အစစ်အမှန်လှုပ်ရှားမှု
Vol. 49 Ch. 686
အခန်း (၆၈၆) အစစ်အမှန်လှုပ်ရှားမှု
အထက်ဘုံကမ္ဘာက အလွန်တရာ လူဦးရေထူထပ်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာတို့ထက် ပိုမိုများပြားသည်။ ဤမျှ လူဦးရေထူထပ်သော ကမ္ဘာကြီးတစ်ခုတွင် ပါရမီရှင်များ ၊ တန်ခိုးစွမ်းအားရှင်များ မရေမတွက်နိုင်အောင် များပြားပြီး အားလုံးက ပါရမီရှင်များကြားမှ ပါရမီရှင်များ ဖြစ်ကြ၏။
အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာကဲ့သို့ နေရာများတွင် ထိုသို့သော ကျင့်ကြံသူများ ပေါ်ပေါက်လာရန် မဖြစ်နိုင်ပေ။ တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးသော အံ့အားသင့်ဖွယ်ပါရမီရှင်များဆိုသည်ကလည်း မရှိနိုင်ပေ။
ထို့ပြင် အောက်ဘုံကမ္ဘာများမှတက်လာသူများထဲတွင်လည်း သိုင်းပညာတွင် မကြုံစဖူး ထိတ်လန့်ဖွယ်ရာကောင်းလှသူများ သိပ်မရှိလှပေ။
ထို့ကြောင့် ချန်ကျိလျန်နှင့် ဝမ်လော့ရှာတို့ ဆရာတပည့်အတွက် ပါရမီရှင်များစွာကို တွေ့မြင်ဖူးသည်ဖြစ်ရာသူတို့ရှေ့တွင် ပါရမီရှင်တစ်ယောက် ပေါ်လာသည့်တိုင် သိပ်ပြီး အလေးအနက် မထားကြပေ။
အကြောင်းပြချက်က ရိုးရှင်းလွန်းသည်။
ယနေ့ပါရမီရှင်ဖြစ်လျှင်လည်း မနက်ဖြန် လူကြားထဲမှ ပျောက်သွားနိုင်သည် မဟုတ်ပါလား။
အမှန်တော့ လူတစ်ယောက်၏စွမ်းရည်ကို တကယ့် အစစ်အမှန်စွမ်းအားအဖြစ် ပြောင်းလဲနိုင်မှသာလျှင် ပါရမီရှင်တစ်ယောက်၏တန်ဖိုးကို ထင်ဟပ်နိုင်မည် ဖြစ်၏။
သို့သော် ပြဿနာက သူတို့ရှေ့မှလူငယ်က သိုင်းသူတော်စင်တစ်ယောက် ဖြစ်နေပေပြီ။
အသက် (၃၀)ပင် မပြည့်သေးသော သိုင်းသူတော်စင် ဖြစ်၏။
ကျန့်မင်နှင့် ချန်ကျိလင်တို့နှစ်ယောက်လုံးက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များဖြစ်ကြပြီး ကျင့်ကြံခြင်းအဆင့် တူညီသူများထက် တန်ခိုးစွမ်းအား များစွာသာလွန်သည်။
သို့တိုင် ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်မျှသာရှိသေးသော ရန်ကျောက်ကဲကို တွေ့ရသည့်အခါ ပေါ့ပေါ့တန်တန် သဘောမထားခဲ့ကြပေ။
အကြောင်းမှာ ထိုလူငယ်သည် အလွန်အရည်အချင်းရှိသူဖြစ်သည့်အပြင် ကြီးမြတ်သောကံကြမ္မာနှင့် အခွင့်အလမ်းကောင်းများကိုလည်း ပိုင်ဆိုင်ထားကြောင်း သိမြင်နိုင်သောကြောင့်ပင်။
တစ်နည်းအားဖြင့် ထိုအရာများက အရည်အချင်းတစ်ခုတည်းသီးသန့်ထက် ပိုမိုအရေးပါ၏။ အရည်အချင်းချည်း သက်သက်ဆိုလျှင် ဆုံးရှုံးသွားနိုင်ခြေရှိပြီး ကံကြမ္မာနှင့် အခွင့်အလမ်းကောင်းများကတော့ ဖမ်းဆုပ်နိုင်သလောက် အကျိုးရှိမည်သာ ဖြစ်သည်။
လောလောဆယ်မှာတော့ ကျန့်မင်နှင့် ချန်ကျိလင်တို့က ရန်ကျောက်ကဲအကြောင်း ပိုပြီး သိချင်နေကြသည်။
သို့သော် သူတို့ စိတ်ခံစားချက်များနှင့် အတွေးများကို ချက်ချင်းတည်ငြိမ်စေလိုက်ပြီး အမူအရာနှင့် အကြည့်များ ပုံမှန်အတိုင်းဖြစ်အောင် ထိန်းသိမ်းလိုက်ကြသည်။ သူတို့စိတ်ထဲ ထိတ်လန့်တုန်လှုပ်မှုများက ဒီရေလှိုင်းများပမာ မြင့်တက်နေသေးသော်လည်း အပြင်ပန်းတွင် ထုတ်ဖော်ပြသခြင်း မရှိတော့ပေ။
နှုတ်ဆက်စကားဖလှယ်ကြပြီးနောက် ရန်ကျောက်ကဲက အနည်းငယ်အံ့အားသင့်ဟန်ဖြင့် ပိုင်ကျစ်မင်ကို လှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲ သိသလောက် အောက်ဘုံကမ္ဘာမှ အထက်ဘုံကမ္ဘာသို့တက်လာနိုင်သူများက အနည်းအကျဉ်းသာလျှင်ရှိသည်။ အချို့ကတော့ အထက်ဘုံကမ္ဘာတွင် အတည်တကျ အခြေချပြီး သူတို့၏သိုင်းဂိုဏ်းများကိုပင် ပြန်လည်တည်ထောင်ကြကာ နာမည်တစ်ခုဖြင့် ရပ်တည်နေနိုင်ကြသည်။
ရန်ကျောက်ကဲက ပိုင်ကျစ်မင်အပြင် ဝန်လော့ရှာကိုလည်း အာရုံစိုက်မိသည်။
ဤမိန်းကလေးသည် သဘာဝပသာဒနယ်မြေ ၊ ပင်လယ်ရေနက်ထဲသို့ အဘယ့်ကြောင့် တစ်ယောက်တည်းဝင်သွားရပါသနည်းဟု သူ တွေးတောနေမိသည်။ ဝန်လော့ရှာသည် ထိုနေရာတွင် ပိတ်မိနေသော်လည်း သူမ၏ကြိုးစားမှုမှ မည်သို့သောအကျိုးအမြတ်များ ရရှိခဲ့သလဲ မသိနိုင်ပေ။
ရန်ကျောက်ကဲက သူမကို ကူညီပေးခဲ့သော်လည်း ထိုအကြောင်းအရာများကို သွားမေး၍ မဖြစ်ပေ။ သူတို့က ယခုမှ ဆုံတွေ့ကြသူများ မဟုတ်ပါလား။
ထို့အတူပင် ကျန့်မင်နှင့် ချန်ကျိလင်တို့မှာလည်း ရန်ကျောက်ကဲအကြောင်း သိချင်နေသည့်တိုင် အလွယ်တကူ မေးမြန်းနိုင်ခြင်း မရှိသေးပေ။ သူတို့က ရန်ကျောက်ကဲအသွင်သဏ္ဌန်ကိုအကဲခတ်ပြီး မောက်မာစွာပြောဆိုပြုမူခြင်းမရှိဘဲ အလေးထား ဆက်ဆံကြသည်။
သူတို့က ရန်ကျောက်ကဲ၏အပေါင်းအဖော်များကိုလည်း ရွက်လှေကြီးပေါ်သို့ ဖိတ်ခေါ်လိုက်သည်။
ပြဿနာမရှိကြောင်းသိသဖြင့် ရန်ကျောက်ကဲက ငြင်းဆိုခြင်းမပြုတော့ဘဲ အသင်္ချေနဂါးနန်းတော်ကိုသိမ်းဆည်းလိုက်သည်။
“မင်းရဲ့ဂိုဏ်းတူမောင်နှမတွေကရော မင်းအဖေဆီကပဲ သိုင်းပညာသင်ယူခဲ့တာလား”
ကျန့်မင်က ဖန်းယွင်ရှန်းကို လှမ်းကြည့်ရင်း ပြုံးလျှက် ဆိုသည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ပြုံးကာကြည့်ရင်း...
“သူက ကျွန်တော့်ဇနီးပါ...”
ကျန့်မင်နှင့် ချန်ကျိလင်တို့နှစ်ယောက်က သူ့ကို တောင်းပန်ဟန်ဖြင့် ပြုံးပြရင်း...
“အဲဒီလိုလား ၊ ငါတို့ကမသိလို့ ရိုင်းပျမိသလို ဖြစ်သွားတယ် ၊ ပြီးတော့ သူက အပျိုစင်တစ်ယောက်လိုပဲ ဝတ်စားထားတော့ မထင်မိဘူးပေါ့”
ရန်ကျောက်ကဲက...
“လက်တော့မထပ်ရသေးပါဘူး ၊ ဒါပေမဲ့ စေ့စပ်ထားပြီးပါပြီ”
ဖန်းယွင်ရှန်းက ပြုံးလျှက် ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်”
ကျန့်မင်တို့အုပ်စုက သူမကို ပြုံးပြခေါင်းညိတ် အသိအမှတ်ပြုကြသည်။
ရန်ကျောက်ကဲက...
“ပြီးတော့ သူက ငါ့ရဲ့ ဂိုဏ်းတူညီမလေးဆိုလည်း ဟုတ်ပါတယ် ၊ ဒါပေမဲ့ ဆရာတော့မတူဘူး ၊ သူက ငါ့ဆရာဒေါ်လေးရဲ့ တပည့်ပါ”
သူ့စကားတွင် အမှန်တရားများပါဝင်သော်လည်း အချက်အလက်ကို ထိန်းချုပ်ထားသဖြင့် တစ်ဖက်လူက သူတို့အကြောင်း အပြည့်အဝ ဆုပ်ကိုင်နိုင်ခြင်း မရှိပေ။
သို့သော် တစ်ခါမှမကြားဖူးဘဲ ကျူတောပင်လယ်ဒေသတွင် ရုတ်တရက်ပေါ်လာသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လူငယ်တစ်ယောက်အကြောင်းကို ကျန့်မင်တို့အုပ်စု အမှတ်ရလိုက်မိကြသည်။
ခဏမျှ စဉ်းစားပြီးမှ ချန်ကျိလျန်က...
“မိတ်ဆွေလေး’ရန်’ က ကျူတောပင်လယ်ဒေသရဲ့ နယ်ခံတော့ ဟုတ်ဟန်မတူဘူးနော်”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒီကိုရောက်တာ တစ်နှစ်ကျော်လောက်တော့ ရှိပါပြီ”
ထိုသို့ပြောပြီးသည်နှင့် သူက ရှေ့ဆက်မပြောတော့ပေ။
သူ့စကားတွင် မုသားမပါသလို လိမ်လည်လှည့်ဖြားခြင်းလည်း မရှိပေ။
ရန်ကျောက်ကဲ စကားကြောင့် ချန်ကျိလင်မှာ ဒေါသလည်းထွက် ရယ်လည်းရယ်ချင်းဖြစ်သွားသည်။ သာမန်လူတစ်ယောက်သာ သူ့ကို ဤသို့ မလိမ့်တပတ်လုပ်လျှင် စောစောစီးစီး နားရင်းပိတ်အုပ်လိုက်မည် ဖြစ်၏။
ရန်ကျောက်ကဲက သူတို့ကို ကူညီပေးခဲ့ပြီး ဝန်လော့ရှာကို အသက်အန္တရယ်မှ ကယ်တင်ပေးခဲ့သော်လည်း သူတို့ကြားတွင် ကျင့်ကြံခြင်းအဆင့် မည်မျှကွာခြားကြောင်း လူတိုင်းသိရှိသည်။
ကူညီခဲ့တာလေးတစ်ခုအတွက် လိုချင်တာရမည်ဟု ထင်နေလျှင်တော့ သစ်ပင်ကိုမှားပြီးဟောင်နေသော ခွေးတစ်ကောင်ပမာ ဖြစ်ပေလိမ့်မည်။
လောကတွင် ရာထူးအာဏာရှိသူများက အမြဲတမ်း အခြေအနေကို ထိန်းချုပ်ကြသည်။ သူတို့အနားသို့ အလွယ်တကူ ချဉ်းကပ်နိုင်သော်လည်း ညံ့ဖျင်းသောသူများအနေဖြင့် တန်းတူရည်တူဆက်ဆံခံရရန် မဖြစ်နိုင်ပေ။
အမိန့်ပေးစေခိုင်းလေ့ရှိသော အာဏာပိုင်လူတန်းစားများက သူတို့နှင့် အဆင့်တူညီသူများကိုသာ တန်းတူရည်တူ အပြန်အလှန် ဆက်ဆံကြသည်။
သို့ပေသိ ရန်ကျောက်ကဲကတော့ သူ့အဆင့်အတန်းနှင့် သူ့အရည်အချင်းကို သက်သေပြခဲ့ပြီး ဖြစ်၏။
သူ့တွင် ကျောထောက်နောက်ခံမရှိလျှင်တောင်မှ သူ့တစ်ယောက်တည်းအရည်အချင်းများကိုကြည့်ပြီး ကျန့်မင်နှင့် အခြားသူများက သူ့ကိုနွေးထွေးစွာ ဆက်ဆံကြမည်သာပင်။
အကယ်၍ ဤမျှတော်သော ပါရမီရှင်လူငယ်တွင် နောက်ခံတစ်ခုမရှိပါက ထိုသူအား သူတို့နှင့်ပူးပေါင်းရန် ဆွဲဆောင်နိုင်မည်ဖြစ်သောကြောင့် ပိုပြီး သဘောကျ ကြိုဆိုကြမည် ဖြစ်သည်။
ဟုတ်ပေ၏။
မည်သို့ပင်ဖြစ်စေ သည်းခံနိုင်မှုအတိုင်းအတာကတော့ အကန့်အသတ်ရှိသည်သာ ဖြစ်၏။ သူတို့က မေးခွန်းမထုတ်ဘဲ အရာအရာကို မျက်စိမှိတ်ယုံကြည်နေမည်တော့ မဟုတ်ပေ။
ရန်ကျောက်ကဲကလည်း ဤအချက်ကို နားလည်သည့်အတွက် သူ့အကြောင်းကို တစ်ချက်ပင် လိမ်ညာပြောဆိုခြင်း မရှိခဲ့ပေ။ လက်ရှိအချိန်ထိ သူ ပြောခဲ့သောစကားများကို နောက်ပိုင်းခြေရာကောက်မည်ဆိုပါက အမှန်အတိုင်းသာ ပြောခဲ့ခြင်းဖြစ်ကြောင်း သိမြင်နိုင်ပေလိမ့်မည်။
ချန်ကျိလျန်မှာ ငိုရမလား ရယ်ရမလား မသိသော်လည်း ရန်ကျောက်ကဲထံမှ သတင်းနှိုက်ရန် မဖြစ်နိုင်ဟု မထင်ခဲ့ပေ။
ထို့ကြောင့် ရန်ကျောက်ကဲကို လှည့်ပတ်ပြီး မေးခွန်းများစွာမေးခဲ့သည့်တိုင် ထိုလူငယ်က မလိမ့်တပတ်အဖြေများဖြင့်သာ စကားလမ်းကြောင်းပိတ်ပစ်ခဲ့သည်။
ချန်ကျိလျန်မှာ အံ့အားသင့်စွာဖြင့် ဆွံ့အလျှက် နောက်ထပ် ဘာပြောရမှန်းမသိတော့ပေ။ မဟုတ်ပါက ဒေါသထွက်ပြီး တိုက်ခိုက်မိလျှင် နှစ်ဖက်ကြား ရန်ငြိုးဖွဲ့ခြင်းဖြင့်သာ အဆုံးသတ်သွားပေမည်။
ဘေးကကြည့်နေသော ကျန့်မင်သည်ပင် အတော်လေး စိတ်ဝင်စားလာမိသည်။
သို့သော် သူက စကားလမ်းကြောင်း ပြောင်းလိုက်၏။
“ငါတို့လည်း ကျူတောပင်လယ်ဒေသကိုရောက်တာ ရှားပါတယ် ၊ ခုတလော မငြိမ်မသက်ဖြစ်နေတာကိုလည်း သတင်းကြားတယ် ၊ တာ့ရွှမ်တိုင်းပြည် ၊ ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်းနဲ့ တခြား စွမ်းအားစုတွေ ထိပ်တိုက်ရင်ဆိုင်နေကြတယ် မဟုတ်လား ၊ တာ့ရွှမ်တိုင်းပြည်ဘက်က အားသာချက်ရှိနေတယ်လို့ကြားတယ် ၊ ဟိုတလောကပဲ သူတို့တွေ ယိုးမင်ဂိုဏ်းရဲ့ အဓိကပလ္လင်ကို ဖျက်ဆီးပစ်လိုက်ကြတယ်လေ”
သူက ချင့်ချိန်စဉ်းစားရင်း...
"အခုလက်ရှိအခြေအနေတွေကတော့ ဘယ်လိုရှိမလဲ မသိဘူး”
ရန်ကျောက်ကဲက ပြုံးရင်း...
“ငါလည်း အဲဒီအတိုင်းပဲ နားလည်ထားပါတယ် ၊ တာ့ရွှမ်တိုင်းပြည်က နဂိုကတော့ အားနည်းနေခဲ့တာ ၊ ဒါပေမဲ့ ဟိုးအရင် ကျူတောပင်လယ်ဒေသကို သိမ်းပိုက်တုန်းက ဧကရာဇ်ရွှမ်ဝမ်ကို ကူညီပေးခဲ့တဲ့ ရှန်လင်ကျီရဲ့ အဆက်အနွယ်တွေ ရောက်လာပြီးကူညီပေးတာနဲ့ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားခဲ့တယ်”
ကျန့်မင် ၊ ချန်ကျိလျန်နှင့် အခြားသူများသည်လည်း ဤအကြောင်းကို သိရှိပြီးသားဖြစ်သဖြင့် အံ့သြဟန်မပြဘဲ ခေါင်းညိတ်လိုက်ကြသည်။
ရန်ကျောက်ကဲက ဆက်ပြောသည်။
“မကြာခင်ကပဲ... တာ့ရွှမ်တိုင်းပြည်ကိုကူညီဖို့ နောက်ထပ် တန်ခိုးစွမ်းအားရှင်တစ်ယောက် ထပ်ရောက်လာတယ် ၊ သေချာတော့မသိပေမယ့် အဲဒီပုဂ္ဂိုလ်က အစီအရင်ပညာ အတော်လေးကျွမ်းကျင်တယ်”
“အရင်က ဧကရာဇ်ရွှမ်ဝမ်နဲ့ ရှန်လင်ကျီတို့ ကျူတောပင်လယ်ဒေသကို သိမ်းပိုက်တုန်းက အစီအရင်ပညာကျွမ်းကျင်တဲ့ တာအိုဆရာ’ရှီ’ ဆိုတဲ့သူလည်း ပါလာတယ်လို့ နယ်ခံတွေပြောတာ ကြားခဲ့ရတယ် ၊ ဒါပေမဲ့ ငါတွေ့ခဲ့တဲ့သူကတော့ တာအိုဆရာ’ရှီ’ရဲ့ အဆက်အနွယ် ဟုတ် မဟုတ် မသေချာဘူး”
ကျန့်မင်နှင့် ချန်ကျိလျန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အရှေ့တောင် ထိပ်တန်းအရှင်သခင်၏ တိုက်ရိုက်တပည့်များအနေဖြင့် အခြားသူများ မသိနိုင်သော အရာများစွာကို သိရှိခဲ့ကြသည်။
ဧကရာဇ်ရွှမ်ဝမ် ၊ ရှန်လင်ကျီ ၊ တာအိုဆရာ’ရှီ’ တို့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ထဲသို့ ဝင်ရောက်လာပြီး ကျူတောပင်လယ်ဒေသတွင် အခြေချသည့်အခါ ဤကိစ္စကို အရှေ့တောင် ထိပ်တန်းအရှင်သခင်က မသိချင်ယောင်ဆောင်လျှက် ခွင့်ပြုပေးခဲ့သည်။
အကြောင်းမှာ ထိုသူများနောက်ကွယ်တွင် ထူခြားသောပုဂ္ဂိုလ်တစ်ယောက် ရှိနေသောကြောင့် ဖြစ်နိုင်၏။
မည်သို့ပင်ဖြစ်စေ ထိုသူများ၏ ရည်ရွယ်ချက်အတိအကျကို ရှင်းရှင်းလင်းလင်း မသိခဲ့ရပေ။
ဟိုစဉ်အချိန်ကတော့ လက်ခံနိုင်သည့်အကြောင်းပြချက်တစ်ခု ပေးခဲ့သော်လည်း ထိုအကြောင်းပြချက်က သူတို့၏ အစစ်အမှန်လှုပ်ရှားမှု ဖြစ်နိုင်ပါမည်လား မည်သူမှ မသိနိုင်ပေ။