← Chapters

အကျိုးအမြတ်ခွဲဝေခြင်းလား။ 

Vol. 200 Ch. 2858

အကျိုးအမြတ်ခွဲဝေခြင်းလား။ 

Vol. 200 Ch. 2858

နတ်ဆိုးအင်ပါယာရောက်ရှိပြီး သိပ်မကြာခင်မှာပင် နောက်ထပ်အားကောင်းသည့် အရှိန်အဝါနှစ်ခုက တစ်ပြိုင်တည်း ကျဆင်းလာသည်။ မှော်နက်အလင်းများက ကောင်းကင်မှ ကျဆင်းလာကာ လေဟာနယ် ဖြတ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုနေရာမှ အစွမ်းထက်ကျင့်ကြံသူတစ်စု ထွက်ပေါ်လာပေသည်။

အခြားတစ်ဖက်တွင် ရွှေရောင်လေဟာနယ်ဖြတ်လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက လေဟာနယ်တံခါးတစ်ချပ်ကဲ့သို့ ပွင့်ဟလာ၏။ တူညီစွာပင် အားကောင်းသည့် ကျင့်ကြံသူတစ်စုက ထိုနေရာမှ လျှောက်ထွက်လာခဲ့သည်။

မှော်နက်စစ်တပ်နှင့် နတ္ထိတောင်တန်းမှ ကျင့်ကြံသူများ ရောက်ရှိလာပြီ ဖြစ်သည်။

“ကြိုဆိုပါတယ် မှော်နက်အရှင်နဲ့ မိစ္ဆာအင်ပါယာ။”

အစွမ်းထက် ကျင့်ကြံသူများက ထရပ်ကာ အရိုအသေပြုလိုက်ပြန်သည်။ ထိုသူတို့နှစ်ယောက်မှာ အထွတ်အထိပ်တွင် ရပ်တည်နေသည့် မှော်နက်စစ်တပ်၏ အုပ်ချုပ်သူ မှော်နက်အရှင်နှင့် နတ္ထိဘုံ၏ အုပ်ချုပ်သူ မိစ္ဆာအင်ပါယာတို့ ဖြစ်သည်။

ရီဖူရှင်းအတွက် သူတို့၏ စစ်မှန်သော အသွင်သဏ္ဌာန်ကို မြင်တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။ သူသည် ယခင်က မှော်နက်စစ်တပ်၌ နေထိုင်ခဲ့ဖူးသော်လည်း မှော်နက်အရှင်၏ အသွင်အစစ်အမှန်ကို မမြင်တွေ့ခဲ့ရပေ။

ထိုအချိန်တွင် မှော်နက်အရှင်ကို အနက်ရောင်မြူခိုးများဖြင့် ရစ်ပတ်ထားပြီး လူအများကို မရေရာသော ခံစားချက်တို့ ပေးစွမ်းပေသည်။ သူက မျက်နှာထက်တွင် ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထား၏။ သူ၏ တစ်ကိုယ်လုံးက မည်သည်ကိုမှ မမြင်ရအောင် ဖုံးကွယ်ခံထားရသည်။

မိစ္ဆာအင်ပါယာက ပိန်ပါးပြီး အချိုးအစားကျနသည့် မျက်နှာသွင်ပြင်ရှိသည်။ သူက အသက်လေးဆယ်ခန့်ရှိပုံရသည်။ ထိုနေရာ၌ သာမန်ကာလျှံကာ ရပ်နေရုံနှင့်ပင် ထူးခြားဆန်းကြယ်သည့် ခံစားချက်ကို ပေးစွမ်းပေသည်။ သူ့ထံ၌ မောက်မာသည့် အငွေ့အသက်တို့ ရှိနေခဲ့သည်။ သူက လူများကို ကြည့်ပင်မကြည့်ခဲ့ပေ။ သူက နတ်ဆိုးအင်ပါယာ၏ ဘေးကို ကြည့်လိုက်ကာ နေရာရှာတွေ့သွားပြီး ထိုင်လိုက်သည်။

“သူတို့အားလုံး ရောက်နေကြပြီ။”

ဤစားသောက်ပွဲက နတ်ဆိုးအင်ပါယာ၊ မှော်နက်အရှင်နှင့် မိစ္ဆာအင်ပါယာတို့အတွက် အဓိကကျင်းပပေးခြင်း ဖြစ်သည်။ ထိုကြီးမြတ်သည့် ပုဂ္ဂိုလ်သုံးယောက်လုံးက ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ကြသည်။ ဤသည်မှာ လွန်ခဲ့သော နှစ်ငါးရာအတွင်း တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးသော အရာဖြစ်သည်။ လူသားဘိုးဘေး တစ်ယောက်တည်းသာလျှင် ထိုမဟာအင်ပါယာ သုံးယောက်ကို သူတို့၏ ပုံသဏ္ဌာန်အစစ်အမှန်များနှင့် လာရောက်အောင် လုပ်ဆောင်နိုင်ပေသည်။

ထူးခြားသည့်အလင်းက ဝိညာဥ်တောင်တန်းပေါ်ရှိ နတ်ပုလ္လင်ထက် လေထုထဲတွင် တော​က်ပနေသည်။ တော​က်ပသည့် အလင်းရောင်များက ထွန်းလင်းနေပြီး ရှေးဟောင်းတောင်ထွတ်များ အားလုံးကို လွှမ်းခြုံထား၏။ လူသားနတ်နန်းတော်ထဲတွင် ပုံရိပ်တစ်ခုပေါ်ပေါက်လာပြီးနောက် သူက နတ်ပလ္လင်သို့ လျှောက်လာခဲ့သည်။ ၎င်းက လူသားဘိုးဘေး၏ အသွင်သဏ္ဌာန်အစစ် ဖြစ်လေသည်။

“ကျုပ်ရဲ့ မိတ်ဆွေဟောင်းတွေက တကယ်ပဲ လာရောက်ပေးကြတာ စိတ်လှုပ်ရှားမိတယ်။”

လူသားဘိုးဘေးက အပြုံးနှင့် ပြောလိုက်သည်။

“နောက်ဆုံးတစ်ခေါက် ကျုပ်တို့ ဒီလိုမျိုး စုဝေးဖြစ်ခဲ့တာ နှစ်ငါးရာတောင် ကြာခဲ့ပြီမလား။”

ထိုအချိန်တွင် လောကကြီးက ပရမ်းပတာ ဖြစ်နေခဲ့ပြီး သူတို့က ၎င်းကို ဖြေရှင်းရန် စုဝေးခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်ကတည်းက ဘုံခုနစ်ခုသည် နှစ်ပေါင်းများစွာကြာအောင် ငြိမ်းချမ်းခဲ့ပြီး စစ်ပွဲများ ထပ်မံဖြစ်ပေါ်လာခြင်း မရှိတော့ပေ။

လက်ရှိတွင် လောကအတွင်း အင်ပါယာခြောက်ပါးအနက် လေးပါးက ဤနေရာ၌ ထွက်ပေါ်လာသည်။

မူလဘုံ၏ ရီဖူရှင်းလည်း ရှိနေခဲ့သည်။

“ဘုံခုနစ်ခုရဲ့ အခြေအနေက ပြောင်းလဲသွားပြီ။ လူသားဘိုးဘေးက ကျုပ်တို့ကို ဖိတ်ခေါ်တယ်ဆိုတော့ ခင်ဗျားရဲ့ အတွေးကို ကျုပ်တို့ ကြားချင်မိတယ်။” မိစ္ဆာအင်ပါယာက ပြောလိုက်သည်။ သူ့အသံက အလွန် ဘဝင်မြင့်နေကာ လျစ်လျူရှုနေသည့်ဟန် ရှိသည်။

“မင်းတို့အားလုံး ဘုံနှစ်ခုရဲ့ အ​ပြောင်းအလဲတွေကို သိကြတယ်။ ဒီအကြောင်းကို ဒီထက်ပိုပြီး ပြောစရာမလိုအပ်ဘူး။ ကောင်းကင်လမ်းစဥ်က ပြန်လာပြီး လောကကို အုပ်စိုးဖို့ ကျိဝူတောက်ကို အသုံးပြုချင်နေတယ်။ ဒွန်ဟောင်ရဲ့ ရပ်တည်မှုက မရှင်းလင်းပေမယ့် သူက ကောင်းကင်ဘုံနဲ့ မိတ်ဖက်ဖြစ်နိုင်တယ်။ ကျိဝူတောက်က ဒွန်ဟောင်တိယွမ်အတွက် ခံစားချက်ကို အကြိမ်ပေါင်းများစွာ ပြသခဲ့ပြီး သူမကို ဧကရီ ဖြစ်စေချင်နေတယ်။ ကျိဝူတောက်က အောင်မြင်သွားရင် ဘုံခုနစ်ခု ထပ်ပြီး တည်ရှိတော့မှာ မဟုတ်ဘူး။”

လူသားဘိုးဘေး၏ အသံက နက်နဲသိမ်မွေ့နေပြီး သူက ဖြေးညင်းစွာ ဆက်ပြောခဲ့သည်။

“ဒီတစ်ကြိမ် တစ်ဖက်လူတွေက အချိန်အကြာကြီး အကွက်ချကြံစည်နေပြီး ကျုပ်တို့ကို သတင်းအမှောင်ချထားတာကြောင့် ဒီနေ့ ခင်ဗျားတို့အားလုံးကို ဖိတ်ခေါ်လိုက်ရတာပဲ။ ဒွန်ဟောင်အင်ပါယာနန်းတော်ကို အရင်ဆုံး ဖျက်ဆီးပြီးနောက် ကျိဝူတောက်ကို ရင်ဆိုင်ဖို့ ကျုပ်မျှော်လင့်တယ်။ ခင်ဗျားတို့အားလုံးရော ဘယ်လိုထင်လဲ။”

“သူတို့ မဟာမိတ်ဖြစ်လာရင် ဒွန်ဟောင်က ကောင်းကင်ဘုံကို သွားမှာမဟုတ်ဘူးလား။ ကောင်းကင်လမ်းစဥ်က ဒွန်ဟောင်ကို ကူညီပေးနိုင်ရင် အဲဒါက ရိုးရှင်းလွယ်ကူမနေမှာကို စိုးမိတယ်။”

နတ်ဆိုးအင်ပါယာက ပြောလိုက်ပြီး သူ့ စကားလုံးများနှင့် လူသားဘိုးဘေး၏ စကားလုံးများကို စမ်းသပ်ချင်ပုံရသည်။

“ဒွန်ဟောင်က ကောင်းကင်ဒေသကို နှစ်ငါးရာကြာအောင် အုပ်စိုးခဲ့တယ်။ ကောင်းကင်ဒေသက သူ့အတွက် ဘယ်လောက်တောင် အရေးပါလဲဆိုတာ ရှင်းရှင်းလင်းလင်း သိမယ် ထင်တယ်။ သူက ကောင်းကင်​ဒေသကို စွန့်ပစ်ပြီး ကောင်းကင်ဘုံမှာ ကျိဝူတောက်နဲ့အတူ လက်တွဲသွားရင် ကောင်းကင်ဒေသရဲ့ အုတ်မြစ်ကို လက်လျှော့လိုက်ရလိမ့်မယ်။”

လူသားဘိုးဘေးက ပြန်ပြောလိုက်သည်။

“မိတ်ဆွေလေးရီက အင်ပါယာရီချင်ရဲ့ မျိုးဆက်ဖြစ်ပြီး အရမ်း အရည်အချင်းရှိတယ်။ သူကလည်း အရှင်ဒွန်ဟောင်နဲ့ ပြိုင်ဘက်ဟောင်းတွေပဲ။ အင်ပါယာရီချင်ရဲ့ နေရာကို ဆက်ခံဖို့ သူ့အတွက် အတော်လေး သင့်တော်တယ်။ ကောင်းကင်ဒေသကို မိတ်ဆွေလေးရီဆီ လွှဲပေးလိုက်မယ်ဆိုရင် ခင်ဗျားတို့ ဘယ်လိုသဘောရလဲ။”

ရီဖူရှင်းက အံ့အားသင့်သည့် အမူအရာတို့ ထုတ်ဖော်ပြလာသည်။ သူသည် လူသားဘိုးဘေးက ထိုမျှထိ ခင်မင်ရင်းနှီးမှုကို ပြသပြီး ကောင်းကင်ဒေသကို အုပ်ချုပ်ရန် သူ့အား ပေးအပ်လိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။

“ကျုပ် သဘောတူတယ်။”

နတ်ဆိုးအင်ပါယာက အရင်ဆုံး ခေါင်းညိတ်ကာ သဘောတူခဲ့သည်။ သူက ပြောလိုက်၏။

“အင်ပါယာရီချင်က ကောင်းကင်ဒေသကို တည်ထောင်ခဲ့တဲ့သူတွေထဲက တစ်ယောက်ပဲ။ ကောင်းကင်ဒေသကို ဆက်ခံဖို့က ရီဖူရှင်းအတွက် တရားနည်းလမ်းကျတယ်။”

မိတ်ဆွေလေးရီ ကောင်းကင်ဒေသကို ဆက်ခံမှာအတွက် ကျုပ်ကန့်ကွက်ဖို့မရှိဘူး။”

မှော်နက်အရှင်ကလည်း သဘောတူလိုက်သည်။ မိစ္ဆာအင်ပါယာက မည်သည့်စကားမှ မဆိုခဲ့သည့်အတွက် လူတိုင်းက သူနှင့် လူသားဘိုးဘေးကို ကြည့်လိုက်ကြသည်။

“မိစ္ဆာအင်ပါယာက ဘာမှမပြောဘူးဆိုတော့ သဘောတူတယ်လို့ ကျုပ် ယူဆလိုက်မယ်။”

လူတိုင်း၏ သာမန်ကာလျှံကာ စကားဝိုင်းက ကောင်းကင်ဒေသသည် ရီဖူရှင်း၏ အုပ်ချုပ်မှုအောက်ရောက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း အဆုံးအဖြတ်ပေးနေပုံရသည်။

ရီဖူရှင်းက စကားမပြောသော်လည်း ရီဖူရှင်း၏ စိတ်ထဲတွင် အချို့သော စိတ်ကူးများ ဖြစ်ပေါ်လာသည်။ ကြမ္မာဗုဒ္ဓက အရှင်ဒွန်ဟောင်၏ ကံတရားက နှစ်ပေါင်းငါးရာတည်တံ့မည်ဟု ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။ သူက ဤတစ်ကြိမ်၌ ကျရှုံးတော့မည်လား။

သူက အရှင်ဒွန်ဟောင်၏ နေရာကို ဆက်ခံရလိမ့်မည်လား။

ဘုံလေးခုက မဟာမိတ်ဖွဲ့ကာ ကောင်းကင်ဒေသကို တိုက်ခိုက်လျှင် ဗုဒ္ဓဂိုဏ်း၏ ရပ်တည်မှုက မည်သို့ ဖြစ်လိမ့်မည်နည်း။

သူတို့က ရပ်ကြည့်နေမည်လား။ သို့မဟုတ်လျှင် ဒွန်ဟောင်ကို ကူညီရန် ဝင်ရောက်စွက်ဖက်ကြလိမ့်မည်လား။

“ကောင်းကင်ဒေသကို သိမ်းပိုက်အောင်နိုင်ပြီးရင် နောက်ထပ် ပစ်မှတ်က ကောင်းကင်ဘုံပဲ။ ကျုပ်တို့ အဲဒါကို အောင်နိုင်တဲ့နေ့မှာ ကောင်းကင်လမ်းစဥ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်ပြီး တခြားကျန်ရှိနေတဲ့ ခြိမ်းခြောက်မှုတွေကို ဖျက်ဆီးပစ်ရမယ်။ ကောင်းကင်ဘုံအတွက်ကတော့ ကျုပ်တို့ လူသားဘုံက အဲဒါကို ထိလိမ့်မှာ မဟုတ်ဘူး။ နတ်ဆိုးအင်ပါယာ၊ မှော်နက်အရှင် မင်းတို့ ကျူးကျော်ဖို့ဆန္ဒရှိရင် စိတ်ကြိုက်လုပ်လို့ရတယ်။”

လူသားဘိုးဘေးသည် သူက ကောင်းကင်ဘုံအား သိမ်းပိုက်ရန် စိတ်မဝင်စားကြောင်း ဖော်ပြခဲ့သည်။

နတ်ဆိုးအင်ပါယာက နတ်ဆိုးဘုံမှ အမြဲ ချိုးဖျက်ထွက်ခွာချင်နေသည်ဖြစ်ရာ သူက သူတို့ကို ခွင့်ပြုလိမ့်မည်ဖြစ်သည်။

“ကျုပ် မူလဘုံကို လိုချင်တယ်။”

မှော်နက်အရှင်က ပြောလိုက်သည်။ ရီဖူရှင်းက သူ့ကို ကြည့်လိုက်၏။ မှော်နက်အရှင်၏ ဆန္ဒမှာ လောကတစ်ခုလုံးကို အမှောင်ထုနှင့် ဖုံးလွှမ်းပစ်ရန် ဖြစ်သည်။

မူလဘုံက လောက၏ မူလအစပင် ဖြစ်သည်။ မှော်နက်အရှင်က မူလဘုံကို ထိန်းချုပ်ချင်သည်ဆိုလျှင် သေချာပေါက် မကောင်းသည့် ရည်ရွယ်ချက် ရှိနေခြင်း ဖြစ်ရပေမည်။

“မှော်နက်အရှင် အခုလက်ရှိ မူလဘုံအတွင်း အပြောင်းအလဲတွေအကြောင်း မင်း သေချာသိမယ်ထင်တယ်။ မင်းအနေနဲ့ မူလဘုံကိုထိန်းချုပ်ဖို့မလွယ်ကူမှာ ကျုပ်စိုးရိမ်မိတယ်။”

လူသားဘိုးဘေးက ပြောလိုက်သည်။

“ခင်ဗျားတို့အားလုံး ဝင်မစွက်ဖက်သရွေ့ အဆင်ပြေလိမ့်မယ်။”

မှော်နက်အရှင်က ဆက်ပြောလိုက်သည်။

“ကျုပ် မူလဘုံကို လူတွေပို့လိုက်မယ်။ အဲဒီမှာ ပြဿနာဖြစ်ရင် ကျုပ်တို့ဘာသာဖြေရှင်းမယ်။”

“နတ္ထိအင်ပါယာဘုံကရော ဘယ်လိုလဲ။”

ထိုအချိန်တွင် မိစ္ဆာအင်ပါယာက မေးလိုက်သည်။ ထိုလူများက နယ်မြေခွဲဝေနေသော်လည်း သူ့ကို မေ့ထားနေကြပုံရသည်။

သူတို့က ကောင်းကင်ဒေသကို စိတ်မဝင်စားသော်လည်း မဟာအင်ပါယာများက မူလဘုံကို အလွန် စိတ်ဝင်စားနေပုံရသည်။

ရီဖူရှင်းသည် သူက မူလဘုံ၌ ကြီးပြင်းခဲ့ပြီး မူလဘုံ၏ အုပ်ချုပ်သူဖြစ်သည်ဟု တွေးထင်ခဲ့သည်။ အခြားလူများ အားလုံးက သူ့ကို ကောင်းကင်ဒေသသို့ တွန်းပို့ရန် သဘောတူခဲ့ကြသည်မှာ သူ့အား မူလဘုံနှင့် ခွဲထုတ်ချင်ကြသောကြောင့် ဖြစ်နိုင်ပေသည်။

သို့သော် သူတို့က ကောင်းကင်ဒေသကို အောင်နိုင်ပြီး ကောင်းကင်ဘုံကို ဖျက်ဆီးပစ်ခဲ့လျှင် ထိုမဟာအင်ပါယာအင်အားစုများကြားမှ ဆက်ဆံရေးက ကျိန်းသေ သင့်မြတ်နေလိမ့်တော့မည် မဟုတ်ပေ။ အခြားသော ပဋိပက္ခများ ဖြစ်လာပေလိမ့်မည်။

လူသားဘုံသည် နတ်ဆိုးဘုံနှင့် အခြားဘုံနှစ်ခုတို့ဖြင့် အမြဲ ခင်မင်ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိခဲ့ပေ။

“ခင်ဗျားတို့အားလုံးက အတော် ရယ်ရတာပဲ။”

အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ လူသားဘိုးဘေးနှင့် အခြားလူများက မျက်မှောင်ကြုတ်ရင်း အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။

အသံသည် လူသားနတ်နန်းတော်၏ ဝိညာဥ်တောင်တန်း အပြင်ဘက်မှ ရောက်ရှိလာခြင်း ဖြစ်သည်။ သူတို့က အာရုံမစိုက်မိခဲ့သော်လည်း ယခု အသံထွက်ပေါ်လာပြီးနောက်တွင် အလွန် ရန်လိုသည့်အရှိန်အဝါတစ်ခု ဖြန့်ကျက်လာသည်။ ဝိညာဥ်တောင်တန်းမှ လူများစွာက ကောင်းကင်သို့ တက်သွားခဲ့သည်။ လူသားဘိုးဘေး၏ ဘေးမှ အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း ရှေ့သို့ လှမ်းသွားကြသည်။ တစ်ချိန်တည်းတွင် ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါတို့က မတူညီသော နေရာများမှ ထွက်ပေါ်လာသည်။

သို့သော် လူသားဘိုးဘေးက လက်ကိုမြှောက်ကာ လူတို့ကို ရပ်တန့်စေလိုက်သည်။ ထို့နောက် ပြင်းထန်သည့် အလင်းတန်းတစ်ခု အဝေးမှ ထိုးထွက်လာသည်။ ၎င်းက အလွန် မျက်စိကျိန်းဖွယ် ကောင်းလှသည်။

နောက်တခဏတွင် ဝိညာဥ်တောင်တန်း၏ အရှေ့ ကောင်းကင်တွင် ထူးချွန်သာလွန်သည့် ပုဂ္ဂိုလ်တစ်ဦးပေါ်ပေါက်လာသည်။

လူတိုင်း၏ မျက်လုံးများက သူ့ပေါ်တွင် ရှိနေခဲ့ပြီး အေးစက်စွာ စိုက်ကြည့်နေခဲ့ကာ သတ်ဖြတ်လိုစိတ်များ လွှမ်းမိုးနေခဲ့သည်။

ယနေ့ ဤနေရာ၌ လောက၏ အားအကောင်းဆုံး အင်အားစုများ စုဝေးနေခဲ့ကြသည်။ မဟာအင်ပါယာခြောက်ပါးတွင် လေးပါးက ဤနေရာတွင် ရှိနေခဲ့သော်လည်း တစ်စုံတစ်ယောက်က ကောင်းကင်တွင် ရပ်ကာ သူတို့အား ငုံ့ကြည့်နေရဲပေသည်။ ၎င်းက မိမိကိုယ်ကိုယ် အထင်ကြီးလွန်းနေခြင်း ဖြစ်ပေသည်။

ကျိဝူတောက်အပြင် လက်ရှိလောက၌ ထိုမျှထိ ရဲတင်းသော အခြားသူမျိုးရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ၎င်းက သူ၏ ခန္ဓာအစစ်အမှန် မဟုတ်နေချေ။

All Chapters