အချိန်နှင့်နေရာ၏ စွမ်းအား
Vol. 199 Ch. 2837
ထိုက်အယ်ဓားနတ်ဘုရား သေဆုံးသွားမှုကြောင့် များစွာ လှုပ်လှုပ်ခတ်ခတ် ဖြစ်မသွားခဲ့ပေ။ ကောင်းကင်ဒေသမှ လူများသည် မဟာအင်ပါယာအသစ်တစ်ပါး ပေါ်ထွက်လာသည်ကို သိသည်ဆိုရုံသာ သိခဲ့ကြသည်။ ထိုမဟာအင်ပါယာကို အရှင်ဒွန်ဟောင်က ဒွန်ဟောင်အင်ပါယာနန်းတော်သို့ ဖိတ်ခေါ်သွားခဲ့သည်။
ထိုက်အယ်ဓားနတ်ဘုရားသည် လွန်စွာ စိတ်ကြီးဝင်နေပြီး မာန်ထောင်လွှားနေလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ သူသည် ကောင်းကင်ဒေသ၏ အုပ်ချုပ်သူ အစစ်အမှန်တစ်ယောက်ကဲ့သို့ ပြုမူခဲ့သည်။ ထို့ကြောင့် အရှင်ဒွန်ဟောင်ကို ဒေါသထွက်စေခဲ့ပြီး အရှင်ဒွန်ဟောင်က ထိုက်အယ်ဓားနတ်ဘုရားကို ချက်ချင်း သတ်ပစ်ခဲ့လေသည်။
ထိုက်အယ်ဓားနတ်ဘုရားသည် လောကကြီး စတင်ပြောင်းလဲလာပြီးနောက် ပထမဆုံး သေဆုံးခဲ့သော မဟာအင်ပါယာဖြစ်ပေသည်။ သူ၏သေဆုံးမှုကို ဆုံးရှုံးမှုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် သူသည် သူစိုက်ပျိုးခဲ့သည်ကိုသာ ရိတ်သိမ်းသွားရခြင်းပင်။ သူသည် သူ့ကိုယ်သူ ရှေးဟောင်းအင်ပါယာတစ်ပါးဟု စိတ်ကြီးဝင်ကာ အလွန် မာန်ထောင်လွှားစွာ ပြုမူခဲ့ပြီး လက်ရှိ မဟာအင်ပါယာများကို အထင်သေးခဲ့သည်။ သူက လက်ရှိ မဟာအင်ပါယာများ၏ စွမ်းရည်ကို လျှော့တွက်မိခဲ့သဖြင့် ထိုအင်ပါယာများထဲမှ တစ်ပါးသည် သူ့ကို သတ်ပစ်ခဲ့လေသည်။ သူသည် ခုပင် မခုခံနိုင်ခဲ့ချေ။
ထိုတိုက်ပွဲသည် ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို အရှင်ဒွန်ဟောင်၏ စွမ်းရည်ကို မြင်သွားစေ၏။ သူတို့ပင်လျှင် အရှင်ဒွန်ဟောင် တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့သည် မဟုတ်ပါလား။ ပရမ်းပတာခေတ် အဆုံးသတ်ပြီးနောက်တွင် ကောင်းကင်ဒေသသည် စည်းလုံးသွားခဲ့သည်။ လောကအသီးသီးသည်လည်း ငြိမ်းချမ်း၍ ဥပဒေစိုးမိုးသည့် အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ ထိုအချိန်မှစ၍ အရှင်ဒွန်ဟောင်သည် တစ်ခါမှ တိုက်ခိုက်ရန် မလိုအပ်ခဲ့ပေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ယခုမှ သူ ပထမဆုံးအကြိမ် ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။ သူသည် သူ၏ လက်ချောင်းတစ်ချောင်းဖြင့်ပင် ရှေးဟောင်းအင်ပါယာတစ်ပါးကို သတ်ပစ်ခဲ့သည်။ လွန်ခဲ့သော နှစ်(၅၀၀)ကနှင့် နှိုင်းဆာလျှင် အရှင်ဒွန်ဟောင်၏ စွမ်းရည်သည် ယခု များစွာပို၍ စွမ်းအားကြီးနေကြောင်း ထင်ရှား၏။
မည်သို့ပင်ဖြစ်စေ အင်ပါယာအဆင့်အင်အားစုများသည် ထိုသတင်းကို ရရှိခဲ့သည်။ သူတို့တွင် အင်အားစုအသီးသီး၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည့် သူလျှိုများ ရှိပေသည်။ ဒွန်ဟောင်အင်ပါယာနန်းတော်တွင် ဖြစ်သွားသော ထိုကဲ့သို့ ကိစ္စကြီးတစ်ခုအကြောင်းကို သူတို့ မကြားမိနိုင်ရန် မဖြစ်နိုင်ချေ။
လက်ရှိတွင် ရီဖူရှင်းသည် ရီအင်ပါယာနန်းတော်ထဲတွင် ကျင့်ကြံနေဆဲပင်။
ကောင်းကင်လမ်းစဉ်အသေးစား၏ လောကအတွင်းရှိ နေရာသည် ကျယ်ပြောပေသည်။ ရီဖူရှင်းသည် သူ့နတ်စွမ်းအားမှ ဖြစ်ပေါ်လာသော လှံတစ်ချောင်းကို ကိုင်ထား၏။ ထို့နောက်တွင် သူသည် လှံချက်တစ်ချက်ပြီးတစ်ချက် ထိုးလိုက်သည်။ သူ၏ ကိုယ်ပွား သန်း(၁၀၀)သည် ထိုအတတ်ကိုပဲ တစ်နေရာတည်းတွင် တစ်ပြိုင်တည်း လေ့ကျင့်နေကြသည်။ သူတို့အားလုံးသည် ထိုလှံအတတ်ကို တစ်ချိန်တည်း လေ့လာနေကြသည်။
ထိုမြင်ကွင်းကို အခြားသူများ မြင်သွားလျှင် သေချာပေါက် အံ့အားသင့်တုန်လှုပ်သွားမည်ဖြစ်သည်။
ရီဖူရှင်းက ကောင်းကင်ဇီဝန်ခြွေနတ်ဓားကို ကျင့်ကြံခဲ့စဉ်ကကဲ့သို့ပင် မရေမတွက်နိုင်သော လှံပေါင်းများစွာကို တစ်ပြိုင်တည်း ထိုးစိုက်၍ လေ့လာနေလေသည်။ သူ၏ လှံချက်အရေအတွက်သည် တစ်နေ့တည်းမှာပင် မရေမတွက်နိုင်သည့် အရေအတွက်သို့ ရောက်သွားခဲ့ပေသည်။
အချိန်များ ကုန်ဆုံးသွား၏။ သူတို့သည် ကျင့်ကြံနေစဉ်တွင် အချိန်ကုန်သွားသည်ကို သတိမထားမိကြပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်လမ်းစဉ်အသေးစား၏ လောကအတွင်း၌ နှစ်အနည်းငယ် ကုန်လွန်သွားသည်။ ရီဖူရှင်းသည် သူ၏လှံအတတ်တွင် ပို၍ ကျွမ်းကျင်လာသည်။ တဖြည်းဖြည်းဖြင့် လှံအရေအတွက်လည်း နည်းလာသည်။
နောက်ဆုံး တစ်နေ့တွင် သူ တိုက်ခိုက်လိုက်စဉ်တွင် လှံတစ်ချောင်းသာ ထွက်ပေါ်လာလေတော့သည်။
သူ လှံကို ရှေ့သို့ ထိုးစိုက်လိုက်သောအခါ သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင်ခန္ဓာတစ်ခုအဖြစ် ပြောင်းလဲသွား၏။ သူသည် ဤနေရာတွင် ဘယ်တုန်းကမှ အမှန်ကတယ် မရှိခဲ့သကဲ့သို့ပင်။ သို့သော် သူ၏လှံသည် ကြယ်တာရာတစ်ခုကို ထိုးစိုက်သွား၏။
ဒုန်း...
ထိခတ်သံ ခပ်အုပ်အုပ် ထွက်ပေါ်လာ၏။ အချိန်နှင့်နေရာသည် စတင်တွန့်ခေါက်လာပြီး ကြောက်မက်ဖွယ် မုန်တိုင်းသည် ကြယ်တာရာကို အမှုန့်ဖြစ်သွားစေ၏။ ၎င်း၏ အမှုန်အစများသည် တွန့်ခေါက်နေသော အချိန်နှင့်နေရာတွင် ပိတ်မိနေသည်။
ရီဖူရှင်းသည် ကြယ်တာရာ ဖျက်ဆီးခံလိုက်ရပြီး ပျက်စီးသွားသည်ကို မြင်လိုက်သောအခါ ပြန်ဆုတ်သွားသည်။ သူသည် ၎င်းကြယ်တာရာ ရုတ်ခြည်း ပျက်စီးသွားသည်ကို တွေ့သောအခါ သူရင်ခုန်မြန်နေသည်ကို ခံစားလိုက်ရ၏။ သူသည် သူ၏ကိုယ်ပိုင်စွမ်းအားကြောင့် အံ့အားသင့်နေခြင်းပေ။
သူသည် အချိန်နှင့်နေရာ စည်းမျဉ်းကို စတင်ကျင့်ကြံနေပြီဖြစ်၍ ပို၍ စွမ်းအားကြီးသော တိုက်ခိုက်မှုများကို ဖန်တီးရန် ရည်ရွယ်ထားပေသည်။ သူသည် သူ၏နတ်အတတ်များတွင် သူသိမြင်နားလည်ထားသော စည်းမျဉ်းများကို ပေါင်းထည့်လိုနေသည်။ ကြည့်ရသည်မှာ သူသည် ထိုသို့ အောင်မြင်စွာ လုပ်နိုင်ခဲ့သည့်ပုံပင်။ သူ၏ တိုက်ခိုက်အတတ်အသစ်သည် စမ်းသပ်ဆဲကာလတွင်သာ ရှိသေးသော်လည်း ၎င်းထုတ်လွှတ်လိုက်သော အရှိန်အဝါသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ အကယ်၍ သူသာ ထိုအတတ်ကို ဆက်၍ ပြီးပြည့်စုံအောင် လုပ်ခဲ့ပါက ၎င်းအတတ်သည် ပို၍ပင် စွမ်းအားကြီးလာမည်ဖြစ်သည်။
‘တကယ်လို့ ငါသာ ကောင်းကင်ဇီဝိန်ခြွေနတ်စွမ်းအားနဲ့ လှံတစ်ချောင်းကို ထုဆစ်နိုင်ပြီး အဲဒီလှံထဲမှာ ခုနက တိုက်ခိုက်မှုလို အချိန်နဲ့နေရာရဲ့ စည်းမျဉ်းကို ပေါင်းထည့်နိုင်ရင် အဲဒီလှံက ဘယ်လို အရှိန်အဝါမျိုးကို ထုတ်နိုင်လိမ့်မလဲ ’
ရီဖူရှင်း သူ့ဘာသာ တွေးတောလိုက်သည်။ သူ အချိန်နှင့်နေရာ စည်းမျဉ်းကို သိမြင်နားလည်ပြီးနောက်တွင် သူ၏စွမ်းရည်သည် အဆင့်တက်လာခဲ့သည်။ ထို့ကြောင့် ကောင်းကင်လမ်းစဉ်အသေးစား၏ လောကသည် ပို၍ ကောင်းမွန်လာခဲ့သည်။ သူသည် အရှင်ဟောင်ထျန်းကို တိုက်ခိုက်ခဲ့စဉ်ကထက် ပိုတိုးတက်လာလေသည်။
သူသည် ပြီးပြည့်စုံရန် လိုအပ်သေးသော်လည်း အဆက်မပြတ် တိုးတက်နေသည်။ သူ၏ ကျင့်ကြံခြင်းခရီးတွင် အမြင့်ဆုံးနေရာဟူ၍ မရှိသကဲ့သို့ပင်။ သူသည် အမြဲ ပို၍သန်မာလာနိုင်လေသည်။
သို့သော် သူဖန်တီးထားသော မဟာလမ်းစဉ်စည်းမျဉ်းသည် သူ၏ကိုယ်ပိုင်လောကမှ ဖြစ်တည်လာခြင်းပင်။ သူ၏ ကောင်းကင်လမ်းစဉ်အသေးစား ပြီးပြည့်စုံသွားပြီး ကောင်းကင်လမ်းစဉ်အစစ်အမှန် ဖြစ်လာလျှင် သူ၏စည်းမျဉ်းကို အပြင်လောကတွင် သုံးနိုင်မည်လောဟု သူမရေမရာဖြစ်နေသည်။ သူသည် ယခင်က အချိန် သို့မဟုတ် နေရာကို တစ်ခါမှ တိုက်ရိုက် မပြောင်းလဲခဲ့ဖူးပေ။
အကယ်၍ သူသာ အချိန် သို့မဟုတ် နေရာကို တိုက်ရိုက် ပြောင်းလဲနိုင်သည့် အဆင့်သို့ ရောက်သွားလျှင် သူ မည်မျှ စွမ်းအားကြီးလာလိမ့်မည်ကို သူပင် တွေးမကြည့်နိုင်ချေ။
သို့သော် ယခုတွင်ပင် ရီဖူရှင်းသည် သူ အရှင်ဟောင်ထျန်းကို အနိုင်ယူနိုင်လိမ့်မည်ဟု ခံစားနေရသည်။
ရီဖူရှင်း၏ အသိစိတ်သည် ထိုနေရာကို လွှမ်းခြုံသွား၏။ သူသည် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း၌ များစွာ တိုးတက်ခဲ့သည်။ သူသည် အချိန်စည်းမျဉ်းကို ပို၍ ကောင်းစွာ နားလည်လာပြီဖြစ်သည်။ သူသည် ဤလောကအတွင်းရှိ အချိန်ကို အတော်လေး ထိန်းချုပ်ပြောင်းလဲလာနိုင်ပေပြီ။ ထို့ကြောင့် သူသည် ဤလောကအတွင်း၌ နှစ်အနည်းငယ် ကျင့်ကြံခဲ့သော်လည်း လောကအစစ်ထဲတွင်မူ အချိန်များစွာ မကုန်သေးပေ။
အကယ်၍ သူသာ ထိုကဲ့သို့ ဆက်၍ ကျင့်ကြံပါက အပြင်လောကနှင့် ဤလောက၏ အချိန်ကွာခြားမှုသည် ပို၍သာ ကြီးမားလာမည်ဖြစ်သည်။ သူသည် ဤလောကထဲတွင် အချိန်ပိုရသဖြင့် အဆက်မပြတ် တိုးတက်နေသည်။ သူသည် တိုးတက်လာသည့်အလျောက် အချိန်ကွာခြားမှုကိုလည်း ပိုကြီးလာအောင် လုပ်နိုင်လာသည်။ ထိုအဖြစ်သည် အဆုံးမဲ့ လည်ပတ်နေလေသည်။
“အစ်ကိုသုံးက လမ်းစဉ်ကို လေ့လာနေတယ်”
ရီဖူရှင်းသည် ဂူတုံးလျှိုဘက်သို့ ပြုံး၍ ကြည့်ကာ ရေရွတ်လိုက်သည်။ ဂူတုံးလျှိုသည် သူ၏ကိုယ်ပိုင် စည်းမျဉ်းနတ်စွမ်းအားကို လေ့လာနေသည်။ သူသည် သူ၏လမ်းစဉ်နှင့် ကျင့်ကြံခြင်းကို ဖျက်ဆီးလိုက်ပြီးနောက်တွင် လမ်းစဉ်ကို ပြန်တည်ဆောက်ကာ ၎င်း၏စည်းမျဉ်းကို လေ့လာသုံးသပ်နေသည်။ သူ၏ကျင့်ကြံခြင်းအဆင့်တွင် ကြီးမားသော အပြောင်းအလဲ မရှိသော်လည်း ထိုလမ်းစဉ်တစ်လျှောက်တွင် ရလဒ်ကောင်းများ ရလာနိုင်သည့် အလားအလာပို ရှိပေသည်။
သခင်ချန်၊ မျက်မမြင်ထျယ်နှင့် အခြားသူများစွာသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်သွားပြီဖြစ်သည်။ သူတို့အားလုံးသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်ရန် ကြိုးစားနေကြသည်။
အနာဂတ်တွင် ဤ ကောင်းကင်လမ်းစဉ်အသေးစား၏ လောကထဲတွင် သူ၏ ကူညီမှုနှင့် အချိန်ပိုရမှုတို့ကြောင့် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများအားလုံးသည် လျင်မြန်သော နှုန်းနှင့် ကျင့်ကြံနိုင်လာမည်ဖြစ်ပြီး အပြင်လောကမှ ထိပ်သီးကျင့်ကြံသူများကို မီလာမည်ဖြစ်သည်။ သူတို့ အင်ပါယာအဆင့်ထိ တက်လှမ်းနိုင်၊ မတက်လှမ်းနိုင်ကတော့ သူတို့၏ သိမြင်နားလည်မှုနှင့် ကံကောင်းမှုအပေါ်တွင် မူတည်ပေသည်။ ရီဖူရှင်းသည် သူတို့ကို ကူညီပေးနိုင်သော်လည်း မဟာအင်ပါယာများကိုတော့ တိုက်ရိုက် မဖန်တီးနိုင်ပေ။
ထိုစဉ်တွင် ရီဖူရှင်း၏ အာရုံ ပြောင်းသွား၏။ ထို့နောက် သူ့ပုံရိပ် ပျောက်ကွယ်သွားသည်။
ရီအင်ပါယာနန်းတော်၏ ကျင့်ကြံခြင်းနန်းတော်ထဲတွင် ရီဖူရှင်း သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် သူ၏မူလနေရာမှနေ၍ ဖျပ်ခနဲ ပျောက်သွား၏။
သူ ပြန် ထွက်ပေါ်လာသောအခါ ကျင့်ကြံသူများစွာ ရောက်လာသည်ကို သူ မြင်လိုက်ရလေသည်။
“နန်းတော်သခင်ရီ...”
တစ်စုံတစ်ယောက်က ရီဖူရှင်းကို ခေါ်လိုက်သည်။ သူတို့သည် နတ်ဆိုးလောကမှ ကျင့်ကြံသူများဖြစ်သည်။ ယူချင်းလည်း ပါလာသည်။ ထို့အပြင် ယန်ကွေ့ရီနှင့် အခြားသူများလည်း ပါသည်။ သူတို့အားလုံးသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်ပြီးသူများ ဖြစ်ကြသည်။ သူတို့ကြားတွင် နတ်ဆိုးလောကမှ မဟာအင်ပါယာနှစ်ပါးပင် ပါလာပေသည်။
သူတို့၏ခန္ဓာကိုယ်များမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ သူတို့သည် ထိုနေရာတွင် ပုံမှန်အတိုင်း ရပ်နေရုံဖြင့်ပင် ကြောက်မက်ဖွယ် ဖိအားကို ပေးနေလေသည်။ ရီဖူရှင်းသည် ထိုနေရာတွင် ရပ်နေပြီး ထိုအရာအားလုံးကို အလွယ်တကူ အာရုံခံနိုင်နေသည်။ သို့သော် သူသည် ကောင်းကင်လမ်းစဉ်အသေးစားကိုပင် ဖန်တီးနိုင်သည့်သူ ဖြစ်နေပေပြီ။ အင်ပါယာများသည် သူ့ကို မခြိမ်းခြောက်နိုင်တော့ပေ။
နတ်ဆိုးအင်ပါယာအဆင့် ပုဂ္ဂိုလ်နှစ်ယောက်၏ မျက်လုံးများထဲတွင် စိတ်ဝင်စားသည့် အရိပ်အယောင်တစ်ခု ရှိနေ၏။ ဤမတိုင်ခင်က သူတို့သည် ရီဖူရှင်းက မဟာအင်ပါယာအဆင့်သို့ ရောက်သွားပြီဆိုသော ကောလာဟလများကို ကြားခဲ့ရသည်။ ရီဖူရှင်းသည် အရှင်ဟောင်ထျန်းကိုပင် အရှုံးနှင့် ထွက်ပြေးသွားစေခဲ့သည်။
ထို ငွေဖြူရောင်ဆံပင်နှင့် လူငယ်သည် ထိုကဲ့သို့ မည်သို့ လုပ်ခဲ့ခြင်းနည်း။
သူတို့သည် ရီဖူရှင်း မဟာအင်ပါယာတစ်ပါးကို မည်သို့ တိုက်ခိုက်ခဲ့သည်ကို တွေ့ရရန် သူ့ကို စမ်းပင် စမ်းသပ်လိုနေကြသည်။
ကြည့်ရသည်မှာ လောကတိုင်းတွင် စွမ်းအားကြီးသည့် ရှေးဟောင်းအင်ပါယာများ ရှိသည့်ပုံပင်။ သူတို့အားလုံးသည် တဖြည်းဖြည်း ပြန်ရှင်သန်လာကြပြီဖြစ်သည်။ ရီဖူရှင်းသည် ထိုသို့ သူ့ဘာသာ တွေးတောလိုက်သည်။ သူသည်လည်း အလွန် စိတ်ဝင်စားနေသည်။ ကောင်းကင်လမ်းစဉ် ပြိုပျက်ခဲ့စဉ်တွင် နတ်ဘုရားများစွာ သေဆုံးခဲ့ရသည်။ အဘယ်ကြောင့် ထိုနတ်ဘုရားများ သေဆုံးခဲ့ရခြင်းနည်း။
သူတို့သည် မဟာကပ်ဘေးတစ်ခုနှင့် တွေ့ကြုံခဲ့ရပုံပေါ်သည်။ သို့သော် သူတို့အားလုံး သေဆုံးသွားခဲ့ခြင်း မဟုတ်ပေ။ မဟာအင်ပါယာများစွာသည် တစ်ဖန် ပြန်ရှင်သန်လာနိုင်ရန် အခွင့်အရေးကို စောင့်နေခဲ့ကြသည်။
လောကကြီးတွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်လာသောအခါ သူတို့ ပြန်ရှင်သန်လာကြသည်။
ကောင်းကင်ဒေသ၊ လူသားဘုံနှင့် နတ်ဆိုးလောကတို့တွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်များ ရှိပေသည်။
အခြားတစ်နေရာတွင်လည်း မှော်နက်လောကမှ ကျင့်ကြံသူများ ရှိနေသည်။ သူတို့ကြားတွင်လည်း မဟာအင်ပါယာအဆင့်ပုဂ္ဂိုလ်များ ပါလာပေသည်။ ထို့အပြင် အရှင်ရှာမင်လည်း ပါလာသည်။ မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်နေပြီဖြစ်သော် အရှင်ရှာမင်ထံတွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရှိနေ၏။ သူသည် အင်ပါယာလမ်းစဉ်ပေါ်တွင် ရှိနေပြီဖြစ်ပြီး အနာဂတ်တွင် မဟာအင်ပါယာတစ်ပါး ဖြစ်လာမည်ဖြစ်သည်။
“ယူချင်း...”
ရီဖူရှင်း အော်ခေါ်လိုက်သည်။ သူ မေးလိုက်၏။
“မင်း ဘာလို့ ရီအင်ပါယာနန်းတော်ကို လာခဲ့တာလဲ”
နတ်ဆိုးလောကမှ ကျင့်ကြံသူများနှင့် မှော်နက်လောကမှ ကျင့်ကြံသူများ အတူတကွ ရောက်လာခဲ့သည်။ ဤကိစ္စသည် ယူချင်း၏ ကိုယ်ရေးကိုယ်တာကိစ္စ မဟုတ်နိုင်ပေ။ အင်ပါယာအဆင့် အင်အားစုနှစ်စု၏ ကိစ္စပင် ဖြစ်မည်။ ယူချင်းသည် ရီဖူရှင်းကို တစ်ယောက်တည်း လာရှာခဲ့ဖြင်းမဟုတ်ပေ။
သို့ဆိုလျှင် သူတို့ အဘယ်ကြောင့် ဤနေရာသို့ ရောက်လာကြသနည်း။