ပျောက်ဆုံးနေသူ
Vol. 200 Ch. 2849
ကောင်းကင်ပြက္ခဒိန်၊ (၁၀၁၈၁၃)ခုနှစ်...
အရှင်ဒွန်ဟောင်၏ နှစ်(၅၀၀) အင်ပါယာကံကြမ္မာ ပြည့်ရန် (၂)နှစ်သာ လိုတော့ပေသည်။
ဘုံခုနစ်ခု၏ အခြေအနေသည် ပို၍ ပို၍ ထိလွယ်ရှလွယ် ဖြစ်လာလေသည်။ လူသားဘုံ၊ နတ်ဆိုးလောက၊ ဗလာနတ္တိဘုံနှင့် မှော်နက်လောကတို့သည် ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသတို့ကို ဆန့်ကျင်ကာ မဟာမိတ်ဖွဲ့လာကြသည်။ သို့သော် သူတို့သည် ကောင်းကင်(၉၉)လွှာကို မသိမ်းပိုက်နိုင်ခဲ့သဖြင့် လက်လျှော့လိုက်ရ၏။ ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် အခြားလောကအားလုံးမှ လာခဲ့သူဖြစ်သည်။ ထို့ကြောင့် သူတို့ ကောင်းကင်ဘုံကို သိမ်းပိုက်လျှင်လည်း အလကားသာဖြစ်သည်။
သို့ဖြစ်၍ ဘုံအားလုံးသည် ကောင်းကင်ဒေသကိုသာ ပစ်မှတ်ထားလာကြသည်။ ယခုတွင် အင်အားစုအားလုံးသည် ကောင်းကင်ဒေသကို စတင်ကျူးကျော်နေပေပြီ။ နှစ်(၅၀၀) ငြိမ်သက်နေခဲ့သော မုန်တိုင်းသည် ပြန်လည် စတင်လာတော့ပေမည်။
လောကအားလုံးသည် ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခုကို သိမ်းပိုက်ရန် ရောက်ရှိနေပြီဖြစ်၍ ကောင်းကင်ဒေသတွင် မကြာခဏဆိုသလို မထင်မှတ်ထားသော တိုက်ပွဲများ ထွက်ပေါ်လာတတ်၏။ ကုန်းမြေသခင်အိမ်တော်များသည် ကျူးကျော်သူများကို မတွန်းလှန်နိုင်ကြပေ။ ထိုတိုက်ပွဲများသည် အင်ပါယာနန်းတော်နှင့် အတော်လေး နီးပေသည်။ ဒွန်ဟောင်အင်ပါယာနန်းတော်သည် အန္တရာယ်ကို ခံစားမိပုံပေါ်သည်။
သို့သော် ကောင်းကင်ဘုံ၏ ကောင်းကင်အင်ပါယာနန်းတော်နှင့် မူလဘုံ၏ ရီအင်ပါယာနန်းတော်တို့သည် အနားယူကာ အားဖြည့်နေကြသည်။ ထိုအင်ပါယာအဆင့် အင်အားစုနှစ်စုသည် ရှားပါးသော ကျင့်ကြံရန်အချိန်ကို ရရှိခဲ့သည်။
ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာမှ ကျင့်ကြံသူအရေအတွက်သည် တိုးပွားလာနေသည်။ ရီအင်ပါယာနန်းတော်သည်လည်း ထို့အတူပင်ဖြစ်သည်။ အပြင်လောကတွင် နှစ်များစွာ ကုန်ဆုံးသွားခဲ့ပြီး ရီအင်ပါယာနန်းတော်ထဲတွင်လည်း ဆယ်စုနှစ်များစွာ ကုန်ဆုံးသွားခဲ့လေသည်။ အားလုံး၏ စွမ်းရည်များသည် များစွာတိုးတက်လာခဲ့ပြီး ယခင်ကနှင့် ဘာမှ မဆိုင်တော့ပေ။
ရီဖူရှင်းမှာလည်း များစွာ တိုးတက်ခဲ့သည်။ ဤနှစ်အနည်းငယ်အတွင်း၌ အပြင်လောကတွင် မုန်တိုင်းထန်နေခဲ့သည်။ သို့သော် ဖန်းကိုင်သည် ရီဖူရှင်း၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်ခဲ့သေးပေ။ သူသည် ရီဖူရှင်းနှင့် အခြားသူများကို ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်စေခဲ့ပြီး လက်ရှိလောက၏ ပရမ်းပတာအခြေအနေနှင့် ရင်ဆိုင်နိုင်ရန် ပြင်ဆင်စေခဲ့သည်။
ထိုပြီးခဲ့သောနှစ်အနည်းငယ်အတွင်း၌ ရီဖူရှင်းသည် တစ်ကြိမ်သာ ထွက်လာခဲ့သည်။ သူသည် အချိန်နှင့်နေရာ တံခါးတစ်ချပ်ကို လက်ဆောင်ပေးခဲ့ပြီး ရီအင်ပါယာအထက်ရှိ ကောင်းကင်တွင် ထားခဲ့သည်။ ရီအင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူအားလုံးသည် ကျင့်ကြံရန်အတွက် ထိုတံခါးအတွင်းသို့ အချိန်မရွေး သွားနိုင်ပေသည်။ ထိုနည်းဖြင့် သူတို့သည် အချိန်ပိုရခဲ့လေသည်။
တစ်ချိန်တည်းမှာပဲ ရီအင်ပါယာနန်းတော်မှ လူအားလုံးသည် ယခုတွင် ရီဖူရှင်းတစ်ယောက် မည်မျှ စွမ်းအားကြီးနေပြီကို ပြောဆိုကြလေသည်။ သူသည် အချိန်နှင့်နေရာ တံခါးကဲ့သို့သော မဟာရတနာတစ်ခုကို ဖန်တီးခဲ့၏။ သူတို့သည် ယခင်က ထိုကဲ့သို့သော ရတနာမျိုးကို တစ်ခါမှ မကြားခဲ့ဖူးပေ။ သို့သော် ယခုတွင် ရီအင်ပါယာနန်းတော်သည် ထိုရတနာကို ပိုင်ဆိုင်ခဲ့ပေပြီ။
*****
လက်ရှိတွင် မရေမတွက်နိုင်သော လူများသည် ကျင့်ကြံသင်ယူရန်အတွက် နတ်ဘုရားကုန်းမြေသို့ လာနေကြဆဲပင်။ ထိုလောကသည် ပြီးပြည့်စုံလာပြီဟု ဆိုနိုင်ပေသည်။ မူလဘုံ၏ ထောင်ချီသောနေရာများမှ ကျင့်ကြံသူများသည် ဤနေရာတွင် စုဝေးနေကြလေသည်။ ယခုတွင် နတ်ဘုရားကုန်းမြေသည် လောကတစ်ခု ဖြစ်နေပြီး မူလဘုံရှိ ထောင်ချီသော လောကများနှင့် ဆက်သွယ်ထားပေသည်။
ထိုအချိန်တွင် မူလဘုံ၏ တစ်နေရာမှနေ၍ ကြောက်မက်ဖွယ် အသံတစ်သံ ထွက်ပေါ်လာ၏။ အောက်ဘက်မှ ကျင့်ကြံသူအားလုံးသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ သို့သော် သူတို့သည် မည်သည့်အရာကိုမှ မတွေ့ခဲ့ချေ။
ဝုန်း...
အသံများ ဆက်လက်ထွက်ပေါ်နေပြီး မြေပြင်သည် တုန်ခါနေသည်။ သူတို့သည် သူတို့၏ခြေထောက်များကို ငုံ့ကြည့်လိုက်ရာ မြေပြင်သည် အမှန်ပင် တုန်ခါနေကြောင်း သိလိုက်လေသည်။ ပတ်ဝန်းကျင်နေရာများသည်လည်း အပြင်းအထန် တုန်ခါနေကြပေသည်။
“ဘာတွေ ဖြစ်နေတာလဲ”
သူတို့သည် ကြောက်ရွံ့တုန်လှုပ်နေကြ၏။ မြေပြင်သည် တုန်ခါနေပြီး လေထုသည်လည်း တုန်ခါနေလေသည်။ အလွန်စွမ်းအားကြီးသည် ပုဂ္ဂိုလ်တစ်ယောက် ရောက်ရှိလာခြင်းလော။
သို့သော် သူတို့သည် မည်သည့်အရာကိုမှ မတွေ့ခဲ့ပေ။
ပေါက်ကွဲသံများ ဆက်လက်ထွက်ပေါ်နေသည်။ ကြောက်မက်ဖွယ် ပေါက်ကွဲသံများသည် သူတို့ကို အလွန်အမင်း ရင်တုန်နေစေသည်။
“တကယ်ပဲ ဘာတွေဖြစ်နေတာလဲ”
မည်သူမှ မသိပေ။ အားလုံးသည် ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်ကြသည်။ အခန်းအောင်း ကျင့်ကြံနေသူများပင် ကျင့်ကြံခြင်းကို ဆက်၍ အာရုံမစိုက်နိုင်တော့ပေ။ သူတို့အားလုံးသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။
ကျယ်ပြောသော အာကာပြင်တစ်ခွင်လုံး တုန်ခါနေသည်။
ထို့အပြင် တုန်ခါမှုသည် ပို၍ အားကောင်းလာနေသည်။
လူများစွာသည် သူတို့၏ နှလုံးသည် သူတို့၏ လည်ချောင်းအတွင်းမှ ခုန်ထွက်လာတော့မလို ခံစားနေကြရသည်။ လွန်စွာ လေးလံသော ဖိအားနှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပျံ့နှံ့လာသည်။ သို့သော် သူတို့သည် ထိုအရှိန်အဝါ၏ ရင်းမြစ်သည် မည်သည့်ဘက်တွင်ရှိကြောင်း မခံစားနိုင်ပေ။
ဝုန်း...
ကောင်းကင်အမိုးတွင် အပေါက်တစ်ပေါက် ဖြစ်လာသည်ဟု ထင်ရ၏။ ကောင်းကင်ပွင့်ထွက်သွားပြီး အာကာပြင်သည် ဆုတ်ဖြဲခံလိုက်ရ၏။ စုတ်ပြဲသွားသော အာကာပြင်သည် လိပ်တက်သွားကာ ပျက်စီးလာသည်။ ထို့အပြင် အဆုံးမဲ့ အမှောင်ထုလည်း ထွက်ပေါ်လာ၏။
ကြောက်မက်ဖွယ်အရှိန်အဝါသည် အဆုံးမဲ့ အမှောင်ထုမှ ထွက်ပေါ်လာခြင်းပင်။
“အဲဒါက...”
လူများစွာသည် စုတ်ပြဲနေသော ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အမှောင်ထုမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားနေရလေသည်။ သူတို့သည် စကားမပြောနိုင်လောက်အောင်ပင် တုန်လှုပ်နေကြသည်။
ထိုစဉ် အနက်ရောင်အပေါက်ထဲမှနေ၍ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာသည်။ ထိုအလင်းတန်းသည် လွန်စွာ ထက်ရှ၏။ ရွှေရောင်နတ်အလင်း ဖြာကျလာပြီး ကောင်းကင်မှနေ၍ မြေပေါ်သို့ ကျသွားသည်။ ထို့နောက်တွင် သူတို့သည် အာကာပြင်ထဲ၌ နဂါးဟိန်သံ တစ်သံ ပြည့်နှက်သွားသည်ကို ကြားလိုက်ရ၏။
“ဖူး...”
စူးရှသော နဂါးဟိန်းသံကြောင့် ကျင့်ကြံသူများစွာသည် သွေးအန်သွားကြသည်။ လူအချို့၏ နှလုံးသားများသည် ဖိအားကို မခံနိုင်တော့သဖြင့် တိုက်ရိုက် ပေါက်ကွဲထွက်သွားကြသည်။ သူတို့သည် နေရာတွင်ပင် လဲကျကာ သွေးအန်၍ သေသွားကြလေသည်။
ကျင့်ကြံခြင်းအဆင့်နိမ့်သူများသည်လည်း မခံနိုင်ခဲ့ကြချေ။
ဝုန်း...
ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးနှင့်အတူ လူများစွာသည် နဂါးဟိန်းသံ၏ ပဲ့တင်ထပ်မှုများကြောင့် တိုက်ရိုက်အသတ်ခံလိုက်ရလေသည်။ အခြားသူများသည်လည်း မြေပေါ်တွင် ဒူးထောက်ကျသွားပြီး ပြန်ထမရပ်နိုင်ကြချေ။ ကောင်းကင်မှ အရှိန်အဝါသည် သူတို့ကို မွန်းကျပ်စေနေလေသည်။
သို့သော် အားလုံးသည် ကောင်းကင်မှ အပေါက်ကို ကြည့်ရန် အားတင်းကာ ခေါင်းမော့ကြည့်နေကြဆဲပင်။ ထို့နောက်တွင် သူတို့သည် လွန်စွာအရှိန်အဝါကြီးသော နဂါးဦးခေါင်းတစ်ခုကို မြင်လိုက်ကြရသည်။ ဧရာမနဂါးဦးခေါင်းကြီးသည် ကောင်းကင်ရှိ အနက်ရောင်အပေါက်ကြီးမှ ထွက်လာ၏။ ထို့နောက် ဧရာမခန္ဓာကိုယ်ကြီးလည်း ထွက်လာလေသည်။
“ရွှေနတ်နဂါး...”
စွမ်းအားကြီးကျင့်ကြံသူအားလုံးသည် ရင်ခုန် ရပ်သွားကြသည်။ ရွှေနတ်နဂါးသည် ကြီးမားလွန်းလှပေသည်။ ၎င်း၏ခန္ဓာကိုယ်သည် အပေါက်ထဲမှ ဆက်ထွက်နေဆဲပင်။ ၎င်းသည် မီတာတစ်ထောင်ကျော် ရှည်လျားနေပြီဖြစ်သော်လည်း ထိုအရှည်သည် ခန္ဓာကိုယ်အစပိုင်းသာ ရှိပေသေးသည်။
“ဒီမွန်းအင်ပါယာ... အဲဒါက ဒီမွန်းအင်ပါယာတစ်ပါးပဲ”
အင်ပါယာအရှိန်အဝါသည် ကျင့်ကြံသူအားလုံးကို ဖိနှိပ်ထားသည်။ သူတို့သည် ထိုရွှေနတ်နဂါးမှာ ဒီမွန်းအင်ပါယာတစ်ပါးဖြစ်ကြောင်း ခံစားနိုင်လေသည်။
ဒီမွန်းအင်ပါယာ ရွှေနတ်နဂါး၏ ဧရာမခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။ ရွှေရောင် နတ်အလင်းသည် မြေပေါ်သို့ ဖြာကျလာ၏။ ထို့နောက်တွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။ နတ်ဘုရားကုန်းမြေမှ ကျင့်ကြံသူအားလုံးသည် နဂါးကျောကုန်းပေါ်၌ ရပ်နေသော အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရလေသည်။
ထိုဒီမွန်းအင်ပါယာသည် သူ့၏ စီးတော်ယာဉ်ဖြစ်ပေသည်။
နောက်ဆုံးတွင် ရွှေနတ်နဂါး၏ မီတာသောင်းချီရှည်လျားသော ခန္ဓာကိုယ်ကြီးသည် အနက်ရောင်အပေါက်ကြီးကို ဖြတ်ကာ ထွက်လာလေတော့သည်။ ကောင်းကင်သည် ပုံမှန်ပြန်ဖြစ်သွား၏။ သို့သော် ကောင်းကင်ထဲတွင် လူတစ်ယောက်နှင့် ဒီမွန်းတစ်ကောင် ရှိနေပေပြီ။
အနက်ရောင်ဝတ်ရုံနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် လက်နောက်ပစ်ကာ ရပ်နေ၏။ သူသည် ရပ်နေရုံသာ ရပ်နေသော်လည်း အားကောင်းသော အရှိန်အဝါတစ်ခုကို ပေးနေလေသည်။ သူသည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်၏။ မည်သူမှ သူနှင့် မျက်လုံးချင်း မဆုံဝံ့ပေ။
သူသည် လောက ဆရာသခင်၊ ခေတ်များ၏ အရှင်သခင်ဟု ထင်ရသည်။ သူသည် သက်ရှိအားလုံး၏ အထက်တွင် ရှိပြီး သက်ရှိများကို ငုံ့ကြည့်ရသူကဲ့သို့ပင်။
ဝတ်ရုံနက်နှင့်လူက ငုံ့ကြည့်လိုက်၏။ ရုတ်ခြည်းပင် လူအနည်းငယ်၏ ခန္ဓာကိုယ်များ လေထဲသို့ မြောက်တက်လာကြသည်။ သူတို့၏ မျက်နှာထားများသည် နာကျင်နေသော မျက်နှာထားများအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ထိုလူ၏အကြည့်သည် သူတို့ကို ဖောက်ထွင်းသွားသကဲ့သို့ သူတို့၏ စိတ်များအတွင်းသို့ ဝင်ရောက်သွားသည်။ သူတို့သည် လေထဲသို့ နုံးချည့်စွာ လွင့်မျောနေသည်။ သူတို့သည် ရုန်းကန်လိုသော်လည်း နည်းနည်းမှ မလှုပ်နိုင်ကြချေ။
“အား...”
သူတို့ထဲမှ တစ်ယောက်သည် သနားစဖွယ် နာနာကျင်ကျင် အော်လိုက်ပြီး သူ့ခေါင်းကို သူ့လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားလေသည်။
“စီနီယာ... သနားညှာတာပေးပါ”
တစ်စုံတစ်ယောက်က အော်လိုက်သည်။ သို့သော် ဝတ်ရုံနက်နှင့်လူ၏ မျက်နှာထားသည် ပြောင်းလဲမသွားပေ။ သူသည် သူလုပ်နေသည်ကို ဆက်လုပ်နေလေသည်။
ခေတ္တကြာပြီးနောက်တွင် ဝတ်ရုံနက်နှင့်လူ၏ မျက်လုံးများထဲတွင် ပုံရိပ်များစွာ ထွက်ပေါ်လာ၏။ ထို့နောက် လေပေါ်သို့ မြောက်တက်နေသော လူအနည်းငယ်သည် တစ်ချိန်တည်း ပြုတ်ကျသွားကြသည်။ သူတို့သည် အသက်ရှူမနေတော့ပေ။
ကျယ်ပြောသော နေရာတစ်ခွင်သည် အလွန်တိတ်ဆိတ်သွားသည်။ မည်သူမှ ရှေ့သို့ ထွက်မလာဝံ့ပေ။ သူတို့အားလုံးသည် လုံးဝ တိတ်ဆိတ်နေကြသည်။
မဟာအင်ပါယာတစ်ပါး၏ရှေ့တွင် သက်ရှိအားလုံးသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်ပေသည်။
သူတို့သည် မဟာအင်ပါယာတစ်ပါးရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်နှင့် မကွာပေ။ ထိုလူသည် အတွေးတစ်ချက်ဖြင့်ပင် သူတို့ကို သတ်ပစ်နိုင်စွမ်းရှိသည်။ သူတို့သည် တစ်ချက်ပင် ပြန်ခုခံနိုင်လိုက်မည်မဟုတ်ချေ။
“ဘုံခုနစ်ခု...”
ဝတ်ရုံနက်နှင့်လူက ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်သို့ မော့ကြည့်လိုက်၏။
ရွှေနတ်နဂါးသည် ဟိန်းလိုက်ပြီး အထက်သို့ ပျံတက်သွားကာ ပို၍မြင့်သော ကောင်းကင်သို့ ဦးတည်သွားလိုက်လေသည်။
****
ဒွန်ဟောင်အင်ပါယာနန်းတော်ထဲတွင် အရှင်ဒွန်ဟောင်သည် သူ၏ပလ္လင်ပေါ်တွင် မျက်လုံးများမှိတ်၍ ထိုင်နေလေသည်။ ထိုအချိန်တွင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိသည်။ သူသည် ကောင်းကင်မှနေ၍ ငုံ့ကြည့်လိုက်၏။ သူ၏အကြည့်သည် ကျယ်ပြောသော အာကာပြင်ကို ဖောက်ထွင်းသွားပြီး နတ်ဘုရားကုန်းမြေမှ မြင်ကွင်းကို မြင်လိုက်လေသည်။
ပျောက်ဆုံးနေသူသည်လည်း ပြန်ထွက်ပေါ်လာခဲ့ပေပြီ။