သူသည် သူမဟုတ်
Vol. 200 Ch. 2850
မူလဘုံတွင် လူတစ်ယောက်သည် အပျက်အစီးကုန်းမြေတစ်ခုထဲတွင် တင်ပျဉ်ခွေထိုင်နေလေသည်။ သူသည် မျက်လုံးများမှိတ်ကာ ကျင့်ကြံနေ၏။
သူ့ခန္ဓာကိုယ်ကို နတ်အလင်းက ရစ်သိုင်းထားသည်။ သူသည် အပျက်အစီးများထဲတွင် ထိုင်နေပြီး သူ၏အာရုံသည် ကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။ သူသည် ဤကုန်းမြေ၏ မူလကောင်းကင်လမ်းစဉ် အရှိန်အဝါကို အာရုံခံနေသည်။
လက်ရှိလောကသည် ဘုံခုနစ်ခုအဖြစ် ခွဲသွားပေပြီ။ သို့သော် ထိပ်ပိုင်းမှ လူများသည် ဘုံခုနစ်ခုသည် ရှေးခေတ်မှ လောကဟောင်းမဟုတ်ကြောင်း သိပေသည်။ ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်တွင် လောကကြီးသည် မူလဘုံကိုသာ ဖန်တီးခဲ့ပေသည်။
ယခုတွင် သူသည် မူလဘုံတွင် ရပ်နေပြီဖြစ်၍ မူလအရှိန်အဝါတန်းတစ်ခုကို အာရုံခံနိုင်နေပြီဖြစ်သည်။
ထိုစဉ် သူ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူ့မျက်လုံးများ ပွင့်လာလေသည်။ သူ့မျက်လုံးများထဲမှ ကြောက်မက်ဖွယ် နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားသည်။ ထိုအလင်းတန်းသည် လွန်စွာဝေးကွာသောနေရာသို့ ဦးတည်ပျံသန်းသွား၏။ သူ၏မျက်လုံးများသည် ဖျက်ဆီး၍မရနိုင်သော ထက်ရှသည့် ဓားများကဲ့သို့ပင်။
ကုန်းမြေအပြင်ဘက်တွင် လူတစ်ယောက်သည် လေထဲ၌ ရပ်နေ၏။
ထိုလူသည် လွန်စွာ ခံ့ညားပြီး ဆွဲဆောင်မှုရှိလေသည်။ သူ့ခန္ဓာကိုယ်တွင် အင်ပါယာအရှိန်အဝါရှိပြီး သူသည် ထူးကဲပေသည်။ သူသည် ရပ်နေရုံဖြင့်ပင် လူများကို သူ့အား ရိုသေလေးစား လာစေနိုင်သည်။ သူသည် မြင့်မြတ်ကာ ပြိုင်ဘက်ကင်းရန် မွေးဖွားလာသကဲ့သို့ပင်။
“ကျိဝူတောက်...”
ထိုကျင့်ကြံသူ၏ မျက်လုံးများ အနည်းငယ် ပြောင်းလဲသွား၏။ သူသည် ရှေးဟောင်းအင်ပါယာတစ်ပါး ဖြစ်ပြီး ယခင်က လူသားဘုံတွင် ကျင့်ကြံခဲ့သည်။ သူသည် ပြန်လည် ဉာဏ်အလင်းပွင့်သွားကာ မဟာအင်ပါယာအဆင့်သို့ ပြန်ရောက်သွားပြီးနောက်တွင် မူလဘုံသို့ လာခဲ့ခြင်းပင်။ သူသည် မူလကောင်းကင်လမ်းစဉ်မှ အရှိန်အဝါတန်းကို လေ့လာလို၍ဖြစ်သည်။
သို့သော် သူသည် ဤနေရာတွင် အမှန်ပင် ကျိဝူတောက်နှင့် လာဆုံလေသည်။
သူ့ရင်ထဲတွင် မကောင်းသော ခံစားချက် တိုးပွားလာ၏။ သူသည် အန္တရာယ်ကို အာရုံခံမိလိုက်ကြောင်း ထင်ရှား၏။ ကျိဝူတောက်သည် စကားမပြောပေ။ သူ့ခန္ဓာကိုယ်ပေါ်တွင် နဂါးကိုးကောင်သန့်စင်ဝိညာဉ်စွမ်းအား ထွက်ပေါ်လာ၏။ ထို့နောက် သူ့ကို နေနှင့်လ နတ်အလင်းက ရုတ်ခြည်းဝန်းရံသွားသည်။ ကောင်းကင်ထဲတွင် အတုမဲ့ သဘာဝဖြစ်စဉ်များ ထွက်ပေါ်လာ၏။ ရွှေရောင်မီးတောက်များသည် တိမ်တိုက်များကို ဖောက်ထွင်းသွားကြပြီး ကောင်းကင်ထက်တွင် နတ်ဘုရားများစွာ၏ ပုံရိပ်ယောင်များ ထွက်ပေါ်လာ၏။ ၎င်းတို့သည် အောက်ဘက်သို့ ငုံ့ကြည့်နေကြလေသည်။
ထို့နောက် ကျိဝူတောက်သည် ကောင်းကင်၏ မဟာအရှင်သခင်တစ်ပါးကဲ့သို့ ငုံကြည့်သည်။ သူသည် ပြိုင်ဘက်ကင်းဟုပင် ထင်ရသည်။
ကောင်းကင်မှနေ၍ လှပသောအလင်း ဖြာကျလာပြီး ကုန်းမြေကို ရုတ်ခြည်း လွှမ်းခြုံသွားသည်။ မဟာအင်ပါယာသည် မျက်စိ၊ မျက်နှာပျက်လာ၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ကုန်းမြေတစ်ခွင်လုံး အပြင်းအထန် တုန်ခါသွားပြီး တောက်ပသောအလင်းအောက်တွင် ပြိုပျက်လာလေသည်။ ကုန်းမြေသည် ရုတ်ခြည်း ပြားကပ်သွားသည်။
မဟာအရှိန်အဝါတစ်ခု ကျဆင်းလာ၏။ မဟာအင်ပါယာသည် သူက ကျိဝူတောက်၏ ပြိုင်ဘက်မဟုတ်ကြောင်း သိပေသည်။ သူသည် ကျိဝူတောက်ကို ငေးကြည့်၍ ပြောလိုက်၏။
“မင်းက ဒီလောကမှာ ကောင်းကင်ဘုရင်တစ်ပါး ဖြစ်နေပါပြီ။ မင်းရဲ့ ပြိုင်ဘက်တွေက ဘုံခုနစ်ခုရဲ့ မဟာအင်ပါယာတွေပဲ။ ငါ့ကို သတ်တော့ရော ဘာအကျိုးရှိမှာမို့လို့လဲ”
“ကျုပ်ရဲ့ အဆင့်က နည်းနည်းလိုပါသေးတယ်။ စီနီယာက ကျုပ်ကို ဒီကိစ္စမှာ ကူညီပေးပါဦး”
ကျိဝူတောက် ပြောလိုက်၏။ သူပြောပြီးနောက်တွင် နတ်အလင်းသည် ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံသွားသည်။ ကျိဝူတောက်သည် သူ၏လက်ကို ဆန့်တန်းလိုက်၏။ ရုတ်ခြည်းပင် အတုမဲ့ ဝါးမျိုစွမ်းအား ထွက်ပေါ်လာ၏။ နတ်စွမ်းအား,အားလုံးသည် ဝါးမျိုခံရတော့မလို ဖြစ်သွားသည်။
ဝုန်း...
ကြောက်မက်ဖွယ် တုန်ဟည်းသံများ ပျံ့နှံ့သွားသည်။ ကုန်းမြေသည် ကွဲအက်၊ ပြိုပျက်လာသည်ဟု ထင်ရ၏။ အရာအားလုံး ဝါးမျိုးခံနေရသည်။ မဟာအင်ပါယာသည် အခြားတစ်ဘက်သို့ စတင် ထွက်ပြေး၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် နတ်အလင်းတောက်ပနေပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနေသည်။ သူသည် အလင်းတန်းတစ်ခုအဖြစ် ထွက်ပြေးလိုနေသည်။
သို့သော် အာကာပြင်သည်လည်း ပြိုပျက်လာပြီး ကောင်းကင်သည် ညစ်နွမ်းနေလေသည်။ အားကောင်းသော စွမ်းအားအောက်တွင် ထို သွေးဆာနေသော လေမုန်တိုင်းသည် သူသွားရာတစ်လျှောက်သို့ လိုက်လာမည့်ပုံပင်။ မုန်တိုင်းသည် ပို၍ ပြင်းထန်လာသည်။ ၎င်းသည် ကောင်းကင်ကို ဝါးမျိုလိုက်ပြီး မဟာအင်ပါယာဆီသို့ ဦးတည်သွားသည်။
ခေတ္တကြာပြီးနောက်တွင် လောကသည် ပြန်လည် ငြိမ်းချမ်းသွားသည်။ အစောပိုင်းတွင် မည်သည့်ကိစ္စမှ မဖြစ်ခဲ့သလိုပင်။ သို့သော် မူလဘုံတွင် မျောလွင့်နေသော ကုန်းမြေတစ်ခုသည်တော့ လုံးဝ ပျောက်ကွယ်သွားခဲ့ပေပြီ။ ဖုန်မှုန့်တစ်မှုန့်ပင် မကျန်ခဲ့ချေ။ အရာအားလုံး ဝါးမျိုခံလိုက်ရပြီဖြစ်သည်။
ကျိဝူတောက်သည် ရှေ့သို့ ခြေတစ်လှမ်းလျှောက်လိုက်ပြီး ဤနေရာမှ တိုက်ရိုက်ထွက်ခွာသွားသည်။
ထို့နောက် အခြားနေရာများတွင်လည်း တူညီသောကိစ္စများ ဖြစ်ပေါ်လာ၏။
လက်ရှိလောက၏ ကောင်းကင်အင်ပါယာသည် ပြန်ရှင်သန်လာသော ရှေးဟောင်းနတ်ဘုရားများကို အမဲလိုက်နေသည်ဆိုသော သတင်းသည် အပြင်ဘုံများကိုလည်း ပျံ့နှံ့သွားသည်။
ထိုအဖြစ်သည် အထင်နှင့်အမြင် အလွန်ကွဲပြားသော အဖြစ်ပင်။ ထိုရှေးဟောင်နတ်ဘုရားများသည် အခွင့်ကောင်းတစ်ခုအတွက် နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ဆိုင်းခဲ့ရသည်။ သူတို့သည် ယနေ့ခေတ်အထိ စောင့်ဆိုင်းခဲ့ကြပြီး နောက်ဆုံးတွင် ပြန်လည် ဉာဏ်အလင်းပွင့်နိုင်သွားကာ အင်ပါယာများ၏လမ်းစဉ်ပေါ်သို့ ပြန်ရောက်သွားကြသည်။
သို့သော် သူတို့ကို စောင့်ကြိုနေသည့်အရာမှာ သူတို့၏ ရှေးကဂုဏ်ရှိန်ဂုဏ်ဝါများ မဟုတ်ပေ။
အချိန်များသည် ပြောင်းလဲခဲ့ပေပြီ။ လောကကြီးသည်လည်း ပြောင်းလဲသွားပြီဖြစ်သည်။ သူတို့သည် အခြားသူများက ပစ်မှတ်ထားသော ပစ်မှတ်များ ဖြစ်လာကြပေပြီ။ ကျိဝူတောက်သည် သူ၏ စွမ်းရည်များကို တိုးမြှင့်ရန် ရှေးဟောင်းနတ်ဘုရားများကို အမဲလိုက်နေသည်။ ထို့ကြောင့် ယခင်ကထွက်ပေါ်လာခဲ့သော သတင်းသည် မမှားပုံပင်။ လက်ရှိလောက၏ ကောင်းကင်အင်ပါယာ ကျိဝူတောက်သည် မိစ္ဆာအင်ပါယာကဲ့သို့ပင်ဖြစ်သည်။ သူသည် အလွန် အန္တရာယ်များပေသည်။
ထိုသတင်းပျံ့နှံ့သွားသောအခါ မူလဘုံတွင် ကျင့်ကြံနေသော ရှေးဟောင်းနတ်ဘုရားအားလုံးသည် စတင်ထွက်ခွာသွားကြပြီး ဘုံခုနစ်ခုသို့ ပြန်သွားကြသည်။ ကျိဝူတောက်၏ အမဲလိုက်မှုအားလုံးသည် မူလဘုံတွင် ဖြစ်ပွားခဲ့ခြင်းပင်။ သူသည် အခြားဘုံခြောက်ခုမှ အင်ပါယာခြောက်ပါးကို ကြောက်ရွံ့ပေသေးသည်။ ထို့ကြောင့် သူသည် ထိုအင်ပါယာများနှင့် တိုက်ရိုက် ရင်မဆိုင်ရစေရန် သူတို့၏ ပိုင်နက်များအတွင်းသို့ မဝင်ခဲ့ခြင်းဖြစ်သည်။ ထိုအစား သူသည် မူလဘုံတွင်သာ အမဲလိုက်ခဲ့လေသည်။
ကျိဝူတောက်သည် လက်ရှိတွင်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ အနာဂတ်တွင် သူသည် မည်မျှ စွမ်းအားကြီးလာမည်နည်း။
သူသည် ရှေးဟောင်ကောင်းကင်အင်ပါယာများ၏ စွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားသဖြင့် အကယ်၍ သူသာ ဉာဏ်အလင်းပွင့်သွားပြီး သူ၏လမ်းစဉ်ကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့လျှင် မည်မျှ အန္တရာယ်များလာပေမည်နည်း။
လူသားဘိုးဘေးနှင့် အခြားမဟာအင်ပါယာများသည် ထိုအကြောင်းကို ကြားသောအခါ ဒေါသထွက်သွားကြသည်ဟု ဆိုကြ၏။ ကျိဝူတောက်သည် သူတို့ကို မဆင်မခြင် ရန်စနေသည်။ သူ အမဲလိုက်ခဲ့သော အချို့မဟာအင်ပါယာများသည် သူတို့လက်အောက်မှ ရှေးဟောင်းနတ်ဘုရားများ ဖြစ်လေသည်။
သို့သော် သူတို့သည် ကျိဝူတောက်ကို မည်သို့မှ မလုပ်နိုင်ကြပေ။
ထိုနေ့တွင် ကောင်းကင်(၉၉)လွှာသို့ မဖိတ်ထားသည့် နောက်ထပ် ဧည့်သည်တစ်ယောက် ရောက်လာသည်။
ယခင်က မူလဘုံတွင် ထွက်ပေါ်လာခဲ့သော ဝတ်ရုံနက်နှင့်လူသည် ရွှေနတ်နဂါးကို စီးကာ ကောင်းကင်(၉၉)လွှာရှေ့တွင် ရပ်နေလေသည်။ သူ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်ထဲရှိ အရှိန်အဝါကို အာရုံခံမိသည်။ သူပြောလိုက်၏။
“ကောင်းကင်က သေဆုံးသွားခဲ့ပြီ... ဒါပေမဲ့ အုပ်စိုးသူအသစ်က အခုထိ ပေါ်မလာသေးဘူး”
ကောင်းကင်(၉၉)လွှာရှိ ပြန်ရှင်သန်လာသော ရှေးဟောင်းနတ်ဘုရားများ အပါအဝင် ထိပ်သီးများစွာသည် ရွှေနတ်နဂါးစီးကာ ရောက်ရှိလာသူကို ငေးကြည့်လိုက်ကြသည်။ သူတို့ မျက်မှောင်ကြုတ်သွား၏။ လူအချို့သည် ထိုလူကို မှတ်မိသွားပြီး ပြောလိုက်၏။
“အရှင်ဟောင်ထျန်း...”
ထိုရှေးဟောင်းနတ်ဘုရားအားလုံး ရင်ခုန်မြန်သွားသည်။ သူသည် အသက်ရှင်နေသေးပေသည်။
အရှင်ဟောင်ထျန်းသည် ရှေးခေတ်မှ ထိပ်သီးတစ်ဦးဖြစ်သည်။ သူသည် လမ်းစဉ်ဖျက်ဆီးကာ အင်ပါယာဖြစ်လာသူဖြစ်ပြီး ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ခဲ့သည်။ သို့သော် ကောင်းကင်လမ်းစဉ် ပြိုပျက်သွားချိန်တွင် နတ်ဘုရားအားလုံး သေဆုံးသွားခဲ့ကြသည်။ ကမ္ဘာဖျက်ကပ်ဘေး ကျဆင်းလာခဲ့သည်။ ကျင့်ကြံသူများသည် စွမ်းအားပိုကြီးလေလေ၊ ရှင်သန်ရန် ပိုခက်ခဲလေလေ ဖြစ်ခဲ့သည်။ ထို့ကြောင့် ရှေးခေတ်မှ ထိပ်သီးအားလုံးနီးပါး သေဆုံးသွားခဲ့လေသည်။
အရှင်ဟောင်ထျန်းသည် ထူးကဲသော မဟာအင်ပါယာတစ်ပါးပင်။ သူ၏စွမ်းရည်များဖြင့်ဆိုလျှင် ကမ္ဘာဖျက်ကပ်ဘေးများကို ဖြတ်ကျော်နိုင်ရန် ခက်ခဲခဲ့ပေလိမ့်မည်။ သို့သော် ယခုတွင် သူထွက်ပေါ်လာလေပြီ။ ရှေးဟောင်းနတ်ဘုရားများသည် မည်သို့ အံ့အားမသင့်ဘဲ နေမည်နည်း။
အရှင်ဟောင်ထျန်းသည် အခြားသူများ၏ စကားများကို မကြားသည့်ပုံပင်။ သူသည် ကောင်းကင်သို့ မော့ကြည့်၍ မေးလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ”
စွမ်းအားကြီးပုဂ္ဂိုလ်အားလုံး အံ့အားသင့်သွားကြသည်။ အရှင်ဟောင်ထျန်းသည် လမ်းစဉ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သူတစ်ယောက်ဖြစ်သည်။ သူသည် ကောင်းကင်လမ်းစဉ်၏ အရှိန်အဝါနှင့် ရင်းနှီးပေသည်။ သို့သော် ထိုကောင်းကင်သည် သေဆုံးသွားပြီဖြစ်သော်လည်း အုပ်စိုးသူအသစ် ထွက်ပေါ်မလာသေးဟု သူပြောခဲ့လေသည်။
ယခုတွင် သူသည် ကောင်းကင်လမ်းစဉ်ကို မည်သူနည်းဟု မေးနေသည်။ သူသည် ဘာကို ဆိုလိုသနည်း။
ဤကောင်းကင်လမ်းစဉ်သည် ရှေးခေတ်မှ ကောင်းကင်လမ်းစဉ်၏ အကြွင်းအကျန်တစ်ခု မဟုတ်သည်လော။
ဤကောင်းကင်လမ်းစဉ်သည် အခြားစွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးက ဖန်တီးထားသော ကောင်းကင်လမ်းစဉ်လော။
မည်သူမှ ပြန်မဖြေပေ။
ကောင်းကင်ထက်တွင် ကျိဝူတောက် ထွက်ပေါ်လာပြီး အရှင်ဟောင်ထျန်းကို ငုံ့ကြည့်သည်။
“စီနီယာ... ကျိဝူတောက် နှုတ်ခွန်းဆက်ပါတယ်”
သူပြောလိုက်၏။
သူသည် ရှေးဟောင်းနတ်ဘုရားများစွာကို ဝါးမျိုခဲ့ပြီဖြစ်၍ သူတို့၏မှတ်ဉာဏ်များကိုလည်း ရရှိခဲ့ပေသည်။ သူသည် ကိစ္စများစွာကို သိ၏။ ထို့ကြောင့် သူသည် အရှင်ဟောင်ထျန်း၏ အမည်ကိုလည်း သိလေသည်။ ထိုကဲ့သို့သော စွမ်းအားကြီး ရှေးဟောင်းပုဂ္ဂိုလ်တစ်ဦး ပြန်ရောက်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
အရှင်ဟောင်ထျန်းသည် ကျိဝူတောက်ကို ကြည့်၍ ပြောလိုက်၏။
“မင်းဆီမှာ ကောင်းကင်အင်ပါယာရဲ့ အရှိန်အဝါ ရှိနေတယ်... မင်းက ဘယ်သူလဲ”
“ကျုပ်က ကျိဝူတောက်ပါ... ကောင်းကင်ဘုံရဲ့ အုပ်ချုပ်သူ၊ ကောင်းကင်အင်ပါယာနန်းတော်ရဲ့ အရှင်သခင်ပါ”
ကျိဝူတောက် ဖြေလိုက်သည်။
“ဒီဗာရဲ့ မျိုးဆက်လား”
အရှင်ဟောင်ထျန်း၏ တည်ငြိမ်သော မျက်လုံးများသည် အနည်းငယ် စူးရှသွားသည်။ ထိုအခိုက်မှာပင် ကောင်းကင်(၉၉)လွှာစလုံးမှ ကျင့်ကြံသူများအားလုံးသည် အားကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။ ဖိအားသည် ကျိဝူတောက်ကို ဖိနှိပ်လိုက်သည်။ သို့သော် ကျိဝူတောက်သည် ကောင်းကင်လမ်းစဉ်နှင့် ဆက်စပ်နေသည်။ နတ်အလင်းဖြာကျလာပြီး ကောင်းကင်လမ်းစဉ်အရှိန်အဝါသည် ကျိဝူတောက်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ထိုမြင်ကွင်းက အရှင်ဟောင်ထျန်းကို မျက်မှောင်ကြုတ်သွားစေ၏။ သူ ထပ်၍ ပြောလိုက်၏။
“ပြီးတော့ သူက ဘယ်သူလဲ။ ငါ ကောင်းကင်လမ်းစဉ် ချန်ထားခဲ့တဲ့ အရှိန်အဝါကို အာရုံခံနိုင်တယ်... ဒါပေမဲ့ သူက သူမဟုတ်ဘူး”
ထို့ကြောင့် ကောင်းကင်(၉၉)လွှာရှိ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးသည် လုံးဝအံ့အားသင့်သွားကြသည်။”သူ”သည်”သူ”မဟုတ်လျှင် မည်သူနည်း။