇော်ခြင်းကို လိုချင်ခြင်းမဟုတ်ပဲ ထိုသူတို့ကြားမှ အသန်မာဆုံးစစ်သည်တော်ကိုသာ လိုချင်ခြင်းဖြစ်နိုင်သည်ဟုပင် သူရေးတေးတေး ခံစားလိုက်ရလေသည်။
စုမင်သည် ရွှေပိုးချည်သားရဲကို ဂရုစိုက်မနေတော့ပဲ သူ့အား တွေဝေမင်သက်စွာ ငေးမောကြည့်နေသော ရာနှင့်ချီသည့်ရှာမန်များကို ပြန်လှည့်ကြည့်လိုက်၏။ ထိုလူအားလုံးကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးသူ့အကြည့်က နန်ကုန်းဟန်အပေါ် ရောက်ရှိသွားခဲ့သည်။
သူနှင့် အကြည့်ချင်းဆုံလိုက်မိသော ရှာမန်များမှာ တုန်ယင်သွားကြပြီး တလေးတစားပင် ခေါင်းငုံ့သွားခဲ့ကြသည်။ အဘယ်ကြောင့် စုမင် ဒီနေရာကိုရောက်လာမှန်း သူတို့မသိသော်လည်း သူ၏ပေါ်ထွက်လာမှုက သူတို့အားလုံးကို အန္တရာယ်ထဲမှ ကယ်တင်ပေးခဲ့လေသည်။ ထိုလင်းနို့သားရဲများကို တိုက်ခိုက်ပေးခဲ့သဖြင့် စုမင်အား အလွန်တရာမှပင် ကျေးဇူးတင်မိချေသည်။
နန်ကုန်းဟန်သည်လည်း ထိုနည်း၎င်းပင်… သူ့ဘက်သို့ စုမင်လှမ်းကြည့်လာသည်နှင့် နန်ကုန်းဟန်သည် လက်သီးဆုပ် အရိုအသေပေးကာ တလေးတစား ဦးညွှတ်လိုက်သည်။
“ကျုပ်က ကံကြမ္မာမျိုးနွယ်ရဲ့ မျိုးနွယ်ဝင် နန်ကုန်းဟန်ပါ။ စီနီယာကို နှုတ်ဆက်ပါတယ်။ ကျုပ်လူတွေကို အန္တရာယ်ကြားက ကယ်တင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”
“ကံကြမ္မာမျိုးနွယ်တဲ့လား။ မတွေ့ရတာကြာပြီနော် အစ်ကိုနန်ကုန်း။ ကျုပ်တို့မတွေ့ဖြစ်တဲ့ နှစ်တွေကြားမှာ ကိစ္စတွေအများကြီး ဖြစ်ပျက်သွားခဲ့လိမ့်မယ်လို့ ဘယ်သူကထင်မှာတဲ့လဲ” စုမင် အနည်းငယ် လွမ်းဆွတ်သတိရစွာဖြင့် ပြောလိုက်မိ၏။
“စီနီယာက…” စုမင်စကားများကြောင့် နန်ကုန်းဟန်မှာ လုံးလုံးလျားလျားပင် ဆွံ့အမင်သက်သွားခဲ့သည်။ မျက်လုံးကျယ်ကျယ်ဖွင့်၍ စုမင်ကို သေချာကြည့်လိုက်မိ၏။ တစ်ဖြည်းဖြည်းဖြင့် သူ့မျက်နှာပေါ်ရှိ ရှုပ်ထွေးမှုအရိပ်အယောင်များမှာ သံသယများအဖြစ်၊ ထိုမှတစ်ဆင့် ဝေခွဲမရဟန်များအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင်တော့ မယုံကြည်နိုင်မှုများအဖြစ် ပြောင်းလဲသွားတော့သည်။
“မော့စု… မင်း… မင်းက မော့စုပဲ…” နန်ကုန်းဟန်တစ်ယောက် အံ့ဩထိတ်လန့်နေခဲ့လေပြီ။ သူ့ရင်ထဲတွင် မုန်တိုင်းထန်နေပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်မိချေသည်။
ယခင်က စုမင်နှင့်ဆုံခဲ့ချိန်တွင် စုမင်သည် မျက်နှာဖုံးတစ်ခုအား အမြဲတစေ တပ်ထားခဲ့၏။ ယခုတော့ မည်သည့်မျက်နှာဖုံးမှ မရှိတော့ပဲ သူ၏ပုံစံအစစ်အမှန်အား ထုတ်ပြလာပြီဖြစ်သော်လည်း စုမင်၏ အသံ၊ စကားလုံးများနှင့် အခြားအရာအားလုံးက နန်ကုန်းဟန်၏ ခေါင်းတည့်တည့်သို့ မိုးကြိုးပစ်ခံလိုက်ရသလိုပင်။
“ငါ သိခဲ့သင့်တယ်။ အတိတ်တုန်းက မင်း ကလေးနှစ်ယောက်နဲ့ ရတနာလောင်းကစားပွဲက ထွက်ခွာသွားပြီးတဲ့နောက် မီးတောက်နဂါးရဲ့ သင်္ချိုင်းဆီကို သွားခဲ့တာပဲ။ အဲဒီနောက်ပိုင်း မင်းပျောက်သွားပြီးတော့ ကောင်းကင်မှာ ဒသမမြောက်လ ပေါ်လာခဲ့တာ…” နန်ကုန်းဟန်၏ ခေါင်းထဲတွင် တဝီဝီလည်နေပြီး အသံတိုးတိုးဖြင့် ဆက်တိုက်ရေရွတ်လိုက်မိ၏။
“မော့စု… သူက မော့စုလား။ ငါ အဲဒီနာမည်ကို မှတ်မိတယ်။ အဲဒီတုန်းက ရတနာလောင်းကစားပွဲမှာ ငါလည်းရှိခဲ့တယ်။ ဖြစ်ပျက်ခဲ့တဲ့ အံ့ဩဖွယ်မြင်ကွင်းတွေကို အခုထိတောင် မမေ့နိုင်သေးဘူး”
“ဒါပေမယ့် သူ… သူက ဘယ်လိုလုပ်ပြီး ဒီလောက်သန်မာလာရတာလဲ”
“ငါလည်း မှတ်မိပြီ။ အဲဒီလူက စီနီယာတိုင်မူနဲ့ လက်ရည်တူ တိုက်နိုင်ခဲ့တဲ့သူပဲ။ ပြီးတော့ အဲဒီတုန်းကတောင် သူက အလယ်အလတ်ရှာမန်အဆင့်မှာပဲ ရှိသေးတာ။ အခု… အခုတော့ သူက အရမ်းသန်မာသွားပြီ…”
ရာနှင့်ချီသော ရှာမန်များမှာ အုံးအုံးကြွက်ကြွက် ဖြစ်သွားခဲ့သည်။ စုမင် ပေါ်ထွက်လာမှုနှင့် သူ၏အစစ်အမှန်ပုံစံက လူတိုင်းက မယုံကြည်နိုင်ဖြစ်သွားစေခဲ့သည်။ အတိတ်တုန်းက ပုံရိပ်နှင့် ယခုသူတို့ရှေ့ရှိ လူကို ဆက်စပ်မြင်ကြည့်နိုင်ရန် ခဲယဥ်းလှသည်။
စုမင် အသာအယာပင် ပြုံးလိုက်မိသည်။ နန်ကုန်းဟန်ကို မြင်လိုက်ချိန်တွင် သူ အလွန်တရာ စိတ်လှုပ်ရှားသွားခြင်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် ထာဝရလောကနှင့် အပြင်လောက၏ အချိန်ကုန်ဆုံးမှုနှုန်းက မတူညီကြောင်းကိုလည်း သိလိုက်ရလေသည်။ မီးတောက်နဂါး၏ သင်္ချိုင်းအတွင်းသို့ သူဝင်ရောက်သွားသည်မှာ အလွန်မကြာလောက်သေးပေ။
မဟုတ်လျှင်တော့ ထာဝရလောကအတွင်းရှိ နှစ်ပေါင်းထောင်နှင့်ချီသော အိပ်မက်ရှည်ကြီးက အပြင်လောကကို များစွာပြောင်းလဲသွားစေခဲ့မှာဖြစ်ပြီး နန်ကုန်းဟန်သည်လည်း အရိုးစုဖြစ်နေတာ ကြာလောက်ချေပြီ။
“မော့စုတဲ့လား။ ကောင်းတယ်… အရမ်းကောင်းတယ်။ ဒီနေ့ ဖြစ်ခဲ့တာကို ငါတို့ အလွယ်တကူ ကျော်သွားမှာမဟုတ်ဘူး။ နောက်တစ်ကြိမ် ပြန်တွေ့ရဦးမှာပါ” ရွှေပိုးချည်သားရဲသည် အံတင်းတင်းကြိတ်ကာ အတောင်ပံများကိုခတ်၍ အဝေးသို့ ဦးတည်လိုက်၏။
“သွားစို့” သူထိုသို့ ပြောလိုက်သည်နှင့် လင်းနို့သားရဲတိုင်းသည် ရင်ထဲမှ စိတ်သက်သာရာရစွာ သက်ပြင်းခိုးချလိုက်မိကြသည်။ စုမင်၏ ကြောက်မက်ဖွယ် ခွန်အားနှင့်ရင်ဆိုင်ရခြင်းက သူတို့ကို ကြောက်ရွံ့တုန်လှုပ်စေလေသည်။ သူတို့သည် အတောင်ပံများကို အလျင်အမြန်ပင်ခတ်၍ ထွက်ခွာသွားတော့မည့် အချိန်မှာပင်…
“မင်းတို့က ဒီအတိုင်း ထွက်သွားတော့မလို့လား” စုမင်သည် ထွက်ခွာသွားရန်ပြင်နေသည့် ထိုလင်းနို့သားရဲများကို အေးတိအေးစက်ပင် လှည့်ကြည့်လိုက်လေသည်။