← Chapters

မိစ္ဆာလေး

Vol. 35 Ch. 486

မိစ္ဆာလေး

Vol. 35 Ch. 486

“ဘာလဲ၊ မင်းက ငါတို့ကို တားမလို့လား” ရွှေပိုးချည်သားရဲသည် စုမင်အား စူးစူးရဲရဲ ပြန်လှည့်ကြည့်လိုက်သည်။ သူ့အသံက ခြောက်ခြားဖွယ်ကောင်းပြီး သတိကြီးကြီးထားသော အရိပ်အယောင်အချို့လည်း ပါဝင်နေ၏။

“ဒီသန့်စင်မွန်မြတ်ခြင်းကိုးပါးလောကထဲမှာ ငါတို့လင်းနို့သားရဲတွေက မြင့်မြတ်သောမျိုးနွယ်တွေထဲက တစ်ခုပဲ။ မင်းတို့ရှာမန်တွေက အရေအတွက် ရာဂဏန်းပဲရှိတာ။ တစ်ကယ်ပျက်စီးကိန်းဆိုက်ချင်လို့လား။ မင်းမှာသဘာဝလွန်စွမ်းအားမျိုး ရှိနေရင်တောင်မှ အခုငါတို့ကို အပြစ်ပြုလိုက်လို့ မင်းလည်း သေချာပေါက် သေရမှာပဲ” ရွှေပိုးချည်သားရဲ၏လေသံက တင်းမာနေသော်လည်း ၎င်းက ဟန်ဆောင်နေခြင်းဖြစ်ကြောင်း စုမင် တစ်ချက်ကြည့်ရုံနှင့်ပင် ပြောနိုင်လေသည်။

ရွှေပိုးချည်သားရဲက စူးစူးဝါးဝါးပြောလိုက်သည်နှင့် ၎င်းအနီးရှိ သားရဲများကလည်း ကြမ်းကြုတ်ရက်စက်သော အသွင်အပြင်များပြုလုပ်လိုက်ကြပြီး စုမင်ကို နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြ၏။ သူတို့ ကြောက်ရွံ့နေသော်လည်း ယခုလောလောဆယ်တော့ ဟန်ဆောင်ရဦးမှာဖြစ်သည်။

“စီနီယာ… စီနီယာမော့၊ သူတို့ကို သွားခွင့်ပေးလိုက်ပါ” နန်ကုန်းဟန်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စုမင်အား ခပ်တိုးတိုး ကပ်ပြောလာသည်။

နန်ကုန်းဟန်အား စုမင်တစ်ချက်ကြည့်လိုက်မိ၏။ ဤနေရာရှိ လူများက ဆက်မတိုက်ချင်မှတော့ သူသည်လည်း အပြင်လူတစ်ယောက်အနေဖြင့် သိပ်တော့ဝင်မစွက်ဖက်ချင်ပေ။ သူသိလိုသည်များကို မေးပြီးသည်နှင့် စုမင်က သူတို့လုပ်ချင်တာကို လုပ်ခွင့်ပေးမှာဖြစ်သည်။ သူလည်း ဤနေရာတွင် ကြာကြာမနေလိုပေ။

“အနည်းဆုံးတော့ မင်းတို့ရှာမန်တွေက မင်းတို့နေရာ မင်းတို့သိသားပဲ” ရွှေပိုးချည်သားရဲသည် သက်ပြင်းခိုးချလိုက်သော်လည်း ယခင်အတိုင်း ကြမ်းကြုတ်ရက်စက်ဟန် ဆောင်နေဆဲဖြစ်သည်။ သူတို့ကို ထိုရှာမန်များ အပြစ်မပြုရဲကြောင်း သိသော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသော မော့စုဆိုသူကိုမူ အလွန်စိတ်ပူနေမိလေသည်။ ထို့နောက် အမြန်ထွက်ခွာသွားရန် ပြင်လိုက်စဥ်မှာပင်…

မူလက သတိလစ်နေခဲ့သော တိုင်မူသည် မျက်လုံးများကို ကြိုးစားဖွင့်ကြည့်လိုက်သည်။ ထို့နောက် မျိုးနွယ်ဝင်များ၏ အကူအညီဖြင့် စုမင်အား လှမ်းပြောလိုက်၏။

“သူတို့ကို သွားခွင့်မပေးပါနဲ့။ ငါတို့လူတွေအများကြီးကို သတ်သွားခဲ့တဲ့ သူတို့ကို ဘယ်လိုများ သွားခွင့်ပေးနိုင်မှာလဲ။ မင်းသာ ပေါ်မလာခဲ့ရင် ငါတို့အားလုံးလည်း အမြစ်ပြတ်သုတ်သင်ခံခဲ့ရလောက်ပြီ။ မျိုးနွယ်တစ်ခုလုံး သေဆုံးသွားခဲ့ရမှာ… သူတို့က ငါတို့အတွက် ဝမ်းနည်းပူဆွေးမှုတွေ အများကြီး ဆောင်ကျဥ်းလာခဲ့တဲ့သူတွေပဲ။ ငါတို့ လက်စားပြန်ချေရမယ်”

“ဒါပေမယ့်…” နန်ကုန်းဟန်က တွေဝေနေဆဲပင်။

“ဘာဒါပေမယ့်လဲ။ သူတို့ကို သွားခွင့်ပေးလိုက်လို့ ငါတို့ကို ကျေးဇူးတင်မယ်များ ထင်နေလား။ ငါတို့ကို လာသတ်နေတာရော ရပ်သွားမှာလား။ သူတို့ သားကောင်ဖြစ်တဲ့ ငါတို့ကို လာအမဲလိုက်နေတာကိုရော ရပ်သွားမယ်ထင်လား။ နန်ကုန်းဟန် မင်း ငတုံးကောင်”

“ညီလေးမော့ ငါမင်းကို တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သူတို့ကို တိုက်ခိုက်ပေးပါ။ အဲဒီလင်းနို့သားရဲ တစ်ကောင်တစ်လေတောင် အလွတ်မပေးပေးပါနဲ့။ တစ်ကောင်မကျန် သတ်ပစ်ပေးပါ”

တိုင်မူသည် ထိုစကားများကိုပြောရန် ပါးစပ်ကိုပင် အနိုင်နိုင်ဟနေရခြင်းဖြစ်သည်။ သူသည် ဒေါသတကြီး တိုက်တွန်းရင်း ဆက်တိုက်ဆိုသလို သွေးအန်နေပြီး ပြန်လည်မေ့မျောမသွားစေရန် အံတင်းတင်းကြိတ်ကာ ထိန်းထားရ၏။ သူ၏ မောပန်းသော အသက်ရှူသံများက မူလကတည်း အိုမင်းနေသော သူ့မျက်နှာကို ပိုမိုအိုစာသွားစေပြီး ယခုအခါ မီးစာကုန်ဆီခမ်းတော့မည့် မီးအိမ်တစ်လုံးသဖွယ် ဖြစ်နေခဲ့လေပြီ။

“မင်းသာ ကူညီပေးမယ်ဆိုရင် ကျုပ်တို့ မင်းစကားကို နားထောင်ပြီး မင်းရဲ့ တောင်းဆိုမှုတွေကို ဘာပဲဖြစ်ဖြစ် ဖြည့်ဆည်းပေးပါ့မယ်။ မင်းကို ငါတို့သခင်အဖြစ် အသိအမှတ်ပြုဆိုလည်း ပြုပါ့မယ်”

တိုင်မူ၏ မျက်နှာမှာ အနည်းငယ် သွေးရောင်ပြန်လွှမ်းလာသည်။ သို့သော်လည်း ထိုအရာက ငြိမ်းခါနီး မီးအိမ်တစ်ခု၏ နောက်ဆုံးအလင်းရောင်သဖွယ် သူ၏နောက်ဆုံးလက်ကျန်ခွန်အားများ ဖြစ်သည်။

ကောင်းကင်ရှိ ရွှေပိုးချည်သားရဲ၏ အမူအယာက သိသိသာသာ ပြောင်းလဲသွားပြီး သူ့မျိုးနွယ်ဝင်များကိုပင် ဂရုစိုက်မနေတော့ပဲ တုန့်ဆိုင်းမှုမရှိ ထွက်ပြေးသွားတော့၏။

“ခင်ဗျား သဘောအတိုင်းပါပဲ။ ဒါပေမယ့် ကျုပ်ကို ခင်ဗျားတို့ရဲ့ သခင်အဖြစ် အသိအမှတ်ပြုနေစရာ မလိုပါဘူး”

တိုင်မူအား စုမင် လှမ်းကြည့်လိုက်ပြီး သူနှင့် ဤအဘိုးကြီးကြားတွင် ဖြစ်ပျက်ခဲ့သည်များက ခေါင်းထဲတွင် အစီအရီ ပြန်ပေါ်လာခဲ့၏။ မူလက ဝေဝါးနေခဲ့သော မှတ်ဥာဏ်များက ယခုတော့ ပိုကြည်လင်ပြတ်သားလာခဲ့လေပြီ။

ဤအဘိုးကြီးက သူ့ဘဝ၏ နောက်ဆုံးအချိန်များကို ရောက်နေပြီဖြစ်ပြီး ကြာကြာအသက်ရှင်နိုင်တော့မည် မဟုတ်ပေ။ ယခုအချိန်၌ သူ့အားကုသနိုင်ရန် အံ့ဩဖွယ် ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့လျှင်တောင် စုမင်ရရှိခဲ့သော မီးတောက်နဂါး၏ ကံကောင်းမှုကောင်းချီးတစ်ခု မဟုတ်သရွေ့ သူ့အသက်ကိုဆွဲထားနိုင်ရန် မလွယ်ကူပေ။

စုမင် သက်ပြင်းချကာ တောင်ကြားတစ်ဝိုက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် ညာလက်ကိုမြှောက်၍ လေထုအား ကုပ်ဆွဲလိုက်သည်နှင့် တိုက်ပွဲရှာမန်တစ်ဦး၏ လက်ထဲမှ မိစ္ဆာလေးတစ်ချောင်းက စုမင်ထံ ချက်ချင်းပျံသန်းလာခဲ့၏။

စုမင်သည် အနက်ရောင်မိစ္ဆာလေးကို ဆွဲကိုင်ကာ ကောင်းကင်သို့ခုန်တက်သွားပြီး တကွဲတပြားထွက်ပြေးနေကြသော လင်းနို့သားရဲများကို လှမ်းကြည့်လိုက်သည်။ သူ့အကြည့်များက တစ်ဖြည်းဖြည်း အေးစက်လာပြီး ညာလက်ကိုမြှောက်ကာ လေးညှို့ကိုစဆွဲလိုက်သည်။ လေးညှို့ဆွဲသံနှင့်အတူ တိုက်ပွဲရှာမန်များသာ အသုံးပြုနိုင်သော မိစ္ဆာလေးက အဆုံးထိဆွဲကွေးခံလိုက်ရ၏။

စုမင်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းစက်တို့ ထွက်ပေါ်လာပြီး ရွှေရောင်မြားတစ်ချောင်းအဖြစ် စုဝေးလာသည်။ လေးညှို့အားလွှတ်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခုက တိုးထွက်သွားပြီး ကောင်းကင်တွင် တုန်ခါမှုလှိုင်းများပေါ်လာခဲ့သည်။ ထိုမြားသည် လေထုအား ထိုးခွဲဖြတ်သန်းသွားပြီး အဝေးသို့ရောက်ရှိသွား၏။ များပြားလှသော လင်းနို့သားရဲများက မြားဖြင့် ထိုးဖောက်ခံရပြီး ပေါက်ကွဲသေဆုံးကုန်ကြလေသည်။

စုမင်က ရပ်နားခြင်းမပြုခဲ့ပေ။ သူသည် မိစ္ဆာလေးကို နောက်တစ်ကြိမ်ထပ်ဆွဲလိုက်သည်နှင့် အနီးရှိလူများ၏ အာရုံက သူ့အပေါ် ချက်ချင်းရောက်ရှိလာခဲ့၏။ တိုက်ပွဲရှာမန်များဆိုလျှင် ထိုမြင်ကွင်းအားကြည့်ရင်း ကတုန်ကယင် ဖြစ်ကုန်ကြလေသည်။

အဆုံးတွင်မတော့ တိုက်ပွဲရှာမန်များသည်သာ ထိုလေးညှို့ကိုဆွဲဖူးပြီး သူတို့သာ အချိန်တိုအတွင်း နှစ်ကြိမ်ဆွဲလိုလျှင် ကြောက်မက်ဖွယ်တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မှာ ဖြစ်သည်။

သို့သော်လည်း စုမင်က နှစ်ကြိမ်ဆက်တိုက်ဆွဲလိုက်ခြင်း ဖြစ်ပြီး တစ်ခဏပင်ရပ်နားခြင်း မရှိခဲ့ပေ။ ဤတစ်ခုတည်းနှင့်ပင် စုမင်၏ ရုပ်ခန္ဓာကိုယ်ခွန်အားက ဤနေရာတွင်ရှိနေသော တိုက်ပွဲရှာမန်အားလုံးထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သိသာနေခဲ့လေပြီ။

ဒုတိယမြား၊ တတိယမြား၊ စတုတ္ထနှင့် ထို့နောက် ပဥ္စမ ဆက်တိုက်ဆိုသလို…

စုမင်သည် ကောင်းကင်တွင်ရပ်ကာ လေးညှို့ကို တရစပ်ပစ်လွှတ်နေခဲ့၏။ လေထုအတွင်း တဝီဝီမြည်သံများနှင့် တဝုန်းဝုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ ကောင်းကင်တစ်ခွင်လုံးလည်း လှိုင်းများထနေလေသည်။

မြားချက်တိုင်းတွင် လင်းနို့သားရဲများစွာက နာနာကျင်ကျင်အော်ဟစ်လျက် သေဆုံးသွားလေ့ရှိသည်။ သူတို့မည်မျှပင် အမြန်ထွက်ပြေးနေပါစေ၊ စုမင်နှင့် မည်မျှဝေးဝေးထိ ရောက်နေပါစေ အရေးမကြီးတော့ပေ။ မြားချက်များက သူတို့အသက်များကို နှုတ်ယူသွားပြီး တစ်ယောက်ပြီးတစ်ယောက် ဖျက်စီးသွားခဲ့၏။

အသက်ရှူကြိမ် သုံးဆယ်အတွင်းမှာင် စုမင်သည် မြားပေါင်းကိုးဆယ်နီးပါး ပစ်လွှတ်ပြီးသွားချေပြီ။ ကောင်းကင်ယံသည်ပင် တွန့်ခေါက်ပုံပျက်နေပြီး ပေါက်ကွဲသံများက နားအူမတတ် ပဲ့တင်ထပ်နေခဲ့၏။ ထိုအရာက အဝေးရောက်နေပြီဖြစ်သော လင်းနို့သားရဲများကိုပင် ရင်ထဲအသည်းထဲမှ ကြောက်ရွံ့တုန်လှုပ်သွားစေလေသည်။ သူတို့အတွက်တော့ ထိုအသက်ရှူကြိမ် သုံးဆယ်စာက အမဲလိုက်ခံနေရသည့် ငရဲတစ်ခုလိုပင် ဖြစ်သည်။

စူးရှသော လေတိုးသံတစ်ချက်ကြားတိုင်း သူတို့မျိုးနွယ်ဝင်တစ်ယောက် နာနာကျင်ကျင် အော်ဟစ်ကာ သေဆုံးသွားရလေ့ရှိသည်။ လေထဲတွင် တစ်ဝှီးဝှီးမြည်လာတိုင်း ထိုအသံက သူတို့ဘဝတွင် နောက်ဆုံးကြားရသော အသံဖြစ်သွားနိုင်ချေ များလေသည်။

ထိုအကြောက်တရားမျိုးက မည်သူ့စိတ်ဝိညာဥ်ကိုမဆို ပြိုလဲပျက်စီးသွားနိုင်စေရန် လုံလောက်လေသည်။ အသက်ရှူကြိမ်သုံးဆယ်အတွင်းမှာပင် ရာချီနေသော လင်းနို့သားရဲ အရေအတွက်မှာ အကောင်နှစ်ဆယ်ပင် မပြည့်တော့သည်အထိ လျော့ကျသွားပြီဖြစ်ပြီး ထိုကျန်ရှိနေသော လင်းနို့သားရဲများကလည်း အဝေးသို့ရောက်နေခဲ့လေပြီ။

ကျန်ရှိနေသော လင်းနို့သားရဲများမှာ ကြောက်ရွံ့မှုကြောင့် စူးစူးဝါးဝါး‌ အော်ဟစ်လျက် တုန်ယင်နေကြ၏။ ထို့နောက် တတ်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် အသည်းအသန်ပင် စတင်ထွက်ပြေးကြတော့သည်။

မိစ္ဆာလေးအား စုမင် နောက်တစ်ကြိမ်ဆွဲလိုက်သည်နှင့် ၎င်းက ဝုန်းခနဲပေါက်ကွဲသံနှင့်အတူ နှစ်ပိုင်းကျိုးထွက်သွားသည်။ စုမင်၏ မနားတမ်းအသုံးပြုမှုကို မခံနိုင်တော့သဖြင့် မိစ္ဆာလေးသည်ပင် ပျက်စီးသွားခဲ့လေပြီ။

စုမင်အား စောင့်ကြည့်နေသော ရှာမန်အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ မိစ္ဆာလေးများက မည်မျှသန်မာကြောင်း သူတို့ရှင်းရှင်းလင်းလင်းပင် သိနေပြီး သူတို့ပိုသိလေလေ၊ မြင်နေရသောအရာကြောင့် ပိုမိုထိတ်လန့်ရလေလေပင်။

အထူးသဖြင့်တော့ တိုက်ပွဲရှာမန်များမှာ လုံးလုံးလျားလျား ထုံထိုင်းနေခဲ့လေပြီ။ မိစ္ဆာလေးတစ်ခုအား တရစပ်အသုံးပြုပြီး ပျက်စီးသွားစေနိုင်ရန်အတွက် လူတစ်ဦးတွင် ဘယ်လိုစွမ်းအားမျိုး လိုအပ်ကြောင်း သူတို့ တွေးကြည့်၍ပင် မရပါချေ။

စုမင်သည် ပျက်စီးသွားသော မိစ္ဆာလေးကို လွှင့်ပစ်လိုက်ပြီး ရှေ့တစ်လှမ်းတက်ကာ ပျောက်ကွယ်သွားခဲ့သည်။ သူ့လှုပ်ရှားမှုများက မြန်ဆန်လွန်းသဖြင့် လူတိုင်း သေချာမမြင်နိုင်လိုက်ခြင်းမျိုး မဟုတ်ပဲ သူသည် နေရာမှ အမှန်တစ်ကယ်ကိုပင် ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။ ဤသည်က… တည်နေရာခုန်ကျော်သွားခြင်းပင်။

ပျောက်ကွယ်သွားပြီးသည်နှင့် စုမင်သည် အဝေးရှိ လင်းနို့သားရဲတစ်ကောင်ရှေ့တွင် ချက်ချင်းဆိုသလို ပြန်ပေါ်လာခဲ့သည်။ ထိုလင်းနို့သားရဲသည် သူ၏ရောက်ရှိလာမှုကို သတိပင်မပြုမိလိုက်ချေ။ သူ့မျက်လုံးထဲ၌ စုမင်ပုံရိပ် ပေါ်မလာခင်မှာပင် စုမင်က ပြန်လည်ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

စုမင် ထွက်သွားသည်နှင့် ထိုလင်းနို့သားရဲသည် အရှေ့သို့ ပေပေါင်းဒါဇင်အနည်းငယ်ခန့် ဆက်ပြေးသွားလိုက်ပြီး ပါးစပ်မဟလိုက်နိုင်ခင်မှာပင် သူ့မျက်လုံးများထဲ၌ ဝေခွဲမရမှုများပေါ်လာခဲ့၏။ ထို့နောက် နံဖူးတွင် သွေးများစီးကျနေသော အပေါက်တစ်ခုနှင့်အတူ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားတော့လေသည်။

ကောင်းကင်ထက်တွင် ထိုမြင်ကွင်းများက ဆက်တိုက်ဆိုသလို ဖြစ်သွားခဲ့သည်။ တစ်နေရာဆီ ပြန့်ကျဲနေသော လင်းနို့သားရဲအများစုမှာ တူညီသော ကံတရားကို ရင်ဆိုင်လိုက်ရလေသည်။ သူတို့သတိမပြုမိခင်မှာပင် သူတို့အသက်များက နှုတ်ယူခံလိုက်ရပြီဖြစ်သည်။

ခရမ်းပိုးချည်သားရဲတစ်ကောင်ကမူ သူ့အရှေ့တွင် စုမင်ပေါ်လာသည်ကို ထောက်လှမ်းနိုင်ခဲ့သော်လည်း သူ့နံဖူးပေါ်သို့ ကျရောက်လာသည့် လက်ချောင်းတိုက်ကွက်ကိုမူ မရှောင်တိမ်းနိုင်ခဲ့ပေ။

ထိုခရမ်းပိုးချည်သားရဲအတွက်တော့ စုမင်၏ လက်ချောင်းထဲ၌ စကြဝဋာကြီး၏ စည်းမျဥ်းများ ပါဝင်နေသည့်အလားပင်။ လက်ချောင်းပေါ်လာသည်နှင့် ခရမ်းပိုးချည်သားရဲအား သူ့ကံကြမ္မာမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ဟူသော ခံစားချက်မျိုး ပေးနေခဲ့သည်။ ထို့နောက်တွင်တော့ သူ့အမြင်အာရုံက အမှောင်ကျသွားပြီး ဦးခေါင်းက ဝုန်းခနဲပေါက်ထွက်သွားတော့သည်။

စုမင် လက်ချောင်းကို ပြန်ရုတ်လိုက်၏။ ဤတိုက်ကွက်တွင် နာမည်မရှိပေ။ ၎င်းက ထာဝရလောကအတွင်း အဆုံးမရှိသော ပြန်လည်ဝင်စားမှုများနှင့် နှစ်ပေါင်းများစွာအတွင်း အကြိမ်ကြိမ်လေ့ကျင့်ခဲ့မိသော အသေသတ်တိုက်ကွက်တစ်ခုသာ ဖြစ်သည်။

ထိုလက်ချောင်းတွင် ထာဝရလောကအတွင်းရှိ ပေါင်းစည်းမှုများ ပါဝင်နေသည်။ ၎င်းက စုမင်၏ အတိတ်နှင့် အနာဂါတ်ပေါင်းစည်းမှု မဟုတ်သော်လည်း ဆန့်ကျင်ဘတ်ဒွန်တွဲမှု သဘောတရားများ ပါဝင်နေဆဲဖြစ်သည်။

ယခုအချိန်တွင် အလျင်အမြန် ထွက်ပြေးနေသော လင်းနို့သားရဲ နှစ်ကောင်သာ ကျန်တော့လေသည်။ ၎င်းတို့အထဲရှိ တစ်ကောင်က ရွှေပိုးချည်လင်းနို့သားရဲဖြစ်သည်။ ကျန်တစ်ကောင်ကမူ လျှို့ဝှက်ကျင့်စဥ်တစ်ခုကို ထုတ်သုံးထားသည့် ခရမ်းပိုးချည်လင်းနို့သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းက ဒဏ်ရာရနေသော်လည်း လျှို့ဝှက်ကျင့်စဥ်က သူ့အား ရွှေပိုးချည်သားရဲနှင့် တန်းတူ လျင်မြန်စွာပြေးနိုင်အောင် ပြုလုပ်ပေးထားလေသည်။

ထိုသားရဲနှစ်ကောင်သည် ဆန့်ကျင်ဘက်အရပ်မျက်နှာနှစ်ခုဆီ ဦးတည်ပြေးလွှားနေခြင်း ဖြစ်ပြီး တစ်ကောင်နှင့် တစ်ကောင် အတော်ဝေးဝေးသို့ ရောက်နေကြလေပြီ။ စုမင် လှမ်းကြည့်လိုက်ချိန်တွင် ဝိုးတဝါး အစက်လေးနှစ်စက်သာ မြင်ရတော့၏။

စုမင်သည် တည်ငြိမ်စွာပင် သူ့ပခုံးပေါ်ရှိ မြွေငယ်လေးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် အဝေးရှိ ခရမ်းပိုးချည်သားရဲထံ ညွှန်ပြလိုက်သည်နှင့် မြွေငယ်လေးက မြည်တွန်သံပြုလျက် စုမင်ပခုံးပေါ်မှ လျှပ်စီးကြောင်းတစ်ခုအသွင်ဖြင့် တိုးထွက်သွားပြီး ထိုကံမကောင်းသော သတ္တဝါထံသို့ ဦးတည်လိုက်လေသည်။

စုမင်ကမူ ရွှေပိုးချည်သားရဲဘက်သို့ စူးစမ်းလိုစိတ်တို့ပါသော အကြည့်တစ်ခုဖြင့် လှမ်းကြည့်လိုက်သည်။ တိုင်မူလည်း နိုးမလာပဲ ထိုသားရဲများအား မသတ်ရန် နန်ကုန်းဟန်ဘက်မှ အကြံပေးခဲ့လျှင်ပင် စုမင်ကတော့ ၎င်းတို့နောက်မှ တိတ်တဆိတ်လိုက်ပါသွားဦးမှာ ဖြစ်သည်။

‘ဒီလင်းနို့သားရဲတွေက လရဲ့အတောင်ပံတွေနဲ့ အရမ်းတူလွန်းတယ်… သူတို့ကြားမှာ ဆက်နွှယ်မှုတစ်ခုခုများ ရှိနေတာဖြစ်မလား။ မီးတောက်နဂါးရဲ့ ကိုယ်ထဲမှာတွေ့ခဲ့တဲ့ လူဆီကလည်း တတိယမာန်နတ်ဘုရားဆိုပြီး ကြားလိုက်ရသေးတယ်… လရဲ့အတောင်ပံတွေက မီးမာန်စွမ်းအားရှင်တွေက ဖြစ်လာတာဖြစ်ပြီး ငါ့မှတ်ဥာဏ်ထဲမှာတော့ မီးမာန်စွမ်းအားရှင်တွေက မာန်နတ်ဘုရားရဲ့ ဖျက်စီးခံလိုက်ရတာပဲ’

‘ဒီမှာ ဆက်နွှယ်မှုတစ်ခုခုများ ရှိနေမလားဆိုတာ ငါသိချင်မိတယ်’ စုမင်မျက်လုံးများက တောက်ပသွားပြီး နေရာမှ ပျောက်ကွယ်သွားတော့သည်။

ရွှေပိုးချည်သားရဲ၏ မျက်နှာထားမှာ ကောင်းကင်ရှိ တိမ်မည်းများသဖွယ် မည်းမှောင်နေပြီး သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် သတိထားမှုအပြည့် ဖြစ်နေခဲ့၏။ သူ့မျိုးနွယ်ဝင်များအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း သူခံစားမိလေသည်။ ထိုမော့စုဆိုသောလူက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း နောက်တစ်ကြိမ်ထပ်၍ ပြင်းပြင်းထန်ထန် ခံစားလိုက်ရချေသည်။

‘သေစမ်း၊ အဲဒီလို ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုမျိုးနဲ့မှ သွားတိုးရတယ်လို့ကွာ။ သူ့ရုပ်ခွန်အား သက်သက်နဲ့တင် ခရမ်းပိုးချည် တစ်ဒါဇင်လောက်ရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကို ခံယူလိုက်တာ။ ဒီစွမ်းအားမျိုးက ငါခံနိုင်တာထက် အများကြီးကျော်နေပြီ’

‘မျိုးနွယ်စု ခေါင်းဆောင်အကြီးအကဲဆိုရင်တောင် ဒါကိုကိုင်တွယ်ဖို့ လွယ်မှာမဟုတ်ဘူး။ အဲဒီလူက ဘယ်လိုစွမ်းရည်မျိုးကိုများ လေ့ကျင့်ထားတာပါလိမ့်။ သူဘယ်လိုလုပ်ပြီး အဲဒီလို လုပ်နိုင်နေရတာလဲ’

‘သူ့နာမည်က မော့စုဆိုပဲ။ ရှာမန်တွေရဲ့ တုန့်ပြန်ပုံအရဆိုရင်တော့ ဒီလူနဲ့ တော်တော်ရင်းနှီးတဲ့ပုံပဲ။ အများစုက လန့်တောင်သွားကြသေးတယ်။ ကြည့်ရတာတော့ သူတို့မှတ်ဥာဏ်တွေထဲက ဒီလူက အဲဒီလောက်မသန်မာခဲ့တဲ့ပုံပဲ။ သန့်စင်မွန်မြတ်ခြင်းကိုးပါး လောကထဲမှာ ဘယ်လိုကံကောင်းမှုမျိုးနဲ့များ ကြုံခဲ့ရလို့ အဲဒီလို ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုး ဖြစ်သွားတာဖြစ်မလဲ’

‘ဒသမမြောက်လ… အဲဒါများလား’

ဖြစ်နိုင်ချေတစ်ခုကို တွေးမိသည်နှင့် ရွှေပိုးချည်သားရဲမှာ အသက်ရှူသံများပင် လျင်မြန်သွားခဲ့ရသည်။ လွန်ခဲ့သောတစ်လက ကောင်းကင်ရှိ ဒသမလတွင် အက်ကြောင်းတစ်ခုပေါ်လာသောမြင်ကွင်းက သူ့စိတ်ထဲတွင် ပြန်ပေါ်လာပြီး ထိုအက်ကြောင်း၏ပုံစံက… ၎င်းအတွင်းမှ တစ်စုံတစ်ယောက်က ဆွဲဖွင့်ရန် ကြိုးစားနေသလိုဖြစ်ကြောင်း ပြန်အမှတ်ရသွားမိ၏။

ထိုအကြောင်းကို တွေးမိသည်နှင့် ရွှေပိုးချည်လင်းနို့သားရဲ၏ အမူအယာမှာ သိသိသာသာကိုပင် ပြောင်းလဲသွားခဲ့တော့သည်။

All Chapters