← Chapters

စီရင်ခြင်း နတ်ဘုရားများ

Vol. 200 Ch. 2854

စီရင်ခြင်း နတ်ဘုရားများ

Vol. 200 Ch. 2854

ရီဖူရှင်းသည် ရီအင်ပါယာနန်းတော်အပြင်ဘက်တွင် ထွက်ပေါ်လာ၏။ ရီအင်ပါယာနန်းတော်မှ စွမ်းအားကြီးကျင့်ကြံသူများသည်လည်း သူ့နောက်မှ ပါလာသည်။ သူတို့အားလုံး၏ အရှိန်အဝါများသည် ရှိန်လောက်ဖွယ်ပင်။

အပြင်လောကတွင် နှစ်အနည်းငယ်သာ ကုန်ဆုံးသေးသော်လည်း ကောင်းကင်လမ်းစဉ်အသေးစား၏ လောကထဲတွင် ဆယ်စုနှစ်များစွာ ကုန်ဆုံးခဲ့ပြီဖြစ်သည်။ ထိုနှစ်များအတွင်း၌ ကောင်းကင်လမ်းစဉ်အသေးစား၏ လောကစည်းမျဉ်း၏ နတ်စွမ်းအားသန့်စင်မှုကို ခံခဲ့ရပြီးနောက်တွင် ထိုလောကထဲ၌ ကျင့်ကြံခဲ့သူများသည် ယခင်ကနှင့် လုံးဝမဆိုင်တော့ဘဲ စွမ်းအားကြီးလာကြလေသည်။

သူတို့သာ မဟုတ်ပေ။ ရီဖူရှင်းမှာလည်း ယခင်က ရင်းမြစ်နတ်ပစ္စည်းတစ်ခုဖြစ်သော အချိန်နှင့်နေရာတံခါးကို ဖန်တီးခဲ့သည်။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးသည် ကျင့်ကြံရန် အချိန်ပိုရခဲ့လေသည်။ ထို့ကြောင့် သူတို့သည် အပြင်လောကထက် များစွာပို၍ တိုးတက်လာခဲ့ကြ၏။

သို့သော် ဤတစ်ခေါက် ရန်သူများသည် မဟာအင်ပါယာခုနစ်ပါးဖြစ်သည်။ သူတို့သည် အလွန်သန်မာနေပြီဖြစ်သော်လည်း မကူညီနိုင်သေးချေ။

ရီအင်ပါယာနန်းတော်အပြင်ဘက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ငွေဖြူရောင်ဆံပင်နှင့်လူကို တွေ့လိုက်ကြသည်။ သူတို့သည် ရီဖူရှင်းကို ရိုသေလေးစားသော မျက်လုံးများနှင့် ကြည့်နေကြ၏။ သူတို့သည် အဘယ်ကြောင့် နန်းတော်သခင်ရီ ရောက်လာကြောင်းကို မသိချေ။ နောက်ထပ် စွမ်းအားကြီးရန်သူ ရောက်လာပြီလော။

သူတို့သည် ရီဖူရှင်းကို မတွေ့ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ ရီဖူရှင်းသည် လောကကြီး၏ ပြောင်းလဲမှုများကို တုံ့ပြန်နိုင်ရန် အခန်းအောင်း ကျင့်ကြံနေသည်ဆိုသော သတင်းသည် ရီအင်ပါယာနန်းတော်မှနေ၍ ပျံ့နှံ့လာခဲ့သည်။

အရှင်ဒွန်ဟောင် ကောင်းကင်ဒေသကို အုပ်စိုးခဲ့သည်မှာ နှစ်(၅၀၀)ပြည့်ရန် တစ်နှစ်သာ လိုတော့ပေသည်။ တစ်နှစ်ဆိုသောအချိန်သည် လက်ဖြောက်တစ်ချက်အတွင်း ကုန်ဆုံးသွားမည်ဖြစ်သည်။ ဘုံခုနစ်ခုသည် ကြီးမားစွာ‌ ပြောင်းလဲနေသည်။ လူများသည် ထိုနှစ်ပြည့်သွားလျှင် ဘုံတိုင်းသည် ဒွန်ဟောင်အင်ပါယာနန်းတော်ကို ဖျက်ဆီးရန် သူတို့၏တပ်သားများကို ကောင်းကင်ဒေသသို့ စေလွှတ်လိမ့်မည်ဟု ပြောနေကြသည်။ ထိုနေ့ရောက်လာလျှင် ရီဖူရှင်းမှာလည်း ဝင်ပါလောက်သည် မဟုတ်လား။

သူတို့ တွေးတောနေစဉ်တွင် ရုတ်တရက် အဝေးမှနေ၍ အားကောင်းသော အရှိန်အဝါတစ်ခု တလိပ်လိပ် တက်လာလေသည်။ ကောင်းကင်ထဲတွင် တောက်ပသော အလင်းတန်းခုနစ်ခု ထွက်ပေါ်လာ၏။ ထို့နောက်တွင် ကောင်းကင်ထဲ၌ မဟာအင်ပါယာခုနစ်ပါး ပေါ်ထွက်လာလေသည်။ သူတို့၏အရှိန်အဝါများသည် အနည်းငယ် ဆင်တူပေသည်။ သူတို့တစ်ဦးချင်းဆီမှ အရှိန်အဝါသည် တုန်လှုပ်ရလောက်အောင် အားကောင်းပေသည်။

ထိုခုနစ်ဦးစလုံးသည် မဟာအင်ပါယာများ ဖြစ်ကြသည်။

“ဒါက...”

စွမ်းအားကြီးကျင့်ကြံသူအားလုံး ရင်တုန်သွားကြသည်။ မည်သည့်ကိစ္စ ဖြစ်ပျက်နေခြင်းနည်း။

ထိုမဟာအင်ပါယာခုနစ်ပါးသည် မည်သူများနည်း။

မဟာအင်ပါယာခုနစ်ပါးသည် တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့သည်။ ယခင်က ဘုံခုနစ်ခုတွင် မဟာအင်ပါယာ အရေအတွက် စုစုပေါင်းသည် လက်တစ်ဆုပ်စာသာ ရှိခဲ့ပေသည်။ လောကကြီးတွင် မည်သည်ကိစ္စများ ဖြစ်ပျက်နေသနည်း။

ရီဖူရှင်းသည် ဤနေရာတွင် ကြိုစောင့်နေခြင်းကို အံ့ဩစရာမရှိတော့ပေ။ သူသည် ထိုမဟာအင်ပါယာများ ရောက်လာမည်ကို ကြိုသိခဲ့ပြီးဖြစ်ပေမည်။

သို့သော် ရီဖူရှင်း မည်မျှ စွမ်းအားကြီးခဲ့စေကာမူ ယခုတွင် သူသည် မဟာအင်ပါယာခုနစ်ပါးနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ လူပေါင်းများစွာသည် ကြောက်ရွံ့လာကြပြီး စတင် ပူပန်လာကြလေသည်။ သူတို့သည် ရီအင်ပါယာနန်းတော်အပေါ်တွင် မှီခိုနေရပြီး ရီဖူရှင်းသည် သူတို့၏ မျှော်လင့်ချက်ဖြစ်သည်။ သူတို့သည် အောင်မြင်လျှင်လည်းအတူ၊ ရှုံးနိမ့်လျှင်လည်းအတူ ဖြစ်သည်။

ဝုန်း...

ကျယ်ပြောသော ကုန်းမြေပေါ်တွင် နတ်အလင်းတောက်ပလာပြီး အကန့်အသတ်မဲ့ နယ်မြေကို လွှမ်းခြုံသွားသည်။ ရုတ်ခြည်းပင် ရီအင်ပါယာနန်းတော်ကို ဗဟိုပြု၍ မရေမတွက်နိုင်သော လူများသည် အလင်းလွှာ၏ ကာရံပေးမှုကို ခံလိုက်ရလေသည်။ ရီဖူရှင်းသည် တိုက်ပွဲတစ်ခု မစမီတိုင်းတွင် သူတို့၏ လုံခြုံရေးကို တွေးပေးပေသည်။ ထို့ကြောင့် အားလုံးသည် ရီဖူရှင်းကို ပို၍ လေးစားလာကြသည်။

ထို့နောက် မဟာအင်ပါယာခုနစ်ပါး၏ မျက်လုံးများအတွင်းမှ တစ်ပြိုင်တည်း တုန်လှုပ်ဖွယ် နတ်အလင်း ထွက်လာလေသည်။ သူတို့၏ မျက်လုံးများသည် အဖြူရောင်ပြောင်းလဲသွားပြီး သူတို့သည် ရီဖူရှင်းထံ ပျံဆင်းလာကြသည်။

ရီဖူရှင်းသည် အနည်းငယ်ပင် တုန်လှုပ်မသွားချေ။ သူသည် မြင့်မားသော ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း ပျံတက်သွားသည်။ သူ့မျက်လုံးများမှနေ၍ နေနှင့်လ အလင်း ထွက်သွားသည်။ အဖြူရောင်မျက်လုံးများသည် သူ့မျက်လုံးများထဲ ကျူးကျော်ဝင်ရောက်သွားသည်။ ၎င်းသည် မျက်လုံးမှော်ပညာစွမ်းအားပင်။ ရုတ်ခြည်းအတွင်းမှာပင် သူသည် လွင်တီးခေါင်ကုန်းမြေတစ်ခုဆီသို့ ခေါ်ဆောင်သွားခံလိုက်ရသလို ခံစားလိုက်ရ၏။  မဟာအင်ပါယာခုနစ်ပါးသည် သူ့ကို နတ်ဘုရားများကဲ့သို့ ငုံ့ကြည့်သည်။ သူတို့သည် လောကစည်းမျဉ်းကို ထိန်းချုပ်သော နတ်ဘုရားများဖြစ်ပြီး သူ့ကို စစ်မေးတော့မည်ဟုပင် ထင်ရသည်။

ရီဖူရှင်း၏ အသိစိတ်အတွင်းသို့ စီရင်ခြင်းအလင်း ထိုးဖောက်ဝင်သွားသည်။ သို့သော် ထိုစဉ်တွင် လောကကြီး ပြောင်းပြန်လန်သွားသည်။ နေနှင့်လ နတ်အလင်း ထွက်ပေါ်လာ၏။ မျက်လုံးမှော်ပညာနယ်မြေထဲတွင် ရီဖူရှင်း၏ စက်ကွင်းထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲတွင် အသံတစ်သံ ပဲ့တင်ထပ်လာသည်။

“ထွက်သွား”

ရုတ်ခြည်းပင် နတ်အလင်းတန်း ခုနစ်တန်း ပေါက်ကွဲသွားသည်။ စည်းမျဉ်းအားလုံး ပြိုပျက်သွားသည်။ သူ့မျက်လုံးများတွင် သူ၏ကိုယ်ပိုင်စက်ကွင်း၊ ကိုယ်ပိုင် စည်းမျဉ်းဥပဒေသ ရှိနေသည်။ သူသည် ထိုစက်ကွင်းထဲတွင် အခြားသူများက ပရမ်းပတာဖြစ်အောင် လုပ်သည်ကို ခံမည် မဟုတ်ပေ။

ထိုခုနစ်ပါး၏ မျက်နှာထားသည် အနည်းငယ်ပင် ပြောင်းလဲမသွားပေ။ သူတို့၏ ငွေရောင် ဝတ်ရုံရှည်ကြီးများသည် လေထဲတွင် တဖျပ်ဖျပ်ခတ်နေပြီး သူတို့၏မျက်လုံးဖြူများထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ရှိနေလေသည်။ သူတို့၏မျက်စိထဲတွင် လောကအတွင်းရှိ လူအားလုံးကို သူတို့စိတ်ကြိုက်သတ်ပစ်နိုင်သည့် မြက်ပင်များကဲ့သို့သာ မြင်ပေသည်။

ရီဖူရှင်း၏မျက်လုံးများသည် ထိုသူများကို ဝေ့ဝဲကြည့်သည်။ သူသည် ထိုသူများကို မည်သူမည်ဝါနည်းဟု မမေးလိုက်ပေ။ သူတို့သည် မည်သူပင်ဖြစ်စေ ရီအင်ပါယာနန်းတော်မှ လူများကို သတ်လိုက်လျှင် သူ၏ရန်သူသာဖြစ်သည်။ တိုက်ခိုက်ရန်မှတစ်ပါး အခြားမရှိပေ။ သူတို့ မည်သူဖြစ်ကြောင်း သူသိရန် မလိုပေ။

ဝုန်း...

မဟာအင်ပါယာခုနစ်ပါး၏ မျက်လုံးဖြူများမှနေ၍ မျက်စိကျိန်းဖွယ် နတ်အလင်းတန်းများ ဖြာထွက်လာသည်။ ၎င်းတို့သည် စီရင်ခြင်းအလင်းကဲ့သို့ပင်။ ၎င်းတို့၏လမ်းကြောင်းရှိ အရာအားလုံးသည် ဖျက်ဆီးခံရတော့မည်ဖြစ်ပြီး စီရင်ခြင်းကို ဖြတ်ကျော်ရမည်ဖြစ်သည်။ အာကာပြင်ပင် ဖျက်ဆီးခံနေရလေသည်။

စီရင်ခြင်းအလင်းတန်းများသည် အာကာပြင်ကို ဖြတ်သန်းသွား၏။ သူတို့၏အကြားတွင် အကွာအဝေး မခြားထားသကဲ့သို့ ၎င်းတို့သည် ကောင်းကင်မှ ရုတ်ခြည်း ကျဆင်းလာလေသည်။ သို့သော် ၎င်းတို့သည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို မထိမှန်သွားပေ။ ထိုအစား ၎င်းတို့သည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော အလင်းလွှာ၏ တားဆီးမှုကို ခံလိုက်ရ၏။

အလင်းလွှာသည် မရေမတွက်နိုင်အောင် များပြားသော ဒြပ်မှုန်များဖြင့် ပြုလုပ်ထားသကဲ့သို့ပင်။ ဒြပ်မှုန်တစ်ခုစီတိုင်းတွင် လောကစွမ်းအားပါဝင်ပြီး ၎င်းတို့သည် လောကတစ်ခုဟူ၍ပင် ထင်မှတ်ရ၏။ ထို့ကြောင့် ထိုအကာအရံသည် မည်မျှ စွမ်းအားကြီးကြောင်း တွေးကြည့်နိုင်လေသည်။

သို့ပင်လျှင် စီရင်ခြင်းအလင်းတန်းများသည် ၎င်းအလင်းလွှာကို ဖြည်းဖြည်းချင်း တိုက်စားနေပြီး ဒြပ်မှုန်များကို ပဲ့ကြွေနေစေ၏။ စီရင်ခြင်းအလင်းတန်းများသည် အလင်းမျက်နှာပြင်ကို ဖောက်ထွင်းကာ ရီဖူရှင်း၏ခန္ဓာကိုယ်ဆီသို့ တိုးဝင်နေကြသည်။

လူပေါင်းများစွာသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့ခေါင်းပေါ်ရှိ အလင်းလွှာသည် ရီဖူရှင်း ဖန်တီးပေးထားခြင်းဖြစ်သည်။ ဤအလင်းလွှာသည် ရီဖူရှင်း၏ အကာအရံနှင့် အတူတူပင် ဖြစ်ပေမည်။ သို့ပင်လျှင် စီရင်ခြင်းအလင်းတန်းသည် ကောင်းကင်မှ ကျဆင်းလာပြီး အာကာပြင်ကို ပျက်စီးစေကာ ဖြစ်တည်မှုအားလုံးကို ဆုတ်ဖြဲပစ်နေလေသည်။ ၎င်းသည် အမှန်ပင် ရီဖူရှင်း၏ အကာအရံကို ဖြည်းဖြည်းချင်း တိုက်စားနေပြီး ဖောက်ဝင်နိုင်တော့ပေမည်။

ရီဖူရှင်းက ကောင်းကင်ထက်သို့ ကြည့်နေဆဲပင်။ သူ၏မျက်လုံးများသည် ပုံမှန်သာဖြစ်ပြီး မည်သည့်ပြောင်းလဲမှုမှ မရှိပေ။ ထိုမဟာအင်ပါယာခုနစ်ပါး ရက်ရက်စက်စက် ပြုမူဝံ့ခြင်းမှာ အံ့အားသင့်စရာ မရှိချေ။ သူတို့သည် ပြန်ရောလာချင်းချင်းပင် စတင်သတ်ဖြတ်ခဲ့သည်။ ထို့အပြင် ယခုတွင် သူတို့သည် ရီအင်ပါယာနန်းတော်အတွင်းသို့ သတ်ဖြတ် ဝင်ရောက်ရန် ကြိုးစားနေလေသည်။

ရီဖူရှင်းသည် သူတို့၏ တိုက်ခိုက်မှုများကို တွေ့လိုက်သောအခါ သူတို့သည် ယခင်က သူတွေ့ကြုံခဲ့ဖူးသော အရှင်ဟောင်ထျန်းနှင့် အရှင်ယွမ်ရှစ်တို့ထက် စွမ်းအားကြီးကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်လေသည်။ ထိုမဟာအင်ပါယာခုနစ်ပါးထဲမှ မည်သည့်မဟာအင်ပါယာမဆို အရှင်ဟောင်ထျန်းထက် တိုက်ခိုက်စွမ်းရည် ပိုကြီးပေသည်။ ထို့ကြောင့် ခုနစ်ပါးလုံး ပေါင်းလိုက်သောအခါ ပြောနေရန်ပင် မလိုတော့ချေ။ သူတို့သည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းနေလေသည်။

ကျင့်ကြံသူများသည် တူညီသော ဆရာမရှိလျှင် သို့မဟုတ် မဟာမိတ်များမဟုတ်လျှင် ဆင်တူသော စွမ်းရည်များကို ကျင့်ကြံမည့် ကျင့်ကြံသူမှာ အနည်းငယ်ပင် ရှိပေမည်။ ထို့အပြင် သူတို့ မဟာအင်ပါယာအဆင့်သို့ ရောက်သွားသောအခါ အားလုံးသည် လမ်းစဉ်ကို သူတို့ဘာသာ လေ့လာ၍ ကိုယ်ပိုင်လမ်းစဉ် ဖန်တီးကြမည်ဖြစ်သည်။ ထို့ကြောင့် မဟာအင်ပါတိုင်း၏ စွမ်းရည်များသည် ကွဲပြားမည်ဖြစ်သည်။

သို့သော် သူတို့ရှေ့ရှိ မဟာအင်ပါယာခုနစ်ပါးသည် အလွန် ဆင်တူနေလေသည်။ သူတို့နောက်ကွယ်မှ စွမ်းအားသည် အဘယ်နည်း။

ဝုန်း...

ရီဖူရှင်း၏ ခန္ဓာကိုယ်မှနေ၍ နတ်စွမ်းအား အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။

သူ၏နတ်ခန္ဓာမှနေ၍ ဟိန်းသံများ ထွက်လာ၏။ သူ့ခန္ဓာကိုယ်သည် လမ်းစဉ်အဖြစ် ပြောင်းလဲသွားပြီး မရေမတွက်နိုင်အောင် များပြားသော လောကနတ်စွမ်းအားအမျိုးမျိုး ထွက်ပေါ်လာကာ အလင်းလွှာအတွင်းသို့ ဝင်ရောက်သွားသည်။ ၎င်းစွမ်းအားများသည် ပျက်စီးနေသည့် နေရာများကို ပြန်လည် ပြင်ဆင်လိုက်ကြသည်။ သူသည် ဖိအားများကို အံတုကာ စွမ်းအားကြီးကျင့်ကြံသူများ၏ အံ့အားသင့်သော အကြည့်များအောက်တွင် စီရင်ခြင်းအလင်းတန်းခုနစ်ခုကို တွန်းလှန်၍ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။

မဟာအင်ပါယာခုနစ်ပါး၏ မျက်လုံးဖြူများသည် နောက်ဆုံးတွင် တုန်လှုပ်လာလေသည်။ သူတို့သည် ရီဖူရှင်းကို အနည်းငယ် အံ့ဩတကြီး ကြည့်လိုက်ကြသည်။ သူသည် အမှန်ပင် ကောင်းကင်ထက်သို့ ပျံတက်လာနေသည်။ ထိုအပြုအမူသည် သူတို့ကို တမင် ဒေါသစွပေးနေခြင်းလော။

မျက်လုံးဖြူများမှနေ၍ ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသော နတ်အလင်းများ တောက်ပလာသည်။ ထို့နောက် ကောင်းကင်ထဲတွင် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ထွက်ပေါ်လာလေသည်။ ကောင်းကင်သည် တွန့်လိမ်သွားပြီး မြည်ဟည်းလာသည်။ အဖြူရောင် စီရင်ခြင်းနတ်အလင်းတန်းများသည် ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံသွားပြီး နတ်ဝင်္ကပါတစ်ခု ထွက်ပေါ်လာ၏။

“အဲဒါက ဘာလဲ”

အောက်ဘက်မှ ကျင့်ကြံသူများသည် ကောင်းကင်ထဲမှ နတ်ဝင်္ကပါကို မော့ကြည့်လိုက်ပြီး ပို၍ပင် တုန်လှုပ်လာကြသည်။ နတ်ဝင်္ကပါထဲတွင် ဆန်းကြယ်၍ ရှုပ်ထွေးသော ပုံရိပ်များစွာ ထွက်ပေါ်လာ၏။ မဟာအင်ပါယာခုနစ်ပါးသည် နတ်ဝင်္ကပါနှင့် ဆက်စပ်နေသည်။ ထို့နောက်တွင် နတ်ဝင်္ကပါမှနေ၍ မရေမတွက်နိုင်အောင်များပြားသော စီရင်ခြင်းအလင်းတန်းများ ကျဆင်းလာသည်။

ထိုအခိုက်တွင် ကမ္ဘာပျက်တော့မလိုပင် ထင်လိုက်ရ၏။ ၎င်းသည် လောကကြီးအတွက် အဆုံးစွန်စီရင်ခြင်းကဲ့သို့ပင်။  အောက်ဘက်မှ ကျင့်ကြံသူများသည် အကာအရံအလင်းလွှာ၏ လွှမ်းခြုံပေးမှုကို ခံထားရသော်လည်း ကြောက်ရွံ့နေသော မျက်နှာထားများ ရှိနေပေသေးသည်။ သူတို့၏ မျက်လုံးရှေ့ရှိ မြင်ကွင်းသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုမဟာအင်ပါယာခုနစ်ပါးသည် လောကကြီး၏ အပြစ်ပေးမှုများကို ဆောင်ရွက်သော စီရင်ခြင်းနတ်ဘုရားများပေလော။

All Chapters