← Chapters

အလွန် ပရမ်းပတာ ဖြစ်လာပြီ

Vol. 200 Ch. 2853

အလွန် ပရမ်းပတာ ဖြစ်လာပြီ

Vol. 200 Ch. 2853

ဘုံခုနစ်ခုမှ ကျင့်ကြံသူများနှင့် နတ်ဘုရားကုန်းမြေမှ ကျင့်ကြံသူများအားလုံးသည် လက်ရှိလောကကြီး၏ အခြေအနေများကို သိကြပေသည်။ ဒွန်ဟောင်ပြက္ခဒိန် နှစ်(၅၀၀)ပြည့်နှစ်သို့ ရောက်လျှင် လူသားဘုံနှင့် နတ်ဆိုးလောကတို့သည် ပူးပေါင်းကာ ကောင်းကင်ဒေသကို တိုက်ခိုက်လိမ့်မည်ဟူသော တီးတိုးသတင်းများလည်း ရှိနေသည်။ သူတို့သည် အရှင်ဒွန်ဟောင်၏ ကောင်းကင်ဒေသကို နှစ်(၅၀၀) အုပ်စိုးနိုင်ခဲ့မှုကို ချိုးဖျက်ကာ အရှင်ဒွန်ဟောင်၏ အင်ပါယာကံကြမ္မာကို အဆုံးသတ်ပေးမည်ဖြစ်သည်။

ကံကြမ္မာဗုဒ္ဓ၏ ရှေ့ဖြစ်ဟောကိန်းသည် အမှန်ဖြစ်လာမည်လော။

ထို့အပြင် အရှင်ဟောင်ထျန်း ထွက်ပေါ်လာပြီးနောက် နတ်ဘုရားကုန်းမြေတွင် မဟာအင်ပါယာများ ပို၍ ထွက်ပေါ်လာလေသည်။ သူတို့သည် မူလဘုံတွင် ထွက်ပေါ်လာသည်ဟု ဆိုနိုင်ပေသည်။ သူတို့အားလုံးသည် အရှင်ဟောင်ထျန်း ထွက်ပေါ်လာခဲ့သော နေရာမှ အာကာပြင်ကိုသာ ထိုးဖောက်ကာ ထွက်ပေါ်လာခဲ့ကြ၏။ ထို့ကြောင့် ထိုရက်များအတွင်း၌ နတ်ဘုရားကုန်းမြေပေါ်တွင် ဧရာမမုန်တိုင်းကြီးတစ်ခု ဖြစ်နေခဲ့သည်။

လူများစွာသည် ထိုမဟာအင်ပါယာများအားလုံးက ရှေးဟောင်းကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်တွင် ရှင်ကျန်ခဲ့သူများဖြစ်လိမ့်မည်ဟု ခန့်မှန်းကြလေသည်။ ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်တွင် နတ်ဘုရားများစွာ သေဆုံးသွားခဲ့သည်။ သို့သော် အချို့မဟာအင်ပါယာများသည် မယုံနိုင်လောက်သော နည်းလမ်းများကို အသုံးပြု၍ ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ကြသည်။ သူတို့သည် လောကထဲတွင် အခြားပုံစံတစ်ခုအဖြစ် ဆက်ရှင်သန်နေခဲ့ကြသည်။ ဥပမာအားဖြင့် မဟာအင်ပါယာစီဝေ့သည် သူ့ကိုယ်သူ ချိပ်ပိတ်ထားခဲ့ပြီး အရှင်ရှန်းယင်သည် ဗျပ်စောင်းတစ်ခုထဲတွင် ပုန်းအောင်နေခဲ့သည်။ အခြားအင်ပါယာများသည်လည်း အထူးပစ္စည်းများကိုအသုံးပြုကာ သူတို့ကိုယ်သူတို့ ထိန်းသိမ်းထားခဲ့သည်။

မဟာအင်ပါယာအချို့သည် ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်တွင် နယ်နှင်ဒဏ်ပေးခံခဲ့ရပုံပေါ်သည်။

ယခုတွင် သူတို့သည် ပြန်လာရန် နည်းလမ်းရှာတွေ့သွားကာ တစ်ယောက်ပြီးတစ်ယောက် ပြန်ပေါ်လာကြလေသည်။

ထိုအခြေအနေကို တုံ့ပြန်ရန် လူသားဘိုးဘေးသည် နတ်ဘုရားကုန်းမြေကို စောင့်ကြပ်ရန် လူသားဘုံးမှ စွမ်းအားကြီးကျင့်ကြံသူများကို စေလွှတ်ခဲ့၏။ ရှေးဟောင်းအင်ပါယာတစ်ပါး ပြန်ထွက်ပေါ်လာသောအခါ လူသားဘိုးဘေးသည် ရှေးဟောင်းအင်ပါယာနှင့် ညှိနှိုင်းရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးကာ ‌ရှေးဟောင်းအင်ပါယာကို လူသားဘုံသို့ ခေါ်လာစေခဲ့သည်။ အချို့မဟာအင်ပါယာများသည် လောက၏ လက်ရှိအခြေအနေကို သိလိုပုံပေါ်သည်။ ထို့ကြောင့် သူတို့သည် လူသားဘုံသို့ လိုက်လိုခဲ့ကြသည်။ သို့သော် သူတို့ဘာသာ ထွက်သွားသော မဟာအင်ပါယာများလည်း ရှိပေသည်။

တစ်နေ့တွင် နတ်ဘုရားကုန်းမြေ၏ တစ်နေရာမှနေ၍ လွန်စွာ အားကောင်းသော အရှိန်အဝါတစ်ခု ပျံ့နှံ့လာလေသည်။ ထိုနေရာသည် အရှင်ဟောင်ထျန်းထွက်ပေါ်လာသော နေရာပင်။ ထိုအခြင်းအရာသည် ပတ်ဝန်းကျင်မှ စွမ်းအားကြီးကျင့်ကြံသူများကို ရင်တုန်သွားစေ၏။

“ထပ်ပေါ်လာပြန်ပြီ”

လက်ရှိတွင် ဘုံတိုင်းမှ လူများသည် ဤနေရာတွင် သတင်းလာရှာကြသည်။

“အရှင်ဟောင်ထျန်းက တခြားသူတွေ ပြန်လာနိုင်မယ့် နေရာတစ်ခုကို ရှာတွေ့ခဲ့တာလား”

တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်၏။

“အဲဒီလိုဖြစ်နိုင်တယ်။ အရှင်ဟောင်ထျန်း ပြန်ထွက်ပေါ်လာပြီးကတည်းက လူတွေပိုပြီး ပြန်ထွက်ပေါ်လာနေတာပဲ”

စွမ်းအားကြီးကျင့်ကြံသူအားလုံးသည် တိတ်တဆိတ် ခန့်မှန်းနေကြလေသည်။ လူအုပ်ထဲတွင် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများလည်း ရှိပေသည်။ သူတို့သည် အခြေအနေများအပေါ် စောင့်ကြည့်နေပြီး အချိန်မရွေး ပြန်တင်ပြရန် တာဝန်ကျသူများဖြစ်သည်။

ယနေ့ခေတ်တွင် ရီအင်ပါယာနန်းတော်သည် အင်ပါယာအဆင့် အင်အားစုတစ်စုအဖြစ် သတ်မှတ်ခံနေရပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် အပြင်လောကမှ သတင်းများကို သိရန် လိုအပ်ပေသည်။

ဝုန်း...

ကြောက်မက်ဖွယ် နတ်အလင်းတန်းတစ်ခုနှင့်အတူ ကောင်းကင်သည် ကွဲအက်သွားသည်။ ထို့နောက် ပုဂ္ဂိုလ်ခုနစ်ဦး တစ်ပြိုင်တည်း ထွက်ပေါ်လာ၏။ ထိုခုနစ်ဦးတွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရှိလေသည်။ သူတို့အားလုံးသည် မဟာအင်ပါယာများ ဖြစ်ကြသည်။ စွမ်းအားကြီး ကျင့်ကြံသူအားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မှင်တက်သွားကြပြီး ရင်တုန်လာကြလေသည်။

ခုနစ်ပါး... မဟာအင်ပါယာခုနစ်ပါးသည် တစ်ပြိုင်တည်း ထွက်ပေါ်လာပေသည်။

လောကအတွင်းမှ ပြောင်းလဲမှုများသည် အတော်လေး ကြီးမားလွန်း၏။ ဤမတိုင်ခင်က လောကထဲတွင် အင်ပါယာ ခြောက်ပါးသာ ရှိခဲ့သည်။ ယခုတွင် ထိုအာကာသလမ်းကြောင်း ပွင့်လာပြီး အင်ပါယာခုနစ်ပါး တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။

ထို့ကြောင့် လူများသည် နတ်ဘုရားခေတ်တွင် မဟာအင်ပါယာ မည်မျှ ရှိခဲ့သနည်းဟု တွေးမိသွားကြသည်။

ရှေးဟောင်းနတ်ဘုရားကလန်များမှ မဟာအင်ပါယာအချို့သည် ထိုခေတ်တွင် ထိပ်တန်းအဆင့်၌ ရှိခဲ့နိုင်သည်။ သို့သော် သူတို့သည် လုံလောက်အောင် မသန်မာသေးပေ။ ကောင်းကင်လမ်းစဉ်ကို တိုက်ခိုက်ခဲ့သူများ သို့မဟုတ် တပ်ဖွဲ့ရှစ်ဖွဲ့ကို အုပ်စိုးခဲ့သူများကသာ လောကကြီး၏ အရှင်သခင်အစစ်အမှန်များ ဖြစ်ပေသည်။

သို့တည်းမဟုတ် မဟာအင်ပါယာများတွင်လည်း အဆင့်ကွဲများ ရှိနေခြင်း ဖြစ်မည်။ သို့သော် သူတို့သည် ထိုအကြောင်းသိနိုင်ရန် များစွာလိုပေသေးသည်။ သူတို့သည် အင်ပါယာအဆင့်သို့ မရောက်သေးသဖြင့် မဟာအင်ပါယာများ၏ အဆင့်ကွဲများကို မည်သို့ ဆွေးနွေးနိုင်ပါမည်နည်း။

ထိုမဟာအင်ပါယာခုနစ်ပါးသည် ကောင်းကင်ထက်တွင် ရပ်နေကြသည်။ သူတို့၏ အရှိန်အဝါများသည် လောကကို လွှမ်းမိုးထားပြီး အတုမဲ့နေသည်။ သူတို့သည် လောကကို အုပ်စိုးသူများကဲ့သို့ လွန်စွာစူးရှသော အရှိန်အဝါများကိုပင် ထုတ်လွှတ်နေလေသည်။ သူတို့သည် အောက်ဘက်ရှိ ကျင့်ကြံသူများကို ငုံ့ကြည့်လိုက်၏။ သူတို့၏ နတ်အကြည့်များသည် အောက်ဘက်ရှိ ကျင့်ကြံသူများကို အရေးမစိုက်ဟန်ဖြင့် ဝေ့ဝဲကြည့်ရှုသွားသည်။

ယခုတွင် လူများသည် ထိုကဲ့သို့သော အခြေအနေမျိုးကို အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ပြီးဖြစ်၍ နေသားကျနေပြီဖြစ်သည်။ အဘယ်ကြောင့် မဟာအင်ပါယာများသည် သူတို့ထက် အဆင့်နိမ့်သည့် ကျင့်ကြံသူများကို အရေးစိုက်ရမည်နည်း။ သူတို့၏မျက်စိထဲတွင် မဟာအင်ပါယာအဆင့်အောက်ရှိ သက်ရှိတိုင်းသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်သည်။

လူတစ်စု ရှေ့သို့ ထွက်လာ၏။ သူတို့သည် ကောင်းကင်ထက်တွင် ထွက်ပေါ်လာသော မဟာအင်ပါယာခုနစ်ပါးကို ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။

“စီနီယာတို့... ကျုပ်တို့က လူသားဘုံကပါ။ ကျုပ်တို့က လူသားဘိုးဘေးရဲ့ အမိန့်အတိုင်း စီနီယာတို့အားလုံးကို လူသားဘုံဆီ လိုက်လာဖို့ ဖိတ်ခေါ်ပါတယ်”

မဟာအင်ပါယာခုနစ်ပါးသည် ထိုသို့ပြောလိုက်သည့် လူသားဘုံမှ လူကို ငုံ့ကြည့်လိုက်ကြသည်။

ရွှစ်...

သူတို့၏အကြည့်များသည် အာကာပြင်ကို ရုတ်ခြည်း ဖောက်ထွင်းသွားပြီး လှံတစ်ချောင်းသည် ထိုသို့ပြောလိုက်သူထံသို့ ပျံဝင်သွားသည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။ ရုတ်တရက် ဖြစ်‌ပေါ်လာသော ထိုမြင်ကွင်းကြောင့် စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးသည် တုန်လှုပ်သွားကြပြီး မျက်စိမျက်နှာ ပျက်သွားကြသည်။

သူတို့သည် သတိပေးခြင်းမရှိဘဲ စတင် သတ်ဖြတ်ခဲ့လေသည်။

ယခင်က ဤကဲ့သို့ မဖြစ်ခဲ့ဖူးပေ။ ယခင်က ပြန်ရောက်လာခဲ့သော အခြားမဟာအင်ပါယာအားလုံးသည် လက်ရှိအခြေအနေကို သိလိုခဲ့ကြသည်။

မဟာအင်ပါယာခုနစ်ပါးသည် အရပ်မျက်နှာအသီးသီးသို့ လှည့်လိုက်ကြပြီး တစ်ပြိုင်တည်း လက်ဆန့်တန်းလိုက်ကြသည်။ ကျယ်ပြော၍ အကန့်အသတ်မဲ့သော ဟင်းလင်းပြင်သည် ရုတ်ခြည်း ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခု၏ လွှမ်းခြုံမှုကို ခံလိုက်ရလေသည်။ အနီးပတ်ဝန်းကျင်မှ ကျင့်ကြံသူများအားလုံးသည် တစ်ပြိုင်တည်း လေထဲသို့ မြောက်တက်သွားကြသည်။ သူတို့သည် အသည်းအသန် ရှုန်းကန်နေသော်လည်း မလွတ်နိုင်ကြချေ။

“သွား...”

ရီအင်ပါယာနန်း‌တော်မှ ကျင့်ကြံသူအချို့ အပါအဝင် သူတို့အားလုံးသည် လွတ်မြောက်လိုနေကြ၏။ သို့သော် ထိုမုန်တိုင်းသည် သူတို့ကို လုံးဝ လွှမ်းခြုံထားပေသည်။ သူတို့သည် နတ်စွမ်းအားကို မကာရံနိုင်ကြပေ။

“အား...”

နာနာကျင်ကျင် အော်လိုက်သံများ ထွက်ပေါ်လာ၏။ မဟာအင်ပါယာခုနစ်ပါး၏ မျက်လုံးများသည် အဖြူရောင် ပြောင်းသွား၏။ ထိုမျက်လုံးဖြူများသည် အလွန် ဒီမွန်းဆန်နေသည်။ ထိုအခိုက်တွင် အားလုံးသည် သူတို့၏အသိစိတ်များကို ဆွဲထုတ်ခံနေရသည်ဟု ခံစားလိုက်ရ၏။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် သူတို့၏စိတ်များအတွင်းသို့ တိုက်ရိုက်ကျူးကျော်လာလေသည်။ မဟာအင်ပါယာများအရှေ့တွင် သူတို့သည် ပုရွက်ဆိတ်အဆင့်လောက်ပင် ရှိမည် မဟုတ်ချေ။

တစ်ခဏကြာပြီးနောက် မဟာအင်ပါယာခုနစ်ပါးသည် သူတို့အလိုရှိသော မှတ်ဉာဏ်များကို ရသွားသည့်ပုံ ပေါ်လာလေသည်။ သူတို့ကြားတွင် ဆင်တူသော နတ်အလင်း စီးဆင်းလာပြီး သူတို့ ခုနစ်ပါးစလုံးကို ဆက်စပ်သွားသည်။ သူတို့သည် ကွဲပြားမှုမရှိဘဲ တစ်သားတည်းဖြစ်နေသည်ဟု ထင်ရသည်။

“ရီအင်ပါယာနန်းတော်”

ထိုခုနစ်ပါးသည် အတွေးများ ချိတ်ဆက်နေသကဲ့သို့ ရေရွတ်လိုက်ကြသည်။ ဤကုန်းမြေပေါ်ရှိ စွမ်းအားအကြီးဆုံး အင်အားစုသည် ရီအင်ပါယာနန်းတော် ဖြစ်ပေသည်။

ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်ယောက်သည် မှန်တစ်ချပ်ကို ထုတ်လိုက်သည်။ သူသည် သူ၏စိတ်စွမ်းအားကို အသုံးပြု၍ သူ၏အသိစိတ်တန်းတစ်ခုကို ၎င်းအတွင်းသို့ ထည့်လိုက်လေသည်။ ထို့နောက်တွင် ရွှစ်ခနဲ အသံတစ်သံ ကြားလိုက်ရပြီး သူ့ခေါင်းသည် တိုက်ရိုက် ဖောက်ထွင်းခံလိုက်ရလေသည်။ သူသည် နေရာတွင်ပင် သေဆုံးသွားသည်။

မဟာအင်ပါယာခုနစ်ပါးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ တရွှစ်ရွှစ်အသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လူများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရလေသည်။ သူတို့၏ ခန္ဓာကိုယ်များသည် စွမ်းအားမဲ့စွာ အရုပ်ကြိုးပြတ်လဲကျသွားကြသည်။

လူများ၏ အသက်များသည် မြက်ပင်လေးများကဲ့သို့ပင်။

မဟာအင်ပါယာခုနစ်ပါးသည် သူတို့ကို တစ်ချက်ပင် မကြည့်ခဲ့ချေ။ သူတို့သည် ဦးတည်ရာတစ်ခုတည်းကိုပဲ တစ်ညီတစ်ညွတ်တည်း မျက်နှာမူထားကြသည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်များ ပျောက်ကွယ်သွားသည်။ သူတို့သည် ရီအင်ပါယာနန်းတော်သို့ သွားလိုက်ခြင်းပင်။

****

ရီအင်ပါယာနန်းတော်ထဲတွင် ဖန်းကိုင်သည် တင်ပြလိုက်သော သတင်းကို ချက်ချင်း ရရှိခဲ့သည်။ သူသည် ရီဖူရှင်း ကျင့်ကြံနေသောနေရာသို့ သွားပြီး ရီဖူရှင်းကို နှိုးလိုက်ကာ ရီဖူရှင်း၏ကျင့်ကြံခြင်းကို ပထမဆုံးအကြိမ်အဖြစ် ကြားဖြတ်လိုက်လေသည်။

ရီဖူရှင်းသည် မဟာစံအိမ်အရှေ့သို့ သွားလိုက်၏။

“နန်းတော်သခင်”

ဖန်းကိုင်ပြောလိုက်၏။

“ဒီရက်တွေထဲမှာ နန်းတော်သခင် အခန်းအောင်း ကျင့်ကြံနေတုန်း မဟာအင်ပါယာတွေက ကောင်းကင်ကို ဖွင့်ပြီး ပြန်ရောက်လာကြတယ်။ တချို့က သူတို့က ကောင်းကင်လမ်းစဉ် ပြိုပျက်သွားပြီးတဲ့နောက် ပျောက်ဆုံးသွားတဲ့ မဟာအင်ပါယာတွေလို့ ခန့်မှန်းနေကြတယ်။ သူတို့က အကန့်အသတ်မဲ့တဲ့ ဟင်းလင်းပြင်ထဲကို နယ်နှင်ခံခဲ့ရတာပါ... နောက်ဆုံးတော့ သူတို့ ပြန်ရောက်လာကြပါပြီ...”

“မဟာအင်ပါယာတွေ ပြန်ရောက်လာနေတော့ အင်အားစုအားလုံးက လူလွှတ်ပြီး စုံစမ်းခိုင်းခဲ့တယ်။ ရီအင်ပါယာနန်းတော်ကလည်း အဲဒီလိုပဲ လုပ်ခဲ့တယ်။ မကြာသေးခင်တုန်းက ကောင်းကင်နေ မဟာအင်ပါယာခုနစ်ပါး ဆင်းသက်လာပြီးတော့ အဲဒီနေရာက ကျင့်ကြံသူအားလုံးကို သတ်ပစ်ခဲ့ပြီး သူတို့ရဲ့ မှတ်ဉာဏ်တွေကို ယူသွားတယ်။ သူတို့က အခု ရီအင်ပါယာနန်းတော်ကို လာနေပါပြီ။ သူတို့က ရန်လိုမှာ ကျုပ် စိုးရိမ်မိပါတယ်”

“ရီအင်ပါယာနန်းတော်က လူတွေရော အသတ်ခံလိုက်ရတာလား”

ရီဖူရှင်း မေးလိုက်သည်။

“ဟုတ်ပါတယ်”

ဖန်းကိုင် ခေါင်းညိတ်လိုက်လေသည်။

ရီဖူရှင်းသည် အဝေးသို့ ကြည့်လိုက်၏။ သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုက်သည့်အရိပ်အယောင်များ လက်သွားသည်။ ယခုအထိ ဘုံခုနစ်ခု၏ အုံကြွမှုသည် မတည်ငြိမ်သေးပေ။ သို့သော် ယခုတွင် ကောင်းကင်မှနေ၍ မဟာအင်ပါယာများစွာ ဆင်းသက်လာနေသည်။

အခြေအနေသည် အလွန် ပရမ်းပတာ ဖြစ်လာပြီဖြစ်သည်။ မုန်တိုင်းတစ်ခု အစပြုတော့ပေမည်။

All Chapters