လှံ
Vol. 199 Ch. 2840
“အဲဒါက အာကာသနတ်စွမ်းအားကို သုံးထားတာလား”
တစ်စုံတစ်ယောက်က အသံထွက်ကာ တွေးလိုက်သည်။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံးသည်လည်း ရီဖူရှင်းနှင့် မဟာအင်ပါယာနှစ်ပါး၏ တိုက်ပွဲကို ငေးကြည့်နေကြသည်။
သူ့ကို နတ်စွမ်းအားက လှည့်ပတ်နေ၏။ သူ၏ ခုခံစွမ်းအားသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသည် လောကနတ်စွမ်းအားဟု ထင်ရသည်။ တွန့်ခေါက်နေသော မုန်တိုင်းသည် ယခုတွင် နတ်အလင်းများ ထုတ်လွှတ်နေသည်။ သူသည် စွမ်းအားကြီးသော အာကာသနတ်စွမ်းအားကို အသုံးပြုခဲ့ခြင်းဖြစ်မည်။
ထိုစဉ် မဟာအင်ပါယာနှစ်ပါးဖြစ်သော အရှင်ဟောင်ထျန်းနှင့် အရှင်ယွမ်ရှစ်တို့သည် ပူးပေါင်းတိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ လောကနတ်စွမ်းအားမှ ဖြစ်ပေါ်လာသော အကာအရံသည် ကွဲအက်ပျက်စီးသွားသည်။ မရေမတွက်နိုင်အောင် များပြားသော ကောင်းကင်ပြစ်ဒဏ်ပေး နတ်အလင်းတန်းများသည် ရီဖူရှင်းထံသို့ ပျံဝင်သွားကြ၏။ သို့သော် ၎င်းတို့သည် မုန်တိုင်း၏ ဝါးမျိုမှုကို ခံလိုက်ရလေသည်။
ရီဖူရှင်း၏ ပတ်ပတ်လည်တွင် အချိန်နှင့်နေရာ၏ ပရမ်းပတာလှိုင်းတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။ ထိုပရမ်းပတာလှိုင်းသည် အာကာသတွင်းနက်တစ်ခုကဲ့သို့ဖြစ်ပြီး လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။
အရှင်ယွမ်ရှစ်သည် ကောင်းကင်သို့ လက်ချောင်းညွှန်လိုက်၏။ နတ်ဝင်္ကပါမှနေ၍ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ အဆုံးမဲ့သော တိုက်ခိုက်မှုများသည် ရီဖူရှင်းထံ ဦးတည်သွားကြပြီး သူရပ်နေသော နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အရှင်ဟောင်ထျန်းသည်လည်း ရပ်ကြည့်မနေဘဲ တိုက်ခိုက်လိုက်သည်။ မရေမတွက်နိုင်အောင် များပြားသော ဟောင်ထျန်းနတ်ချိပ်စည်းများ ဖိနှိပ်ကျဆင်းလာပြီး ရီဖူရှင်းပတ်ပတ်လည်ရှိ နတ်စွမ်းအားကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်သည်။
ရီဖူရှင်းသည် တိုက်ခိုက်မှုအောက်တွင် ရှိနေလေသည်။ အဝေးပတ်ဝန်းကျင်မှ ကြည့်နေသော ကျင့်ကြံသူများသည် သူ့ကို မမြင်နိုင်တော့ပေ။ သူတို့သည် အဆုံးမဲ့ တိုက်ခိုက်မှုများနှင့် ရီဖူရှင်း၏ခန္ဓာကိုယ်ကို လှည့်ပတ်နေသော တွန့်ခေါက်နေသည့် မုန်တိုင်းကိုသာ မြင်ကြရသည်။
ဟောင်ထျန်းမြို့မှ ကျင့်ကြံသူများ ရင်ခုန်မြန်လာကြသည်။ သူတို့သည် ယနေ့တွင် နတ်ဘုရားအဆင့် တိုက်ပွဲတစ်ပွဲကို မြင်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ ဤတိုက်ပွဲသည် မဟာအင်ပါယာများအကြားမှ တိုက်ပွဲပင်။ မဟာအင်ပါယာနှစ်ပါးသည် ရီဖူရှင်းကို သတ်နိုင်ရန် ပူးပေါင်းတိုက်ခိုက်နေသည်။ ရီဖူရှင်းသည် မဟာအင်ပါယာတစ်ပါး ဖြစ်မလာသေးသော်လည်း သူ၏စွမ်းရည်များသည် မဟာအင်ပါယာများနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ ထို့ကြောင့် သူ့ကိုလည်း မဟာအင်ပါယာဟု သတ်မှတ်နိုင်သည်။
ကြောက်မက်ဖွယ် အဖျက်အရှိန်အဝါနှင့် အဆုံးမဲ့ တိုက်ခိုက်မှုများသည် တွန့်ခေါက်နေသော အာကာပြင်နှင့် တွေ့လိုက်သောအခါ မည်သို့မှ ရှုန်းမထွက်နိုင်ဘဲ ထိုအာကာပြင်၏ ဝါးမျိုမှုကို ခံလိုက်ရလေသည်။ အာကာမုန်တိုင်းသည် ပို၍ ကြီးမားလာပြီး ကောင်းကင်၏ ထိုအပိုင်းကို လွှမ်းခြုံသွား၏။ မဟာအင်ပါယာနှစ်ပါးထံမှ တိုက်ခိုက်မှုများသည် ၎င်းကို မဖောက်ထွင်းနိုင်ခဲ့ကြပေ။
‘ အဲဒါက ဘယ်လို အကာအရံမျိုးလဲ ’
ယန်ကွေ့ရီသည် တိုက်ပွဲကိုကြည့်ရင်း တွေးလိုက်သည်။ သူသည် အံ့အားသင့်နေသည်။ သူသည် နတ်ဆိုးလောက၏ ထိပ်တန်း နတ်ဆိုးသူတောင်စင်ဖြစ်သဖြင့် မာနကြီးလေသည်။ မည်သို့ပင်ဖြစ်စေ သူသည် ရီဖူရှင်းတစ်ယောက် နတ်ဆိုးအင်ပါယာနန်းတော်သို့ ရောက်လာခဲ့ကတည်းက ရီဖူရှင်း၏ တိုးတက်မှုကို စောင့်ကြည့်နေခဲ့သည်။ ရီဖူရှင်း၏ တိုးတက်မှုသည် ယန်ကွေ့ရီထင်ထားသည်ထက် သာလွန်နေပြီး အံ့အားသင့်ဖွယ်အဆင့်တစ်ခုသို့ ရောက်နေပေပြီ။
ရီဖူရှင်း၏ အကာအရံတစ်ခုတည်းဖြင့်ပင် မဟာအင်ပါယာနှစ်ပါးကို အခက်အခဲဖြစ်နေစေလေသည်။
“သူရဲ့ တိုက်ခိုက်မှုက သူရဲ့ ခုခံမှုလိုပဲ စွမ်းအားကြီးမှာပဲ”
ယူချင်း မှတ်ချက်ပြုလိုက်၏။ သူသည် ရီဖူရှင်းအပေါ် အလွန်ယုံကြည်မှု ရှိနေပုံပင်။ ရီဖူရှင်းသည် လိုအပ်ချက်မရှိစေရန် အမြဲပင် သူ၏ ခံစစ်နှင့် တိုက်စစ်နှစ်ခုစလုံးကို အာရုံစိုက်ခဲ့သူဖြစ်သည်။ ယခုတွင် သူသည် မဟာအင်ပါယာနှစ်ပါး၏ တိုက်ခိုက်မှုများကို ခုခံရာတွင် အာရုံစိုက်နေ၏။ သူ ပြန်တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု တွေ့သည်နှင့် အရှင်ဟောင်ထျန်းနှင့် အရှင်ယွမ်ရှစ်တို့သည် သူ၏တိုက်ခိုက်မှုကို ခုခံနိုင်မည်၊ မနိုင်မည်ကို ပြောရန် ခက်လေသည်။
ဟောင်ထျန်းမြို့တည်ရှိရာ နန်ထျန်းကုန်းမြေနှင့် အလွန်ဝေးသော ကောင်းကင်ဒေသ၏ အမြင့်မြတ်ဆုံးနေရာဖြစ်သည့် ဒွန်ဟောင်အင်ပါယာနန်းတော်တွင် အရှင်ဒွန်ဟောင်နှင့် နတ်ဆိုးအင်ပါယာတို့ ရှိနေကြသည်။
သူတို့သည် ဝေချီဘုတ်ပြားရှေ့တွင် ထိုင်နေတုန်းပင်။ သို့သော် အရှင်ဒွန်ဟောင်သည် လမ်းကြောင်းတစ်ခုကို ဖွင့်ခဲ့၏။ ထိုလမ်းကြောင်းထဲတွင် ပုံရိပ်တစ်ခု ရှိနေသည်။ ထိုပုံရိပ်သည် ယခု ဟောင်ထျန်းကလန်တွင် ဖြစ်ပွားနေသော တိုက်ပွဲပုံရိပ်ပင်။
ကြည့်ရသည်မှာ အရှင်ဒွန်ဟောင်သာ အမှန်တကယ် သိရှိလိုလျှင် ကောင်းကင်ဒေသတွင် သူမသိနိုင်သည့် တိုက်ပွဲ မရှိပုံပင်။
“ဒွန်ဟောင်... ခင်ဗျား ဘယ်လိုထင်လဲ”
နတ်ဆိုးအင်ပါယာသည် သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် အရှင်ဒွန်ဟောင်ကို ကြည့်၍ မေးလိုက်သည်။
အရှင်ဒွန်ဟောင် ပြန်ပြောလိုက်၏။
“သူက ကျင့်ကြံခြင်းအဆင့်မြင့်လာအောင် သူ့လမ်းစဉ်ကို ဖျက်ဆီးလိုက်တာပဲ။ သူက မဟာအင်ပါယာဖြစ်လာနိုင်မယ့်အဆင့်မှာပဲ ရှိသေးတာတောင် ရှေးဟောင်းအင်ပါယာနှစ်ပါးနဲ့ ပခုံးချင်းယှဉ်ပြီး တိုက်ခိုက်နိုင်နေပြီ။ သူက ထူးခြားတဲ့ နတ်စွမ်းအားတွေ တော်တော်များများကိုလည်း ဖန်တီးခဲ့သေးတယ်။ သူက တကယ့်ကို တော်တာပဲ”
“သူက ခင်ဗျားကို အနိုင်ယူနိုင်လား”
နတ်ဆိုးအင်ပါယာက ဆက်မေးလိုက်၏။
သူသည် ထိုသို့မေးနေစဉ်တွင် အရှင်ဒွန်ဟောင်၏ ဘေးတိုက်မျက်နှာကို စိုက်ကြည့်နေသည်။ အရှင်ဒွန်ဟောင် သူ့ကို မည်သို့ ပြန်တုံ့ပြန်မည်ကို သူသိလိုနေသည်။
အရှင်ဒွန်ဟောင်သည် တိုက်ပွဲကို ကြည့်ရှုလေ့လာရင်း အသိအမှတ်ပြုလိုက်၏။
“သူ ကျုပ်ကို အနိုင်ယူနိုင်စွမ်းရှိတယ်”
နတ်ဆိုးအင်ပါယာ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထို့နောက် သူ ရယ်မောကာ ပြောလိုက်လေသည်။
“ဒွန်ဟောင်... ခင်ဗျားက လောကထဲက ထိပ်တန်း ဘက်စုံထူးချွန်သူလို့ သတ်မှတ်ခံထားရတာပဲ။ ခင်ဗျားက ပြိုင်ဘက်ကင်းပဲ...ပြီးတော့ တစ်သန်းမှာတစ်ယောက်ပဲရှိနိုင်တဲ့ ပါရမီရှင်တစ်ယောက်... ခင်ဗျားက ခင်ဗျားထက်တော်တဲ့သူတစ်ယောက်ရှိတယ်လို့ အသိအမှတ်ပြုနိုင်တယ်ပေါ့လေ။ ပြီးတော့လည်း အဲဒီတစ်ယောက်က ဂျူနီယာတစ်ယောက်ပဲ”
အရှင်ဒွန်ဟောင် ပြန်ပြောလိုက်၏။
“မိုးနဲ့မြေမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်နေတယ်... ပြီးတော့ နတ်ဘုရားခေတ်က မကြာခင်မှာပဲ ရောက်လာတော့မယ်။ အဲဒီတော့ အရမ်းစွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ ထွက်ပေါ်လာတာ အံ့ဩစရာမရှိပါဘူး။ ကျုပ်က ကျုပ်ရဲ့လမ်းစဉ်ကို သက်သေပြခဲ့ပြီးပြီ... အခု ကျုပ် ကောင်းကင်ဒေသကို အုပ်စိုးနေတယ်။ ဒါပေမဲ့ ကျုပ် အဲဒီလို အောင်မြင်ခဲ့တာက ကျုပ်တို့က လက်ရှိခေတ်မှာ နေနေရလို့ပဲ။ ရှေးခေတ်တုန်းကဆို ကောင်းကင်လမ်းစဉ်အောက်မှာ မရေမတွက်နိုင်တဲ့ ထူးကဲတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ကျုပ်က သူတို့နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး”
နတ်ဆိုးအင်ပါယာသည် အရှင်ဒွန်ဟောင်ကို ကြည့်နေရင်း ပြုံးလိုက်ကာ ချီးကျူးလိုက်သည်။
“ခင်ဗျားက လက်ရှိလောကမှ စွမ်းအားအကြီးဆုံး မဟုတ်နိုင်ပေမယ့် ခင်ဗျားက ကျုပ်လေးစားတဲ့ တစ်ဦးတည်းသောသူပဲ”
သူဆက်ပြောသည်။
“ဒါပေမဲ့ သူက အင်ပါယာရီချင်ရဲ့ ဆက်ခံသူဆိုတော့ ခင်ဗျားကို လက်စားလာချေမှာပဲ။ သူက ခင်ဗျားကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ခင်ဗျားယုံကြည်မှတော့ ဘာလို့ သူ့ကို ဆက်လွှတ်ပေးထားဦးမှာလဲ။ ခင်ဗျားဘာလို့ ဒီအဆိပ်ပင်ကို ငယ်တုန်းမှာ မရှင်းပစ်တာလဲ”
အရှင်ဒွန်ဟောင် မည်သို့ ပြန်တုံ့ပြန်မည်ကို သူစိတ်ဝင်စားနေသည်။
“အဲဒီလိုသာဆိုရင် အခုခေတ်နဲ့ အရင်ခေတ်က ဘာကွာဦးမှာလဲ”
အရှင်ဒွန်ဟောင်က ပြုံး၍ မေးလိုက်သည်။ သူသည် နတ်ဆိုးအင်ပါယာကိုကြည့်၍ ပြောလိုက်၏။
“တစ်နေ့မှာ သူသာ တကယ်ပဲ ကျုပ်ကို လာလက်စားချေရင် ကျုပ် သူ့ဆီမှာ အရှုံးပေးလိုက်ရဖို့ ဝန်မလေးပါဘူး”
နတ်ဆိုးအင်ပါယာသည် အရှင်ဒွန်ဟောင်၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ အရှင်ဒွန်ဟောင်ကို သူ၏မျက်လုံးနက်များဖြင့် စိုက်ကြည့်သည်။ အရှင်ဒွန်ဟောင်ပြောသော စကားသည် အမှန်ပင် ဖြစ်သည်ဟု သူတွေးနေပုံပင်။
“ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ ခင်ဗျားမြင်လဲ”
နတ်ဆိုးအင်ပါယာက ဆက်မေးလိုက်၏။
အရှင်ဒွန်ဟောင်သည် တိုက်ပွဲပုံရိပ်ကိုကြည့်ကာ ပြောလိုက်၏။
“ရီဖူရှင်း...”
“ကျုပ်လည်း အဲဒီလိုပဲ ထင်တယ်”
နတ်ဆိုးအင်ပါယာသည် ပြုံး၍ ပြောလိုက်ပြီး တိုက်ပွဲပုံရိပ်ကို လှည့်ကြည့်သည်။
ယခုတွင် တိုက်ပွဲပြင်၌ မဟာအင်ပါယာနှစ်ပါး၏ တိုက်ခိုက်မှုများသည် ရီဖူရှင်း၏ အကာအရံများကို မဖောက်ထွင်းနိုင်သေးပေ။ အရှင်ဟောင်ထျန်း၏အကြည့်များသည် ရေခဲတမျှ အေးစက်နေသည်။ အထက်ကောင်းကင်ထဲတွင် ဟောင်ထျန်းမဟာလက်ဝါးတစ်ခုသည် ရီဖူရှင်းကို လှမ်းဆုပ်ကိုင်လိုက်၏။ သူသည် အာကာပြင်ကို သူ၏ဧရာမလက်ဝါးဖြင့် ဖိချေပစ်ရန် ကြိုးစားလိုက်ခြင်းပင်။
အရှင်ယွမ်ရှစ်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သူ၏ တိုက်ခိုက်မှုကို ရပ်လိုက်သည်။ သူသည် ကောင်းကင်ကို ကာရံသွားသော မဟာလက်ဝါးကြီးကို အာရုံစိုက်၍ ကြည့်နေလေသည်။
မရေမတွက်နိုင်သော အကြည့်များအောက်တွင် မဟာလက်ဝါး ကျဆင်းလာပြီး ရီဖူရှင်း ရပ်နေသောနေရာကို ဖမ်းဆုပ်လိုက်သည်။
၎င်း ကျဆင်းလာသောအခါ တွန့်ခေါက်နေသော မုန်တိုင်းသည် ၎င်းကို အမှန်ပင် ဖြည်းဖြည်းချင်း ချေမွှ ပစ်လိုက်သည်။ ဧရာမလက်ဝါးကြီး ကွဲအက်လာပြီး မုန်တိုင်းအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရလေသည်။
၎င်းသည် မည်သို့သော နတ်စွမ်းအားမျိုးနည်း။ နတ်ဆိုးလောကနှင့် မှော်နက်လောကမှ ထိပ်သီးများ တွေးတောလိုက်ကြသည်။ သူတို့သည် သူတို့ မျက်လုံးများရှေ့ရှိ ထိုတုန်လှုပ်ဖွယ် မြင်ကွင်းကို မြင်လိုက်ရသောအခါ အပြင်းအထန် ရင်တုန်သွားကြသည်။ အရှင်ဟောင်ထျန်း၏ မဟာလက်ဝါးသည် လျင်မြန်စွာ ကြေမွသွားပြီး ကျဆင်းလာသော အပိုင်းအစများသည် မုန်တိုင်းအတွင်းသို့ စုပ်ယူခံလိုက်ရလေသည်။ ဝါးမျိုနှုန်းသည် လွန်စွာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ မဟာလက်ဝါးသည် တွန့်ခေါက်နေသော အာကာပြင်အတွင်းသို့ ဝင်သွားသောအခါ လူအုပ်သည် ထိုအာကာပြင်အတွင်းမှ အချိန်စီးဆင်းနှုန်းကို သတိပြုမိသွားကြသည်။
မည်သို့ပင်ဖြစ်စေ မဟာလက်ဝါးသည် ၎င်း၏ ဧရာမအရွယ်အစားကြောင့် စုပ်ယူခံနေရစဉ်မှာပင် တွန့်ခေါက်နေသော မုန်တိုင်းကြီးကို ပြန်၍ ဖိချေနေလေသည်။ တွန့်ခေါက်နေသော အာကာပြင်သည်လည်း ပြိုပျက်လာသည်။ တိုက်ခိုက်မှုနှစ်ခုစလုံး ပျောက်ကွယ်သွားသည်။
ထိုအခိုက်တွင် နတ်အလင်းတန်းတစ်ခု လက်သွား၏။ သောင်းကျန်းနေသော မုန်တိုင်းအလယ်တွင် လူတစ်ယောက်ထွက်ပေါ်လာ၏။ ထိုသူသည် ရီဖူရှင်းပင်။
သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ သူ့လက်ထဲတွင် လှံတစ်ချောင်း ကိုင်ထားပေသည်။ သူသည် အနှောင်အဖွဲ့များကို ရှုန်းထွက်ကာ ရှေ့သို့ ပျံထွက်သွားသည်။ သူ၏အမြန်နှုန်းသည် မယုံနိုင်လောင်အောင် မြန်ပေသည်။ ရုတ်ခြည်းအတွင်းမှာပင် သူသည် အရှင်ယွမ်ရှစ်၏ရှေ့တွင် ပေါ်လာ၏။
ရီဖူရှင်း၏လက်ထဲရှိ လှံသည် ရှေ့သို့ ထိုးစိုက်သွားသည်။ သူသည် သူ၏အဆင့်တွင် အလွန်ဝေးကွာသောနေရာမှလည်း လှမ်းတိုက်ခိုက်နိုင်၏။ သို့သော် ရီဖူရှင်းသည် အနီးကပ်တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပေသည်။
လှံ ထိုးစိုက်လာသောအခါ အရှင်ယွမ်ရှစ်သည် လှံထိပ်ဖျားသည် ရီဖူရှင်း၏ ပတ်ပတ်လည်မှ ခုခံစွမ်းအားကဲ့သို့ပင် အချိန်နှင့်နေရာကို တွန့်ခေါက်သွားစေကြောင်း တွေ့လိုက်၏။ သို့သော် ဤတစ်ကြိမ်တွင် ၎င်းကို တိုက်ခိုက်ရန် သုံးနေသည်။
အရှင်ယွမ်ရှစ်သည် သူ၏လမ်းစဉ်ကို သက်သေပြခဲ့ပြီးဖြစ်ပြီး မဟာအင်ပါယာအဆင့်ကို ရောက်ခဲ့ပြီဖြစ်သည်။ သို့သော် သူသည် ထိုကဲ့သို့သော တိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်ရသောအခါ နှလုံးခုန်ပင် ရပ်တန့်သွားတော့မလို ဖြစ်သွားသည်။ လောကတစ်ခွင်လုံး တိတ်ဆိတ်သွား၏။ သူသည် အကြွင်းမဲ့အန္တရာယ်တစ်ခုကို ခံစားလိုက်ရ၏။ ထိုတိုက်ခိုက်မှုသည် သူ့ကို သတ်ပစ်နိုင်ပေသည်။