လူသားနတ်နန်းတော်
Vol. 200 Ch. 2857
လူသားဘိုးဘေးက ရှေးခေတ်အချိန်အခါမှပင်ရှိခဲ့သည့် တည်ရှိမှုမျိုး ဖြစ်သည်။ သူက မရေတွက်နိုင်သော နှစ်များစွာကြာအောင် နေထိုင်ခဲ့ပြီးသည့် ရှေးခေတ်အကျဆုံး မဟာအင်ပါယာတစ်ပါး ဖြစ်သည်။ သူသည် သေဆုံးသွားပြီးမှ ပြန်လည်ရှင်သန်လာခဲ့သည့် ထိုရှေးဟောင်းမဟာအင်ပါယာများနှင့် မတူပေ။ သူက လောကအတွင်း အမြဲ တည်ရှိနေခဲ့သည်။
လူသားဘိုးဘေးက လောကအတွင်း စီနီယာအကျဆုံး တစ်စုံတစ်ယောက်ဖြစ်သည်ဟု ပြောနိုင်သည်။ သူက မဟာအင်ပါယာခြောက်ပါး၌ အလေးစားခံရဆုံးလည်း ဖြစ်သည်။
လူသားဘိုးဘေးက ထိုကဲ့သို့ အဆင့်အတန်းနှင့်ပင် ရီဖူရှင်းအား လေးစားမှုပြသရန် အမှန်တကယ် ကိုယ်တိုင်ရောက်လာခဲ့သည်။ ရီဖူရှင်းက သူ့အား ငြင်းပယ်ရန် မဖြစ်နိုင်သောကြောင့် ပြောလိုက်သည်။
“လူသားဘိုးဘေးက ကျုပ်ကို ဖိတ်ခေါ်မှတော့ သဘောမတူဘဲ ဘယ်လိုနေနိုင်ပါ့မလဲ။”
ရီဖူရှင်းက သဘောတူလိုက်သည်ကို ကြားသည့်အခါ လူသားဘိုးဘေးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ နန်းတော်သခင်ရီ လူသားဘုံကို လာမှာ ကျုပ်စောင့်နေပါ့မယ်။”
ထို့နောက် အလင်းစက်ဝန်းက လှုပ်ရှားသွားကာ လူသားဘိုးဘေး၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။
တိဟောက်၏ မျက်လုံးများက ပွင့်လာခဲ့ပြီး သူက ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်။
“နန်းတော်သခင်ရီ သဘောတူလိုက်ပြီဆိုတော့ ကျုပ် ပြန်လိုက်ပါဦးမယ်။”
“ကောင်းပါပြီ။”
ရီဖူရှင်းက သူ့ကို တားရန်မကြိုးစားခဲ့ပေ။ သူ ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် တိဟောက်က သူ့လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။
လူသားဘုံမှ ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် ရီဖူရှင်းက သူ့ပလ္လင်ထက်၌ ကျန်ရစ်ခဲ့သည်။ သူ့ဘေးမှ လူများကလည်း ထွက်ခွာသွားခြင်း မရှိသေးပေ။ ထိုအချိန်တွင် ရီဖူရှင်း၏ မျက်ခုံးများက အနည်းငယ် စုကျုံ့သွားပြီး သူက မေးလိုက်သည်။
“ခင်ဗျားတို့အားလုံး ဘယ်လိုထင်လဲ။”
လူသားဘိုးဘေးက အရေးကိစ္စများဆွေးနွေးဖို့ရာ လူသားဘုံသို့လာရန်အတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖိတ်ခေါ်ခဲ့သည်။ ၎င်းကို အရေးကြီးကိစ္စဟု ခေါ်သော်လည်း အမှန်တွင် ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသအား မည်သို့ ရင်ဆိုင်ရမည်ကို ဆွေးနွေးရန် ဖြစ်သည်။
“လူသားဘုံက အမြဲတမ်း လောကရဲ့ တရားမျှတမှုကို ကိုယ်စားပြုတယ်။ သူတို့က တရားမျှတမှုအမည်ခံပြီး ကောင်းကင်ဘုံနဲ့ ကောင်းကင်ဒေသကို တိုက်ခိုက်ချင်နေပေမယ့် ဘုံခြောက်ခုလုံးက သူတို့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်အတွက် လှုပ်ရှားကြမှာ။ လူသားတွေရဲ့ သမာသမတ်ကျမှုဆိုတာကို ကျုပ်မယုံဘူး။”
ဓားဧကရာဇ်အရှင်က ပြောလိုက်သည်။
“အရင်တုန်းက လူသားဘိုးဘေးနဲ့ အရှင်ဒွန်ဟောင်က ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြတယ်။ အခုတော့ သူက ရုတ်တရက်ကြီး ကောင်းကင်ဒေသကို ဖျက်ဆီးပစ်ချင်နေတယ်။ အဲဒီမှာ တခြားလျှို့ဝှက်ချက်တွေ ရှိနေမှာစိုးမိတယ်။ ဒါက မြင်နေရသလောက်မရိုးရှင်းဘူး။ နောက်ဆုံးတစ်ခေါက်က ဒွန်ဟောင်တိယွမ်ကို တိဟောက်က လက်ထပ်ခွင့်တောင်းတာ လူသားဘိုးဘေးက အရှင်ဒွန်ဟောင်ရဲ့ သဘောထားကို စမ်းသပ်တာ ဖြစ်မယ်။ အဲဒီနောက်မှာ သူတို့ရဲ့ ဆက်ဆံရေးက ဆိုးရွားသွားတာပဲ။”
“ဟုတ်တယ်။” ဖန်းကိုင်းက ပြောလိုက်သည်။
“လူသားဘိုးဘေးက လက်ရှိခေတ်မှာ စီနီယာအကျဆုံး ဖြစ်ပြီး ခန့်မှန်းလို့မရဘူး။ ဘယ်သူမှ သူ့ကို ဖြတ်မမြင်နိုင်ကြဘူး။ ပြီးတော့ သူ ပြသလာတဲ့ စရိုက်သဘာဝကလည်း အပြစ်ကင်းလွန်းနေတယ်။ သူ့ရဲ့ သဘောထားနဲ့စရိုက်အတွက် ဖြစ်နိုင်ချေနှစ်ချက်ရှိတယ်။ တစ်ချက်က သူက တကယ်ပဲ လောကကြီးကနေ သီးခြားတည်ရှိတဲ့ အစစ်အမှန် သူတော်စင်တစ်ယောက်ပဲ။ ဒါပေမယ့် သူ့ရဲ့ အရင်တုန်းက အပြုအမူတွေကနေ ဆုံးဖြတ်ရရင် သူက အဲဒီအဆင့်ထိ မရောက်သေးဘူး။ အဲဒီလိုမဟုတ်ဘူးဆိုရင် အဲဒါက ဟန်ဆောင်မှုတစ်ခုပဲဖြစ်ပြီး ပိုလို့တောင် ကြောက်စရာကောင်းလိမ့်မယ်။”
သူက လူသားဘိုးဘေးအား ဆန်းစစ်လေ့လာကြည့်နေသည်။
“လူသားဘုံမှာ လူသားဘိုးဘေးရဲ့ အဆင့်အတန်းက အရမ်းမြင့်မားတယ်။ လူတိုင်းက သူ့ကို ကြည်ညိုလေးစားကြတယ်။ သူ့ရဲ့ ဘွဲ့ဂုဏ်ကတောင် လူသားဘိုးဘေးတဲ့။ သာမန်လူတစ်ယောက်က ဒီလို ဂုဏ်ဒြပ်မျိုး မရနိုင်ဘူး။ သူက ကောင်းကင်ဘုံနဲ့ ကောင်းကင်ဒေသကို တိုက်ခိုက်ချင်တာ ကျင့်ကြံရေးလောကကြီး ကောင်းဖို့အတွက်ရော မဖြစ်နိုင်ဘူးလား။”
အရှင်ထိုက်ရွှမ်က တွေးတွေးဆဆနှင့် ပြောလိုက်သည်။ သို့သော်လည်း သူက ကိုယ်ပိုင်အမြင်ကို ဖော်ပြရုံသာ ဖြစ်သည်။ သူက သံသယအချို့ ရှိသော်လည်း ရှင်းလင်းစွာ မမြင်နိုင်ဟု ခံစားရသည့်အတွက် လူသားဘိုးဘေးကို တိုက်ရိုက် အသရေဖျက်စွပ်စွဲခြင်းမျိုး မလုပ်ချင်ပေ။
သူတို့က လူသားဘုံနှင့် ရန်ငြိုးရန်စရှိခဲ့သည့်အတွက် တစ်ဖက်သတ်ရှုမြင်နေခဲ့သည်လား။
“အများဆုံး သူက လူသားဘုံအတွက် တွေးရုံပဲ ဖြစ်နိုင်မှာပါ။”
ဂူတုံးလျှိုက သဘောမတူစွာ ပြောလိုက်သည်။
“လူသားဘိုးဘေးနဲ့ ပတ်သတ်ပြီး ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကတော့ ဒီခရီးကို သွားရမယ်။”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ လူသားဘိုးဘေးက ပြိုင်ဘက်ကင်း သမာသမတ်ကျသည့် စစ်မှန်သော 'သူတော်စင်' တစ်ပါးဖြစ်လျှင် စီနီယာအား လေးစားသမှုနှင့် သူတို့က သွားရောက်ရမည် ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သတ်၍ မှားယွင်းခြင်းမရှိပေ။
အခြားဖြစ်နိုင်ချေဖြစ်ခဲ့လျှင် လူသားဘိုးဘေးက အလွန် တွက်ချက်တတ်သူဖြစ်သည်။ သူက ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖိတ်ကြားသွားသည်ဖြစ်ရာ ရီဖူရှင်း မသွားခဲ့ပါက မိမိကိုယ်ကိုယ် စိတ်ကြီးဝင်နေခြင်းသာ ဖြစ်လိမ့်မည်။ လူသားဘိုးဘေးကသာ တိုက်ရိုက် တိုက်ခိုက်လာပါက ပြန်လည်တွန်းလှန်ရန် ခက်ခဲရပေလိမ့်မည်။
“အနာဂတ်မှာတော့ အရာအားလုံးကို သိလာရမှာပါ။”
ရီဖူရှင်းက ပြောလိုက်သည်။ သူက လူသားဘုံသို့ သွားရောက်ရမည် ဖြစ်သည်။
…
ကောင်းကင်ပြက္ခဒိန် ၁၀၁၈၄ ခုနှစ်တွင် လူသားဘုံက ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသအား မည်သို့ ရင်ဆိုင်ရမည်ကို ဆွေးနွေးရန် အင်ပါယာအဆင့် အင်အားစုများအားလုံးကို ဖိတ်ခေါ်ခဲ့သည်။
ထိုသတင်း ပျံ့နှံ့သွားသည့်အခါ မရေတွက်နိုင်သည့် ကျင့်ကြံသူများက ဤခမ်းနားကြီးကျယ်သည့် မြင်ကွင်းကို မျက်မြင်တွေ့ရရန် လူသားဘုံသို့ ခရီးဆန့်လာကြသည်။
တစ်ချိန်က လူသားဘုံသည် နတ်ဆိုးလောက၊ နတ္ထိဘုံနှင့် မှော်နက်လောကတို့ဖြင့် ရန်သူဖြစ်ခဲ့သည်။ မမျှော်လင့်ဘဲ သူတို့က ယခု မဟာမိတ်အဖြစ် အတူတကွ ထိုင်နေကြရပေသည်။ အပြောင်းအလဲတို့က ခန့်မှန်း၍မရနိုင်အောင်ဖြစ်ကာ လောကအတွင်း မည်သည့်အရာမဆို ဖြစ်ပျက်သွားနိုင်သည်။
ဤတစ်ကြိမ်၌ စစ်ပွဲဖြစ်ပွားလာလျှင် မည်သို့သော အကျိုးဆက်မျိုး ဖြစ်ပေါ်လာလိမ့်မည်နည်း။
ကောင်းကင်ဒေသက ဖျက်ဆီးခံလိုက်ရလိမ့်မည်လား။
ကောင်းကင်ဒေသက ဆက်လက်တည်ရှိနေနိုင်သော်လည်း အရှင်ဒွန်ဟောင်၏ အင်ပါယာနန်းတော်က ရှင်သန်ရန် ခက်ခဲပေလိမ့်မည်။
လူသားဘုံ၊ လူသားနတ်နန်းတော်။
၎င်းကို တိမ်တိုက်များကဲ့သို့ ဝိညာဥ်စွမ်းအင်များက ဖုံးလွှမ်းထားသည်။ ဤနေရာ၌ ဝိညာဥ်တောင်တန်းများစွာ ရှိပြီး ၎င်းတို့ပေါ်တွင် အဆောက်အဦးများစွာ ရှိကာ ထူးခြားသည့် တိမ်တိုက်တို့ဖြင့် ရစ်သိုင်းခံထားရသည်။ မြူများ၏ အလယ်တွင် ပျံသန်းနေသော နတ်ငှက်များနှင့် ဖီးနစ်များပင် ရှိနေသည်။
ထိုအချိန်တွင် ကျင့်ကြံသူများစွာက ကောင်းကင်ကို ဖြတ်သန်းခရီးဆက်နေသည်။ သူတို့က နတ်ငှက်များကို စီးနင်းထားကာ အလွန် မှော်ဆန်၍ လှပနေပုံပေါ်သည်။
ပင်မတောင်ပေါ်တွင် စားသောက်ပွဲတစ်ခု တည်ခင်းပေးထားသည်။ နေရာအသီးသီးမှ ရောက်ရှိလာသည့် ဧည့်သည်များက ဝိညာဥ်တောင်တန်းများပေါ်တွင် ဆင်းသက်လိုက်ကြသည်။ သူတို့က ထိုနေရာ၌ ရပ်နေခဲ့ပြီး အဝေးသို့ ကြည့်နေရင်း သူတို့မျက်လုံးများထဲ၌ မျှော်လင့်စောင့်စားခြင်းတို့ဖြင့် ပြည့်နေခဲ့သည်။
ယနေ့တွင် နှစ်ပေါင်းငါးရာအတွင်း အကြီးမားဆုံး စားသောက်ပွဲကို ကျင်းပလိမ့်မည် ဖြစ်သည်။ လက်ရှိအင်ပါယာခြောက်ပါးတွင် လေးပါးရောက်လာပြီး လက်တလောတွင်မှ မဟာအင်ပါယာဖြစ်လာသည့် လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်များစွာလည်း လာရောက်ကြမည် ဖြစ်သည်။
ထိုအချိန်တွင် တောင်ပေါ်ရှိ မတူညီသော နေရာများတွင် ကျင့်ကြံသူများ ရှိနေခဲ့သည်။ သူတို့၏ အရှိန်အဝါများအားလုံးက တိုင်းတာ၍မရအောင် နက်ရှိုင်းလှသည်။ ရန်ဟောင်အဆင့်၌ ရှိသည့် ကျင့်ကြံသူများက အောက်ခြေ၌သာ ရပ်နိုင်ပေသည်။သူတို့က ထိုင်ခုံ၌ ထိုင်ရန်ပင် အရည်အချင်းမမီပေ။
လောကကြီးအတွင်း ပြင်းထန်သော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီးနောက် ရန်ဟောင်အဆင့်များက အရေးမပါတော့ပေ။
လက်ရှိနှစ်များတွင် အားကောင်းသည့် ပုဂ္ဂိုလ်များစွာ ထွက်ပေါ်လာခဲ့ပြီး သူတို့က နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ပြီးသူများ၊ မဟာအင်ပါယာတစ်ပိုင်းအဆင့်များ များပြားလှသည်။
လက်ရှိ အချိန်ကာလက မဟာအင်ပါယာများ၏ ခေတ်ဖြစ်သည်။ နတ်ဘုရားတို့၏ခေတ်က စတင်ခဲ့ပြီး ဖြစ်သည်။
တိဟောက်က ဝိညာဥ်တောင်တန်း၏ ထိပ်ဖျားရှိ နတ်ဘုရားပလ္လင်ဘေးတွင် မတ်တပ်ရပ်နေသည်။ သူ့ဘေးတစ်ဖက်တစ်ချက်တွင် မရေတွက်နိုင်သော မဟာအင်ပါယာများ ရှိနေသည်။ သူတို့အားလုံးက စောင့်ဆိုင်းနေခဲ့ကြသည်။
ထိုပုဂ္ဂိုလ်များတွင် အားအနည်းဆုံး ပုဂ္ဂိုလ်သည်ပင် မဟာအင်ပါယာတစ်ပိုင်းအဆင့်ဖြစ်သည်။
ထို့နောက် ဝိညာဥ်တောင်တန်းအောက်ဘက်ရှိ ကျင့်ကြံသူများအလယ်တွင် အစွမ်းထက်သည့် လူတစ်စုက တိမ်တိုက်များကို ဖြတ်ကျော်ကာ ထိုနေရာသို့ တန်းတန်းမတ်မတ် ရောက်လာခဲ့သည်။ ၎င်းက ရီဖူရှင်းတို့အဖွဲ့ဖြစ်သည်။ သူတို့က အရင်ဆုံး ရောက်ရှိလာခြင်းဖြစ်သည်။
များပြားလှသော နတ်မိမယ်များက သူတို့ရှေ့သို့ ရောက်လာကာ ကြိုဆိုခဲ့ကြသည်။ သူတို့က ဦးညွှတ်နှုတ်ဆက်ကာ ပြောလိုက်သည်။
“နန်းတော်သခင်ကို ကြိုဆိုပါတယ်။”
ထို့နောက် သူတို့က လမ်းပြပေးကာ ရီဖူရှင်းနှင့် ဝိညာဥ်တောင်တန်းသို့ ရောက်လာသည့် အခြားလူများကို နေရာတစ်ခုတွင် ချထားပေးလိုက်သည်။
“နန်းတော်သခင်ရီ။”
တိဟောက်က ရီဖူရှင်းနှင့် အခြားလူများကို ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။ ရီဖူရှင်းက တုန့်ပြန်သည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သော်လည်း အခြားမည်သည့်စကားမှ မပြောခဲ့ပေ။ သူတို့က တိတ်ဆိတ်စွာ ထိုင်ရင်း စောင့်ဆိုင်းနေခဲ့သည်။
သူတို့က ဤတစ်ကြိမ်၌ ပွဲ၏ ကြယ်ပွင့်များ မဟုတ်ခဲ့ပေ။ မဟာအင်ပါယာခြောက်ပါးလည်း လာမည်ဖြစ်သောကြောင့် သူက ဂျူနီယာလေးတစ်ယောက်သာ ဖြစ်သည်။
ဘုန်း...
ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားတို့က ကောင်းကင်မှ ဆင်းသက်လာသည်။ ထို့နောက် နတ်ဆိုးအလင်းတန်းတို့ ထွက်ပေါ်လာ၏။ အားကောင်းသည့် လူတစ်စုက ဝိညာဥ်တောင်တန်းထက်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ နတ်ဆိုးဘုံ၏ နတ်ဆိုးအင်ပါယာနန်းတော်မှ အစွမ်းထက် ကျင့်ကြံသူများ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ခေါင်းဆောင်လာသူတွင် အလွန်ရန်လိုသည့် ပြင်းထန်သော စွမ်းအားများ ရှိသည်။ နတ်ဆိုးအင်ပါယာက ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပေသည်။
“နတ်ဆိုးအင်ပါယာကို ကြိုဆိုပါတယ်။”
တိဟောက်နှင့် အခြားလူများက အရိုအသေပေးလိုက်ကြသည်။
“နတ်ဆိုးအင်ပါယာကို ကြိုဆိုပါတယ်။”
ဝိညာဥ်တောင်တန်း အပေါ်နှင့် အောက်ဘက်မှ မရေတွက်နိုင်သော ကျင့်ကြံသူများက တစ်ချိန်တည်းတွင် အရိုအသေပေးကာ နှုတ်ဆက်လိုက်ကြသည်။ လက်ရှိတွင် မဟာအင်ပါယာခြောက်ပါးက လောကအတွင်း အမြင့်ဆုံး နေရာ၌ ရပ်တည်နေကြသည်။ လူတိုင်းသည် ထိုမဟာအင်ပါယာခြောက်ပါးအပေါ်တွင် ကြီးမားသော ရိုသေ လေးစားမှုများ ရှိကြသည်။
နတ်ဆိုးအင်ပါယာက စကားမပြောခဲ့ပေ။ သူက နတ်ဆိုးဘုံမှ အစွမ်းထက်ကျင့်ကြံသူများကို ဦးဆောင်ရင်း ရှေ့သို့ တိုက်ရိုက်ဆက်သွားခဲ့ကာ တစ်နေရာကို ဦးတည်လိုက်သည်။ သူ့မျက်လုံးများက ရီဖူရှင်းကို ကြည့်လိုက်သည်။
“စီနီယာနတ်ဆိုးအင်ပါယာ။”
ရီဖူရှင်းက ထရပ်ကာ အဝေးမှနေ၍ အရိုအသေပေးလိုက်သည်။ နတ်ဆိုးအင်ပါယာက ခေါင်းညိတ်ကာ အကြည့်များကို အဝေးသို့ လွှဲလိုက်သည်။