← Chapters

စိတ်ကြီးဝင်နေသော နတ်ဘုရားဟောင်း

Vol. 199 Ch. 2836

စိတ်ကြီးဝင်နေသော နတ်ဘုရားဟောင်း

Vol. 199 Ch. 2836

ရီဖူရှင်းက ကောင်းကင်လမ်းစဉ်အသေးစား၏ လောက၏ စည်းမျဉ်းများကို ပြောင်းလဲခဲ့သည်။ ထို့ကြောင့် ထိုလောက၏ အချိန်သည် ပြင်ပလောကနှင့် ကွဲပြားသွားပေသည်။ ထိုလောကအတွင်းမှ အချိန်သည် အပြင်လောကမှ အချိန်ထက် ဆယ်ဆနီးပါး ပိုမြန်လေသည်။

ပြင်ပလောကမှ တစ်ရက်သည် ကောင်းကင်လမ်းစဉ်အသေးစား၏ လောကအတွင်းမှ ဆယ်ရက်နှင့် ညီမျှသည်။ ထို့ကြောင့် ပြင်ပလောကတွင် နှစ်ဝက်ကုန်ဆုံးသွားသောအခါ ထိုလောကအတွင်း၌ ခြောက်နှစ်နီးပါး ကုန်ဆုံးသွားခြင်းပင်။ ကျင့်ကြံခြင်းအဆင့်မြင့်သော ကျင့်ကြံသူများအတွက် ထိုအခြင်းအရာသည် အလွန် အကျိုးရှိစေပေသည်။ အကယ်၍ သူတို့သည် အပြင်လောက၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သေးသော် အမှီအခိုကင်းသည့် နေရာတစ်ခုတွင်သာ ဖြစ်ပါက သူတို့ အချိန်ကို မည်သို့ပြောင်းသည်ဖြစ်စေ အချည်းနှီးသာ ဖြစ်ပေမည်။ သို့သော် ကောင်းကင်လမ်းစဉ်အသေးစား၏ လောကသည် ပြင်ပလောကနှင့် မသက်ဆိုင်ချေ။ ထို့ကြောင့် သူတို့သည် ကျင့်ကြံရန် အချိန်ပို၍ ခဲ့ပေသည်။

ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများအတွက် ဤပြောင်းလဲမှုသည် လွန်စွာ အကျိုးရှိကြောင်း ထင်ရှားလေသည်။ သူတို့သည် ထိုအချိန်များကို အသုံးပြု၍ ကျင့်ကြံနိုင်သည်။

ထို့အပြင် သူတို့သည် ထိုကဲ့သို့သော ပြောင်းလဲမှုကို ဆက်၍ ကြီးမားလာအောင်လည်း လုပ်နိုင်ခြေရှိသေး၏။ လက်ရှိတွက် ကွဲပြားမှုသည် ဆယ်ဆနီးပါးဖြစ်သည်။ ရီဖူရှင်း၏ အဆင့် ပိုတိုးတက်လာလျှင် သူသည် အဆများစွာ ပိုကွဲပြားလာအောင် လုပ်နိုင်မည်ဖြစ်သည်။ အကယ်၍ ပြင်ပလောကမှတစ်ရက်သည် ကောင်းကင်လမ်းစဉ်အသေးစားလောကအတွင်း၌ တစ်နှစ်ဖြစ်အောင် သူလုပ်နိုင်ပါက ထိုကွဲပြားမှုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။

သို့သော် ထိုသို့သော အချိန်ကွဲပြားမှု၏ အကျိုးသည်လည်း နှိုင်းရသဘောသာဖြစ်သည်။ ထိုကွဲပြားမှုသည် သက်တမ်းအကန့်အသတ်ရှိသော သေမျိုးများအတွက် ကောင်းသည်ဟု မဆိုသာပေ။

ပြင်ပလောကသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေမည်ဖြစ်ပြီး မဟာအင်ပါယာဖြစ်လာမည့်သူများသည် တဖြည်းဖြည်း မဟာအင်ပါယာအဆင့်သို့ ရောက်လာကြမည်ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် ရှေးခေတ်မှသူများနှင့်ပင် ယှဉ်နိုင်မည်ဖြစ်သည်။ သူတို့သည် လောကကြီးထဲတွင် နှစ်ပေါင်းများစွာ ကင်းမဲ့ခဲ့သော အဆင့်သို့ ပြန်ရောက်နိုင်ကြမည်ဖြစ်သည်။ သို့သော် ထိုအရာအားလုံးသည် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့် မဆိုင်ချေ။

ရီဖူရှင်းနှင့် ဂူတုံးလျှိုတို့သည် ဆက်၍ ကျင့်ကြံနေကြသည်။ ဂူတုံးလျှိုသည် သူ၏လမ်းစဉ်ကို ဖျက်ဆီးကာ ကျင့်ကြံနေပြီး ရီဖူရှင်းသည် အချိန်စည်းမျဉ်းစွမ်းအားကို ဆက်၍ လေ့လာနေသည်။ ရီဖူရှင်းသည် အချိန်မဟာလမ်းစဉ်စည်းမျဉ်းကို မည်သို့ ထိန်းချုပ်ရမည်ကို နားလည်သဘောပေါက် လိုနေ၏။ သူသည် ထိုစည်းမျဉ်းကို တိုက်ခိုက်ရာတွင် မည်သို့ အသုံးပြုရမည်ကို တွေးတောနေလေသည်။

****

ကောင်းကင်ဒေသတွင် မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် ထိုက်ရှန့်ကုန်းမြေရှိ တောင်ကုန်းတစ်ခုပေါ်တွင် စုဝေးနေကြ၏။

အဝေးတွင် ကြောက်မက်ဖွယ် ကောင်းကင်ကပ်ဘေးများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားနေသည်။ နတ်တောင်ကုန်းပေါ်တွင် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ယောက် မားမားမတ်မတ်ရပ်နေသည်။

ထိုသူသည် အကြီးအကဲတစ်ဦးပင်။ သူသည် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သို့သော် ယခုတွင် သူ့ထံမှနေ၍ အံ့အားသင့်ဖွယ် အင်ပါယာအရှိန်အဝါ ထွက်နေလေသည်။

ဤမတိုင်ခင်က လူများစွာသည် ထိုက်ရှန့်ကုန်းမြေ၌ ထိုကဲ့သို့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရှိကြောင်း မသိခဲ့ကြပေ။ ထိုပုဂ္ဂိုလသည် မဟာအင်ပါယာအဆင့်သို့ တက်လှမ်းသွားပေပြီ။

“မဟာအင်ပါယာအဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် စီနီယာ”

အသံတစ်သံက ပြောလိုက်၏။ ထိုက်ရှန့်ကုန်းမြေအရှင်သခင်သည် လူကိုယ်တိုင်လာရောက်၍ ဂုဏ်ပြုစကားဆိုနေသည်။ သူသည် အကြီးအကဲကို ရိုရိုသေသေ ဦးညွှတ်လိုက်သည်။

အကြီးအကဲက သူ့ကို တစ်ချက်ကြည့်လိုက်၏။ သူ၏အကြည့်များသည် အမှန်ပင် အလွန်စူးရှပေသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ကောင်းကင်သို့ မော့ကြည့်သည်။ သူသည် မျက်လုံးများ ပိတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အရှိန်အဝါကို အာရုံခံလိုက်သည်။ သူသည် ပတ်ဝန်းကျင် အငွေ့အသက်များကို ခံစားနေပုံပင်။

နောက်ဆုံးတွင် သူ ပြန်ရောက်လာခဲ့ပေပြီ။

ရှေးခေတ်တုန်းက သူသည် သူ၏လမ်းစဉ်ကို သက်သေပြခဲ့ပြီးဖြစ်ကာ ထိုက်အယ်ဟူသော ဂုဏ်နာမကို ရရှိခဲ့သည်။ သူသည် ကောင်းကင်ဒေသ၏ ထိပ်တန်းဓားနတ်ဘုရားဆယ်ပါးထဲမှ ထိုက်အယ်ဓားနတ်ဘုရားဖြစ်သည်။

ကောင်းကင်လမ်းစဉ် ပြိုပျက်သွားစဉ်အတွင်း သူသည် သူ၏ဓားဝိညာဉ်နှင့် ပေါင်းစည်းခဲ့သည်။ ထို့ကြောင့် သူသည် ထိုကပ်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ သူသည် ဆယ်စုနှစ်ပေါင်း မရေမတွက်နိုင်အောင် စောင့်ဆိုင်းခဲ့ပြီးနောက်တွင် ကောင်းကင်လမ်းစဉ် ပြန်လည်ထွက်ပေါ်လာမှုနှင့် ကြုံခဲ့ရပေသည်။ သူ သူ၏လမ်းစဉ်ကို ထပ်မံသက်သေပြနိုင်မည့် အခွင့်အရေး ရောက်ရှိလာပေပြီ။ ထို့နောက် သူသည် မဟာအင်ပါယာအဆင့်သို့ နောက်တစ်ဖန် အောင်အောင်မြင်မြင် ရောက်သွားခဲ့လေသည်။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံး၏အကြည့်များသည် သူ့အပေါ်တွင်သာ ရှိနေသည်။ သူသည် နတ်တောင်ကုန်းပေါ်တွင် ပုံမှန်အတိုင်း ရပ်နေခြင်းသာ။ သို့သော် သူသည် နတ်ဓားတစ်ချောင်းကဲ့သို့ စူးရှပုံပေါ်နေသည်။

ထိုအခိုက်တွင် လေပြင်းတိုက်ခတ်လာပြီး တိမ်တိုက်များ လည်ပတ်လာသည်။ ကောင်းကင် ပွင့်သွားပြီး အာကာသလမ်းကြောင်းတစ်ခု ထွက်ပေါ်လာလေသည်။ လမ်းကြောင်း၏ အခြားတစ်ဘက်တွင် ပုံရိပ်ယောင်တစ်ခု ရပ်နေလေသည်။ လူအုပ်သည် ထိုပုံရိပ်ယောင်ကို မြင်လိုက်သောအခါ ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြသည်။

“နှုတ်ခွန်းဆက်ပါတယ် အရှင်အင်ပါယာ...”

ထိုသူသည် ကောင်းကင်ဒေသ၏ အုပ်ချုပ်သူ အရှင်ဒွန်ဟောင်ဖြစ်လေသည်။

“စီနီယာ... လမ်းစဉ်ကို သက်သေပြနိုင်ခဲ့ပြီး မဟာအင်ပါယာအဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”

အရှင်ဒွန်ဟောင်သည် အာကာသလမ်းကြောင်း၏ အခြားတစ်ဘက်တွင် ရပ်၍ ပြုံးကာပြောလိုက်၏။ သူ၏အသံသည် အလေးအနက်ပြောသံ ပေါက်ပေသည်။

ထိုက်အက်ဓားနတ်ဘုရားသည် အာကာသလမ်းကြောင်းကို အရေးမစိုက်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။ လက်ရှိလောကသည် အတိတ်တုန်းကနှင့် များစွာ ကွာခြားနေပြီဖြစ်သည်။ ယခုတွက် မဟာအင်ပါယာခြောက်ပါးကသာ လောကကြီးကို အုပ်စိုးထားပေသည်။ နတ်ဘုရားခေတ်၏ ကြီးကျယ်ခမ်းနားခဲ့သော အခြေအနေများနှင့် ယှဉ်လျှင် လက်ရှိခေတ်သည် နုံချာသောခေတ်ဖြစ်သည် ဟူ၍ပင် ပြောနိုင်သည်။

အရှင်ဒွန်ဟောင်သည်လည်း ထိုက်အယ်ဓားနတ်ဘုရား၏ တည်ရှိမှုကို သိပေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အရှင်ဒွန်ဟောင်သည် ထိုက်အယ်ဓားနတ်ဘုရားကို ဒွန်ဟောင်အင်ပါယာနန်းတော်တွင် ကျင့်ကြံရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် ထိုက်အယ်ဓားနတ်ဘုရားသည် သူ၏ကမ်းလှမ်းမှုကို ငြင်းခဲ့ပေသည်။ ယခုတွင် အရှင်ဒွန်ဟောင်သည် ထပ်မံ ဖိတ်ခေါ်လိုက်လေသည်။

“အရင်တုန်းက စီနီယာကို အင်ပါယာနန်းတော်မှာ လာကျင့်ကြံဖို့ ကျုပ် ဖိတ်ခေါ်ခဲ့တယ်။ အခု စီနီယာက စီနီယာရဲ့ လမ်းစဉ်ကို သက်သေပြပြီး မဟာအင်ပါယာအဆင့် ရောက်သွားပြီဆိုတော့ ကျုပ်တို့နဲ့ ပူးပေါင်းရင်ရော ဘယ်လိုသဘောရပါသလဲ။ ကျုပ်တို့အတူ ကွဲပြားတဲ့ ကျင့်စဉ်တွေကို လေ့လာနိုင်တာပေါ့။ လက်ရှိ နန်းတော်ထဲမှာ မကြာခင် လမ်းစဉ်ကို သက်သေပြနိုင်တော့မယ့် ကျင့်ကြံသူနည်းနည်း ရှိပါတယ်”

“ကောင်းပြီ”

ထိုက်အယ်ဓားနတ်ဘုရားက သူ၏ တောင်းဆိုမှုကို ပြတ်ပြတ်သားသား သဘောတူလိုက်သည်။ ထို့နောက် သူသည် အာကာသလမ်းကြောင်းအတွင်း ဝင်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ဒွန်ဟောင်အင်ပါယာနန်းတော်သို့ ရောက်ရှိသွားသည်။

အရှင်ဒွန်ဟောင်သည် ကိုယ်တိုင် လူလုံးထွက်ပြခဲ့ပြီး ထိုက်အယ်ဓားနတ်ဘုရားကို ကိုယ်တိုင် ကြိုဆိုခဲ့သည်။ မဟာအင်ပါယာဖြစ်လာမည့် ကျင့်ကြံသူအနည်းငယ်လည်း ရှေ့ထွက်လာကာ သူ့ကို ဂုဏ်ပြုစကားဆိုလိုက်ကြသည်။

“ကောင်းကင်ဒေသမှာ နောက်ထပ် မဟာအင်ပါယာတစ်ပါး ထွက်ပေါ်လာပြီပေါ့။ ကျင့်ကြံခြင်းလောက,က နတ်ဘုရားခေတ်ပြန်ရောက်လာတာကို ကြိုဆိုရတာ ကံကောင်းပါတယ်”

အရှင်ဒွန်ဟောင်က ပြုံး၍ ပြောလိုက်၏။

ထိုက်အယ်ဓားနတ်ဘုရားသည် ထိုစကားကို မည်သို့မှ ပြန်မတုံ့ပြန်လိုက်ပေ။ ထိုတစ်လျှောက်လုံး သူ့မျက်နှာထားသည် အရေးမစိုက်သည့် မျက်နှာထားဖြစ်နေသည်။ သူသည် အရှင်ဒွန်ဟောင်ကို ကြည့်၍ ပြောလိုက်၏။

“ဒွန်ဟောင်အင်ပါယာနန်းတော်က ဒီနှစ်တွေအတွင်းမှာ နတ်ပစ္စည်းတွေအများကြီး စုဆောင်းထားခဲ့မှာပဲ။ မင်း စုဆောင်းထားတာတွေထဲမှာ နတ်အတတ်တွေနဲ့ ကျင့်ကြံခြင်းလောကရဲ့ လျှို့ဝှက်ချက်တွေ အများကြီး ပါမှာပဲ။ အဲဒါတွေက အခု ဘယ်မှာလဲ”

မဟာအင်ပါယာခြောက်ပါးသည် လောကတစ်ခွင်လုံးကို အုပ်စိုးသည်ဖြစ်၍ နတ်ပစ္စည်းများအပါအဝင် အကောင်းဆုံးသောအရာများသည် သူတို့၏ စုဆောင်းမှုများထဲတွင် သေချာပေါက် ရှိနေမည်ဖြစ်သည်။

ထိုက်အယ်ဓားနတ်ဘုရားသည် မဟာအင်ပါယာအဆင့်သို့ ယခုမှ ပြန်ရောက်လာခြင်းဖြစ်သည်။ သူသည် သူ့ကိုယ်သူ စွမ်းအားကြီးလာအောင် လုပ်ရန် လိုအပ်ပေသေးသည်။ ထိုမှသာ သူ၏စွမ်းအားသည် ဆက်၍ တိုးတက်လာမည်ဖြစ်သည်။

ဘေးမှ ကျင့်ကြံသူများသည် သူ၏မေးခွန်းကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။ သူတို့ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး မကျေနပ်သည့်အရိပ်အယောင်များ ထွက်ပေါ်လာ၏။ အရှင်ဒွန်ဟောင်သည် သူ့ကို ဖိတ်ခေါ်ခဲ့၏။ သူသည် ရောက်ခါစသာ ရှိသေးသော်လည်း နတ်ပစ္စည်းများအကြောင်းကို တည့်တိုးမေးခဲ့လေသည်။

သူသည် ဤနေရာရှိ သူတို့အားလုံးအပေါ် လေးစားမှု မရှိသည့်ပုံပင်။

“နတ်အတတ်တွေက ကျုပ်ရဲ့ အင်ပါယာနန်းတော်ထဲမှာပါ။ တကယ်လို့ စီနီယာက အဲဒါတွေကို ကျင့်ကြံချင်တယ်ဆိုရင် ကျုပ် နောက်က လိုက်ခဲ့နိုင်ပါတယ်”

အရှင်ဒွန်ဟောင်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ သူသည် ထိုက်အယ်ဓားနတ်ဘုရား၏ ရိုင်းပြသော အပြုအမူကြောင့် ဒေါသထွက်မသွားခဲ့ပေ။ သူ၏ ထူးကဲသော စိတ်နေစိတ်ထားသည် အလွန်စံထားထိုက်ပေသည်။

“အဲဒါတွေအကုန်လုံးကို ငါ့ကိုပေး... ပြီးတော့ ငါ့အတွက် သီးခြားနန်းတော်တစ်ခု ပြင်ဆင်ပေး။ ငါ့ကို လောကထဲက အကောင်းဆုံး နတ်ပစ္စည်းတွေ ရှာပေးဖို့ မင်းရဲ့ လူတွေကု အမိန့်ပေးလိုက်”

ထိုက်အယ်ဓားနတ်ဘုရားက အမိန့်ပေးလိုက်သည်။ သူ၏အသံသည် စိတ်ကြီးဝင်နေသောအသံပင်။ သူသည် အရှင်ဒွန်ဟောင်ထက် ကြီးမြတ်သကဲ့သို့ ပြောနေလေသည်။

ရှေးခတ်တုန်းက သူသည် စွမ်းအားအကြီးဆုံး ဓားနတ်ဘုရားဖြစ်ခဲ့သည်။ သူ့အမြင်တွင် လက်ရှိ မဟာအင်ပါယာများက သူနှင့် မယှဉ်နိုင်ဟု မြင်ပေသည်။

အမူအယာယဉ်ကျေးသော အရှင်ဒွန်ဟောင်သည်ပင် ထိုစကားကို ကြားသောအခါ မကျေနပ်သည့် မျက်နှာထားဖြစ်သွားသည်။ သူပြောလိုက်၏။

“နတ်ဘုရားခေတ်ပြန်ရောက်လာမယ်ဆိုတာ လောကကြီးအတွက် သတင်းကောင်းပါပဲ။ ကျုပ် စီနီယာကို ဒီကို ဖိတ်ခေါ်ခဲ့တာက အတူတူကျင့်ကြံပြီး တစ်ယောက်ဆီကတစ်ယောက် သင်ယူဖို့ပါ။ ဒါပေမဲ့ စီနီယာပြောတဲ့စကားက နည်းနည်း စည်းကျော်နေပါပြီ”

ထိုက်အယ်ဓားနတ်ဘုရားသည် အရှင်ဒွန်ဟောင်ကို ကြည့်လိုက်၏။ သူ့မျက်လုံးများထဲမှ ထိုက်အယ်ဓားများ ထွက်လာပြီး အရှင်ဒွန်ဟောင်၏ မျက်လုံးများအတွင်းသို့ ဝင်သွားတော့မလိုပင် ထင်ရသည်။ တစ်ချိန်တည်းမှာပင် နန်းတော်ကို အဆုံးမဲ့ ဓားဝိညာဉ်စွမ်းအားက ဝန်းရံသွားသည်။ ထိုက်အယ်ဓားနတ်ဘုရားသည် အတွေးတစ်ချက်ဖြင့်ပင် နန်းတော်ပေါ်သို့ နတ်ဓားများ ကျဆင်းလာစေကာ နန်းတော်ကို ပျက်စီးသွားစေနိုင်လေသည်။

“မင်းက ဂျူနီယာတစ်ယောက်ပဲ။ အဲဒါတောင် မင်းက နတ်ဘုရားဟောင်းတစ်ပါးကို မရိုမသေပြုရဲတယ်ပေါ့လေ”

ထိုက်အယ်ဓားနတ်ဘုရားသည် အေးစက်စက်အသံဖြင့် ကြိမ်းမောင်းလိုက်သည်။

အရှင်ဒွန်ဟောင်၏အကြည့်သည်လည်း ဓားတစ်ချောင်းကဲ့သို့ စူးရှသွားသည်။ သူ ထိုက်အယ်ဓားနတ်ဘုရားကို ကြည့်လိုက်၏။ ရုတ်ခြည်းပင် မမြင်နိုင်သော နတ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကျယ်ပြောသော နန်းတော်ကို လွှမ်းခြုံသွားသည်။ သူ၏ ကြီးမြတ်သော နတ်စွမ်းအား ထွက်ပေါ်လာသောအခါ လောကတစ်ခွင်လုံး ရပ်တန့်သွားသည်ဟု ထင်ရ၏။

လေထဲတွင် မျောနေသော နတ်ဓားများ အပြင်းအထန် တုန်ခါသွားကြသည်။ ထို့နောက် ၎င်းတို့သည် မြေပေါ်သို့ ထိန်းမနိုင်သိမ်းအရ ပြုတ်ကြလာလေသည်။

ထိုက်အယ်ဓားနတ်ဘုရား မျက်နှာပျက်သွားသည်။ သူ သူ၏ ကိုယ်ပိုင်နတ်စွမ်းအားကို မထိန်းချုပ်နိုင်တော့ကြောင်း သိလိုက်ရ၏။ အချိန်သည် ရပ်တန့်သွားသလိုပင်။ သူသည် အမှန်ပင် အရှင်ဒွန်ဟောင်၏ နတ်စွမ်းအား၏ ဖိနှိပ်မှုကို ခံနေရလေသည်။

သူသည် ရှေးခေတ်မှ မဟာအင်ပါယာတစ်ပါး ဖြစ်သဖြင့် အမြဲတမ်း လက်ရှိ မဟာအင်ပါယာများကို အထင်သေးခဲ့သည်။ သူ့အမြင်မှကြည့်လျှင် လက်ရှိ မဟာအင်ပါယာများသည် ကောင်းကင်လမ်းစဉ်ပြိုပျက်နေစဉ်တွင် သူတို့၏လမ်းစဉ်ကို သက်သေပြနိုင်ခဲ့သည့် ကံကောင်းသော ကျင့်ကြံသူများသာဖြစ်သည်။ သူတို့၏လမ်းစဉ်သည် ပြီးပြည့်စုံမှု မရှိပေ။ သူတို့သည် နတ်ဘုရားဟောင်းများနှင့် ယှဉ်လျှင် မပြောပလောက်သူများ ဖြစ်သွားပေမည်။

သို့သော် ယခုအခိုက်တွင် အရှင်ဒွန်ဟောင် ထုတ်လွှတ်လိုက်သော နတ်စွမ်းအားသည် သူ၏ယုံကြည်မှုကို အမြစ်မှ လှန်သွားသည်။

“ကြည့်ရတာ နတ်ဘုရားခေတ်တုန်းက မဟာလမ်းစဉ်တွေက ပြီးပြည့်စုံခဲ့ပေမယ့် စက်ဆုပ်စရာကောင်းတဲ့သူတွေလည်း အများကြီးရှိခဲ့တဲ့ပုံပဲ”

အရှင်ဒွန်ဟောင် မှတ်ချက်ပြုလိုက်သည်။ ထို့နောက် သူသည် သူ့လက်ချောင်းကို ရှေ့သို့ ညွှန်လိုက်၏။ သူ၏ ထုတ်ဖော်ခြင်းနတ်စွမ်းအား ‌ရှေ့သို့ ထွက်သွားပြီး ထိုက်အယ်ဓားနတ်ဘုရား၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားသည်။

ထိုက်အယ်ဓားနတ်ဘုရားသည် သူ၏စွမ်းအားကို အဆုံးစွန်ထိ ထုတ်လိုက်၏။ ထို့ကြောင့် သူ့ကိုယ်ထဲတွင် နတ်စွမ်းအား လှည့်လည်သွားသည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူ၏နတ်စွမ်းအားနှင့် နတ်ခန္ဓာသည် ရုတ်ခြည်းအတွင်း အမှုန့်ဖြစ်သွားပေပြီ။ သူသည် လောကအတွင်းမှ အပြီးတိုင် ရှင်းထုတ်ခံလိုက်ရပြီဖြစ်သည်။

All Chapters