အခြေအနေများ ရှုပ်ထွေးလာပြီလော
Vol. 200 Ch. 2846
လူသားဘုံသည် ကောင်းကင်ဘုံနှင့် စစ်ဖြစ်ရန် ကြံရွယ်နေခြင်းလော။
သို့ဆိုလျှင် ကောင်းကင်ဒေသနှင့် ကောင်းကင်ဘုံအကြားတွင် မည်သို့သော ဆက်ဆံရေး ရှိသနည်း။
အရှင်ဒွန်ဟောင်နှင့် ပတ်သတ်မှုကြောင့် ကောင်းကင်ဘုံသည် ကောင်းကင်ဒေသနှင့် ပို၍ ရင်းနှီးလောက်ပေသည်။ သို့သော် ကောင်းကင်ဘုံ၏ လက်ရှိ အုပ်စိုးသူသည် ကျိဝူတောက်ဖြစ်သည်။
အပြင်လောကတွင် ပျံ့နှံ့နေသော သတင်းများက ကောင်းကင်ဘုံသည် ကောင်းကင်ဒေသနှင့် မဟာမိတ်ဖွဲ့ရန် စိတ်ဝင်စားနေသည်ဟု ဆိုကြသည်။ သို့သော် ထိုသတင်းသည် မှန်သလော သို့မဟုတ် အကြံသမားများ ဖန်တီးဖြန့်ဝေလိုက်သော ကောလာဟလသာလော ဆိုသည်ကို မည်သူမှ မသိကြပေ။
လောလောဆယ်တွင် အရာအားလုံး ပေါ်မလာသေးပေ။
“လူသားဘုံက လောကကြီးရဲ့ တရားဥပဒေကို လိုက်နာတယ်လို့ သူတို့ဘာသာ ပြောပေမယ့် တကယ်လို့ သူတို့ကသာ ကောင်းကင်ဘုံကို တိုက်ခိုက်ဖို့ မဟာအင်ပါယာအဆင့် အင်အားစုတွေကို လိုက်စည်းရုံးနေမယ်ဆိုရင် နန်းတော်သခင်ရဲ့ ခန့်မှန်းချက်က မှန်လောက်တယ်။ ဘုံအားလုံးမှာ ဒီလောက်မြန်မြန် သတင်းဖြန့်ဖို့ဆိုရင် မဟာအင်ပါယာအဆင့် အင်အားစုတွေရဲ့ အစွမ်းမျိုးကို လိုအပ်တယ်။ ဒီတော့ အရာအားလုံးရဲ့ နောက်ကွယ်မှာ လူသားဘုံရှိနေနိုင်တယ်ဆိုတဲ့ အချက်က ဖြစ်နိုင်ခြေများတယ်”
ဖန်းကိုင် ထောက်ခံလိုက်သည်။
“မဟာအင်ပါယာအဆင့် အင်အားစုတွေက ပြန်တုံ့ပြန်ကြပြီလား”
ရီဖူရှင်း မေးလိုက်၏။
“အင်း...”
သူ့ဘေးမှ ကျူးကော့မင်းယွီက ပြောလိုက်၏။
“ကောင်းကင်ဘုံမှာ ပြီးပြည့်စုံတဲ့ ကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်း ရှိနေတော့ လူအများစုက အဲဒါက ကောင်းကင်လမ်းစဉ်ရဲ့ အကြွင်းအကျန်တစ်ခုဖြစ်မယ်လို့ တွေးကြတယ်။ ဘုံခုနစ်ခုက အဲဒါကို ဘယ်လိုလုပ် မလိုချင်ဘဲ နေမှာလဲ။ လက်ရှိမှာ ကောင်းကင်ဘုံနဲ့ ပတ်သတ်တဲ့ ကောလာဟလတွေ ပျံ့နှံ့နေတော့ မဟာအင်ပါယာအဆင့် အင်အားစုတွေက ရေလိုက်သင့်၊ ငါးလိုက်သင့် မျှောလိုက်သွားဖို့ ဝန်လေးမှာ မဟုတ်ဘူး။ အခြေအနေတွေအပေါ် မူတည်ပြီး ပြောရရင်တော့ သူတို့က လူသားဘုံရဲ့အကြံကို သဘောတူနိုင်ခြေများတယ်”
“ကျုပ်လည်း မင်းယွီပြောတာကို လက်ခံတယ်”
အရှင်ထိုက်ရွှမ်က ဝင်ပြောလိုက်၏။
“ဒီတော့ ကောင်းကင်ဘုံက ဘေးအန္တရာယ်ကြီးတစ်ခုနဲ့ ရင်ဆိုင်ရတော့မှာပေါ့လေ”
ရီဖူရှင်း ရေရွတ်လိုက်သည်။
“ဒါပေမဲ့ ကျိဝူတောက်က သူ့ရဲ့အစွမ်းအကုန်ကို ထုတ်ပြဝံ့တယ်ဆိုတော့ သူက ဖြစ်လာမယ့် ကိစ္စတွေအတွက် ပြင်ဆင်ထားလောက်တယ်။ ကောင်းကင်(၉၉)လွှာ အထက်က အဲဒီ ကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းက သူ့ကို ယုံကြည်မှုရှိစေတာ ထင်တယ်”
“ကျိဝူတောက်က နှစ်ပေါင်းများစွာ သိုသိုသိပ်သိပ် စောင့်ဆိုင်းနေခဲ့တာပဲ... အခု သူက သူ့ရဲ့အခွံထဲက ဖောက်ထွက်လာနိုင်တာနဲ့ သူ့ရဲ့အစွမ်းတွေကို ဖုံးကွယ်ဖို့ အရေးမစိုက်တော့ဘူး။ သူက ပြန်ရှင်သန်လာတဲ့ ရှေးဟောင်အင်ပါယာတစ်ပါးကိုတောင် တစ်ခဏအတွင်း သတ်ပစ်လိုက်သေးတယ်။ သူက မဟာအင်ပါယာအဆင့် အင်အားစုတွေကို မကြောက်တော့ဘဲ သူတို့နဲ့ ရင်ဆိုင်ဖို့ ယုံကြည်မှု ရှိနေတာ ဖြစ်နိုင်တယ်”
ဖန်းကိုင်ပြောလိုက်၏။
“အဲဒီ ကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်း အောက်မှာဆိုရင် ကျိဝူတောက်ရဲ့ အစွမ်းက ပိုပြီး ကြီးမယ်လို့ ကျုပ် ထင်တယ်”
ကောင်းကင်လမ်းစဉ်သည် အသိစိတ်ရှိကြောင်း သူတို့သိပေသည်။ ထိုအချက်သည် ခန့်မှန်းချက်မဟုတ်ဘဲ အမှန်တရားဖြစ်သည်။ သူတို့သည် (၉၉)လွှာမြောက် ကောင်းကင်တွင် နှစ်(၂၀)ကျော် ကျင့်ကြံခဲ့သဖြင့် ၎င်းကို သူတို့၏ မျက်စိများဖြင့် မြင်ခဲ့ရလေသည်။
“နန်းတော်သခင်”
အပြင်ဘက် ကောင်းကင်လှေကားအောက်မှ အသံတစ်သံက လှမ်းခေါ်လိုက်သည်။ ရီဖူရှင်း၏ အာရုံသည် အပြင်ဘက်သို့ ရောက်သွား၏။ သူမေးလိုက်သည်။
“ဘာကိစ္စလဲ”
“နန်းတော်သခင်... လူသားဘုံက တမန်တစ်ဖွဲ့ ရောက်နေပါတယ်... သူတို့က နန်းတော်သခင်နဲ့ တွေ့ခွင့်တောင်းနေပါတယ်”
ထိုလူက ပြန်ဖြေလိုက်သည်။ သူသည် ကောင်းကင်လှေကားအောက်တွင် ရပ်နေသော်လည်း သူပြောသည်ကို ရီဖူရှင်းကြားရကြောင်း သူသိပေသည်။
“သူတို့ကို လာခိုင်းလိုက်ပါ”
ရီဖူရှင်းက ပြန်ပြောလိုက်၏။
“ဟုတ်ကဲ့ပါ နန်းတော်သခင်”
ထိုလူသည် ပြန်သွားပြီး ရီဖူရှင်း၏ အမိန့်ကို ထမ်းဆောင်လိုက်သည်။ အခြားသူများသည် အဝေးသို့ ကြည့်လိုက်၏။ ဖန်းစွင်ပြောလိုက်၏။
“ဒီလူတွေက တကယ့်ကို မြန်မြန် ရောက်လာတာပဲ။ လူသားဘုံက ကျင့်ကြံသူတွေက ကျုပ်တို့နဲ့ ဘယ်တုန်းကမှ သိပ်ပြီး ရင်းနှီးခဲ့တာ မဟုတ်ဘဲနဲ့တောင် သူတို့က ဒီကို ရောက်လာရဲသေးတယ်”
ယခင်တစ်ခေါက်ကလည်း လူသားဘုံသည် ရီအင်ပါယာနန်းတော်သို့ လာခဲ့သည်။
“ကျင့်ကြံခြင်းလောကရဲ့ လက်ရှိအခြေအနေက ကစားပွဲရဲ့ အထွတ်အထိပ်ကို ရောက်နေသလိုပဲ... လောကကြီးကို ဘယ်သူ အုပ်စိုးမလဲဆိုတာကို တိုက်ရိုက်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီ။ ဒီအခြေအနေမှာ ထာဝရရန်သူဆိုတာလည်း မရှိသလို ထာဝရမိတ်ဆွေဆိုတာလည်း မရှိဘူး။ လူသားဘုံ ဒီကိုရောက်လာမယ်ဆိုတာ ကြိုသိနိုင်ပါတယ်”
ဖန်းကိုင်က ပြန်ပြောလိုက်၏။
ဖန်းစွင်သည် အလေးအနက် ခေါင်းညိတ်လိုက်သည်။ ထိုသို့ ပြောလိုက်သူမှာ သူ၏အဘိုးပင် မဟုတ်ပါလား။ ရီဖူရှင်းမှာလည်း သူတို့အမြင်ကို လက်ခံပေသည်။ ဘုံခုနစ်ခုကြားမှ ဆက်ဆံရေးသည် အမြဲပင် ရှုပ်ထွေးခဲ့သည်။ နတ်ဆိုးအင်ပါယာက အင်ပါယာရီချင်၏ သေဆုံးမှုကို ထုတ်ပြောခဲ့သည်။ အင်ပါယာရီချင် သေဆုံးခဲ့ရခြင်းမှာ အင်ပါယာခြောက်ပါး၏ သဘောထားကြောင့်သာဖြစ်သည်။
သို့သော် လက်ရှိတွင် နတ်ဘုရားခေတ်ရောက်လာပေတော့မည်။ မဟာအင်ပါယာခြောက်ပါးသည် မဟာအင်ပါယာတစ်ပါး၏ သေခြင်း၊ ရှင်ခြင်းကို မဆုံးဖြတ်နိုင်တော့ပေ။ လက်ရှိ သူတို့ ရင်ဆိုင်နေရသော အခြေအနေသည် အရင်ကထက် ပိုရှုပ်ထွေးလေသည်။ ပရမ်းပတာခေတ်တစ်ခု စတင်တော့ပေမည်။
ခေတ္တကြာပြီးနောက် လူသားဘုံမှ ကျင့်ကြံသူများသည် ကောင်းကင်လှေကားအခြေသို့ ရောက်လာကြသည်။ ဤတစ်ခေါက်တွင် သူတို့သည် ယခင်တစ်ခေါက်ကလောက် မရိုင်းပြကြပေ။ သူတို့သည် ကောင်းကင်လှေကားအောက်တွင် လေးလေးစားစားရပ်ကာ အရိုအသေပေးလိုက်သည်။
“နန်းတော်သခင်ရီကို နှုတ်ခွန်းဆက်သပါတယ်”
လူသားဘုံမှ ကျင့်ကြံသူများကို ဦးဆောင်လာသူမှာ ရှေးဟောင်းအင်ပါယာတစ်ပါး ဖြစ်လေသည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် အလွန် တလေးတစား ပြုမူနေသည်။ ထို့ကြောင့် ရီဖူရှင်းက အနည်းငယ် အံ့အားသင့်သွားသည်။ သူတို့သည် စိတ်ပြောင်းသွားခြင်းလော။
“ဒီနေ့ ခင်ဗျားတို့ ဒီကို ဘာလို့ ရောက်လာတာလဲ”
ရီဖူရှင်းသည် အဝေးမှ မေးလိုက်သည်။
“ကောင်းကင်ဘုံမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတချို့ကို နန်းတော်သခင်ရီလည်း ကြာပြီးလောက်မှာပါ။ ကျိဝူတောက်က မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံခဲ့တယ်။ ပြီးတော့ သူက ကောင်းကင်လမ်းစဉ်ရဲ့ အကူအညီနဲ့ နေ့စဉ်နဲ့အမျှ ရည်ရွယ်ချက် ကြီးမားလာတယ်။ နောက်ကျရင် သူက ဘေးအန္တရာယ်ကြီးတစ်ခုကို ဖြစ်စေပြီး လောကကြီးကို ဒုက္ခများစေပါလိမ့်မယ်။ အဲဒါကြောင့် ကောင်းကင်(၉၉)လွှာကို အတူကျူးကျော်ကြပြီး ကောင်းကင်ဘုံကနေ တရားမျှတမှု တောင်းဖို့ လူသားဘုံက သမာဓိဓားနဲ့ အင်အားစုတွေအကုန်လုံးကို လိုက်ပြီး ဖိတ်ခေါ်နေတာပါ။ အခု နန်းတော်သခင်ရီက မဟာအင်ပါယာတစ်ပါး ဖြစ်လာတော့မှာဆိုတော့ ရီအင်ပါယာနန်းတော်ကလည်း မဟာအင်ပါယာအဆင့် အင်အားစုတစ်စု ဖြစ်နေပါပြီ။ ဒီတော့ ကျုပ်တို့က ကျုပ်တို့နဲ့အတူ ဒီဘေးအန္တရာယ်ကို ရှင်းဖို့ နန်းတော်သခင်ရီကို လာဖိတ်ခေါ်တာပါ”
လူသားဘုံမှ ကျင့်ကြံသူသည် ကျယ်လောင် ရှင်းလင်းစွာ ပြန်ပြောလိုက်၏။
ရီဖူရှင်းသည် ထိုသူ၏စကားကို နားထောင်၍ ပြန်တုံ့ပြန်လိုက်၏။
“ရီအင်ပါယာကနန်းတော်က အင်အားစုအသစ်တစ်ခုပါ... သေးငယ်ပြီး အခုထိ အပြည့်အဝမတည်ထောင်ရသေးပါဘူး။ ပြီးတော့ ကျုပ်က မဟာအင်ပါယာဖြစ်လာနိုင်မယ့်အဆင့်မှာပဲ ရှိပါသေးတယ်။ လက်ရှိလောကမှာ မဟာအင်ပါယာအဆင့် ကျင့်ကြံသူတွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြပြီ... ပြီးတော့ ခင်ဗျားကလည်း မဟာအင်ပါယာတစ်ပါးပဲ... ကျုပ်လို အစွမ်းသိပ်မရှိတဲ့သူတစ်ယောက်က ဘယ်လိုလုပ် လူသားဘုံရဲ့ တွဲဘက်မဟာမိတ် ဖြစ်လာနိုင်မှာလဲ”
လူသားဘုံသည် သူ့ကို သူတို့နှင့်အတူ အရှုပ်အထွေးထဲ ဆွဲခေါ်သွားချင်နေသည်လော။
ကျိဝူတောက်သည် အလွန် အရည်အချင်းရှိပြီး ယခင်က သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့စဉ်တွင် သူ့ကိုပင် ဝါးမျိုလိုခဲ့ကြောင်း သူသိပေသည်။ သို့သော် သူသည် ထိုအကြောင်းမျှနှင့် ဤကိစ္စအတွင်း ဝင်ပါမည်မဟုတ်ပေ။ ကောင်းကင်ဒေသတွင် အရှင်ဒွန်ဟောင်၏ ဝင်ပါမှုက သူ၏အစွမ်းသည် အလွန်အားနည်းနေသေးကြောင်း ရီဖူရှင်း သဘောပေါက်သွားသည်။ သူသည် အရှင်ဒွန်ဟောင်ကိုမီရန် ခြေလှမ်းပေါင်းများစွာ လိုပေသေးသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် သူက အင်ပါယာခြောက်ပါးကို ခြေရာတိုင်းရန် အရည်အချင်းမမီသေးဟု တွေးထားသည်။ သူ ဝင်ပါခဲ့လျှင် သူသည် အသေခံတပ်သားတစ်ယောက်သာ ဖြစ်သွားပေလိမ့်မည်။
သူ့အတွက် အရေးကြီးသည့်ကိစ္စမှာ ကျင့်ကြံခြင်းသာဖြစ်သည်။
“နန်းတော်သခင်ရီ... ကိုယ့်ကိုယ်ကို အဲဒီလောက်ကြီး မနှိမ့်ချပါနဲ့”
လူသားဘုံမှ ကျင့်ကြံသူက ဆက်ပြောလိုက်၏။
“ကောင်းကင်ဒေသက တိုက်ပွဲတုန်းက နန်းတော်သခင်ရီက အင်ပါယာနှစ်ပါးကို တိုက်ခိုက်ခဲ့တာပါ။ တကယ်လို့ အရှင်ဒွန်ဟောင်သာ ဝင်မပါဘူးဆိုရင် နန်းတော်သခင်ရီက သူတို့နှစ်ယောက်စလုံးကို သတ်နိုင်ခဲ့မှာပဲ။ အဲဒီလိုအစွမ်းက လောကကြီးကိုတောင် တုန်လှုပ်စေခဲ့ပါပြီ။ နန်းတော်သခင်ရီရဲ့ အစွမ်းနဲ့သာဆို နောက်ကျ နန်းတော်သခင်ရီ လမ်းစဉ်ကို သက်သေပြပြီးသွားရင် နန်းတော်သခင်ရီက သေချာပေါက် လောကကြီးရဲ့ ထိပ်သီးတစ်ယောက် ဖြစ်လာမှာပဲ”
“အဲဒါက ကြိုပြောလို့ရနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး”
ရီဖူရှင်း ပြုံး၍ ပြောလိုက်၏။
“ဒါပေမဲ့ ဘုံတိုင်း ပါမယ်ဆိုရင်တော့ ကျုပ်လည်း အားလုံးကို အားပေးရအောင် နောက်ကလိုက်ချင်ပါတယ်”
ထိုလူသည် ရီဖူရှင်း၏စကားများကို ကြားလိုက်သောအခါ ကောင်းကင်လှေကားထိပ်ကို မော့ကြည့်သည်။ ထို့နောက် ထိုဦးဆောင်လာသူက ပြောလိုက်၏။
“အဲဒီလိုဆိုရင်တော့ ဘုံခြောက်ခု လှုပ်ရှားတဲ့အချိန်ကို နန်းတော်သခင်ရီ မလွဲစေပါနဲ့”
“လွဲမှာ မဟုတ်ပါဘူး”
ရီဖူရှင်းက ပြန်ပြောလိုက်၏။
“အဲဒီလိုဆို အခု ကျုပ်တို့ နှုတ်ဆက်ပါတယ်”
ထိုလူက ပြော၏။
“ကောင်းကောင်းသွားပါ”
ရီဖူရှင်းက ပြန်ပြောလိုက်၏။
လူသားဘုံမှ ကျင့်ကြံသူများ ရီအင်ပါယာနန်းတော်မှ ထွက်သွားသောအခါ ရီဖူရှင်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လူသားဘုံ၏ ရည်ရွယ်ချက်ကို သိပ်နားမလည်ပေ။ အဘယ်ကြောင့် သူတို့သည် သူ့ကို ဖိတ်ခေါ်ရသနည်း။
“လူသားဘုံက ဒီကို ရောက်လာတယ်ဆိုမှာတော့ သူတို့က သူတို့ရဲ့ ဗျူဟာတွေကို တခြားဘယ်အင်အားစုတွေက သဘောတူမလဲဆိုတာ သိရအောင် ဘုံခြောက်ခုလုံးကိုလည်း သွားလောက်မှာပဲ...”
ရီဖူရှင်း ပြောလိုက်၏။ အားလုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံးသည် သတင်းများ ထပ်ရောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။
ယခုတွင် ဘုံအားလုံးကို နတ်ဘုရားကုန်းမြေမှတဆင့် ဆက်သွယ်ထားလေသည်။ ထို့ကြောင့် သတင်းများသည် ပို၍ လျင်မြန်ထိရောက်စွာ ပျံ့နှံ့နေသည်။ သူတို့သည် နတ်ဘုရားကုန်းမြေတွင် စုဝေးရန် ရွေးချယ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲလာသည့် အခြေအနေတိုင်း၏ သတင်းများကို အလွယ်တကူ ရရှိနိုင်၍ဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက် ရီအင်ပါယာနန်းတော်သို့ သတင်းရောက်လာသည်။
လူသားဘုံသည် ကောင်းကင်ဘုံနှင့် တိုက်ခိုက်ရန် ဘုံခြောက်ခုလုံးကို ဖိတ်ခေါ်ခဲ့သည်။ နတ်ဆိုးလောက၊ ဗလာနတ္တိဘုံနှင့် မှော်နက်လောကတို့သည် ဖိတ်ခေါ်ချက်ကို လက်ခံခဲ့ကြသည်။ ဗုဒ္ဓလောကမှာမူ ခြွင်းချက်ဖြစ်သည်။ သို့သော် ထိုအခြင်းအရာသည် သာမန်မဟုတ်ဟု မည်သူမှ မထင်ခဲ့ပေ။ ဗုဒ္ဓလောကသည် အမြဲလိုပင် လောကကိစ္စများတွင် သိပ်မပါဝင်ခဲ့ပေ။
သို့သော် ကောင်းကင်ဒေသ၏ ငြင်းဆိုမှုမှာမူ အနည်းငယ် စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ရီအင်ပါယာနန်းတော်ထဲတွင် ရီဖူရှင်းနှင့် အခြားသူများသည် ကောင်းကင်ဒေသ၏ ငြင်းဆိုမှုအကြောင်းကို ကြားလိုက်သောအခါ အနည်းငယ် အံ့အားသင့်သွားကြသည်။
“အခု အပြင်လောကမှ အခြေအနေဘယ်လိုရှိလဲ”
ရီဖူရှင်း မေးလိုက်သည်။
“ဘုံအားလုံးက အချိန်မရွေး စတင်ထွက်ခွာတော့မှာပါ။ ကောင်းကင်ဘုံကလည်း ကောင်းကင်ဒေသနဲ့ လျှို့ဝှက်မဟာမိတ်ဖွဲ့ခဲ့တာ ဖြစ်နိုင်တယ်”
တစ်စုံတစ်ယောက်က ပြန်ပြောလိုက်၏။
ရီဖူရှင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ဤကိစ္စနောက်ကွယ်တွင် သူတို့မမြင်နိုင်သော အရာများ ရှိလိမ့်ဦးမည်ဟု သူ ခံစားနေရသည်။ ကိစ္စများသည် ထင်သလောက် ရိုးရှင်းမည် မဟုတ်ချေ။