ကျိဝူတောက်၏ အစွမ်း
Vol. 199 Ch. 2844
ရီဖူရှင်းနှင့် ရီအင်ပါယာနန်းတော်မှသူများ ရီအင်ပါယာနန်းတော်ထဲတွင် ကျင့်ကြံနေစဉ်တွင် အခြားသူများသည်လည်း အချိန်ဖြုန်းမနေကြပေ။ အားလုံးသည် အလွန် ကြိုးစားနေကြသည်။
ယခုတွင် ကောင်းကင်ဘုံသည် ရှေးခေတ်မှ ဂုဏ်ရှိန်ဂုဏ်ဝါ တော်တော်များများကို ပြန်ရလာပြီဖြစ်သည်။ အထူးသဖြင့် ကောင်းကင်အလွှာ(၉၉)လွှာ တည်ရှိသောနေရာသည် ဂုဏ်သတင်းကြီးနေသည်။ ယခုတွင် ကောင်းကင်(၉၉)လွှာသည် ကျင့်ကြံသူများစွာ စုဝေးနေထိုင်နေသည့် အလွန် ကျော်ကြားသော နေရာတစ်ခု ဖြစ်နေလေသည်။
ထိုကျော်ကြားမှုသည် ယခင်က ကောင်းကင်(၉၉)လွှာတွင် နေရစ်ခဲ့သည့် ကျင့်ကြံသူများ မှန်းထားသည်ထက် ပိုပေသည်။
ကောင်းကင်(၉၉)လွှာအထက်တွင် ထိပ်သီးများစွာ ကျင့်ကြံနေကြသည်။ သူတို့၏ ကျင့်ကြံခြင်းအစွမ်းအားများသည် ကြောက်မက်ဖွယ်ကောင်းလှ၏။
ကောင်းကင်နန်းတော်ထဲတွင် ကျိဝူတောက်သည် ကောင်းကင်လမ်းစဉ်၏ နတ်အလင်းအောက်တွင် ကျင့်ကြံနေ၏။ သူသည် တင်ပျဉ်ခွေထိုင်နေပြီး သူ့အောက်ရှိ နတ်ကွန်ရက်တစ်ခုသည် ကောင်းကင်လမ်းစဉ်နှင့် ဆက်နွယ်နေလေသည်။ ၎င်းသည် သူ၏နတ်ခန္ဓာကို သန့်စင်မွန်းမံပေးနေသည်။
ထိုအခိုက်တွင် ကျိဝူတောက်၏ တစ်ကိုယ်လုံးသည် တလက်လက်တောက်ပလာ၏။ သူသည် ကောင်းကင်လမ်းစဉ်၏ သားတော်တစ်ပါးဟုပင် ထင်ရသည်။ သူ့နတ်ခန္ဓာကိုယ်ပေါ်ရှိ နတ်အလင်းတွင် မဟာနတ်အရှိန်အဝါတစ်ခု ပါပေသည်။ သူသည် မြင့်မြတ်သူတစ်ယောက်ဖြစ်ပြီး သူ့ဘေးမှ လူများကို သူ့အား ကိုးကွယ်ရိုကျိုးရန် အတင်းအကျပ်ပြုနေသကဲ့သို့ပင်။
ကျိဝူတောက်သည် ကောင်းကင်အင်ပါယာ၏ ပလ္လင်ကို ဆက်ခံခဲ့ပြီးပြီဖြစ်ပြီး လက်ရှိကောင်းကင်အင်ပါယာအဖြစ် အုပ်စိုးနေသည်။
သူ၏ ကျင့်ကြံခြင်းသည် ယခုအထိ မပြီးပြည့်စုံသေးသော်လည်း သူသည် ကောင်းကင်အင်ပါယာဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။ သူသည် ပြီးပြည့်စုံသောအဆင့်သို့ရောက်ရန် နီးကပ်နေပြီဖြစ်သည်။ ကျိဝူတောက်သည် ထိုအဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်၍ သူ ကောင်းကင်အင်ပါယာဖြစ်လာရန် သိပ်မလိုတော့ဟု လူများစွာက တွေးပေသည်။
ထိုအခိုက်တွင် ကောင်းကင်(၉၉)လွှာမှ ကျင့်ကြံသူတစ်ယောက် ထရပ်လိုက်၏။ သူသည် ပုံမှန်အတိုင်း ရပ်နေရုံဖြင့်ပင် လွှမ်းမိုးမှုအငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး အားလုံးကို သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့ မော့ကြည့်စေလိုက်သည်။
ထိုလူသည် အမှန်ပင် နတ်ဘုရားတစ်ပါးဖြစ်သည်။ သူသည် ရှေးဟောင်အင်ပါယာအဆင့်ရှိသူပင်။ ပို၍ အရေးကြီးသည်မှာ သူ၏ကျင့်ကြံခြင်းအဆင့်သည် မဟာအင်ပါယာအဆင့်သို့ ပြန်ရောက်သွားခြင်းပင်။ သူသည် ထွက်သွားရန် အဆင်သင့်ဖြစ်နေပေပြီ။
“ခင်ဗျားက ဘယ်သွားမလို့လဲ”
ထိုသို့မေးလိုက်သူမှာ ကျိဝူတောက်ပင်။ သူသည် ကောင်းကင်နန်းတော်အထက်တွင် တင်ပျဉ်ခွေထိုင်နေဆဲဖြစ်သည်။ သို့သော် သူသည် အောက်ဘက်မှ အရာအားလုံးကို သိမြင်နိုင်ကာ ထိုမဟာအင်ပါယာ ထွက်သွားတော့မည်ကို အာရုံခံမိခဲ့သည်ဟု ထင်ရသည်။
“ကျုပ် မဟာအင်ပါယာအဆင့်ကို ထပ်ပြီး တက်လှမ်းနိုင်ခဲ့ပြီ... အခု ကျုပ်ရဲ့အဆင့်က တည်ငြိမ်သွားပြီ။ ကျုပ် အပြင်ကိုသွားပြီး ကြည့်ရမယ့်အချိန် ရောက်ပြီ”
ထိုမဟာအင်ပါယာက ပြန်ဖြေလိုက်သည်။ သူ၏ဆံပင်သည် အလွန်ရှည်ပြီး သူ့ကျောနောက်တွင် စုချည်ထားပေသည်။ သူ့တွင် တိုသော မုတ်ဆိတ်ဖြူများရှိသည်။ သူထံမှနေ၍ နတ်ဘုရားအရှိန်အဝါတစ်ခုလည်း ထွက်နေလေသည်။
“အကြီးအကဲက ကျုပ်တို့နဲ့ နည်းနည်းလောက် ဆက်ပြီး ကျင့်ကြံသင့်တယ်။ အကြီးအကဲရဲ့ အဆင့် လုံးဝခိုင်မာသွားတဲ့အထိ စောင့်ပြီးမှ အပြင်ကိုသွားဖို့ ကြိုးစားပေါ့”
ကျိဝူတောက် ပြောလိုက်၏။
သူ့စကားများသည် ကျင့်ကြံသူများစွာကို အာရုံစိုက်သွားစေသည်။ ယခင်က ကျိဝူတောက်သည် ဤနေရာတွင် ကျင့်ကြံရန်အတွက် နေရစ်ခဲ့သူများကို ကောင်းကင်အင်ပါယာနန်းတော်၏ လူများအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ထိုလူများသည် သူ့အမိန့်ကို နာခံရမည်ဟု ပြောခဲ့ဖူးသည်။ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း၌ ကောင်းကင်နန်းတော်တွင် နေရစ်ခဲ့သူများသည် သူတို့ကိုယ်သူတို့ တိုးတက်လာအောင် လုပ်ရန်သာ အာရုံစိုက်နေကြသဖြင့် မည်သူမှ ထွက်သွားရန် မတွေးခဲ့ကြချေ။ ထို့ကြောင့် ထိုကိစ္စနှင့် ပတ်သတ်၍ မည်သည့်ပဋိပက္ခမှ မရှိခဲ့ပေ။
သို့သော် ထိုကဲ့သို့သော ပဋိပက္ခများသည် တစ်ချိန်ချိန်တွင် ဖြစ်ပေါ်လာမည်ကို အားလုံး သိပေသည်။ ထိုမဟာအင်ပါယာများသည် အမိန့်ကို နာခံတတ်သူများ မဟုတ်ပေ။ အထူးသဖြင့် သူတို့သည် လူငယ်တစ်ဦး၏ အမိန့်ကို နာခံမည်မဟုတ်ပေ။
သူတို့ ကျင့်ကြံရန်အတွက် နေရစ်ခဲ့ရသည့် အဓိကအကြောင်းမှာ သူတို့သည် ကောင်းကင်လမ်းစဉ်၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ခဲ့၍ဖြစ်သည်။ သို့သော် သူတို့သည် အင်ပါယာများ ဖြစ်လာချိန်တွင်မူ မည်သည့်နည်းနှင့်မှ ထိန်းချုပ်ခံတော့မည် မဟုတ်ချေ။
အင်ပါယာအဆင့်သည် ကျင့်ကြံခြင်းလောက၏ ထိပ်တန်းဖြစ်ပြီး အထွတ်အထိပ်အဆင့်နှင့် နီးကပ်နေပြီဖြစ်သည်။ ထိုအဆင့်သည် လောကအတွင်းရှိ အရာအားလုံးထက် မြင့်ပေသည်။ သူတို့သည် သူတို့၏အောင်မြင်မှုများအတွက် အလွန် ဂုဏ်ယူဝံ့ကြွားကြသည်။ မဟာအင်ပါယာအဆင့်သို့ တက်လှမ်းနိုင်သူများသည် အမှန်ပင် သာမန်လူများထက် သာလွန်သွားပြီဖြစ်သည်။ သူတို့အနေဖြင့် အခြားသူများကို လက်အောက်ခံရမည်ဆိုလျှင် သူတို့လက်အောက်ခံရမည့်သူသည် သူတို့ လိုလိုချင်ချင် လက်အောက်ခံရလောက်အောင် အစွမ်းအစရှိသူဖြစ်ရပေမည်။
“မဟုတ်ဘူး... အချိန်ကျနေပြီ။ ကျုပ် အပြင်ကို သွားတော့မယ်”
အဘိုးအိုသည် ထိုသို့ ပြောပြီးသည်နှင့် ပျောက်ကွယ်သွားသည်။ သူသည် ကောင်းကင်(၉၉)လွှာကို ဖြတ်သန်းသွားပြီး အပြင်သို့ ဦးတည်သွားလိုက်၏။ သူသည် ဤနေရာတွင် လိုအပ်သည်ထက် ပိုနေရန် ဆန္ဒမရှိချေ။ သူသည် ဤကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းကို စိုးရိမ်နေသည်။ အကယ်၍ ဤကောင်းကင်လမ်းစဉ်သည်သာ တစ်နည်းနည်းဖြင့် အသိစိတ်ရှိနေလျှင် ကောင်းကင်လမ်းစဉ်အောက်တွင် တိုက်ခိုက်ခြင်းသည် သေချာပေါက် ကောင်းကင်လမ်းစဉ်ကို မကျေမနပ် ဖြစ်လာစေမည်ဖြစ်၍ အန္တရာယ်ရှိပေသည်။
ထို့ကြောင့် သူသည် ငြင်းခုန်ကာ အချိန်ဖြုန်းမနေလိုဘဲ ချက်ချင်း ထွက်သွားရန် ရွေးချယ်လိုက်ခြင်းပင်။
ကောင်းကင်(၉၉)လွှာစလုံးမှ ကျင့်ကြံသူများအားလုံးသည် အဘိုးအို ထွက်ခွာသွားသည်ကို မြင်လိုက်သောအခါ မည်သို့ဖြစ်လာမည်ကို စိတ်ဝင်စားသွားကြသည်။ ရှေးဟောင်းအင်ပါယာတစ်ပါးသည် မဟာအင်ပါယာအဆင့်သို့ ပြန်ရောက်သွားပြီးနောက် သူ၏ကတိကို ဖျက်မှုသည် ယခု ပထမဆုံးအကြိမ်ဖြစ်သည်။ အခြားရှေးဟောင်းအင်ပါယာများသည်လည်း သူတို့အလှည့်ကျလျှင်လည်း ထိုသို့လုပ်ရန် ကြံရွယ်ထားကြသည်။
ထို့ကြောင့် ကျိဝူတောက်သည် ထိုသို့သော လူများကို မည်သို့ကိုင်တွယ်မည်ကို သူတို့ သိလိုနေကြသည်။
ကျင့်ကြံနေသော ကျိဝူတောက်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး အောက်ဘက်သို့ ဖျတ်ခနဲတစ်ချက်ကြည့်ကာ ထရပ်လိုက်ပြီး လျင်မြန်စွာ လျှောက်သွားလိုက်သည်။
သူတို့နှစ်ယောက်စလုံး တစ်ပြိုင်တည်း ပျောက်ကွယ်သွားကြပြီး ကောင်းကင်(၉၉)လွှာမှ ထွက်သွားသည်။
အဘိုးအိုသည် ကောင်းကင်(၉၉)လွှာအပြင်သို့ ရောက်သွားပြီး ကောင်းကင်အင်ပါယာမြို့တော်အထက်တွင် ရှိနေသည်။ သူသည် သူ့လမ်းအတိုင်း ဆက်သွားလိုက်ပြီး ကောင်းကင်ဘုံမှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားလိုနေသည်။ ကောင်းကင်(၉၉)လွှာတွင် ထိုကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်း ဆက်လက်တည်ရှိနေသေးသဖြင့် သူစိုးရိမ်နေခြင်းပင်။
ထိုအခိုက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ကျဆင်းလာပြီး အဘိုးအို မျက်မှောင်ကြုတ်လိုက်သည်။ သူ ရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်ရာ သူ့နောက်သို့ လိုက်လာသည့် ကျိဝူတောက်ကို မြင်လိုက်ရ၏။ သူပြောလိုက်၏။
“မင်းက အနာဂတ် ကောင်းကင်အင်ပါယာဆိုပေမယ့် မင်းရဲ့ မဟာလမ်းစဉ်က အခုထိ မပြီးပြည့်စုံသေးဘူး။ အဲဒါတောင် မင်းက ငါ့နောက် လိုက်လာရဲတယ်ပေါ့လေ”
သူ၏အသံထွက်ပေါ်လာသောအခါ ကောင်းကင်အရောင် ပြောင်းလဲသွားပြီး ကောင်းကင်သည် အကန့်အသတ်မဲ့သော ဧရာမ ယင်ယန်စက်ဝန်းအဖြစ် ပြောင်းလဲသွား၏။ ယင်ယန်စက်ဝန်းလည်ပတ်လာပြီး ၎င်းအတွင်း၌ ယင်ယန်ငါးတစ်စုံ ကူးခတ်နေသည်။
အောက်ဘက်ရှိ ကျင့်ကြံသူများစွာသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့သည် ကြောက်ရွံမှုဖြင့် ရင်တုန်သွားကြသည်။
အတွေးတစ်ချင်ဖြင့်ပင် ကောင်းကင်သည် ကာရံခံလိုက်ရပြီး ကွန်ရက်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ယင်ယန်စက်ဝန်းမှနေ၍ နတ်အလင်း ပျံထွက်လာ၏။ ၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ရွှီး...
ယင်ယန်စက်ဝန်းမှနေ၍ ကြောက်မက်ဖွယ် နတ်စွမ်းအား ကျဆင်းလာပြီး ၎င်းစွမ်းအားအတွင်း၌ ကောင်းကင်နှင့်မြေကြီးအကြားရှိ ဓာတ်ကြီးငါးပါး ပါဝင်သည်ဟု ထင်ရသည်။ ၎င်းသည် ကျိဝူတောက်ထံ ဦးတည်သွားနေသည်။ အဖျက်နတ်အလင်းသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး ကျိဝူတောက်ကို တိုက်ရိုက်သတ်ဖြတ်ပစ်ရန် ကြံရွယ်ထားလေ၏။
သို့သော် ကျိဝူတောက်သည် နေရာတွင် တိတ်တဆိတ်ရပ်နေပြီး မရှောင်ရှားပေ။ သူ့အပေါ်သို့ ကြောက်မက်ဖွယ်နတ်အလင်း ကျဆင်းလာသောအခါ သူ့နတ်ခန္ဓာသည် တလက်လက်တောက်ပလာပြီး နဂါးကိုးကောင်သန့်စင်ဝိညာဉ်စွမ်းအား ထိုးထွက်လာသည်။ ၎င်းသည် ကောင်းကင်လမ်းစဉ်အတွင်းရှိ စည်းမျဉ်းစွမ်းအားဖြစ်သည်။ ထိုနတ်စွမ်းအားသည် ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ကောင်းကင်လမ်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားကာ ယင်ယန်စက်ဝန်းဆီသို့ တလိပ်လိပ်ဖြင့် ဦးတည်သွားသည်။
သူ့ကို နဂါးကိုးကောင်သန့်စင်ဝိညာဉ်စွမ်းအားက ကာကွယ်ပေးနေလျှင် သူ့ခန္ဓာကိုယ်ကို ဓာတ်ကြီးငါးပါးက ထိခိုက်အောင် မလုပ်နိုင်ပေ။ ထို့အပြင် ယင်ယန်စွမ်းအားသည်လည်း သူ့ကိုယ်တွင်းသို့ ဖောက်မဝင်နိုင်ပေ။
ဝုန်း...
ကြောက်မက်ဖွယ် နတ်စွမ်းအား ထွက်ပေါ်လာပြီး ကောင်းကင်ထက်ရှိ ယင်ယန်စက်ဝန်းသည် စတင် တွန့်ခေါက်လာကာ ပုံပျက်လာသည်။ မဟာစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ယင်ယန်စက်ဝန်းကို ဝါးမျိုလိုက်သကဲ့သို့ပင်။
သူ၏ မဟာလမ်းစဉ်နတ်စက်ကွင်းသည် ပြိုပျက်နေပြီး ဝါးမျိုခံနေရသည်။ အဘိုးအိုသည် သူ့ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးကို ကြည့်လိုက်ရာ ကြောက်မက်ဖွယ် နတ်စွမ်းအားတန်းများသည် သူ၏ မဟာလမ်းစဉ်နတ်စက်ကွင်းကို ဝန်းရံပိတ်ဆို့နေသည်ကို မြင်လိုက်ရ၏။ သူ၏ စက်ကွင်းသည် ပရမ်းပတာအာကာပြင်အဖြစ် ပြောင်းလဲသွား၏။ ထိုပရမ်းပတာအာကာပြင်ထဲတွင် ကျိဝူတောက်၏ ဝိညာဉ်ပုံရိပ် ထွက်ပေါ်လာ၏။ သူသည် ဤလောက၏ ဆရာသခင်တစ်ဦးကဲ့သို့ပင်။
“အဲဒါက ဘာလဲ”
အဘိုးအိုသည် တုန်လှုပ်ကာ မျက်နှာပျက်သွားသည်။ ကျိဝူတောက်သည် မည်သို့သော သူပင်နည်း။
“ဒါက ခင်ဗျား ခင်ဗျားရဲ့ကတိကို ချိုးဖောက်လို့ ပြန်ပေးရတဲ့ တန်ကြေးပဲ”
ကောင်းကင်နှင့်မြေကြီးအကြားတွင် အသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ထို့နောက်တွင် သူသည် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်ပြီး သူ၏မဟာလမ်းစဉ်နတ်စက်ကွင်းသည် လျင်မြန်စွာ ပြိုပျက်လာကာ ပျက်စီးသွားသည်။ သူ၏နတ်စွမ်းအားသည်ပင် ဝါးမျိုခံလိုက်ရ၏။
ရွှီး...
ယင်ယန်စက်ဝန်း၏ နတ်အလင်း ဖြာထွက်လာပြီး အတုမဲ့ နတ်အလင်း တောက်ပလာသည်။ သို့သော် ကျိဝူတောက်သည် သူ၏လက်ကို တိုက်ရိုက်ဆန့်တန်းလိုက်သည်။ ယင်ယန်စက်ဝန်းသည် ရုတ်တရက် ထပ်မံကွဲအက်သွားကာ သူ့လက်များထံသို့ လျင်မြန်စွာ ပျံဝင်သွားပြီး တစ်ခုလုံးဝါးမျိုခံလိုက်ရလေသည်။
ဝုန်း...
ကျိဝူတောက်သည် အဘိုးအို၏ ဦးခေါင်းကို သူ၏ဧရာမလက်ကြီးဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ရုတ်ခြည်းပင် သူ့ခန္ဓာကိုယ်မှ နတ်စွမ်းအားသည် ကျိဝူတောက်၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။ သူ၏စိတ်ဝိညာဉ်သည်ပင် ကျိဝူတောက်၏ ခန္ဓာကိုယ်အတွင်းသို့ ဝါးမျိုခံလိုက်ရ၏။
“မင်းက ဘယ်လိုလူမျိုးလဲ”
အဘိုးအိုသည် အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံးဝါးမျိုခံလိုက်ရကာ လှိုင်းတန်းများအဖြစ် ပြောင်းလဲသွား၏။ ၎င်းလှိုင်းတန်းများအားလုံးသည်လည်း ကျိဝူတောက်၏ ဝါးမျိုခြင်းကို ခံလိုက်ရပေသည်။
အောက်ဘက်မှ ကျင့်ကြံသူများသည် မည်သည့်ကိစ္စများ ဖြစ်သွားသည်ကိုပင် မသိလိုက်ချေ။ သူတို့မြင်လိုက်ရသည်မှာ အရာအားလုံး ပုံမှန်အတိုင်း ပြန်တည်ငြိမ်သွားသောအခါ အဘိုးအို မရှိတော့သည်ကိုသာ ဖြစ်သည်။
မဟာအင်ပါယာတစ်ပါးသည် ထိုကဲ့သို့ပင် လေထဲ၌ ပျောက်ကွယ်သွားကာ ကျိဝူတောက်၏ သတ်ဖြတ်မှုကို ခံလိုက်ရလေသည်။ ထိုတိုက်ပွဲသည် လက်ရည်တူသူနှစ်ယောက်၏ တိုက်ပွဲမဟုတ်ဘဲ တစ်ဖက်သတ် ဖိနှိပ်ခဲ့သည့် တိုက်ပွဲတစ်ပွဲပင်။
ကျိဝူတောက်သည် အလွန်စွမ်းအားကြီးလာပြီလော။
“အားလုံး ကောင်းကင်အင်ပါယာကို ဦးညွှတ်ကြ”
ကောင်းကင်ဘုံမှ လူများသည် လွန်စွာစိတ်လှုပ်ရှားလာကြပြီး ကောင်းကင်ထက်ရှိ ကျိဝူတောက်အား သူတို့၏ ရိုကျိုးမှုကိုပြသရန် ဦးညွှတ်လိုက်ကြလေသည်။
နောက်ဆုံးတွင် ကောင်းကင်ဘုံသည် ပြန်လည်အင်အားကြီးလာပေပြီ။