ထိုးဖောက်၊ ဖြိုဖျက်၊ လက်စဖျောက်
Vol. 199 Ch. 2843
ရီဖူရှင်းသည် ရီအင်ပါယာနန်းတော်သို့ ပြန်ရောက်လာပြီးနောက်တွင် ဆက်၍ သီးခြားကျင့်ကြံခဲ့သည်။ သူ၏အတွေးသည် အရှင်ဒွန်ဟောင်၏အတွေးနှင့် အတူတူပင်။ လောကကြီးသည် ကြီးမားသောပြောင်းလဲမှုများနှင့် ကြုံတွေ့နေရသည်။ အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မည်သူမှ မသိပေ။
နောက်ဆုံးတွင် နတ်ဘုရားခေတ် ရောက်ရှိလာပါက ကောင်းကင်နှင့် မြေကြီးကြားတွင် ဆက်လက်ရပ်တည်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ မိမိကိုယ်ကို စွမ်းအားကြီးလာအောင် လုပ်ခြင်းသာဖြစ်သည်။
အကယ်၍ ကံကြမ္မာဗုဒ္ဓနှင့် လောကတစ်ခွင်လုံး၏ ခန့်မှန်းချက်သာ မှန်ပါက နောက်နှစ်အနည်းငယ်အတွင်း၌ သူသည် အရှင်ဒွန်ဟောင်နှင့် နောက်ထပ်တိုက်ပွဲတစ်ပွဲ ဆင်နွှဲရပေလိမ့်မည်။ သူ၏ ကိုယ်ပိုင်လောကထဲတွင် ကျင့်ကြံမည်ဆိုလျှင် သူ ဆယ်စုနှစ်များစွာ ကျင့်ကြံနိုင်ဦးမည်ဖြစ်သည်။
ထို့ကြောင့် သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်ပန်းတိုင်မှာ သူ၏ ကောင်းကင်လမ်းစဉ်အသေးစားကို အဆက်မပြတ် တိုးတက်လာအောင် လုပ်ရန်ဖြစ်သည်။ ထိုမှသာ သူသည် အရှင်ဒွန်ဟောင်နှင့် ယှဉ်နိုင်မည်ဖြစ်သည်။
ယခုတွင် သူ၏စွမ်းအားသည် အရှင်ဒွန်ဟောင်ထက် တစ်ဆင့်နိမ့်နေပေသေးသည်။
ရီအင်ပါယာနန်းတော်ထဲတွင် ရီဖူရှင်းက ကောင်းကင်လမ်းစဉ်အသေးစား၏ အချိန်ကို ပြောင်းလဲခဲ့သည်။ ထို့ကြောင့် အချိန်ကွာဟမှုသည် ပို၍ ကြီးမားလာသည်။ သူသည် အာကာဟင်းလင်းပြင်သို့ သွား၍ လှံအတတ်များကို ဆက်၍ ကျင့်ကြံနေလိုက်သည်။
မြောက်မြားစွာသော ဝိညာဉ်ပုံရိပ်များ ထွက်ပေါ်လာ၏။ ထို့နောက် လှံများသည် တစ်ချိန်တည်း ထိုးထွက်သွားကြသည်။ လှံချက်တိုင်းတွင် ထူးကဲသော စွမ်းအားတစ်ခု ပါဝင်ပေသည်။ ထိုစွမ်းအားသည် လောကကြီး၏ အလယ်ဗဟိုကိုပင် အလွယ်တကူ ဖောက်ထွင်းနိုင်စွမ်းရှိသည်။
အရှင်ဟောင်ထျန်းနှင့် အရှင်ယွမ်ရှစ်တို့ကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲသည် သူ့ကို အတွေးသစ်၊ အကြံသစ်များ ပေးခဲ့သည်။ သူ၏ လှံအတတ်များသည် ကွဲပြားသော စည်းမျဉ်းနတ်စွမ်းအားများဖြင့် ဆက်စပ်နေသည်။ ထိုအထဲမှ အဓိကစွမ်းအားမှာ အချိန်နှင့်နေရာစည်းမျဉ်းစွမ်းအားဖြစ်သည်။ တိုက်ခိုက်လိုက်သည့်အခိုက်တွင် သူ့လှံအတတ်၏ အချိန်နှင့်နေရာစည်းမျဉ်းသည် ပြင်ပလောကမှ စည်းမျဉ်းနှင့် ကွဲပြားပေသည်။ ထို့ကြောင့် ၎င်းသည် အချိန်နှင့်နေရာကို တွန့်ခေါက်သွားစေပြီး ကြောက်မက်ဖွယ် အချိန်နှင့်နေရာ ဝဲကတော့မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေလေသည်။
ထိုလှံချက်သည် ရီဖူရှင်းတစ်ယောက် လှံချက်ပေါင်း မရေမတွက်နိုင်အောင် စမ်းသပ်ပြီးမှ ရရှိလာသော လှံချက်ဖြစ်သည်။ သို့သော် ၎င်းတွင် လိုအပ်ချက်ရှိသေးသည်ဟု ရီဖူရှင်း ခံစားနေရသည်။ ထိုလှံချက်ကို ပို၍အစွမ်းထက်လာအောင် လုပ်နိုင်ပေသေးသည်။ လှံချက်တစ်ချက်တည်းဖြင့် မည်သည့် မဟာလမ်းစဉ်နတ်စက်ကွင်းကိုမဆို ထိုးဖောက်နိုင်စွမ်းရှိအောင် အစွမ်းတိုးမြှင့်နိုင်ပေသေးသည်။
မရေမတွက်နိုင်သော အရိပ်များအကြားရှိ ထိုလှံရှည်များထဲတွင် ကွဲပြားသော စည်းမျဉ်းနှင့် ဥပဒေသများ ပါဝင်နေလေသည်။ လှံချက် အစွမ်းထက်စေရန် လောကနတ်စွမ်းအားနှင့် ကောင်းကင်ဇီဝန်ခြွေနတ်စွမ်းအားတို့ကို ပေါင်းစည်းထည့်ထားသည့် လှံလည်းရှိနေသည်။ မတူညီသော အခြေအနေများအောက်တွင် မည်ကဲ့သို့သော စွမ်းအားများ ထွက်ပေါ်လာမည်ကို သူသိလိုနေသည်။ နတ်အတတ်မှနေ၍ စွမ်းအားအကြီးဆုံး တိုက်ကွက်ကို ဖန်တီးနိုင်ရန် ထိုအတွေ့အကြုံများမှ ဆက်၍သင်ယူရမည်ဖြစ်သည်။
သိမြင်နားလည်မှုအပေါ်သာ အခြေခံ၍ နတ်အတတ်ကို ဖန်တီးခြင်းသည် ခက်ခဲပေသည်။ ထိုအတတ်ကို အဆက်မပြတ် သုံးသပ်၊ အဖန်ဖန် စမ်းသပ်ပြီးခါမှ ပြီးပြည့်စုံသော အခြေအနေကို ရရှိမည်ဖြစ်သည်။
ရီဖူရှင်းသည် သူ၏ကျင့်ကြံခြင်းတွင် အပြည့်အဝ စိတ်နစ်နေသည်။ သူသည် လှံအတတ်များကို အဖန်ဖန် လေ့လာသုံးသပ်နေလေသည်။ ထိုလှံအတတ်များသည် ကောင်းကင်ဇီဝိန်ခြွေနတ်ဓား၏ စွမ်းအားထက်ပင် သာလွန်နိုင်ပြီး သူ၏တိုက်ခိုက်စွမ်းရည်ကို တိုးတက်စေလိမ့်မည်ဟု သူခံစားနေရလေသည်။
နတ်ဘုရားခေတ်ရောက်လာလျှင် လောကထဲ၌ မဟာအင်ပါယာများ ပို၍များစွာ ထွက်ပေါ်လာမည်ဖြစ်သည်။ ထိုအခါ မည်သူ၏ စည်းမျဉ်းဥပဒေသများနှင့် မည်သူ၏ နတ်အတတ်က စွမ်းအားအကြီးဆုံးဖြစ်သည်ဆိုသော အချက်အပေါ်တွင် မူတည်ပေလိမ့်မည်။
ရီဖူရှင်းသည် ဤတစ်ခေါက်ကျင့်ကြံရာတွင် အချိန်များစွာ အသုံးပြုခဲ့သည်။ သူသည် လှံချက်တစ်ချက် ရရှိရန် ဆယ်နှစ်နီးပါး ကျင့်ကြံခဲ့လေသည်။ သူ့အတွက် လက်ရှိတွင် ကျင့်ကြံခြင်းသည်သာ ပထမဦးစားပေးဖြစ်သည်။ အရင်တစ်ခေါက်က နတ်ဆိုးလောကမှ ထိုကျင့်ကြံသူများကြောင့်မဟုတ်လျှင် သူသည် အပြင်သို့ သွားခဲ့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ အပြင်သို့သွားလျှင်လည်း များစွာ စွမ်းဆောင်နိုင်မည် မဟုတ်ကြောင်း သူသိ၍ဖြစ်သည်။ သို့သော် သူသာ အရှင်ဒွန်ဟောင်ကို ယှဉ်နိုင်ရန် လိုအပ်သည့်စွမ်းအားကို ရရှိသွားလျှင် ရှေးဟောင်းနတ်ဘုရားကလန်များကို သူ့စိတ်ကြိုက် ဖျက်ဆီးပစ်နိုင်ပေသည်။
ယခုတွင် ရီဖူရှင်းသည် ကြယ်တာရာလောကတစ်ခုအရှေ့တွင် ရပ်နေသည်။ သူ့လက်ထဲတွင် လှံရှည်တစ်ချောင်းရှိပြီး သူ့ခန္ဓာကိုယ်သည် လက်ခနဲဖြစ်သွားကာ သူရပ်နေသောနေရာမှ ပျောက်ကွယ်သွားသည်။ လှံရှည်သည် လေထုကို ဖောက်ထွင်းသွားပြီး ကြယ်တာရာလောကကို ထိုးဖောက်လိုက်သည်။ ရုတ်ခြည်းပင် နတ်အလင်းတန်းတစ်ခုသည် လောကကို ထုတ်ချင်းဖောက်သွားသည်။ ထို့နောက် ၎င်းသည် အရှိန်အဟုန်ဖြင့် အဝေးထိ ဆက်ပျံသန်းသွားသည်။
ကြယ်တာရာလောကအထက်တွင် အပေါက်တစ်ပေါက် ထွက်ပေါ်လာ၏။ ၎င်းသည် ထိုးဖောက်ခံလိုက်ရပေပြီ။
“ထိုးဖောက်...”
ရီဖူရှင်းသည် သူရှိခဲ့သောနေရာသို့ ပြန်သွားလိုက်၏။ သူ့လက်ထဲတွင် လှံရှည်ကို ကိုင်ထားဆဲဖြစ်သည်။ ထို့နောက် သူသည် နောက်ထပ် လှံချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။ ထိုလှံချက် ကျဆင်းသွားသောအခါ ကောင်းကင်နှင့် မြေကြီး အကြားတွင် ကျယ်လောင်သောအသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ထို့အတူ တုန်ခါမှုများလည်း ဖြစ်ပေါ်လာ၏။ လောကသည် ရုတ်ခြည်းအတွင်း ကွဲအက် ပျက်စီးသွားသည်။ ထိုပျက်စီးသွားသောလောကထဲတွင် အဖျက်မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး သောင်းကျန်းနေလေသည်။
“ဖြိုဖျက်...”
ရီဖူရှင်းသည် တည်ငြိမ်ပုံပေါ်နေ၏။ သူ့လက်ထဲတွင် လှံရှိနေသေးပြီး အဝေးရှိ အခြားလောကတစ်ခုကို ကြည့်သည်။ သူ့လက်ထဲရှိ လှံမှ ထွက်ပေါ်လာသော နတ်စွမ်းအားသည် အလွန်ပင် အံ့အားသင့်စရာကောင်းပေသည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် တည်ငြိမ်နေသည်။
နောက်လှံချက်သည် သူ၏ ဆယ်နှစ်ကြာကျင့်ကြံခြင်း၏ နောက်ဆုံးလှံချက်ဖြစ်သည်။ ၎င်းသည် စွမ်းအားအကြီးဆုံးလှံချက်ပင်။
ထိုလှံချက်ကို ထုတ်လွှတ်လိုက်လျှင် အပျက်အစီးများဖြင့်သာ အဆုံးသတ်သွားမည်ဖြစ်သည်။
အတွေးတစ်ချက်ဖြင့် သူပျောက်ကွယ်သွားသည်။ ထို့နောက်တွင် လှံသည် သူ့အရှေ့ရှိ ကြယ်တာရာလောကတစ်ခုနှင့် ထိတိုက်သွားသည်။
ဝုန်း...
ကျယ်လောင်သော ထိတိုက်သံတစ်သံကိုနှင့်အတူ ကြောက်မက်ဖွယ် ဝဲကတော့ကြီးတစ်ခု ထွက်ပေါ်လာ၏။ ထစ်ချုန်းသံများကိုလည်း ကြားလိုက်ရ၏။ ထိုလောကသည် မယုံနိုင်လောက်သော အမြန်နှုန်းဖြင့် ပြိုပျက်လာပြီး ဝဲကတော့မုန်တိုင်းကြီး၏ ကြောက်မက်ဖွယ် အရှိန်ဖြင့် ဝါးမျိုမှုကို ခံလိုက်ရလေသည်။
ရုတ်ခြည်းအတွင်းမှာပင် လောကတစ်ခွင်လုံး ပျောက်ကွယ်သွားသည်။ ထိုလောက၏ အရိပ်အယောင်တစ်ခုပင် မကျန်ခဲ့ပေ။
ထိုနေရာရှိ အချိန်နှင့်နေရာသည်ပင် တွန့်ခေါက်၍ ကျန်ခဲ့လေသည်။ ရီဖူရှင်းအရှေ့တွင် ကြောက်မက်ဖွယ် ဝဲကတော့ကြီး ရှိနေသေးပြီး အရာအားလုံးကို ဆက်လက်ဝါးမျိုနေသည်။
“လက်စဖျောက်...”
ထိုအမည်များသည် ထိုလှံအတတ်သုံးခုကို ရီဖူရှင်းပေးထားသော အမည်များဖြစ်သည်။ ၎င်းတို့၏ တိုက်ခိုက်မှုပုံစံသည် အနည်းငယ် ကွဲပြားပေသည်။ သို့သော် ၎င်းတို့၏ စွမ်းအားများသည် ငြင်း၍မရနိုင်အောင် စွမ်းအားကြီးလေသည်။
၎င်းလှံအတတ်များမှာ ထိုးဖောက်၊ ဖြိုဖျက်နှင့် လက်စဖျောက်တို့ ဖြစ်သည်။
ရီဖူရှင်းသည် အတော်လေး ကျေနပ်နေ၏။ ထိုတိုက်ခိုက်မှု နတ်အတတ်ကို ဆယ်နှစ်အတွင်း ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူသာ အရှင်ဟောင်ထျန်းနှင့် ထပ်မံ ရင်ဆိုင်ရလျှင် သူ၏ရန်သူကို ယခင်တစ်ခေါက်ကကဲ့သို့ လွှတ်ပေးလိုက်ရမည် မဟုတ်ဘဲ အောင်အောင်မြင်မြင် သုတ်သင်ပစ်နိုင်တော့မည်ဖြစ်သည်။
ထို့အပြင် ထိုနတ်အတတ်၏ တိုက်ခိုက်စွမ်းအားသည် သူ၏ စည်းမျဉ်းနတ်စွမ်းအားနှင့်အတူ တိုးတက်လာမည်ဖြစ်ပြီး ပို၍အစွမ်းထက်လာဦးမည်ဖြစ်သည်။ ထို့အပြင် သူ၏ သိမြင်နားလည်မှု နက်ရှိုင်းလာလျှင်လည်း ၎င်းသည် ပို၍ အစွမ်းထက်လာမည်ဖြစ်သည်။
သူ၏ ကောင်းကင်လမ်းစဉ်အသေးစား ပြီးပြည့်စုံသွားချိန်တွင် လက်စဖျောက်လှံချက်ကိုသာ ထုတ်လွှတ်လိုက်ပါက ထိုလှံချက်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်းဟု သူတွေးတောလိုက်သည်။ ထိုလှံချက်သည် ဘုံတစ်ခုလုံးကို ဝါးမျိုသွားနိုင်မည်လော။
ရီဖူရှင်းသည် ကျင့်ကြံပြီးနောက်တွင် အခြားသူများ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှုများကို သိရရန် ကျန်လောကနေရာများကို ကြည့်သည်။
မကြာခင်တွင် သူ၏အသိစိတ်သည် နေရာတစ်ခုကို အာရုံစိုက်မိသွားသည်။ သူ၏မျက်လုံးများသည် နေရာတစ်ခုကို စူးစိုက်ကြည့်လိုက်၏။ သူသည် အကန့်အသတ်မဲ့လောကကို ဖောက်ထွင်း၍ ထိုဟင်းလင်းပြင်နေရာတွင် ရပ်နေသော ဂူတုံးလျှိုကို ကြည့်သည်။ ဂူတုံးလျှိုပတ်ပတ်လည်တွင် အကန့်အသတ်မဲ့သော ဧရာမပုံစံကွက်ကြီးတစ်ခု ရှိနေသည်။ ထို အကန့်အသတ်မဲ့သော ဧရာမပုံစံကွက်ကြီးထဲတွင် ကြောက်မက်ဖွယ် အရှိန်အဝါများရှိသော ဒီမွန်းနတ်ဘုရားများရှိနေ၏။ ထိုအာကာပြင်ကို အတုမဲ့ ဒီမွန်းစွမ်းအားက ထိုးဖောက်နေလေသည်။
ရီဖူရှင်းသည် ဂူတုံးလျှိုကို ကျင့်ကြံရန်အတွက် နတ်ဒီမွန်းပုံချပ်ကို ပေးထားခဲ့သည်။ ယခုတွင် ဂူတုံးလျှိုသည် ကျင့်ကြံနေပြီး ထိုပုံချပ်ကို သူ၏ကိုယ်ပိုင်လမ်းစဉ်အတွင်းသို့ ပေါင်းထည့်နေသည်။ သူသည် သူ၏ ကိုယ်ပိုင်နတ်စက်ကွင်းကို ဖန်တီးရန် ကြံရွယ်နေခြင်းပင်။
ထို့နောက်တွင် ရီဖူရှင်းသည် အခြားနေရာတစ်ခုကို ကြည့်လိုက်ရာ ဓားဧကရာဇ်အရှင်သည် မျက်လုံးများမှိတ်ထားပြီး ကျင့်ကြံခြင်းတွင် စိတ်နစ်နေသည်ကို တွေ့လိုက်ရ၏။ သန်းရာချီသော နတ်ဓားများသည် သူ့ကို ဝန်းရံထားပြီး သူသည် ဓားစက်ကွင်းတစ်ခု၏အလယ်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။ သူသည် ဓားအတတ်နှင့် တစ်သားတည်းကျနေသကဲ့သို့ပင်။
အခြားတစ်နေရာတွင်မူ မျက်မမြင်ထျယ်သည် မိုးကောင်းကင်ကို ထုဆစ်နေသည်။ သူ့တစ်ကိုယ်လုံးသည် တလက်လက်တောက်ပနေပြီး သူ့ကို နတ်မီးတောက်များက ဝန်းရံထားသည်။ သူ့ခန္ဓာကိုယ်သည် ကြီးမားနေပြီး သူသည် နတ်တူကြီးကိုကိုင်ကာ နတ်ပစ္စည်းကို ထပ်ခါထပ်ခါ ထုနှက်နေ၏။ ပတ်ဝန်းကျင်အာကာပြင်တွင် မရေမတွက်နိုင်အောင် များပြားသော နတ်တူပုံရိပ်များ ရှိနေသည်။ ၎င်းတို့အားလုံးသည် နတ်စွမ်းအားဖြင့် လှုပ်ရှားနေပုံပင်။ ထိုမြင်ကွင်းသည် တုန်လှုပ်ဖွယ် ကောင်းပေသည်။
ချန်ယိရှိနေသောနေရာတွင် သူ၏ခန္ဓာကိုယ်သည် အလင်းနှင့်တစ်သားတည်းဖြစ်ကာ တောက်ပလင်းလက်နေသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးသည် အလင်းနှင့် ပြည့်နှက်နေပြီး ထိုအလင်းသည် အဆုံးမဲ့ အာကာသကို အလင်းပေးနေကာ ဤလောကို လင်းလက်နေစေလေသည်။
ထို့နောက်တွင် ရီဖူရှင်းသည် အခြားသူများ ကျင့်ကြံနေသည်ကိုလည်း ကြည့်သည်။ သူ၏အတွေးများ ရွေ့လျားသွားသောအခါ ဤကောင်းကင်လမ်းစဉ်အသေးစားအတွင်းသို့ စည်းမျဉ်းနတ်စွမ်းအား ကျဆင်းလာ၏။ ထို့ကြောင့် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးသည် စည်းမျဉ်းနတ်အလင်းအောက်သို့ ရောက်သွားပြီး ဤကောင်းကင်လမ်းစဉ်အသေးစား၏ စွမ်းအားကို ခံစားလိုက်ကြရသည်။ သို့ကြောင့် သူတို့၏ ကျင့်ကြံခြင်းသည် ပို၍ မြန်ဆန်စွာ တိုးတက်လာပြီး သိမြင်နားလည်နိုင်ရန် ပို၍လွယ်ကူလာလေသည်။
သူသည် ဤကောင်းကင်လမ်းစဉ်အသေးစား၏ ဖန်တီးရှင်ဖြစ်သဖြင့် ကျင့်ကြံခြင်းအတွက် အကောင်းဆုံးအခြေအနေများကို ဖန်တီးနိုင်ခြင်းမှာ သဘာဝကျပေသည်။
ရီဖူရှင်းသည် ထိုအရာအားလုံးကို လုပ်ဆောင်ပြီးသောအခါ သူ၏ ကိုယ်ပိုင် ကောင်းကင်လမ်းစဉ်အသေးစားကို ပြီးပြည့်စုံအောင်လုပ်ရန် ဆက်လက် ကျင့်ကြံလေ့လာနေလိုက်သည်။ သူက လက်ရှိ အခြေအနေအားလုံးကို ကျေနပ်နေသည်။ အချိန်စီးဆင်းနှုန်းသည် ကွာခြားနေပြီး ရီအင်ပါယာနန်းတော်မှ လူများသည် အချိန်နှင့်အမျှ ပြင်ပမှ ကျင့်ကြံသူများကို သေချာပေါက် မီလာနိုင်မည်ဖြစ်သည်။ နတ်ဘုရားခေတ်ရောက်လာလျှင်ပင် ရီအင်ပါယာနန်းတော်အတွက် နေရာတစ်နေရာ ရှိပေလိမ့်မည်။