← Chapters

လေ့လာသင်ယူရေးအချိန်

Vol. 199 Ch. 2834

လေ့လာသင်ယူရေးအချိန်

Vol. 199 Ch. 2834

“နန်းတော်သခင်”

ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးက လှမ်းခေါ်လိုက်သည်။ လူများစွာ၏ မျက်နှာပေါ်တွင် လေးစားသည့် အရိပ်အယောင်များ ရှိနေသည်။ ရီအင်ပါယာနန်းတော်မှ ရန်ဟောင်အဆင့် တပည့်များသည် အလွန် အံ့ဩသော အကြည့်များဖြင့် ကြည့်နေကြသည်။

သူတို့၏ နန်းတော်သခင် ရီဖူရှင်းသည် မဟာအင်ပါယာတစ်ပါးဖြင့်ပင် တိုက်ခိုက်နိုင်ခဲ့သည်။ ထိုအခြင်းအရာသည် ရီဖူရှင်းက မဟာအင်ပါယာများဖြင့်ပင် ယှဉ်ပြိုင်နိုင်နေပြီဆိုသော အဓိပ္ပာယ်ပင်။

ယခုတွင် ရီအင်ပါယာနန်း‌တော်သည် စစ်မှန်သော အင်ပါယာအဆင့် အင်အားစုတစ်စု ဖြစ်လာပေပြီ။

ရီဖူရှင်း ဆင်းသက်လာပြီးနောက် ဟွာဂျီယူ၊ ဂူတုံးလျှိုနှင့် အခြားသူများသည် သူ့ကို ဝန်းရံလိုက်ကြ၏။ ကျူးကော့မင်းယွီ မေးလိုက်သည်။

“နင် အဆင်ပြေရဲ့လား”

“ကျုပ် အဆင်ပြောပါတယ်”

ရီဖူရှင်းသည် ပြုံး၍ ပြန်ဖြေလိုက်သည်။

“အရှင်ဟောင်ထျန်းက ကျုပ်ကို အနိုင်မယူနိုင်တော့ပါဘူး... အဲဒါကြောင့် သူပြန်ဆုတ်သွားတာ။ သူဆက်တိုက်ရင်လည်း အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ထွက်သွားတာက ဉာဏ်အရှိဆုံး ရွေးချယ်မှုပဲ”

ကျူးကော့မင်းယွီ၏ မျက်လုံးများထဲတွင် တောက်ပသောအပြုံးတစ်ခု ပေါ်လာလေသည်။ သူမသည် အလွန်တည်ငြိမ်ပုံပေါ်သော်လည်း ရင်ထဲတွင်မူ နက်ရှိုင်းသောခံစားချက်များ ရှိပေသည်။

အတိတ်မှ မောင်ငယ်လေးသည် ယခုတွင် ထိုအမြင့်သို့ပင် ရောက်နေပေပြီ။ သူသည် မကြာခင် လောကကြီး၏ အထွတ်အထိပ်နေရာတွင် ရပ်နိုင်တော့မည်ဖြစ်သည်။

“သူက နင့်ကို မသတ်နိုင်ခဲ့ဘူးဆိုတော့ နောက်ကျရင် သူသေရမှာပဲ။ သူက တခြားသူတွေ မဟာအင်ပါယာအဆင့် ရောက်လာတာကို စောင့်ဖို့ ပြန်ဆုတ်ခွာသွားတာထင်တယ်”

ကျူးကော့မင်းယွီ သုံးသပ်လိုက်သည်။

“သူတို့အားလုံးက ရှေးခေတ်က မဟာအင်ပါယာတွေ မဟုတ်လား... ပြီးတော့ မဟာအင်ပါယာအဆင့်ရောက်ဖို့ သိပ်မလိုကြတော့ဘူး။ အရှင်ဟောင်ထျန်းက အရင်ဆုံး မဟာအင်ပါယာဖြစ်လာပေမယ့် တခြားသူတွေလည်း မကြာခင် မဟာအင်ပါယာတွေ ဖြစ်လာကြမှာပဲ။ အဲဒီအချိန်ကျရင် သူတို့က အရင်တစ်ခေါက်ကလို အတူပူးပေါင်းပြီး ရောက်လာကြမှာ”

“အင်း...”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ အနာဂတ်တွင် ဖြစ်လာမည့် အန္တရာယ်များကို ရှောင်ရှားရန် ကောင်းကင်ဒေသသို့ သွား၍ ထိုရှေးဟောင်းနတ်ဘုရားကလန်များကို ရှင်းပစ်ရမည်လောဟု သူတွေးလိုက်သည်။

“အရင်ဆုံး ပြန်သွားကြတာပေါ့”

ရီဖူရှင်း ပြောလိုက်၏။ အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံး ရီအင်ပါနန်းတော်သို့ ပြန်သွားလိုက်ကြသည်။

ဤတစ်ကြိမ်သည် အန္တရာယ်များသော်လည်း အထိအခိုက်၊ အပျက်အစီး မရှိခဲ့ပေ။ ရီဖူရှင်းပင် သူ၏တိုက်ခိုက်စွမ်းရည် အစစ်အမှန်သည် မည်သည့်အဆင့်တွင် ရှိနေကြောင်း မသိသဖြင့် အခြားသူများက မည်သို့မှ သိနိုင်ခဲ့မည် မဟုတ်ပေ။ သူသည် မဟာအင်ပါယာတစ်ပါးကိုပင် တိုက်ခိုက်နိုင်နေလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြချေ။ ထိုအဖြစ်အပျက်သည် ကျေနပ်ဖွယ်ကောင်းသော အံ့ဩစရာတစ်ခုပင် ဖြစ်သည်။

ရီဖူရှင်းသည်ပင် သူဦးဆောင်သော အင်အားစုက ဤနှစ်များအတွင်း၌ သေရေး၊ ရှင်းရေး အခြေအနေကို အကြိမ်ပေါင်းမည်မျှ ဖြတ်ကျော်ခဲ့ရကြောင်း မသိတော့ပေ။ သူတို့သည် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရတိုင်း ခံစစ်ဘက်ကချည်းသာ ဖြစ်ခဲ့ပြီး ရှင်သန်နိုင်ရန်အတွက် စွမ်းအားအမျိုးမျိုးကို ငှားယူခဲ့ရသည်။

ယခုတွင် သူသည် ဤအဆင့်သို့ ရောက်လာပေပြီ။ အနာဂတ်တွင် အခြားသူများသည် သူ့ကို ခြိမ်းခြောက်နိုင်ဖို့ လွယ်ကူတော့မည် မဟုတ်ပေ။

ရီဖူရှင်းတို့အုပ်စုသည် ရီအင်ပါယာနန်းတော်သို့ ပြန်ရောက်လာကြ၏။ အပြင်ဘက်တွင် ကျင့်ကြံသူပေါင်းများစွာသည် ရီအင်ပါယာနန်းတော်သို့ လာနေကြသည်။ သူတို့သည် နန်းတော်အပြင်ဘက်သို့ ရောက်သောအခါ အလွန် ရိုသေလေးစားမှုရှိသော ခရီးသွားများကဲ့သို့ ဖြစ်နေကြ၏။

နောက်ဆုံးတွင် မူလဘုံသည် မဟာအင်ပါယာများနှင့် ယှဉ်နိုင်သော ကျင့်ကြံသူတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပေပြီ။

အရှင်ဟောင်ထျန်းနှင့် ရီဖူရှင်းတို့ကြားမှ တိုက်ပွဲ၏ သတင်းသည် အင်အားစုအားလုံးထံသို့ ပျံ့နှံ့သွားပြီး အင်ပါယာအဆင့်အင်အားစုများထံသို့ အမြန်ဆုံးအလျင်ဖြင့် ရောက်သွားပေသည်။ အင်ပါယာအဆင့် အင်အားစုအားလုံးသည် တိတ်တဆိတ်သာ နေခဲ့ကြပြီး မည်သို့မှ မပြောခဲ့ကြချေ။ သို့သော် ယခုတွင် အင်ပါယာအဆင့် အင်အားစုများအားလုံး၌ လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်နေရမည်ဖြစ်ကြောင်း အားလုံး သိပေသည်။

ထိုသတင်းကြောင့် ဘုံအားလုံးတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသည်။

ယခင်က နတ်ဘုရားကုန်းမြေ ထွက်ပေါ်လာချိန်တွင် ကံကြမ္မာဗုဒ္ဓသည် နတ်ဘုရားခေတ် ပြန်ရောက်လာမည်ဟု ‌ရှေ့ဖြစ်ဟောခဲ့သည်။ ထို့နောက်တွင် ကောင်းကင်လမ်းစဉ် တစ်စိတ်တစ်ပိုင်း ထွက်ပေါ်လာခဲ့ပြီး ရှေးခေတ်မှ မဟာအင်ပါယာများ အမှန်ပင် ပြန်ရောက်လာခဲ့သည်။

သို့သော် ပြန်လာခဲ့သော ပထမဆုံး မဟာအင်ပါယာသည် ရီဖူရှင်းကို သတ်ရန်အတွက် တားဆီး၍မရနိုင်သော အင်အားနှင့် သွားရောက်တိုက်ခိုက်ခဲ့သော်လည်း ရီဖူရှင်း၏ တန်ပြန်တိုက်ခိုက်မှုကို ခံခဲ့ရကာ အရှုံးနှင့် ပြန်ဆုတ်ခွာလာရမည်ဟု မည်သူက တွေးခဲ့မိမည်နည်း။

အားလုံးသည် ထိုအခြင်းအရာ၏ အဓိပ္ပာယ်ကို သိပေသည်။ ယခုတွင် ခေတ်သစ်တစ်ခေတ် အစပြုလာပေပြီ။

ထိုအဖြစ်အပျက်သည် နတ်ဘုရားခေတ်၏ ကနဦးအစဖြစ်ပေလိမ့်မည်။ ဘုံခုနစ်ခုနှင့် မူလဘုံတို့သည် ခေတ်သစ်တစ်ခေတ်ဖြစ်သော မဟာနတ်ဘုရားခေတ်သို့ ခြေလှမ်းစခဲ့ပြီဖြစ်သည်။

ထိုခေတ်တွင် နတ်ဘုရားသတ်ဖြတ်သူပင် ရှိလာနိုင်ပေသည်။

ရီဖူရှင်းသည် အရှင်ဟောင်ထျန်းကိုပင် ပြန်တွန်းလှန်နိုင်ခဲ့ပြီဖြစ်သည်။ သူ ဘာဆက်လုပ်မည်နည်း။ သူ့အတွက် မဟာအင်ပါယာတစ်ပါးကို သတ်ရန်မှာ မဖြစ်နိုင်သည့်အရာတစ်ခု မဟုတ်တော့ပေ။

*****

နတ်ဆိုးလောကရှိ နတ်ဆိုးအင်ပါယာနန်းတော်ထဲတွင် နတ်ဆိုးအင်ပါယာသည် တင်ပြချက်ကို နားထောင်နေသည်။ သူ့မျက်ဝန်းများထဲတွင် နက်ရှိုင်းသောအကြည့်တစ်ခု ရှိနေသည်။ သူ၏အကြည့်သည် ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး အဝေးသို့ ကြည့်နေ၏။

ရီဖူရှင်းသည် မဟာအင်ပါယာတစ်ပါး ဖြစ်မလာသေးသော်လည်း မဟာအင်ပါယာတစ်ပါးဖြစ်သော အရှင်ဟောင်ထျန်းနှင့် တိုက်ခိုက်ခဲ့ကာ အရှင်ဟောင်ထျန်းကို အရှုံးနှင့် ပြန်ဆုတ်ခွာသွားစေခဲ့သည်။

သူ ဖန်တီးခဲ့သော ကောင်းကင်လမ်းစဉ်အသေးစားသည် သာမန်မဟုတ်ပေ။ ထို့ကြောင့် သူသည် ရီဖူရှင်း၏ဇစ်မြစ်အမှန်မှာ အဘယ်နည်းဟု သံသယဖြစ်သွားစေသည်။ သူ၏ ညီတော် ပျိုးထောင်ပေးခဲ့သူမှာ မည်သူနည်း။

“ရီအင်ပါယာနန်းတော်ကို မပြတ် စောင့်ကြည့်နေ”

နတ်ဆိုးအင်ပါယာက အေးစက်စွာ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ...”

သတင်းလာပေးသူသည် ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။

နတ်ဆိုးအင်ပါယာ၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းနေသည်။ အချိန်များသည် ပြောင်းလဲနေသည်။ အနာဂတ်ခေတ်သည် မည်သို့ဖြစ်မည်နည်း။

မှော်နက်နန်းတော်ထဲတွင် မှော်နက်အရှင်သည်လည်း သတင်းကို ရရှိခဲ့သည်။ သို့သော် သူသည် အတော်လေး ဝမ်းသာနေသည်။ ရီဖူရှင်းသည် အရှင်ဟောင်ထျန်းနှင့် တိုက်ခိုက်နိုင်နေပေပြီ။ ထို့ကြောင့် ရီဖူရှင်းသည် အရှင်ဒွန်ဟောင်ကိုလည်း သိသိသာသာ ခြိမ်းခြောက်နိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လူသားဘုံ၊ ဗလာနတ္တိဘုံ၊ ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသမှ ဒွန်ဟောင်အင်ပါယာနန်းတော်တို့သည်လည်း ကွဲပြားသော တုံ့ပြန်မှုများ ရှိခဲ့ကြသည်။

သို့သော် ရီဖူရှင်းသည် ထိုအခြင်းအရာများကို မသိပေ။ ထိုတိုက်ပွဲကြောင့် သူသည် မဟာအင်ပါယာတစ်ပါးဖြင့်ပင် တိုက်ခိုက်နိုင်နေပြီဖြစ်ကြောင်း သူသိခဲ့ရသည်။ သူသည် အတော်လေး ပျော်ရွှင်နေ၏။ သို့သော် ထိုပျော်ရွှင်မှုသည် တစ်ခဏမျှသာ ခံခဲ့ပေသည်။ ထို့နောက်တွင် သူသည် သီးခြား ဆက်ကျင့်ကြံနေလိုက်ပြီး အရေးကြီးပုဂ္ဂိုလ်အားလုံးကို သူ၏ ကောင်းကင်လမ်းစဉ်အသေးစားအတွင်းသို့ ခေါ်၍ ကျင့်ကြံစေလိုက်သည်။

သူသည် အလျင်လိုနေ၏။ ထိုတိုက်ပွဲသည် သူ့အမည်ကို လောကတစ်ခွင်လုံးတွင် ပျံ့နှံ့သွားစေရန် လုံလောက်ပေသည်။ အင်ပါယာခြောက်ပါးသည် သူ့ကို ပို၍ အာရုံစိုက်လာမည်ဖြစ်သည်။ ထိုကဲ့သို့သော ကျော်ကြားမှုမျိုးသည် ကောင်းသောအရာတစ်ခု မဟုတ်ပေ။ သူသည် ပို၍ အာရုံစိုက်ခံရမည်ဖြစ်သည်။

ဘုံခုနစ်ခုတွင် သူ၏ မိတ်ဆွေစစ်မရှိကြောင်း ထင်ရှား၏။ ယူချင်းနှင့် ရီချင်းယောင်တို့သည် ယခုအထိ သူတို့၏လောကများကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ သူတို့သည် နတ်ဆိုးလောကနှင့် မှော်နက်လောကတို့ကို ကိုယ်စားမပြုနိုင်သေးချေ။

ထို့ကြောင့် သူ ပို၍ သန်မာလာရန် လိုအပ်ပေသည်။ အင်ပါယာခြောက်ပါးထဲက မည်သူမှ သူ့ကို အနိုင်ယူရန် မခြိမ်းခြောက်နိုင်တော့မှသာ သူ အနည်းငယ် လုံခြုံလာမည်ဖြစ်သည်။

အင်ပါယာခြောက်ပါးသည် အင်ပါယာဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ သူတို့အားလုံးသည် ကောင်းကင်လမ်းစဉ်ပြိုပျက်ပြီးနောက်ပိုင်းခေတ်မှ မဟာအင်ပါယာဖြစ်လာခဲ့ခြင်းပင်။ သူတို့၏ စွမ်းရည်များသည် အရှင်ဟောင်ထျန်းထက် မြင့်လိမ့်မည်ဟု ရီဖူရှင်း ခန့်မှန်းမိ၏။ ထို့ကြောင့် သူသည် သတိလက်လွတ် မဖြစ်ဝံ့ခြင်းပင်။

ကောင်းကင်လမ်းစဉ်အသေးစားအောက်တွင် အားလုံးသည် စည်းမျဉ်းနတ်အလင်းကို ခံယူနေကြပြီး လေ့လာသင်ယူ၊ ကျင့်ကြံနေကြလေသည်။ သူတို့သည် လျင်မြန်စွာ တိုးတက်လာနေကြသည်။

ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစားထဲတွင် ကျင့်ကြံခြင်းသည် ဖြတ်လမ်းလိုက်ခြင်းဟု ဆိုနိုင်သည်။ သူတို့သည် ရှေးခေတ်မှ တပ်ဖွဲ့ရှစ်ဖွဲ့ကဲ့သို့ပင်ဖြစ်သည်။ ကောင်းကင်လမ်းစဉ်သည် တပ်ဖွဲ့ရှစ်ဖွဲ့ကို စည်းမျဉ်းစွမ်းအား တိုက်ရိုက် ချီးမြှင့်ခဲ့ပြီး သူတို့ကို လောကစည်းမျဉ်းအား အုပ်ချုပ်စေခဲ့သည်။

သို့သော် ဤကောင်းကင်လမ်းစဉ်အသေးစားသည် ရီဖူရှင်းကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်သည်။ သူသည် ဖြတ်လမ်းလိုက်ရန် အရည်အချင်းမီပေသည်။ သူသည် ကောင်းကင်လမ်းစဉ်ကို ကိုယ်စားပြုသည်။

ထိုသို့ အကူအညီရှိသော်လည်း သူတို့သည် သူတို့ဘာသာ ခံစားသိမြင်လာအောင် လုပ်ရမည်ဖြစ်သည်။ အတိတ်က ကောင်းကင်လမ်းစဉ်အောက်ရှိ တပ်ဖွဲ့ရှစ်ဖွဲ့သည် ထူးကဲသောစွမ်းရည်များရှိသဖြင့် လောကအတွင်းရှိ ကောင်းကင်လမ်းစဉ်ကို ကိုယ်စားပြုရန် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ထိုစဉ် ရီဖူရှင်းသည် ကျယ်ပြောသော ဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာ၏။ သူသည် လောကတစ်ခွင်လုံးကို မြင်ရပြီး ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း မြင်ရပေသည်။

“တော်တော်နှေးနေသေးတယ်”

ရီဖူရှင်း ရေရွတ်လိုက်သည်။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အရည်အချင်း မရှိသူများ မဟုတ်ပေ။ သူတို့အားလုံးသည် အလွန်သန်မာသည်ဟု ဆိုနိုင်ပြီး နောက်ပိုင်းတွင် အခွင့်အရေးကောင်းများ ရှိလာနိုင်သူများဖြစ်သည်။ သို့သော် သူတို့၏ ကျင့်ကြံခြင်းအချိန်များသည် တိုတောင်းလွန်းနေသည်။

“အချိန်...”

ရီဖူရှင်း ရေရွတ်လိုက်၏။ သူဖြစ်စေ သို့မဟုတ် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးသည် အချိန်လိုအပ်ပေသည်။

မည်သည့်လောကတွင်မဆို အချိန်သည် ကိန်းသေဖြစ်သည်။ သို့သော် မတူညီသော လောကတွင် အချိန်သည် ကွဲပြားနိုင်သည်။

သူ အနောက်ဘက်ကောင်းကင်မှ လိပ်ပြာတောင်ကုန်းတွင် ကျင့်ကြံခဲ့စဉ်က ဗုဒ္ဓများ အခြားလောကတစ်ခုတွင် ကျင့်ကြံရာ၌ အချိန်သည် အတူတူသာဖြစ်ကြောင်း မှတ်တမ်းတင်ထားသည့် ဗုဒ္ဓကျမ်းစာများကို တွေ့ခဲ့ရသည်။ ထို့အပြင် အချိန်သည် အစစ်အမှန်မဟုတ်၊ မတည်ရှိ၊ သတ်မှတ်ထားသောအရာသာဖြစ်သည်ဟူသော ရေးသားဖော်ပြချက်ကိုလည်း ဖတ်ခဲ့ရသည်။

အချိန်သည် ဗလာအယူအတစ်ခုဖြစ်သည်။

လူများသည် ကွဲပြားသောအခြေအနေများတွင် အချိန်အပေါ် ကွဲပြားသော သိမြင်ခံစားမှုများ ရှိကြသည်။ သူသည် ထိုပြဿနာအကြောင်းကို ယခင်ကလည်း တွေးခဲ့ဖူးသည်။ သူသည် ဤကောင်းကင်လမ်းစဉ်၏ အုပ်ချုပ်သူဖြစ်သည်။ ထို့ကြောင့် သူသည် ဤကောင်းကင်လမ်းစဉ်အသေးစား၏ အချိန်ကိုရော ထိန်းချုပ်နိုင်မည်လော။

All Chapters