← Chapters

ဒွန်ဟောင် လှုပ်ရှားပြီ

Vol. 199 Ch. 2841

ဒွန်ဟောင် လှုပ်ရှားပြီ

Vol. 199 Ch. 2841

မျက်စိကျိန်းလောက်ဖွယ် နတ်အလင်းတန်းတစ်ခု တောက်ပလာပြီး အရှင်ယွမ်ရှင်းသည် သူ့ကိုယ်သူ အသွင်ပြောင်းလဲလိုက်သည်။ သူ့တစ်ကိုယ်လုံးသည် ကောင်းကင်ပြစ်ဒဏ်ပေးနတ်ဝင်္ကပါအတွင်း ပေါင်းစည်းသွား၏။ ၎င်းသည် အဖျက်နတ်ပုံချပ်တစ်ခုနှင့် ဆင်တူပေသည်။ ၎င်းထံမှ ထွက်ပေါ်လာသော အဖျက်နတ်စွမ်းအားသည် ဟောင်ထျန်းနတ်စက်ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

ရီဖူရှင်းသည် လှံတစ်ချောင်းနှင့် ပျံဆင်းလာပြီး နတ်ဝင်္ကပါကို ထိုးစိုက်လိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် လှံထိပ်ကို ဗဟိုပြု၍ ကြောက်မက်ဖွယ် လေမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရပြီး အချိန်နှင့်နေရာ တွန့်ခေါက်သွားသည်ဟု ထင်လိုက်ရ၏။ နတ်ဝင်္ကပါသည် လေမုန်တိုင်းဒဏ်ကြောင့် ပြိုကွဲ ပျက်စီးသွားသည်။

လှံဖျားမှ စွမ်းအားသည် ရုတ်ခြည်းအတွင်း ထိုအာကာပြင်တစ်ခွင်လုံးကို ပျံ့နှံ့သွားသည်။ ၎င်းပတ်ပတ်လည်ရှိ အဖျက်စွမ်းအား အားလုံးသည် ၎င်းအတွင်းသို့ စုပ်ယူခံလိုက်ရပြီး ပျက်စီးသွားသည်။ ပြိုပျက်နေသော နတ်ဝင်္ကပါသည် ရီဖူရှင်းထံသို့ အဖျက်တိုက်ခိုက်မှုများကို ရုတ်တရက် ပစ်လွှတ်နိုင်သေးပေသည်။ သို့သော် ရီဖူရှင်းသည် အချိန်နှင့်နေရာ၏ တွန့်ခေါက်နေသော မုန်တိုင်းထဲတွင် ရှိနေရာ ထိုတိုက်ခိုက်မှုများသည် သူ့အနီးသို့ မရောက်နိုင်ချေ။

ကျင့်ကြံသူအားလုံးသည် သူတို့ရှေ့တွင် ဖြစ်ပျက်နေသည့်အရာများကို အံ့ဩတကြီး ကြည့်နေကြလေသည်။ ထိုအရာအားလုံးသည် စက္ကန့်ပိုင်းအတွင်း ဖြစ်သွားခြင်းပင်။ အကန့်အသတ်မဲ့သော ဧရာမ နတ်ဝင်္ကပါကြီးသည် မျက်တောင်တစ်ခတ်စာအတွင်းမှာပင် ဝါးမျိုခံလိုက်ရလေသည်။

မဟာအင်ပါယာအဆင့်ရှိသော ကျင့်ကြံသူများသည် ထိုတိုက်ခိုက်မှု၏ စွမ်းအားကို ခံစားလိုက်ရပြီး ဝဲကတော့မုန်တိုင်းကြီး၏ အလယ်ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။ သူတို့သည် ထိုနေရာရှိ အချိန်နှင့်နေရာသည် ပရမ်းပတာဖြစ်နေပြီး ဟောင်ထျန်းနတ်စက်ကွင်းအတွင်းရှိ အချိန်နှင့်နေရာနှင့် လုံးဝကွဲပြားနေကြောင်း ခံစားနေရသည်။ ထိုတိုက်ခိုက်မှုတွင် အချိန်နှင့်နေရာ၏ စွမ်းအားပါဝင်ပေသည်။

သူသည် မည်သို့သော စည်းမျဉ်းစွမ်းအားမျိုးကို ကျင့်ကြံခဲ့ခြင်းနည်း။

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရပြီး ဧရာမနတ်ဝင်္ကပါကြီး ကွဲအက်ပျက်စီးသွားလေ‌တော့သည်။ တစ်စုံတစ်ဘောက်သည် ထိုနေရာမှနေ၍ အူယားဖားယား ထွက်ပြေးသွားသည်ကို လှမ်းမြင်လိုက်ရ၏။ ထိုသူမှာ အရှင်ယွမ်ရှစ်ဖြစ်နေသည်။

သူသည် သူ၏လမ်းစဉ်ကို သက်သေပြကာ မဟာအင်ပါယာအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ၏ သူ၏အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်နိုင်ခဲ့သည်။ သို့သော် သူသည် လူငယ်တစ်ယောက်ကြောင့် ဤကဲ့သို့သော အရှက်ရဖွယ်အခြေအနေနှင့် အဆုံးသတ်ရလိမ့်မည်ဟု သူတစ်ခါမှ ထင်မထားခဲ့ပေ။

“အ...”

မဟာအင်ပါယာတစ်ပါးသည် တိုက်ကွက်တစ်ကွက်ကြောင့် သွေးအန်သွားသည်။ ထိုအခြင်းအရာသည် ရှေးဟောင်းနတ်ဘုရားကလန်မှ အားလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။ သူတို့အားလုံးသည် ငွေဖြူရောင်ဆံပင်နှင့်လူကို ကြောက်ရွံ့တကြီး ကြည့်နေကြသည်။

အရှင်ဟောင်ထျန်းသည်လည်း အပြင်းအထန် ရင်ခုန်နေသည်။ သူသည် ရီဖူရှင်းကို တစ်လက်မမျှပင် ရွေ့သွားအောင် လုပ်နိုင်မည်မဟုတ်ဟု ခံစားနေရပြီဖြစ်သည်။ သို့သော် ရီဖူရှင်းကတော့ သူနှင့် အရှင်ယွမ်ရှစ်ကို သူ၏တိုက်ခိုက်မှုများဖြင့် ခြိမ်းခြောက်နိုင်နေသည်။

ထိုအချိန်တွင် ရီဖူရှင်း၏နတ်ခန္ဓာသည် လင်းလက်သော နတ်အလင်းဖြင့် တလက်လက်တောက်ပနေလေသည်။ နတ်စွမ်းအားကလည်း သူ့ကို လှည့်ပတ်နေပြီး များစွာသော လှံရှည်များအဖြစ် ပြောင်းလဲသွား၏။ လှံတစ်ချောင်းစီတိုင်းတွင် ဆန်းကြယ်သော အတုမဲ့စွမ်းအား ပါဝင်ပေသည်။

မရေမတွက်နိုင်အောင် များပြားသော လှံများသည် အတူစုဝေးလိုက်ပြီး ရီဖူရှင်းကို ဝန်းရံလိုက်သည်။ သူ၏မျက်လုံးများသည် အလွန်အေးစက်နေပြီး သတ်ဖြတ်လိုသောအငွေ့အသက်တစ်ခု ရှိနေလေသည်။ အတွေးတစ်ချက်ဖြင့် လှံများသည် လေထုကို ဖောက်ထွင်းသွားပြီး အရှင်ဟောင်ထျန်း၊ အရှင်ယွမ်ရှစ်နှင့် အောက်ဘက်ရှိ ဟောင်ထျန်းကလန်တည်ရှိရာနေရာတို့ကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သည်။

ဝုန်း...

အရှင်ယွမ်ရှစ်သည် သတိလက်လွတ် မဖြစ်ဝံ့ပေ။ သူသည် ဒဏ်ရာရထားပြီးဖြစ်သည်။ ထိုအခိုက်တွင် သူသည် အသွင်ပြောင်းလဲရန် နတ်စွမ်းအားကို စုစည်းလိုက်သည်။

သူ့ကို အဆုံးမဲ့ နတ်အလင်းများ ဝန်းရံသွားပြီး သူသည် ကောင်းကင်ပြစ်ဒဏ်ပေးမှုကို တာဝန်ယူရသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ပြောင်းလဲသွား၏။ ကောင်းကင်ပြစ်ဒဏ်ပေးဓားထဲတွင် နတ်စွမ်းအား စုစည်းသွား၏။ ၎င်းဓားသည် ကြီးမားသော ဧရာမဓားကြီးဖြစ်သည်။ ယခုတွင် ၎င်းသည် ရှေ့သို့ ခုတ်ချလိုက်၏။ အဆုံးမဲ့ ကောင်းကင်ပြစ်ဒဏ်ပေးနတ်အလင်းများ တစ်ပြိုင်တည်း မြည်းဟိန်းလာပြီး အရှေ့သို့ ထွက်သွားကြကာ သတ်ဖြတ်ရန် ဝင်ရောက်လာသည့် လှံရှည်များနှင့် ထိတိုက်သွားသည်။ ရုတ်ခြည်းပင် ကောင်းကင်နှင့်မြေကြီးကြား၌ ပေါက်ကွဲဆူညံသံများ ထွက်ပေါ်လာလေသည်။

အရှင်ဟောင်ထျန်းသည်လည်း အဆုံးမဲ့ လက်ဝါးပြင်များကို ထုတ်လွှတ်လိုက်သည်။ ၎င်းတို့သည် လှံရှည်များဖြင့် ထိတိုက်သွား၏။ ထိုသို့ ထိတိုက်သွားသောအခါ ဟောင်ထျန်းလက်ဝါးပြင်များသည် ချက်ချင်း ကွဲအက်ပျက်စီးသွားကြသည်။ အရှင်ဟောင်ထျန်းထံမှ တိုက်ခိုက်မှုများသည် ရီဖူရှင်း၏တိုက်ခိုက်မှုများလောက် စွမ်းအားမကြီးတော့သည့်ပုံပင်။ သို့‌သော် နောက်ဆုံးတွင် ဧရာမ ဟောင်ထျန်းလက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး လှံတိုက်ခိုက်မှုများကို တားဆီးကာရံလိုက်လေသည်။

သို့ရာတွင် ဟောင်ထျန်းကလန်သည် ထိုမျှ ကံမကောင်းပေ။ ကြောက်မက်ဖွယ် လှံရှည်များသသည် မဟာအင်ပါယာဖန်တီးထားသော အကာအရံကို တိုက်ရိုက် ထိုးဖောက်ကာ ထိုနေရာတွင် ဆက်လက်တိုက်ခိုက်နေလေသည်။ မဟာအင်ပါယာဖြစ်လာနိုင်မည့်သူနှစ်ဦးသည် မလုံလောက်တော့ပေ။ သူတို့သည် သတ်ဖြတ်မှုများကို မတားဆီးနိုင်ကြောင်း ထင်ရှား၏။

အရှင်ဟောင်ထျန်း၏ အတွေး အနည်းငယ် လှုပ်ရှားသွား၏။ ရုတ်ခြည်းပင် ဟောင်ထျန်းကလန်တစ်ခုလုံးသည် ကျယ်ပြောသောကောင်းကင်၏ ကာရံမှုကို ခံလိုက်ရ၏။ ပေါင်းမိုးကြီးတစ်ခု ကျဆင်းလာပြီး ရီဖူရှင်း၏ လှံတိုက်ခိုက်မှုများကို ကာရံလိုက်သလိုမျိုးပင်။

ရီဖူရှင်း ခေါင်းမော့၍ ကြည့်သည်။ သူ့ရှေ့တွင် ဧရာမလှံကြီးတစ်ချောင်း ထွက်ပေါ်လာပြီး သူက လက်နှစ်ဘက်စလုံးကို ရှေ့သို့ ရိုက်ထုတ်လိုက်သည်။ ရုတ်တရက် ဧရာမ လှံရှည်ကြီးသည် အာကာပြင်ကို ဖောက်ထွင်းသွားပြီး အခြားတစ်ဘက်သို့ ဦးတည်သွားသည်။

နောက်ထပ် တုန်လှုပ်ဖွယ် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး အကာအရံ ပျက်စီးသွားကာ မရေမတွက်နိုင်အောင် များပြားသော အဖျက်လျှပ်စီးများ ကျဆင်းလာသည်။ ရုတ်ခြည်းအတွင်းမှာပင် ကျယ်ပြော၍ အကန့်အသတ်မဲ့သော ဟောင်ထျန်းကလန် တိုက်ခိုက်ခံလိုက်ရ၏။ သူတို့အပေါ်သို့ ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ရောက်လာသကဲ့သို့ပင်။ ၎င်းသည် နတ်ဘုရားများထံမှ အမျက်ဒေါသပင်။

ဝုန်း...ဝုန်း...ဝုန်း...

အဆောက်အဦပေါင်းများစွာသည် အမှုန့်ဖြစ်သွား၏။ ဟောင်ထျန်းကလန်မှ ကျင့်ကြံသူများစည် အော်ရန်ပင် အခွင့်အရေးမရလိုက်ဘဲ အသတ်ခံလိုက်ကြရသည်။ နတ်စွမ်းအား ထိမှန်ခံရသူများသည် ရုတ်ခြည်း သေဆုံးသွားကြပြီး မည်သည့်ခြေရာလက်ရာမှ မကျန်ခဲ့တော့ပေ။

ဤတစ်ကြိမ်တွင် ရှေးဟောင်းနတ်ဘုရားကလန်များမှ ကျင့်ကြံသူများသည် ဟောင်ထျန်းကလန်တွင် စုဝေးနေကြပေသည်။ ထိုတိုက်ခိုက်မှုသည် အသေအပျောက်များစွာ ဖြစ်စေခဲ့သည်။ ရီဖူရှင်းသည် ညှာတာသနားမှုပြရန် ဆန္ဒမရှိပေ။

ယခင်က ရှေးဟောင်းနတ်ဘုရားကလန်များသည် ရီဖူရှင်းအပေါ် မည်မျှ ဒုက္ခပေးခဲ့ပေသနည်း။ သူတို့သည် ထပ်ခါထပ်ခါ ပူးပေါင်း တိုက်ခိုက်၊ ဖိနှိပ်ခဲ့ပြီး ရီအင်ပါယာနန်းတော်ကို ဖျက်ဆီးရန် ရောက်လာခဲ့ကြ၏။ ထို့ကြောင့် ယခုတွင် ရီဖူရှင်းသည် ရှေးဟောင်နတ်ဘုရားကလန်များအပေါ် သနားညှာတာမှု အနည်းငယ်ပင်ရှိမနေချေ။

ရှင်သန်ခဲ့သော သူများသည် ကောင်းကင်ထက်ရှိလူကို အသည်းအသန် မော့ကြည့်လိုက်ကြသည်။ ရှေးဟောင်းနတ်ဘုရားကလန်များ၊ မဟာအင်ပါယာနှစ်ပါးနှင့် မဟာအင်ပါယာဖြစ်လာနိုင်မည့်သူနှစ်ဦးသည် ရီဖူရှင်းကို အနိုင်မယူနိုင်ခဲ့ဘဲ ရီဖူရှင်း တိုက်ခိုက်သည်ကိုသာ ခံခဲ့ရလေသည်။

တစ်ချိန်တုန်းက ရီဖူရှင်းသည် မူလဘုံမှ ပါရမီရှင်တစ်ယောက်သာဖြစ်ခဲ့သည်။ ရှေးဟောင်းနတ်ဘုရားကလန်များသည် သူ့ကို အလေးအနက်မထားခဲ့ပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ထျန်းယန်မြို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

ထိုအချိန်က သူတို့သည် ရီဖူရှင်းကို ပိုးကောင်တစ်ကောင်ကဲ့သို့ ကြည့်ခဲ့ကြသည်။ ရှေးဟောင်းနတ်ဘုရားကလန်များမှ မည်သည့်ကလန်ခေါင်းဆောင်ကမှ ရီဖူရှင်းကို အလေးအနက်ထားရမည့် အန္တရာယ်တစ်ခုဟု မမြင်ခဲ့ကြချေ။

သို့သော် ယနေ့တွင် သူတို့ ရီဖူရှင်းကို ထပ်မံရင်ဆိုင်ရသောအခါ ရီဖူရှင်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေလေသည်။

ကောင်းကင်အင်ပါယာကျန်းနှင့် အရှင်ဝူလျန့်တို့သည် မဟာအင်ပါယာအဆင့်သို့ မရောက်သေးပေ။ ထိုအခိုက်တွင် သူတို့သည် အလွန် တုန်လှုပ်နေကြပေသည်။ သူတို့သည် ရှေးဟောင်းအင်ပါယာလေးပါးထဲမှ ဖြစ်သဖြင့် လူငယ်တစ်ဦးက သူတို့ကို ဤအခြေအနေအထိ ရောက်သွားအောင် ဖိနှိပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ အချိန်များသည် အမှန်ပင် ပြောင်းလဲခဲ့ပေပြီ။

ရီဖူရှင်းသည် သူ၏နတ်စွမ်းအားကို စုစည်းလိုက်ပြီး ဆက်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် စွမ်းအားကြီးဖိအားတစ်ခု ကျဆင်းလာလေသည်။ ထိုနတ်စွမ်းအားသည် ဟောင်ထျန်းနတ်စက်ကွင်းကို တိုက်ရိုက်ဖောက်ထွင်းသွားပြီး အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည်။ ထို့နောက် အသံတစ်သံက ပြောလိုက်၏။

“တော်လောက်ပြီ”

ရီဖူရှင်းသည် ထိုနတ်စွမ်းအားကို ခံစားလိုက်ရသောအခါ ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်လေသည်။ မရေမတွက်နိုင်အောင်များပြားသော နတ်အလင်းတန်းများ ကျဆင်းလာသည်ကို သူမြင်လိုက်ရ၏။ ၎င်းတို့သည် ဟောင်ထျန်းနတ်စက်ကွင်းကို ဖောက်ထွင်းလာကြသည်။ ထိုအသံသည် အရှင်ဒွန်ဟောင်ထံမှ အသံဖြစ်သည်။

အလွန်ဝေးသောနေရာတစ်ခုတွင် အရှင်ဒွန်ဟောင်ရှိနေသည်ကို သူမြင်လိုက်ရ၏။ အရှင်ဒွန်ဟောင်သည် လမ်းကြောင်းတစ်ခုကို ဖွင့်ခဲ့သည့်ပုံပင်။

သူ ဤနေရာသို့လာခဲ့သည့် နောက်ဆုံးအကြိမ်တုန်းက ကောင်းကင်ဒေသမှ လူများသည် သူ့ကို တားခဲ့သည်။ ဤတစ်ခေါက် သူ လာခဲ့ရခြင်းမှာ နတ်ဆိုးလောကနှင့် မှော်နက်လောကတို့က ဖိတ်ခေါ်၍ ဖြစ်သည်။ နတ်ဆိုးအင်ပါယာကိုယ်တိုင်ပင် ဒွန်ဟောင်အင်ပါယာနန်းတော်သို့ သွားခဲ့သည်။ သို့ပင်လျှင် အရှင်ဒွန်ဟောင်သည် သူတို့ကို တားရန် ကြံရွယ်နေဆဲပေလော။

ထိုနေရာတွင် နတ်ဆိုးအင်ပါယာလည်း ရှိနေသည်။

ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာကို တွေ့လိုက်၏။

“အရှင်အင်ပါယာ... အရှင်ဟောင်ထျန်းက ရီအင်ပါယာနန်းတော်ကို ကျူးကျော်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာပါ”

ရီဖူရှင်းက ကောင်းကင်ထက်သို့ မော့ကြည့်၍ ပြောလိုက်၏။

အရှင်ဒွန်ဟောင်ထံမှ နတ်စွမ်းအားသည် လွန်စွာ စွမ်းအားကြီးကြောင်း သူခံစားနေရသည်။

“ပြန်သွားတော့...”

အရှင်ဒွန်ဟောင် အမိန့်ပေးလိုက်သည်။

ရီဖူရှင်း၏ခန္ဓာကိုယ်မှ နတ်စွမ်းအားသည် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။ အရှင်ဒွန်ဟောင်သည် အေးစက်စွာ နှာမှုတ်လိုက်၏။ နတ်စွမ်းအားတစ်ခုသည် ကောင်းကင်ထက်မှနေ၍ ဤနေရာသို့ ကျဆင်းလာသည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် သူ၏နတ်စွမ်းအားကို သူ့ကိုယ်မှခွာ၍ မရကြောင်း ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးသည် အဆုံးစွန်ထိ ဖိနှိပ်ခံထားရ၍ဖြစ်သည်။ ထိုနတ်စွမ်းအား၏ အရှိန်အဝါအောက်တွင် သူ၏စွမ်းအားသည် ယတိပြတ် ဖိနှိပ်ခံနေရသည်။

“ဒီလောက်တောင် စွမ်းအားကြီးတယ်လား”

ရီဖူရှင်း သူ့သာသာ တွေးတောလိုက်၏။ နတ်အလင်းတန်းများသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားသည်။ အရှင်ဟောင်ထျန်းနှင့် အရှင်ယွမ်ရှစ်တို့သည်လည်း ရင်တုန်သွားကြသည်။ အရှင်ဒွန်ဟောင်သည် ဤမျှစွမ်းအားကြီးကြောင်း သူတို့လည်း မသိပေ။

ဟောင်ထျန်းနတ်စက်ကွင်းသည် လုံးဝ ဖောက်ထွင်းခံလိုက်ရပြီဖြစ်သည်။ သူတို့သည် လမ်းစဉ်ကို သက်သေပြပြီးခဲ့ပြီဖြစ်သော်လည်း အရှင်ဒွန်ဟောင်နှင့် လုံးဝ အဆင့်မတူသည့်ပုံပင်။

All Chapters