နတ်ဆိုးအင်ပါယာ၏ တွေးဆချက်
Vol. 199 Ch. 2842
ဒွန်ဟောင်အင်ပါယာနန်းတော်ထဲတွင် နတ်ဆိုးအင်ပါယာသည် အစွမ်းထုတ်ပြနေသော အရှင်ဒွန်ဟောင်ကို ငေးကြည့်နေသည်။ သူ၏မျက်လုံးများသည် လေးနက်၊ နက်နဲနေသည်။ သူ ဘာတွေးနေကြောင်း မည်သူမှ မပြောနိုင်ပေ။
ထိုအချိန်တွင် ဒွန်ဟောင်သည် သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေဆဲဖြစ်သည်။ သို့သော် ဒွန်ဟောင်သည် လမ်းကြောင်းဘက်ကို မျက်နှာမူထားလေသည်။
အကန့်အသတ်မဲ့ အာကာပြင် ခြားထားသော်လည်း ထုတ်ဖော်ခြင်းနတ်စွမ်းအားသည် အကွာအဝေးနှင့် အာကာပြင်ကို လျစ်လျူရှု၍ ကျဆင်းနေဆဲပင်။ ထိုကဲ့သို့သော စွမ်းရည်မျိုးသည် ဟောင်ထျန်းမြို့မှ သာမန်ကျင့်ကြံသူများ နားလည်နိုင်သည့်အဆင့်ထက် သာလွန်ပေသည်။
ကောင်းကင်ဒေသတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အရှင်ဒွန်ဟောင်ကို ယုံကြည်ကိုးစားကြသည်။
သို့သော် သူတို့သည် ယနေ့အထိ အရှင်ဒွန်ဟောင် အစွမ်းထုတ်ပြသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ အရှင်ဒွန်ဟောင်သည် အတွေးတစ်ချက်ဖြင့်ပင် သူ၏ နတ်စွမ်းအားကို ကျယ်ပြော၍ အကန့်အသတ်မဲ့သော အာကာပြင်ကို ဖြတ်သန်းကာ ကျဆင်းလာစေလေသည်။ ထိုစွမ်းအားသည် အရှင်ဟောင်ထျန်းနှင့် အရှင်ယွမ်ရှစ်ကို အနိုင်ယူခဲ့သော ရီဖူရှင်းကို ဖိနှိပ်ထားသည်။ ထိုဖိနှိပ်မှုသည် လွန်စွာ လေးလံသဖြင့် ရီဖူရှင်းသည် ပြန်မတိုက်ခိုက်နိုင်ချေ။
ထိုအခါမှသာ အားလုံးသည် ကောင်းကင်ဒေသ၏ အုပ်စိုးသူသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိသွားကြလေသည်။
ရီဖူရှင်း၏ နတ်စွမ်းအားသည် သူ့ကိုယ်ပေါ်တွင် ရုန်းကြွ မြည်ဟည်းနေသည်။ သူသည် ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ သူ၏ခန္ဓာကိုယ်သည် ထုတ်ဖော်ခြင်းနတ်စွမ်းအား၏ ဖိနှိပ်မှုကို အတင်းအံတုကာ အထက်သို့ ပျံတက်သွားသည်။ သူသည် အလျှော့ပေးမည့်ပုံ မပေါ်ချေ။ အရှင်ဒွန်ဟောင် မည်မျှ စွမ်းအားကြီးကြောင်း သူသိလိုနေသည်။
ရွှစ်...
ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ဖိနှိပ်ချလိုက်သည်။ ကောင်းကင်ထက်မှနေ၍ အဆုံးမဲ့ နတ်ရောင်ဝါများ ဖြာကျလာသည်။ ဟောင်ထျန်းနတ်စက်ကွင်းသည် ပျောက်ကွယ်လုနီပါး အခြေအနေအထိ ဖိနှိပ်ခံထားရသည်။ ရီဖူရှင်းမှာလည်း ကောင်းကင်ထက်မှ ကျသွားအောင် ဖိနှိပ်တွန်းချခြင်း ခံလိုက်ရ၏။ သူ့နတ်စွမ်းအားသည် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဖိနှိပ်ခံထားရသည်။
ရီဖူရှင်းသည် အဝေးရှိ အရှင်ဒွန်ဟောင်ကို ကြည့်လိုက်၏။ အရှင်ဒွန်ဟောင် ပြောသည်ကို သူကြားလိုက်ရ၏။
“မင်း မဟာအင်ပါယာအဆင့် ရောက်ပြီး ငါ့ရှေ့မှာ ရပ်နိုင်တဲ့အချိန်အထိ ကောင်းကင်ဒေသမှာ ထပ်ပြီး သောင်းကျန်းခွင့်မရှိတော့ဘူး”
သူ၏အသံ လွင့်ပြယ်သွားသောအခါ မရေမတွက်နိုင်အောင် များပြားသော လမ်းစဉ်များ ကျဆင်းလာသည်။ ရီဖူရှင်း ခပ်အုပ်အုပ် ညည်းတွားလိုက်ပြီး မျက်နှာ ဖြူဖျော့သွားသည်။ သူ၏နတ်ခန္ဓာ ဖိနှိပ်ခံနေရကြောင်း သူခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်သည် လေထဲမှ ထပ်မံ ကျဆင်းသွားသည်။ သူသည် သူ၏ပြိုင်ဘက်ကို မည်သို့မှ မယှဉ်နိုင်ချေ။
သူက လက်ရှိအဆင့်အထိ ကျင့်ကြံခဲ့ပြီး သူ၏ကောင်းကင်လမ်းစဉ်အသေးစားကို ဖန်တီးခဲ့သည်။ သူ၏အစွမ်းသည် မဟာအင်ပါယာများကို ယှဉ်နိုင်ပြီဖြစ်သည်။ မဟာအင်ပါယာနှစ်ပါးထဲတွင် အရှင်ယွမ်ရှစ်က ဒဏ်ရာရသွားပြီး အရှင်ဟောင်ထျန်းသည် သူ့ကို မည်သို့မှ မလုပ်နိုင်ခဲ့ပေ။ အကယ်၍ သူသာ ဆက်တိုက်ခိုက်လျှင် ပို၍ အသာစီးရလာမည်ဖြစ်ကြောင်း သူခံစားရသည်။
သို့ပင်လျှင် သူသည် အရှင်ဒွန်ဟောင်၏ နတ်စွမ်းအားထံမှ ဖိနှိပ်မှုကို မတားဆီးနိုင်ချေ။
ယနေ့ခေတ်တွင် လောကကြီးထိပ်၌ ရပ်တည်နေသော မဟာအင်ပါယာခြောက်ပါးသည် သူထင်ထားသည်ထက် ပို၍ စွမ်းအားကြီးနေသည်။
“ကောင်းပါပြီ... ကျုပ် အဲဒီနေ့ကို မျှော်လင့်နေပါ့မယ်”
ရီဖူရှင်း တုံ့ပြန်လိုက်ပြီး သူ၏နတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။ သူသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်တွင်သာ ရှိသေးကြောင်း သူနားလည်ပေသည်။ ထို့ကြောင့် သူတို့အကြားတွင် အစွမ်းကွာခြားမှု ရှိနေပေသေးသည်။ သူ ကောင်းကင်လမ်းစဉ်အသေးစား၏ အကူအညီဖြင့် မဟာအင်ပါယာအချို့ကို အနိုင်ယူနိုင်သော်လည်း အရှင်ဒွန်ဟောင်သည် သာမန်မဟာအင်ပါယာအဆင့်ထက် သာလွန်ပေသည်။
အရှင်ဒွန်ဟောင်ကို ယှဉ်တိုက်နိုင်ရန် သူသည် သူ့ကောင်းကင်လမ်းစဉ်အသေးစား ပြီးပြည့်စုံလာသည်အထိ စောင့်ရန် လိုအပ်ပေလိမ့်မည်။
ထုတ်ဖော်ခြင်းနတ်စွမ်းအားလည်း ပြန်ရုတ်သွား၏။ အရာအားလုံးသည် သာမန်ပြန်ဖြစ်သွားသည်။ အရှင်ဟောင်ထျန်းနှင့် အရှင်ယွမ်ရှစ်တို့သည် ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။ သူတို့ မဟာအင်ပါယာအဆင့်သို့ ပြန်ရောက်သွားသောအခါ ထင်ပေါ်ကျော်ကြားမှုနှင့် ကြိုဆိုမခံရဘဲ အရှက်ရမှု၊ ရှုံးနိမ့်မှုနှင့် ကြိုဆိုခံရလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးထားဘူးပေ။
ရီဖူရှင်း၏ ဖိနှိပ်မှုနှင့် အရှင်ဒွန်ဟောင်၏ စွမ်းအားသည် သူတို့၏ ရှေးဟောင်းအင်ပါယာများအဖြစ် ပြန်လာမှုသည် သေးငယ်ကာ အရေးမပါဟု ထင်ရစေလေသည်။ သူတို့သည် ထုတ်ပြောရန်ပင် မတန်သူများကဲ့သို့ပင်။
အချိန်များသည် အမှန်ပင် ပြောင်းလဲသွားခဲ့ပေပြီ။ ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်ခေတ်သည် သူတို့နားလည်နိုင်သော ခေတ်မဟုတ်တော့သည့်ပုံပင်။ ယခုတွင် ခေတ်သစ်တစ်ခု အစပြုနေပေပြီ။ သို့သော် သူတို့သည် အဓိကဇာတ်ဆောင်များ မဟုတ်ကြတော့ချေ။
ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာနန်းတော်နှင့် မှော်နက်နန်းတော်တို့မှ ကျင့်ကြံသူများကို ကြည့်သည်။ ထိုနှစ်ဖွဲ့စလုံးသည် သူ့ကို ဤနေရာသို့လာရန် တိုက်တွန်းခဲ့သူများဖြစ်သည်။ သို့သော် ယခုတွင် သူသည် သူတတ်နိုင်သမျှ လုပ်ခဲ့ပြီဖြစ်သည်။ သို့သော် နတ်ဆိုးအင်ပါယာသည် အရှင်ဒွန်ဟောင် သူ့ကို တားဆီးမည်ကို မတားခဲ့ပေ။
“ပြန်သွားတော့...”
အရှင်ဒွန်ဟောင်ဘေးမှ နတ်ဆိုးအင်ပါယာကလည်း ပြောလိုက်၏။ ကျန်ကျင့်ကြံသူများသည် ခေါင်းညိတ်လိုက်ပြီး စတင်ထွက်သွားကြသည်။
ရီဖူရှင်းက ကောင်းကင်ထက်ရှိ ပုဂ္ဂိုလ်နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဘာသာ အဝေးသို့ ထွက်သွားလိုက်လေသည်။ သူ မဟာအင်ပါယာအဆင့်ရောက်ရန် နှစ်ပေါင်းများစွာ လိုပေသေးသည်။ ထိုနှစ်များသည် သူ့လောကထဲတွင်ဆိုလျှင် ဆယ်စုနှစ်များအထိကြာမည်ဖြစ်သည်။
သူတို့ ထွက်သွားပြီးနောက်တွင် ဟောင်ထျန်းမြို့မှ ကျင့်ကြံသူများသည် ဟောင်ထျန်းကလန်၏ လက်ရှိအခြေအနေကို ကြည့်လိုက်ကြသည်။ သူတို့သည် အလွန် တိတ်ဆိတ်နေသည်။
ဟောင်ထျန်းကလန်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပေပြီ။ ရီဖူရှင်းသည် တိုက်ခိုက်မှုတစ်ခုဖြင့်ပင် ကလန်တစ်ခုလုံးကို မြေပေါ်တွင် ပြားပြားဝပ်သွားစေ၏။ ရှေးဟောင်နတ်ဘုရားကလန်များသည် ကျင့်ကြံသူများစွာ ဆုံးရှုံးခဲ့သည်။ ထိုအခိုက်တွင် ရှေးဟောင်းနတ်ဘုရားကလန်သည် ယိုယွင်းနေပေပြီ။
တစ်ချိန်က ကောင်းကင်ဒေသကို လွှမ်းမိုးနိုင်ခဲ့သော ထိပ်သီးအင်အားစုများဖြစ်သည့် ကောင်းကင်ဒေသရှိ ရှေးဟောင်းနတ်ဘုရားကလန်များသည် အဘယ်သို့ ထိုကဲ့သို့ အဆုံးသတ်သွားရသနည်း။
ပို၍ အရေးကြီးသည်မှာ မဟာအင်ပါယာများ ပြန်ရောက်လာပြီးမှ ထိုသို့ အဆုံးသတ်သွားရခြင်းဖြစ်သည်။
အမှန်ဆိုလျှင် ဤအချိန်သည် ထိုကလန်များ ပြန်ဦးမော့လာရမည့် အချိန်မဟုတ်ပါလား။
သူတို့အားလုံးသည် ရင်ထဲတွင် လေးလံနေကြသည်။ သူတို့သည် ဧရာမကျောက်တုံးကြီးတစ်တုံးနှင့် ဖိချေခံလိုက်ရသကဲ့သို့ ခံစားနေရသည်။ သူတို့သည် စိတ်ဓာတ်ကျသည်ထက် ပိုနေ၏။
သူတို့ကို ဖိနှိပ်ထားသော ထိုကျောက်တုံးမှာ ရီဖူရှင်း ဖြစ်သည်။
လက်ရှိတွင် အရှင်ဒွန်ဟောင်သည် အစွမ်းရှိသော်လည်း ရီဖူရှင်းကို အဆုံးမသတ်ခဲ့ချေ။ သူသည် ရီဖူရှင်း မဟာအင်ပါယာအဆင့်သို့ ရောက်သည်အထိ စောင့်ရန် ကြံရွယ်ထားသည်လော။
အကယ်၍ အရှင်ဒွန်ဟောင်သည် နှစ်(၅၀၀)ပြည့်ချိန်တွင် ရှုံးနိမ့်သွားပါက မည်သို့ ဖြစ်လာမည်နည်း။ ထိုအခါ မည်သို့ ဖြစ်မည်နည်း။
ထိုအရာသည် မည်သူမှ မတွေးဝံ့သောအရာဖြစ်သည်။
အကယ်၍ ထိုသို့သာဖြစ်လာပါက ရှေးဟောင်းနတ်ဘုရားကလန်များသည် သေချာပေါက် ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။
ဒွန်ဟောင်အင်ပါယာနန်းတော်ထဲတွင် အရှင်ဒွန်ဟောင်သည် သူ၏ နတ်အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်၏။ လမ်းကြောင်းလည်း ပျောက်ကွယ်သွားသည်။ သူသည် နေရာတွင် တိတ်တဆိတ်ထိုင်နေပြီး ဝေချီဘုတ်ပြားကိုသာ အာရုံစိုက်နေလေသည်။ ထို့နောက် သူသည် ဘုတ်ပြားပေါ် ကျားစေ့တစ်စေ့ တင်လိုက်၏။
အရာအားလုံးသည် ပုံမှန်ဖြစ်နေသည်။ အစောက မည်သည့်ကိစ္စမှ ဖြစ်မသွားသကဲ့သို့ပင်။
နတ်ဆိုးအင်ပါယာသည် လက်ထဲတွင် ကျားစေ့တစ်စေ့ကို ကိုင်ထားပြီး အရှင်ဒွန်ဟောင်ကို စူးစိုက်ကြည့်နေလေသည်။ ထို့နောက် သူပြုံး၍ ပြောလိုက်၏။
“ခင်ဗျားရဲ့ နတ်စွမ်းအားက ထပ်ပြီး တိုးလာပြီပဲ”
“နှစ်(၅၀၀)ကျင့်ကြံခဲ့တာပဲ... ဘယ်လိုလုပ် မတိုးတက်ဘဲ နေမလဲ”
အရှင်ဒွန်ဟောင်က ခေါင်းမော့၍ ပြန်ပြောလိုက်၏။
“ခင်ဗျားလည်း အတူတူပဲ ဖြစ်မှာပါ။ ခင်ဗျားက နတ်ဆိုးချောက်ကမ်းပါးအောက်မှာ နတ်ဆိုးချောက်ကမ်းပါးရဲ့ ကပ်ဘေးတွေကို ခံနေရပြီး အဲဒီကပ်ဘေးတွေရဲ့ သန့်စင်မှုကိုပါ ခံနေရတာဆိုတော့ လက်ရှိခင်ဗျားရဲ့အဆင့်ကို မှန်းဆဖို့ ခက်လိမ့်မယ်”
နတ်ဆိုးချောက်ကမ်းပါးသည် ကောင်းကင်လမ်းစဉ်၏ အကျဉ်းထောင်အဖြစ် ကျော်ကြား၏။ ၎င်းသည် ရိုးရှင်းသောအရာမဟုတ်ချေ။
နတ်ဆိုးအင်ပါယာ၏ နက်နဲသောမျက်လုံးထဲတွင် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။ သူ အရှင်ဒွန်ဟောင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။
“ဒွန်ဟောင်... ခင်ဗျားက ရီဖူရှင်းကို အခုမသတ်ဘူးလား။ သူ အင်ပါယာဖြစ်လာပြီး ဒွန်ဟောင်အင်ပါယာနန်းတော်ကို ဖျက်ဆီးပြီးတော့ ခင်ဗျားရှေ့မှာ ရပ်နိုင်လာတဲ့အထိ စောင့်မလို့လား။ ခင်ဗျားက သူလုပ်ချင်တာ လုပ်နိုင်ဖို့ အခွင့်အရေးတစ်ခု ပေးချင်နေတာလား။ ဘာလဲ... ခင်ဗျားက အင်ပါယာရီချင် သေသွားတဲ့အပေါ် အပြစ်ရှိသလိုခံစားရလို့ သူ့ရဲ့ မျိုးဆက်အပေါ် ကောင်းပေးပြီး အပြစ်ပြန်ချေချင်နေတာလား”
“နတ်ဆိုးအင်ပါယာက အတွေးလွန်နေတာပါ”
အရှင်ဒွန်ဟောင်က ပြုံး၍ ပြောလိုက်၏။
“ကျုပ်ရဲ့ ရင်ထဲမှ အပြစ်ရှိတဲ့စိတ် ရှိတယ်ဆိုပေမယ့် ခင်ဗျားတွေးသလိုတော့ မဟုတ်ပါဘူး”
“ကျုပ် ပြောတာ မှားတယ်ဆိုရင်...”
နတ်ဆိုးအင်ပါယာသည် အရှင်ဒွန်ဟောင်နှင့် မျက်လုံးချင်းဆုံအောင် ကြည့်လိုက်၏။ သူ့မျက်လုံးများသည် ခန့်မှန်းရခက်နေသည်။ ထို့နောက် သူပြောလိုက်၏။
“အဲဒါဆိုရင်.. ပိုပြီးတော့တောင် စိတ်ဝင်စားစရာ ကောင်းလာပြီပဲ”
“ခင်ဗျား ရှုံးပြီ”
အရှင်ဒွန်ဟောင်က ဝေချီဘုတ်ပြားပေါ်တွင် သူ၏နောက်ဆုံးကျားစေ့ကို တင်လိုက်ပြီး ပြောလိုက်၏။
နတ်ဆိုးအင်ပါယာ ငုံ့ကြည့်လိုက်၏။ ထို့နောက် ခေါင်းပြန်မော့လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်လေသည်။
“အဲဒီလိုဆိုရင် ကျုပ် ဒီကစားပွဲကို တစ်ချက်လောက်ကြည့်ရမယ်ထင်တယ်။ ဘယ်သူက ကစားနေပြီး ဘယ်လို ကစားနေလဲဆိုတာကိုပေါ့”
နတ်ဆိုးအင်ပါယာသည် ထိုသို့ပြောပြီးနောက် ခြေတစ်လှမ်း လှမ်းကာ ဒွန်ဟောင်အင်ပါယာနန်းတော်မှ ပျောက်ကွယ်သွားသည်။
သူထွက်ခွာပြီးနောက်တွင် လူများစွာ ရောက်ရှိလာပြီး အရှင်ဒွန်ဟောင်ကို ဦးညွှတ်အရိုအသေးပေးလိုက်ကြသည်။ ဦးဆောင်လာသူမှာ ကောင်းကင်ဒေ၏ မင်းသမီး ဒွန်ဟောင်တိယွမ်ဖြစ်သည်။
“အရှင်အင်ပါယာ... နတ်ဆိုးအင်ပါယာက ဘာလို့ ဒီလိုလုပ်ရတာပါလဲ”
ဒွန်ဟောင်တိယွမ်ဘေးရှိ လီတောက်ရှို့က စိတ်ဝင်တစား မေးလိုက်သည်။
“ပြီးတော့ ရီဖူရှင်း ကောင်းကင်ဒေသကို ရောက်လာတာ မှော်နက်အရှင်ရဲ့ အကြံပဲထင်တယ်။ ဒီကိစ္စကြောင့် ကောင်းကင်ဒေသနဲ့ ရီဖူရှင်းကြားက ရန်ငြိုးတွေက ပိုနက်ရှိုင်းသွားပြီ မဟုတ်လား”
အရှင်ဒွန်ဟောင်က အဝေးသို့ ကြည့်သည်။ သူ၏ တည်ငြိမ်သော မျက်ဝန်းများသည် လွန်စွာ ကြည်လင်နေ၍ သူသည် လောကအတွင်းရှိ အရာအားလုံးကို ဖောက်မြင်နိုင်သည်ဟုပင် ထင်ရသည်။
“စမ်းသပ်ချက်တစ်ခု ဖြစ်လောက်မှာပေါ့”
အရှင်ဒွန်ဟောင်က ပြန်ပြောလိုက်၏။ ထို့နောက် သူသည် ဒွန်ဟောင်တိယွမ်နှင့် ကျန်လူများကိုကြည့်၍ ပြောလိုက်၏။
“ရှေးဟောင်းအင်ပါယာတွေက တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြပြီဆိုတော့ လောကကြီးက အကြီးအကျယ် ပြောင်းလဲနေတယ်။ လာမယ့်ခေတ်ကတော့ ကြီးကျယ်တဲ့ခေတ်တစ်ခေတ်ဖြစ်လိမ့်မယ်။ အတိတ်တုန်းက မင်းတို့အားလုံးက ထိပ်မှာရပ်တည်နိုင်ခဲ့တဲ့ စွမ်းအားကြီး ကျင့်ကြံသူတွေပဲ... ဒါပေမဲ့ အခုတော့ မင်းတို့ အရင်ကထက် ပိုကြိုးစားကျင့်ကြံပြီး အင်ပါယာတွေရဲ့လမ်းစဉ်အပေါ်ကို မြန်နိုင်သမျှ မြန်မြန် တက်လှမ်းနိုင်အောင် ကြိုးစားရမယ်”
“ဟုတ်ကဲ့ပါ အရှင်အင်ပါယာ...”
သူတို့အားလုံးသည် အရှင်ဒွန်ဟောင်ကို ထပ်မံ ဦးညွှတ်အရိုအသေးပေးလိုက်ကြ၏။ သူတို့သည်လည်း ဖိအားကို ခံစားနေရပေသည်။
အရှင်ဒွန်ဟောင်၏ ထိုစကားသည် ဒွန်ဟောင်အင်ပါယာနန်းတော်က ဘေးအန္တရာယ်အချို့နှင့် ရင်ဆိုင်နေရသည်ဟု အရိပ်အမြွက်ပေးခြင်းပေလော။