အချိန်ကို ပြောင်းလဲခြင်း
Vol. 199 Ch. 2835
ရီဖူရှင်းသည် သူ့အတွေးများထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်မြေနေသည်။ လောကအတွင်းရှိ အရာအားလုံးသည် သူ့စိတ်ထဲတွင် ရှိနေပြီး ၎င်းတို့၏ ကိုယ်ပိုင်စည်းမျဉ်းအရ လည်ပတ်လုပ်ဆောင်နေကြသည်။
သူသည် အချိန်ကုန်ဆုံးမှုကို လေ့လာနေရင်း အရာအားလုံး လည်ပတ်လုပ်ဆောင်နေသည်ကို အာရုံခံမိခဲ့သည်။ ထောင်ချီသော လည်ပတ်လုပ်ဆောင်မှုများသည် ပို၍ ထင်ရှားလာပြီး အချိန်အယူအဆသည်လည်း ပို၍ ရှင်းလင်းလာသည်။
ဗုဒ္ဓကျမ်းစာများတွင် ဗုဒ္ဓများသည် မတူညီသော လောကများ၌ ကျင့်ကြံခဲ့သည်ဟု မှတ်တမ်းတင်ထားသည်။ အချို့လောကများတွင် တစ်ရက်ကုန်ဆုံးချိန်သည် အခြားလောကများတွင် တစ်နှစ်ကုန်ဆုံးချိန်နှင့် တူညီပေသည်။
သူ၏ ကောင်းကင်လမ်းစဉ်အသေးစားသည် ပြင်ပလောကနှင့် ကွဲပြားသော လောကတစ်ခုဖြစ်သည်။
အချိန်သည် ဖန်တီးသတ်မှတ်ထားသော အယူအဆတစ်ခုသာဖြစ်သည်။ ၎င်းသည် လောကအတွင်းရှိ အရာအားလုံး၏ လည်ပတ်လုပ်ဆောင်မှုများကို ဖော်ပြပြီး ကောင်းကင်လမ်းစဉ်အောက်မှ စည်းမျဉ်းတစ်ခုဖြစ်သည်။ ၎င်းသည် ပို၍ စိတ်ကူးဆန်ခြင်းသာဖြစ်သည်။
လက်တွေ့တွင် သူ၏ ကောင်းကင်လမ်းစဉ်အသေးစားထဲ၌ ယခုအထိ အချိန်အယူအဆ မတိုးတက်လာသေးပေ။ ဤလောကအတွင်းရှိ အချိန်ကို အပြင်လောကမှ အချိန်အတိုင်းသာ တွက်နေဆဲဖြစ်သည်။
‘ တကယ်လို့ ငါသာ ကောင်းကင်လမ်းစဉ်အသေးစားထဲက သက်ရှိအားလုံးရဲ့ လည်ပတ်လုပ်ဆောင်မှုတွေကို ပြောင်းလဲလိုက်ရင် ဒီလောက,က အပြင်လောကနဲ့ ကွဲပြားသွားမလား ’
ရီဖူရှင်း တွေးလိုက်၏။ သူသည် အတွေးနက်နေသည်။
သူ့အတွေးအောက်၌ ဤလောကအတွင်းရှိ သက်ရှိအားလုံး၏ လည်ပတ်လုပ်ဆောင်မှုများတွင် ပြောင်းလဲမှုအနည်းငယ် ပေါ်ပေါက်လာလေသည်။ သူသည် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများအပေါ်တွင်လည်း အာရုံစိုက်လိုက်သည်။ သူတို့သည် ဤပြောင်းလဲမှုကို သတိမပြုမိကြသေးပေ။
လောကအတွင်းရှိ အရာအားလုံးသည် နှိုင်းရသဘောသာဖြစ်သည်။ သင်သည် လောကတစ်ခုအတွင်း၌ ရှိနေပြီး သင်၏လည်ပတ်လုပ်ဆောင်မှု စည်းမျဉ်းများသာ ပြောင်းလဲသွားမည်ဆိုလျှင် ထိုပြောင်းလဲမှုကို သင် လျင်မြန်စွာ သိရှိနိုင်မည်ဖြစ်သည်။ သို့သော် လောကအတွင်းရှိ အရာအားလုံး တစ်ပြိုင်တည်း ပြောင်းလဲသွားပါက မည်သည့်အရာမှ မပြောင်းလဲသွားဟု သင် ထင်ရပေလိမ့်မည်။
လူတစ်ယောက် လှုပ်ရှားချိန်တွင် ထိုလူသည် သူလှုပ်ရှားနေကြောင်း အလွယ်တကူ ခံစားသိရှိနိုင်သည်။ သို့သော် အကယ်၍ ကုန်းမြေကသာ ၎င်းရွေ့လျားသည့်အတိုင်း ထိုလူကို သယ်ဆောင်သွားလျှင် ထိုလူသည် သူ့ကိုယ်သူ ရပ်နေသည်ဟုသာ ထင်မည်ဖြစ်သည်။
ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးသည် သူတို့၏ ကျင့်ကြံခြင်းတွင် စိတ်နစ်နေကြသည်။ မည်သူမှ ဘာပြောင်းလဲမှုကိုမှ သတိမပြုမိချေ။ သူတို့၏စွမ်းရည်များသည် ဆက်၍ တိုးတက်နေသည်။
သူတို့သည် ကောင်းကင်လမ်းစဉ်အသေးစား၏ စည်းမျဉ်းအောက်တွင် ကျင့်ကြံနေပြီး သူတို့၏ပြောင်းလဲမှုများသည် လျင်မြန်နေသည်။ သူတို့သည် နေ့စဉ်ရက်ဆက် တိုးတက်နေပြီး အချိန်ကုန်လာသည်နှင့်အမျှ ရီအင်ပါယာနန်းတော်တွင် နတ်ဘုရားတစ်ဝက်အဆင့်ရှိသူများ ပို၍ ပို၍ များပြားလာလေသည်။ သူတို့သည် သူတို့၏ကိုယ်ပိုင်လောကများကို စတင် လေ့လာ လာကြပြီး သူတို့၏ ကိုယ်ပိုင်နတ်စွမ်းအားများကိုပင် ဖန်တီးလာကြသည်။ သို့သော် သူတို့သည် ရှေးဟောင်းကောင်းကင်လမ်းစဉ်အောက်မှ ကျင့်ကြံသူများကဲ့သို့ ကောင်းကင်လမ်းစဉ်အသေးစားအောက်တွင်သာ ဖြစ်ကြသည်။
သူတို့သည် ကောင်းကင်လမ်းစဉ်နောက်ကို လိုက်၍ မဟာအင်ပါယာများ ဖြစ်လာစေကာမူ ကောင်းကင်လမ်းစဉ်အောက်တွင်သာ ရှိဦးမည်ဖြစ်ပြီး ၎င်းမှ ချိုးဖျက်ထွက်နိုင်မည်မဟုတ်ပေ။
ထိုနေ့တွင် ရီဖူရှင်းသည် လေ့လာကျင့်ကြံနေဆဲဖြစ်သည်။ ထိုအချိန်တွင် ဂူတုံးလျှိုသည် လောကတစ်နေရာမှနေ၍ ခေါင်းမော့လိုက်သည်ကို သူတွေ့လိုက်ရ၏။
“ညီလေး...”
သူ နူးညံ့စွာ ခေါ်လိုက်သည်။
သူ စကားပြောပြီးချိန်တွင် ရီဖူရှင်းသည် သူ့အရှေ့တွင် ထွက်ပေါ်လာ၏။ ရီဖူရှင်းသည် ဤလောကအတွင်းရှိ အရာအားလုံးကို သိရှိကြောင်း ဂူတုံးလျှိုသိပေသည်။ ထို့ကြောင့် သူ တိုက်ရိုက် ခေါ်လိုက်ခြင်းပင်။ သူမျှော်လင့်ထားသလိုပင် ရီဖူရှင်း ထွက်ပေါ်လာခဲ့သည်။
“အစ်ကိုသုံး...”
ရီဖူရှင်းသည် ပြုံး၍ ပြောလိုက်ပြီး ဂူတုံးလျှိုထံ လျှောက်သွားလိုက်သည်။
“အစ်ကို့ရဲ့ ကျင့်ကြံခြင်းမှာ ပြဿနာတွေနဲ့ ကြုံရလို့လား”
“ဟုတ်တယ်...”
ဂူတုံးလျှို ခေါင်းညိတ်လိုက်သည်။
“ညီလေး... မင်းရဲ့ ကျင့်ကြံခြင်းရော ဘယ်လိုလဲ။ ဒီကောင်းကင်လမ်းစဉ်အသေးစားက ဘယ်တော့မှ ပြီးပြည့်စုံမှာလဲ”
“ကျွန်လည်း မပြောတတ်ဘူး”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။
“ပြင်ပလောက,က မဟာအင်ပါယာဖြစ်လာမယ့်သူတွေက တစ်ချိန်တုန်းက မဟာအင်ပါယာဖြစ်ခဲ့ဖူးတဲ့ သူတွေပဲ။ အဲဒီတော့ သူတို့အတွက် မဟာအင်ပါယာအဆင့်ကို ပြန်ရောက်ဖို့က လွယ်တာပေါ့။ တခြား မဟာအင်ပါယာဖြစ်လာမယ့်သူတွေအတွက်လည်း သိပ်မခက်ဘူး... ဒါပေမဲ့ ကျုပ်ရဲ့ ကျင့်ကြံခြင်းက နည်းနည်းထူးခြားတယ်။ အဲဒါက တခြားသူတွေအားလုံးနဲ့ ကွဲပြားတဲ့ပုံပဲ။ အင်ပါယာဖြစ်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ တိကျတဲ့ နည်းလမ်းကို ကျုပ် ရှာမတွေ့သေးဘူး။ ကောင်းကင်လမ်းစဉ်အသေးစား သူ့သာသာ ပြီးပြည့်စုံသွားတဲ့အထိ ဆက်ကျင့်ကြံနေဖို့ပဲ ရှိတာပဲ”
“ညီလေး... မင်းက မဟာအင်ပါယာဖြစ်လာမယ့်အဆင့်မှာပဲ ရှိသေးတာတောင် မဟာအင်ပါယတွေနဲ့ တိုက်ခိုက်နိုင်နေပြီ။ အဲဒီတော့ မင်းရဲ့ ကျင့်ကြံခြင်းက သူများတွေနဲ့ ကွဲပြားတာပေါ့။ မဟုတ်ရင် ငါတို့က ဘယ်လိုလုပ် ဒီလောကထဲမှာ ကျင့်ကြံနေနိုင်မှာလဲ။ အဲဒါက မျှော်လင့်ထားပြီးသားပါ။ မင်းရဲ့ ကျင့်ကြံခြင်းက ထူးခြားတော့ အင်ပါယာတစ်ပါးဖြစ်လာနိုင်မယ့် နည်းလမ်းက သူများတွေနဲ့ ကွဲမှာပဲ။ မင်းရဲ့ နည်းလမ်းက ပိုခက်လိမ့်မယ်”
ဂူတုံးလျှိုပြောလိုက်၏။
“ဒီ ကောင်းကင်လမ်းစဉ်အသေးစားက ကောင်းကင်ဘုံက ကောင်းကင်လမ်းစဉ်လောကနဲ့ တော်တော်တူနေပါပြီ။ ဒါက အတော်လုံး ပြည့်စုံနေတဲ့ ကောင်းကင်လမ်းစဉ်လောကပဲ။ ဒီလောကသာ လုံးဝပြီးပြည့်စုံသွားရင် ကောင်းကင်လမ်းစဉ်ကိုတောင် အစားထိုးနိုင်မှာပဲ။ အဲဒါကြောင့် ဒီလမ်းခရီးက ရိုးရှင်းမှာ မဟုတ်ဘူး။ မင်း အဲဒီအကြောင်းကို အရင်က တွေးမိခဲ့လား”
“တွေးမိပါတယ်”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။
“ကျုပ်လည်း အဲဒါကို ခံစားရတယ်။ အဲဒါကြောင့်လည်း ကျုပ် လောနေတာပါ”
“ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက မင်းက အရှင်ဟောင်ထျန်းကိုတောင် တိုက်ခိုက်နိုင်နေပြီ”
ဂူတုံးလျှိုပြောလိုက်၏။
“မင်းက ပိုပိုပြီး သန်မာလာမှာပါ။ မင်းက မဟာအင်ပါယာတစ်ပါးနဲ့ မကွာတော့ပါဘူး။ မင်းသာ ပြီးပြည့်စုံသွားရင် လောကထဲမှာ မင်းရဲ့ ရန်သူ ရှိတော့မှာ မဟုတ်ဘူး။ မင်းရဲ့ ရန်သူဖြစ်ဖို့က တော်တော် ခက်ခဲသွားလိမ့်မယ်။ ဒီရက်ပိုင်းအတွင်း ငါ ငါ့ရဲ့နတ်စွမ်းအားကို နားလည်သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ အဲဒါကလည်း မင်းရဲ့ အကူအညီကြောင့်ပါ။ မင်းရဲ့ အကူအညီက ငါ့ကို ပိုပြီး မြန်မြန် ကျင့်ကြံနိုင်စေတယ်ဆိုပေမယ့် ငါသာ အပြင်လောကမှ မဟာအင်ပါယာတစ်ပါးနဲ့ တွေ့ခဲ့ရင် အသာရနိုင်မှာ မဟုတ်ဘူး”
“အစ်ကို... အစ်ကိုက ဘာကို ဆိုလိုချင်တာလဲ”
ရီဖူရှင်း၏ မျက်နှာထားသည် နားမလည်နိုင်သည့် မျက်နှာထားဖြစ်သွားသည်။
“လမ်းစဉ်ဖျက်ဆီး...”
ဂူတုံးလျှိုပြောလိုက်၏။
“နောက်ကျရင် မင်း ဉာဏ်အလင်းပွင့်ပြီး ပြီးပြည့်စုံသွားရင်တောင် ငါ့ရဲ့ အကန့်အသတ်က မင်းရဲ့ ကောင်းကင်လမ်းစဉ်အောက်က မဟာအင်ပါယာတစ်ပါးအဆင့်ပဲ ရှိနေဦးမှာပဲ... ဒါပေမဲ့ အရှင်ဟောင်ထျန်းကိုတော့ ယှဉ်နိုင်လောက်မှာပေါ့လေ”
ဂူတုံးလျှိုသည် ရီဖူရှင်း၏လမ်းအတိုင်း လိုက်လိုနေပြီး သူ့လမ်းစဉ်ကို သူ့ဘာသာ ရှာဖွေလိုနေသည်။
“ကျုပ်က ကျုပ်ရဲ့ လမ်းစဉ်ကို ဖျက်ဆီးတဲ့နေရာမှာ အောင်မြင်သွားပေမယ့် အဲဒါက တော်တော်လေး အန္တရာယ်များတဲ့ နည်းလမ်းပဲ။ အစ်ကို ပြန်လမ်းမရှိ ဖြစ်သွားနိုင်တယ်နော်”
ရီဖူရှင်း ပြောလိုက်၏။
“ကျုပ်ရဲ့ ကောင်းကင်လမ်းစဉ်အောက်မှာ ကျင့်ကြံရင် အနှေးနဲ့အမြန် အင်ပါယာတစ်ပါး ဖြစ်လာမှာပဲ။ ဒါပေမဲ့ လမ်းစဉ်ဖျက်ဆီးပြီး ကျင့်ကြံရင်တော့ လမ်းဆုံးကို ရောက်သွားနိုင်တယ်။ တကယ်လို့ အစ်ကို အောင်မြင်သွားရင်တောင် အန္တရာယ်ကတော့ ရှိနေသေးတာပဲ။ အစ်ကိုသုံး... အစ်ကို သေချာ တွေးပြီးသွားပြီလား”
“ငါ သိပါတယ်”
ဂူတုံးလျှို ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ... အဲဒီလိုဆိုမှာတော့ ကျုပ် အစ်ကို့ကို ကူညီပေးပါမယ်”
ရီဖူရှင်းသည် သူ့ကို စိတ်ဓာတ်ကျသွားအောင် မလုပ်ခဲ့ပေ။ ဂူတုံးလျှိုသည် အမြဲပင် သူ့အမြင်နှင့်သူ ရှိခဲ့ပြီး မာနကြီးသူတစ်ယောက်ဖြစ်သည်။ သူ၏ လမ်းစဉ်ကို ပြီးပြည့်စုံအောင် လုပ်၍ ရီဖူရှင်း၏အကူအညီဖြင့် မဟာအင်ပါယာတစ်ပါးဖြစ်လာခြင်းသည် လွယ်ကူပေသည်။ သို့သော် သူသည် ထိုသို့ မကျင့်ကြံလိုပေ။
ထို့အပြင် သူ၏ ညီလေးသည် ကိုယ်ပိုင်ကောင်းကင်လမ်းစဉ်အသေးစားကို ဖန်တီးထားသည်ကို တွေ့ရသဖြင့် သူသည်လည်း ရှေ့သို့ ခြေတစ်လှမ်း ပိုတိုးကာ သူ၏ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်လိုနေသည်။
“အရှင်ဒွန်ဟောင်ရဲ့ နှစ်(၅၀၀) အင်ပါယာကံကြမ္မာပြည့်ဖို့က အချိန်သိပ်မလိုတော့ဘူး”
ဂူတုံးလျှိုပြောလိုက်၏။
“ကံကြမ္မာဗုဒ္ဓရဲ့ ရှေ့ဖြစ်ဟောကိန်းက ဘယ်လိုဖြစ်လာမလဲဆိုတာ ငါမသိဘူး။ အခုဆို ပြင်ပလောကက လူတွေအားလုံး အဲဒီအချိန်ကို စောင့်မျှော်နေလောက်ပြီ”
“အပြင်ကိုသွားပြီး ကြည့်ကြတာပေါ့”
ရီဖူရှင်း ပြောလိုက်၏။ အတွေးတစ်ချက်ဖြင့် ဂူတုံးလျှို၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။
ရီအင်ပါယာနန်းတော်ထဲတွင် စွမ်းအားကြီးကျင့်ကြံသူအားလုံးသည် သူတို့၏ ကျင့်ကြံခြင်းများဖြင့် အလုပ်များနေဆဲဖြစ်သည်။ ကျင့်ကြံသူအားလုံး ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစားထဲသို့ ဝင်ခဲ့ခြင်းမဟုတ်ပေ။ အရေးပါသူများသာ ဝင်ခဲ့ခြင်းဖြစ်သည်။
သူတို့နှစ်ယောက်သည် ရီအင်ပါယာနန်းတော်၏ ခမ်းနားသော နန်းဆောင်အပြင်ရှိ လှေကားထစ်များ၏ ထိပ်သို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် ကျင့်ကြံခြင်းအဆင့်မြင့်သည့် အစောင့်များ ရှိနေသည်။
“နန်းတော်သခင်... ဆရာသုံး”
အစောင့်များသည် ရီဖူရှင်းတို့ ရောက်လာသည်ကို မြင်လိုက်သောအခါ ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။
“အပြင်လောကမှ ဘယ်လို အခြေအနေရှိလဲ”
ရီဖူရှင်း မေးလိုက်သည်။
“ဒီလပိုင်းအတွင်းမှာ နန်းတော်သခင်ရဲ့ အကြောင်းတွေ အများကြီး အပြင်လောကမှာ ပျံ့နှံ့နေပါတယ်”
အစောင့်က ပြန်ပြောလိုက်၏။
“အခု ကောင်းကင်ဒေသမှာ ရှေးဟောင်းနတ်ဘုရားကလန်တချို့က ပိုပြီး ခိုင်မြဲတဲ့ မဟာမိတ်ဖွဲ့ထားတယ်။ ရှေးဟောင်အင်ပါယာတချို့က အတူတူ ကျင့်ကြံနေကြတယ်လို့ ပြောတယ်။ သူတို့က နန်းတော်သခင် သူတို့ကို လာသတ်မှာ စိုးရိမ်နေကြတာပါ”
“လပိုင်း ဟုတ်လား”
ဂူတုံးလျှိုသည် အံ့အားသင့်သော မျက်နှာထားဖြင့် မေးလိုက်သည်။
“ဟုတ်ပါတယ်... နန်းတော်သခင် အရှင်ဟောင်ထျန်းကို အနိုင်ယူခဲ့တာ နှစ်တစ်ဝက်ရှိပါပြီ”
အစောင့်က ပြောလိုက်၏။ ဂူတုံးလျှိုသည် အစောင့်၏စကားကြောင့် အံ့အားသင့်သွားသည်။ သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ရီဖူရှင်းကို လှည့်ကြည့်သည်။
သူသည် အချိန်ပြောင်းလဲမှုကို လွဲမှား သိမြင်ခဲ့သည်လော။
ထိုကိစ္စကို ရှင်းပြနိုင်သည်မှာ တစ်ခုသာ ရှိပေသည်။ ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစားကြောင့် ဖြစ်ပေလိမ့်မည်။
“အချိန်စည်းမျဉ်းကို ပြောင်းလဲထားတာ”
ရီဖူရှင်းသည် ဂူတုံးလျှိုကို အသံပို့လွှတ်လိုက်သည်။ ဂူတုံးလျှို ရင်တုန်သွားသည်။ သူ ခံစားခဲ့ရသောအချိန်မှာ ခြောက်နှစ်နီးပါးဖြစ်သည်။ သူသည် ထိုနှစ်များအတွင်း၌ အမှန်ပင် ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။
ရီဖူရှင်းက ကောင်းကင်လမ်းစဉ်အသေးစားအတွင်းရှိ အချိန်ကိုပင် ပြောင်းလဲနိုင်နေပေပြီ။