ကောင်းကင်ဘုံမှ အုံကြွမှု
Vol. 199 Ch. 2845
ကောင်းကင်ဘုံမှ ထိုတိုက်ပွဲသတင်းသည် မကြာခင်တွင် ပျံ့နှံ့သွားတော့သည်။ ထိုတိုက်ပွဲကို လူပေါင်းများစွာ မြင်ခဲ့ရသည် မဟုတ်ပါလား။
ကျိဝူတောက်သည် နှစ်ပေါင်းများစွာ သိုသိုသိပ်သိပ်နေခဲ့သည်။ သို့သော် ယခုတွင် သူသည် လောကကြီးကို အံ့အားသင့်စေခဲ့ပေပြီ။ ကောင်းကင်နန်းတော်ဟောင်းမှတိုက်ပွဲ ပြီးကတည်းက ကျိဝူတောက် ထွက်ပေါ်လာတိုင်း လောကကြီးကို များစွာ တုန်လှုပ်စေခဲ့သည်။
ယခုတွင် သူ၏အဆင့်သည် ကောင်းကင်အင်ပါယာအဆင့်နှင့် နီးကပ်လာပြီဖြစ်သည်။
ကောင်းကင်အင်ပါယာနန်းတော်ထဲတွင် သူသည် ကောင်းကင်အင်ပါယာဟု သမုတ်ခြင်းခံခဲ့ရသည်။ သူသည် ကောင်းကင်ဘုံကို အုပ်စိုးနေသော လက်ရှိအင်ပါယာဖြစ်ပေသည်။
လောကကြီးထင်ထားသကဲ့သို့ပင် သူသည် မဟာအင်ပါယာအဆင့်သို့ရောက်ရန် အနည်းငယ် လိုသေးပေသည်။ ထို့ကြောင့် သူတို့သည် သူက ပြီးပြည့်စုံသော မဟာလမ်းစဉ်ရှိသည့် ရှေးဟောင်းအင်ပါယာတစ်ပါးကို သတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားကြချေ။ ထို့ကြောင့် ထိုသတင်းသည် မည်မျှ အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းကြောင်း သိနိုင်ပေသည်။
လောကကြီးတွင် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်လာကတည်းက တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတိုင်းသည် လောကကြီး၏ နားလည်နိုင်စွမ်းထက် ကျော်လွန်ပေသည်။
ရီအင်ပါယာနန်းတော်မှ တိုက်ပွဲတွင် အရှင်ဟောင်ထျန်းသည် ရီဖူရှင်းကို ရှုံးနိမ့်ခဲ့လေသည်။ ထို့နောက် ဟောင်ထျန်းကလန်မှ တိုက်ပွဲတွင် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်တွင်သာ ရှိသေးသော ရီဖူရှင်းသည် အင်ပါယာနှစ်ပါးကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး အင်ပါယာတစ်ပါးကို ဒဏ်ရာရစေခဲ့သည်။ အရှင်ဒွန်ဟောင်ကိုယ်တိုင် ဝင်တားခဲ့၍သာ ရီဖူရှင်း ရပ်တန့်လိုက်ခြင်းဖြစ်သည်။
အရှင်ဒွန်ဟောင်သည် ဟောင်ထျန်းကလန်တိုက်ပွဲတွင် ကိုယ်တိုင်ဝင်ပါခဲ့သည်။ သူ၏ခန္ဓာအစစ်သည် ဒွန်ဟောင်အင်ပါယာနန်းတော်တွင် ရှိနေသော်လည်း သူ၏နတ်စွမ်းအားက ရီဖူရှင်းကို ဖိနှိပ်ခဲ့သည်။ အရှင်ဟောင်ထျန်း၏ မဟာလမ်းစဉ်နတ်စက်ကွင်းသည်လည်း သူတို့နှစ်ယောက်စလုံး၏ ထွင်းဖောက်မှုကို ခံခဲ့ရသည်။
ထို့နောက်တွင် ကောင်းကင်ဘုံ၏တိုက်ပွဲ ဖြစ်ပေါ်လာခဲ့သည်။ ထိုတိုက်ပွဲတွင် ကျိဝူတောက်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် မဟာအင်ပါယာတစ်ပါးကို သတ်ဖြတ်ခဲ့သည်။ ကျိဝူတောက် သူ့ကို မသတ်ခင်က မည်သူမှ ထိုအင်ပါယာသည် မည်သည့်အင်ပါယာဖြစ်ကြောင်း မသိခဲ့ပေ။
ကျိဝူတောက် ထိုသို့ ပြုမူလိုက်ခြင်းမှာ ကောင်းကင်(၉၉)လွှာတွင် ကျင့်ကြံနေသူများကို သတိပေးရန်လည်းဖြစ်သည်။ ထိုကျင့်ကြံသူများသည် ကောင်းကင်အင်ပါယာနန်းတော်သို့ဝင်ကာ ကျင့်ကြံခွင့်မရခင်က ကတိပေးခဲ့ကြသည်။ အကယ်၍ သူတို့သည် မဟာအင်ပါယာအဆင့်သို့ ရောက်သွားအခါ ထိုကတိကို ချိုးဖျက်၍ ကောင်းကင်နန်းတော်မှ ထွက်သွားလိုခဲ့လျှင် ခြွင်းချက်မရှိ အသတ်ခံရမည်ဖြစ်သည်။
ကျိဝူတောက်သည် သူ၏ပြိုင်ဘက်ကို တမင် ကောင်းကင်လမ်းစဉ်အပြင်တွင် သတ်ပြခဲ့ခြင်းဖြစ်သည်။ ထိုသို့လုပ်လိုက်ခြင်းမှာ လောကကြီးကို သူ၏စွမ်းအားအမှန်ကို ပြရန်ပင်။ ထိုလုပ်ရပ်ကြောင့် အနာဂတ်တွင် ကတိဖျက်ကာ ထွက်ပြေးရန် ကြိုးစားဝံ့သူ နည်းသွားမည်ဖြစ်သည်။
လောကအားလုံးမှ ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီးအကြားမှ ကြီးမားသောပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော ကွဲပြားမှုကို အမှန်ပင် ခံစားလာရလေသည်။ ယခုတွင် သူတို့သည် ပြောင်းလဲမှုအဆင့်သို့ ရောက်နေခြင်းဖြစ်နိုင်ပြီး မကြာခင်တွင် ခေတ်သစ်တစ်ခေတ်သို့ ရောက်သွားနိုင်ပေသည်။ သို့မဟုတ် တစ်နည်းဆိုရလျှင် နတ်ဘုရားကုန်းမြေ ၎င်းဘာသာ ထွက်ပေါ်လာကတည်းက ခေတ်သစ်တစ်ခေတ် စတင်ခဲ့ပြီဟု ဆိုနိုင်သည်။
သို့သော် ထိုတိုက်ပွဲပြီးနောက်တွင် သတင်းကြီးတစ်ခု ပျံ့နှံ့သွားသည်။ ထိုသတင်းမှာ ကျိဝူတောက်၏ ပြစ်မှုအကြောင်းပင်။
ကျိဝူတောက်သည် လွန်စွာရက်စက်သော မဟာလမ်းစဉ်နတ်အတတ်ကို ကျင့်ကြံခဲ့သည်ဟု ဆိုကြသည်။
နတ်ဘုရားကုန်းမြေ ထွက်ပေါ်လာချိန်တွင် ကျိဝူတောက်သည် ကောင်းကင်နန်းတော်ဟောင်းမှ အမွေအနှစ်များကို အမွေဆက်ခံခဲ့ရုံသာမက ကောင်းကင်နန်းတော်ဟောင်းကိုလည်း ဖျက်ဆီးသွားခဲ့သည်။
ကျိဝူတောက်သည် ကျင့်ကြံသူများစွာကို လျှို့ဝှက်သတ်ဖြတ်ခဲ့ပြီး ထိုသူများကို ဝါးမျိုကာ သူတို့၏စွမ်းရည်များကို သူ့ကိုယ်ပိုင်စွမ်းရည်ဖြစ်အောင် လုပ်ခဲ့သည်။
မကြာသေးခင်က တိုက်ပွဲတွင် သူသည် မဟာအင်ပါယာအဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးကိုပင် ဝါးမျိုခဲ့လေသည်။
ကျိဝူတောက် ကျင့်ကြံခဲ့သော မိစ္ဆာအတတ်သည် လောကကြီးကို ဘေးဒုက္ခရောက်စေလိမ့်မည်ဖြစ်သည်။
အထူးသဖြင့် ယခုတွင် သူသည် ကောင်းကင်အင်ပါယာ၏ ပလ္လင်ကို ဆက်ခံခဲ့ပြီဖြစ်၍ ကောင်းကင်လမ်းစဉ်၏ အကူအညီကို ရရှိထားသည်။ သူ၏ပန်းတိုင်မှာ လောကအားလုံးကို ဝါးမျို၍ ကောင်းကင်လမ်းစည်ကို အသုံးပြုကာ ဘုံခုနစ်ခုလုံးကို ထိန်းချုပ်ရန်ဖြစ်ပေသည်။
ထိုသတင်း ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် များစွာသော အမြင်များ ထွက်ပေါ်လာလေသည်။ ထိုအရာသည် ကောင်းကင်လမ်းစဉ်၏ လက်စားချေမှု ဖြစ်ရမည်ဟု အားလုံးတွေးကြသည်။
ရှေးမှတိုက်ပွဲအကြောင်းသည်လည်း ပျံ့နှံ့သွားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်လမ်းစဉ်ကို ပြိုပျက်စေခဲ့သည့် တိုက်ပွဲအကြောင်းကို တစ်လောကလုံး သိရှိသွားပြီဖြစ်သည်။ ရှေးခေတ်မှ ကောင်းကင်လမ်းစဉ်က ထို ကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းကို ချန်ထားခဲ့ခြင်း ဖြစ်ရမည်ဟု သူတို့ ခန့်မှန်းနေကြသည်။ ကောင်းကင်အင်ပါယာ၏ ပလ္လင်ကို ဆက်ခံခဲ့သော ဒီဗာ၏ မျိုးဆက် ကျိဝူတောက်သည် ယခုတွင် လောကကြီးကို လက်စားချေရန် အဆင်သင့်ဖြစ်နေပေပြီ။ သူသည် အရာအားလုံးကို ပြန်ထိန်းချုပ်ကာ ဘုံခုနစ်ခုစလုံးကို အုပ်စိုးနိုင်ရန် ကြံရွယ်နေသည်။
ကျိဝူတောက်သည် ရှေးခေတ်မှ အရှင်ဒီဗာကဲ့သို့ပင် ယနေ့ခေတ် ကောင်းကင်လမ်းစဉ်ကို ကိုယ်စားပြုသူဖြစ်သည်။
ထို့အပြင် ထိုကောလာဟလများကို ယုံကြည်သူများက ထိုသတင်းမှာ အမှန်ဖြစ်သည်ဟု ပြောကြသည်။ သူတို့မြင်ခဲ့ရသည်မှ ထိုကောလာဟလများနှင့် အမှန်ပင် တူညီသည် မဟုတ်ပါလား။ မဟုတ်လျှင် ကောင်းကင်(၉၉)ဘုံရှိ ကောင်းကင်လမ်းစဉ် တစ်စိတ်တစ်ပိုင်း၏ တည်ရှိမှုနှင့် ကျိဝူတောက်အကြောင်းကို မည်သို့မှ ရှင်းပြနိုင်မည် မဟုတ်ပေ။
အားလုံးသည် လက်ရှိ မဟာအင်ပါယာခြောက်ပါးသည် ထိုကိစ္စကို မည်သို့ကိုယ်တွယ်မည်ကို ခန့်မှန်းနေကြသည်။
သူတို့သည် ကောင်းကင်ဘုံကို တိုက်ရိုက် ကျူးကျော်ကြမည်လော။
မဟာအင်ပါယာခြောက်ပါး၏ အစွမ်းကို အရှင်ဒွန်ဟောင် ထုတ်ပြခဲ့သော အစွမ်းအား အခြေခံ၍ ခန့်မှန်းနိုင်သည်။ သူတို့သည် ပြန်ရှင်လာသော မဟာအင်ပါယာများထက် သေချာပေါက် စွမ်းအားကြီးပေလိမ့်မည်။ ထို့ကြောင့် သူတို့၏အစွမ်းသည် ကျိဝူတောက်၏အစွမ်းထက် သာသလောဟူသော မေးခွန်းသာ ကျန်တော့ပေသည်။
သို့သော် ကောင်းကင်(၉၉)လွှာတွင် ကျိဝူတောက်သည် ကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်း၏ အကူအညီကို ရထား၏။ ထို့ကြောင့်လည်း မဟာအင်ပါယာခြောက်ပါးသည် ယခင်က ကောင်းကင်(၉၉)လွှာသို့ ရောက်မလာခြင်းဟု လောကအတွင်းရှိ လူများစွာက တွေးဆခန့်မှန်းနေကြသည်။
ထိုသတင်း လောကနေရာအနှံ့ကို ပျံ့နှံ့နေစဉ်တွင် တုန်လှုပ်ဖွယ် နောက်ထပ်သတင်းတစ်ခုလည်း ထွက်ပေါ်လာလေသည်။
အတိတ်တွင် အရှင်ဒွန်ဟောင်နှင့် ကောင်းကင်အင်ပါယာ၏ သမီးတော်သည် အကြင်လင်မယားဖြစ်ခဲ့ကြသည်။ ဒွန်ဟောင်တိယွမ်သည် အရှင်ဒွန်ဟောင်နှင့် ကောင်းကင်အင်ပါယာ၏ သမီးတော်တို့၏ သမီးဖြစ်သည်။ ထိုအကြောင်းသည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး လူအနည်းငယ်သာ သိပေသည်။ ယခင်က ကောင်းကင်ဒေသ၏ မိဖုရားသည် မည်သူဖြစ်ကြောင်း မည်သူမှ မသိခဲ့ပေ။
ယခုတွင် လောကကြီးသည် အရှင်ဒွန်ဟောင်၏ ကြင်ရာတော်ဇနီးမယားမှာ ကောင်းကင်အင်ပါယာ၏ သမီးတော်ဖြစ်ကြောင်း သိရှိသွားပေပြီ။ သူမသည် အတိတ်နှင့် ပစ္စုပ္ပန်မှ လူအားလုံးထက် သာလွန်သော ပါရမီရှိသည့် ပြိုင်ဘက်ကင်းတစ်ဦးဟူသော ကောလာဟလလည်း ရှိနေသည်။ သူမသည် အရှင်ဒွန်ဟောင်ထက်ပင် အစွမ်းထက်ခဲ့နိုင်သည်။
ထိုသတင်း ပေါက်ကြားသွားသောအခါ အလွန် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ အားလုံးသည် ကိစ္စနှစ်ခုကိုသာ တွေးတောနေကြသည်။ ကျိဝူတောက်သည် အမြဲပင် ဒွန်ဟောင်တိယွမ်အပေါ် မျက်နှာသာပေးခဲ့ပြီး သူမ၏တောင်းဆိုချက်များကို အကြိမ်ပေါင်းများစွာ လက်ခံခဲ့သည်။ သူတို့နှစ်ယောက် ကောင်းကင်နန်းတော်ဟောင်းတွင် တိုက်ခိုက်ခဲ့စဉ်ကပင် ကျိဝူတောက်သည် မီးကုန်ယမ်းကုန် စစ်ပွဲတစ်ပွဲ ဖြစ်မလာစေရန် အတတ်နိုင်ဆုံး ရှောင်ရှားခဲ့သည်။ ထို့နောက် ကောင်းကင်(၉၉)လွှာတွင် ကျိဝူတောက်သည် သူမနှင့်အတူ နဂါးကိုးကောင်သန့်စင်ချီအောက်တွင် ကျင့်ကြံလိုခဲ့ပြီး သူမကို ကောင်းကင်ဘုံ၏ မိဖုရားဖြစ်လာစေလိုခဲ့သည်။
ထို့အပြင် လူသားဘုံမှ တိဟောက်သည် ဒွန်ဟောင်တိယွမ်ကို လက်ထပ်ရန် ကမ်းလှမ်းခဲ့သည့်ကိစ္စလည်း ရှိခဲ့သေးသည်။ သို့သော် ထိုကမ်းလှမ်းချက်ကို အရှင်ဒွန်ဟောင်က ပြတ်ပြတ်သားသားပင် ငြင်းဆိုခဲ့သည်။ ထိုငြင်းဆိုမှုသည် စော်ကားလိုက်သည့် ငြင်းဆိုမှုဟုပင် ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အရှင်ဒွန်ဟောင်သည် တိဟောက်က ထိုက်တန်သည်ဟု မတွေးကြောင်း ထင်ရှား၍ဖြစ်သည်။
အရှင်ဒွန်ဟောင် ငြင်းခဲ့ခြင်းမှာ ယခု သိခဲ့ရသော အကြောင်းကြောင့် ဖြစ်နိုင်သည်။
အရှင်ဒွန်ဟောင်၏ ကြင်ရာတော်သည် သူ့ထက်ပင် ထူးချွန်ပေသည်။ ထို့ကြောင့် အရှင်ဒွန်ဟောင်သည် ဒွန်ဟောင်တိယွမ်ကို အလွန်ချစ်မြတ်နိုးခြင်းဖြစ်မည်။
သို့ဆိုလျှင် ဤဆက်နွယ်မှုကြောင့် ကောင်းကင်ဘုံသည် ကောင်းကင်ဒေသနှင့် အင်အားပူးပေါင်းမည်လော။
ကျိဝူတောက်သည် လက်ရှိ ကောင်းကင်အင်ပါယာဖြစ်ပြီး ဒွန်ဟောင်တိယွမ်သည် ကောင်းကင်အင်ပါယာဟောင်း၏ သမီးတော်၏ မျိုးဆက်ဖြစ်သည်။ ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသတို့ မဟာမိတ်ဖွဲ့လိုက်လျှင် မည်သို့ဖြစ်လာမည်နည်း။
ရီအင်ပါယာနန်းတော်ထဲတွင် ကျင့်ကြံနေသော ရီဖူရှင်းမှာလည်း ထိုသတင်းကို ရခဲ့သည်။
ယခုတွင် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် နန်းတော်သို့ ရောက်လာသူများ တင်ပြသည့် သတင်းများကို နားထောင်ရန် ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစားထဲမှ ထွက်လာကြပြီဖြစ်သည်။
“အရှင်ဒွန်ဟောင်နဲ့ ကောင်းကင်အင်ပါယာရဲ့ သမီးတော်...”
ရီဖူရှင်းသည် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်၏။ သူသည် တစ်ချိန်က ဓားဧကရာဇ်အရှင်ပြောပြခဲ့သော ကောင်းကင်အင်ပါယာ၏ သမီးတော်အကြောင်းကို ပြန်အမှတ်ရနေသည်။
ကောင်းကင်အင်ပါယာ၏ သမီးတော်သည် အတိတ်တွင်ဖြစ်စေ၊ ပစ္စုပ္ပန်တွင်ဖြစ်စေ ပြိုင်ဘက်ကင်းပေသည်။ သူမ မရှိလျှင် လောကကြီးသည် အရောင်အသွေးစုံတော့မည် မဟုတ်ပေ။
လောကကြီး၏ အမှန်တရာများ အဆက်မပြတ် ပေါ်ထွက်လာနေရာ မကြာခင်တွင်လည်း အခြားအကြောင်းများ ပေါ်ထွက်လာနိုင်ပေသည်။
သူ၏ ဇစ်မြစ်သည်ရော အဘယ်နည်း။
မကြာခင်တွင် ထိုအကြောင်းလည်း ထွက်ပေါ်လာနိုင်ပေသည်။
ဤလောကထဲတွင် လျှို့ဝှက်ချက်များ မည်မျှ ရှိပေသေးသနည်း။
“ဒီသတင်းကို တမင်ဖြန့်လိုက်တဲ့သူ ရှိရမယ်”
ဖန်းကိုင်သည် ခေတ္တမျှ တွေးတော၍ ထိုသို့ပြောလိုက်၏။ ထိုအကြောင်းများသည် လျှို့ဝှက်ချက်များဖြစ်သည်။ ထိုအကြောင်းများကို ထိပ်မှလူများသာ သိနိုင်ပေသည်။ သို့သော် ယခုတွင် ထိုအကြောင်းများသည် လောကတစ်ခွင်လုံးတွင် ပျံ့နှံ့နေပေပြီ။ တစ်စုံတစ်ယောက်သည် ထိုအကြောင်းများကို ထုတ်ဖော်နေကြောင်း ထင်ရှား၏။
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကျုပ်လည်း အရင်တုန်းက ကျိဝူတောက်က နည်းနည်းထူးဆန်းတယ်လို့ သတိထားမိခဲ့တယ်... ဒါပေမဲ့ မှန်းဆချက်တွေပါပဲ.. ဘာသက်သေအထောက်အထားမှ မရှိပါဘူး။ တစ်ယောက်ယောက်က ကျိဝူတောက် ဒါမှမဟုတ် လောကထဲက ထိပ်သီးတွေအားလုံးကို အာရုံစိုက်နေခဲ့တယ်ဆိုတာ သိသာနေတာပဲ။ ဒီလိုမျိုး သတင်းတွေကို မြန်မြန် ပျံ့နှံ့သွားအောင် လုပ်ဖို့ကတော့ မဟာအင်ပါယာအဆင့် အင်အားစုတွေကပဲ လုပ်နိုင်မှာပဲ”
မဟာအင်ပါယာအဆင့် အင်အားစု ခြောက်စုတွင် မည်သည့်အင်အားစုသည် တရားခံဖြစ်နိုင်ခြေအများဆုံးနည်း။
“အင်ပါယာနန်းတော်တွေရော လှုပ်ရှားပြီလား”
ရီဖူရှင်းမေးလိုက်သည်။
“လူသားဘုံက ဘုံတိုင်းကို ဆက်သားတွေ စေလွှတ်လိုက်တယ်လို့ ကျုပ်တို့ကြားတယ်။ လူသားဘုံက သမာဓိဓားကို ကိုင်ပြီး ကောင်းကင်ဘုံက ကျိဝူတောက်ကို စစ်ဆေးချင်နေတာ”
“သမာဓိဓားလား”
ရီဖူရှင်းသည် ခပ်ရွဲ့ရွဲ့ ပြောလိုက်၏။
လူသားဘိုးဘေးသည် ရှေးခေတ်မှ လူသားတစ်ဦးဖြစ်ပြီး လူသားဘုံ၏ တရားမျှတမှုကို တာဝန်ယူထားသည်။ သို့သော် သူသည် အမှန်ပင် တရားမျှတပါသလော။
“ကြည့်ရတာ ဒီသတင်းတွေကို လူသားဘုံက ဖြန့်တာ ဖြစ်လောက်တယ်”
ရီဖူရှင်း ခန့်မှန်းလိုက်သည်။
“နောက်ထပ် အုံကြွမှုတစ်ခု ဖြစ်တော့မယ်ထင်တယ်”