ခေတ်ရေစီးကြောင်း
Vol. 201 Ch. 2860
လူတိုင်း ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ လူသားဘိုးဘေးက ရီဖူရှင်းအား ကြည့်ကာ မေးလိုက်သည်။
“နန်းတော်သခင်ရီ တိုက်ပွဲပြီးတဲ့နောက် မင်းက လူတွေကို ဦးဆောင်ပြီး ကောင်းကင်ဒေသကို အုပ်ချုပ်ရမယ်။ အခုကစပြီး ကောင်းကင်ဒေသက လူတွေရဲ့ ကျင့်ကြံခြင်းက မင်းအပေါ်မှာ မူတည်နေလိမ့်မယ်။”
ရီဖူရှင်း၏ ဦးနှောက်အတွင်းမှ ဂီယာက လည်ပတ်သွားပြီး သူ့စိတ်ထဲတွင် အကြံဉာဏ်တချို့ ပေါ်ပေါက်လာပေသည်။ သူသည် လူသားဘိုးဘေးက မည်သည့်အတွက် ထိုကဲ့သို့ ပြုလုပ်ရကြောင်း မသိရှိသော်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“လူသားဘိုးဘေးရဲ့ သင်ကြားပြသမှုကို လိုက်နာပါ့မယ်။”
“နန်းတော်သခင်ရီက ဘုံခုနစ်ခုမှာ ထိပ်တန်းပါရမီနဲ့ အထွတ်အထိပ်မှာ ရပ်တည်ဖို့ ကံကြမ္မာရှိတယ်။ နန်းတော်သခင်ရီ ကောင်းကင်ဒေသကို အုပ်ချုပ်မယ်ဆိုတာ ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတွေရဲ့ ကံကောင်းမှုပဲ။”
လူသားဘိုးဘေးက ဆက်ပြောလိုက်သည်။
“ဒီတာဝန်အတွက် နန်းတော်သခင်ရီဘက်က အားအနည်းဆုံး ဖြစ်နေမယ်ထင်တယ်။ ကျုပ် မင်းကို ကူညီဖို့ လူတချို့ပို့ပေးလိုက်မယ်။ ပြီးတော့ အရှင်ဒွန်ဟောင် ဦးဆောင်တဲ့ လူတွေ တန်ပြန်တိုက်ခိုက်တာကို တားဆီးဖို့ ရီအင်ပါယာနန်းတော်ကို ဂရုတစိုက် စောင့်ကြပ်ကာကွယ်ရအောင် လူတွေ ချန်ထားခဲ့သင့်တယ်။”
ရီဖူရှင်း၏ အတွင်းစိတ်ထဲ၌ အချက်ပေးသံများ ဆူညံနေခဲ့သည်။ လူသားဘိုးဘေးက သူ့အတွက် ဂရုတစိုက်တွေးတောပေးနေခြင်းဖြစ်သော်လည်း မကောင်းသည့် ရည်ရွယ်ချက်တို့ ရှိနေနိုင်သလား။
သူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်းကဲ့သို့ လုပ်ဆောင်မှုမျိုး ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေတွင် သူက ဤစစ်ရထားပေါ်၌ ချည်နှောင်ခံထားရပြီး ဖြစ်လေသည်။ လူသားဘိုးဘေး၌ မကောင်းသော ရည်ရွယ်ချက်များရှိလျှင်ပင် သူက ငြင်းဆန်နိုင်မည် မဟုတ်ပေ။ ထို့အပြင် လူသားဘိုးဘေး၏ စကားလုံးများက ပြဿနာရှိမနေချေ။ အရာအားလုံးက တရားနည်းလမ်းကျပြီး အကောင်းဆုံး ဖြစ်နိုင်သည်။
သူ ပြန်မဖြေနိုင်ခင် လူသားဘိုးဘေးက ဆက်ပြောလိုက်သည်။
“နတ်ဆိုးအင်ပါယာ၊ မှော်နက်အရှင်၊ မိစ္ဆာအင်ပါယာတို့ရဲ့ အင်အားစုတွေက လက်ရှိနှစ်တွေမှာ မဟာအင်ပါယာတချို့ ထွက်ပေါ်လာခဲ့တယ်။ ခင်ဗျားတို့အားလုံး နန်းတော်သခင်ရီကို ကူညီဖို့ လူတချို့ ပို့ပေးနိုင်မလား။”
ထိုသို့ပြောသည်ကို ကြည့်ခြင်းဖြင့် သူက ရီဖူရှင်းအတွက် ပို၍ပင် တွေးပေးသယောင် ထင်မှတ်ရသည်။
“ကောင်းပြီ။”
နတ်ဆိုးအင်ပါယာက ခေါင်းညိတ်သဘောတူကာ ပြောလိုက်သည်။
“ကျုပ် ရီအင်ပါယာနန်းတော်ကို မဟာအင်ပါယာတချို့ ပို့ပေးလိုက်မယ်။ အင်အားစုတွေကြားမှာ ဟန်ချက်ညီပြီး ကောင်းကင်ဒေသကို အတူတူ တိုက်ခိုက်ရအောင်။”
ရီဖူရှင်းက နတ်ဆိုးအင်ပါယာကို ကြည့်လိုက်သည်။ နတ်ဆိုးအင်ပါယာက ထိုသို့ပြောလိုက်ကတည်းက သူက အများကြီး ထပ်ပြော၍ မရနိုင်တော့ပေ။ သူက ခေါင်းညိတ်ရင်း ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် စီနီယာတို့။”
“ဒီလိုဆိုမှတော့ ခင်ဗျားတို့ကို ဒီမှာ ဆက်ဆွဲမထားတော့ပါဘူး။”
လူသားဘိုးဘေးက ပြောလိုက်သည်။
“ကျေးဇူးပြုပြီး စတင်ပြင်ဆင်ဖို့ ပြန်လို့ရပါပြီ။”
ပြင်ဆင်ရမည့်အချိန်က အလွန် နည်းပါးနေပေသည်။ ခုနစ်ရက်ကြာပြီးနောက် သူတို့က ကောင်းကင်ဒေသကို အတူတကွ တိုက်ခိုက်ကြမည် ဖြစ်သည်။
သူတို့က သာမန်ကျင့်ကြံသူများဖြစ်လျှင် ခုနစ်ရက်ဟူသည်မှာ ပြန်သွားရန်အချိန်ပင် မလုံလောက်သော်လည်း ဤနေရာရှိ သူတို့အားလုံးက လောက၏ ထိပ်တန်းဖြစ်တည်မှုများဖြစ်သော မဟာအင်ပါယာများ ဖြစ်သည်။ ခုနစ်ရက်ဟူသည့်အချိန်က သူတို့အတွက် လုံလောက်ပေသည်။
“ဒီလိုဆိုတော့ ကျုပ်တို့ အခုပဲ ပြန်လိုက်ပါတော့မယ်။”
နတ်ဆိုးအင်ပါယာက ပြောလိုက်ပြီး အစွမ်းထက် ကျင့်ကြံသူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။ အခြားကျင့်ကြံသူများကလည်း ပြန်သွားရန် စတင်လုပ်ဆောင်လိုက်ကြသည်။
ရီဖူရှင်းက ထရပ်ကာ နှုတ်ဆက်လိုက်သည်။ ဤတစ်ကြိမ်၌ လူတိုင်းက အချိန်အကြာကြီးမနေဘဲ ထွက်ခွာသွားခဲ့ကြသည်။
သို့သော် ဤသည်မှာ ဘုံခုနစ်ခု၏ စစ်ပွဲနှင့် သက်ဆိုင်နေပြီး သူတို့က သဘောတူညီချက်ရရန် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ဤတွေ့ဆုံမှု၏ အရေးကြီးအချက်က ကြာမြင့်ချိန်မဟုတ်ပေ။ ထို့အစား မဟာအင်ပါယာများက ဤနေရာသို့ ပုံစံအမှန်နှင့် ရောက်လာခဲ့ကြပြီး ကောင်းကင်ဒေသကို တိုက်ခိုက်ရန် မဟာမိတ်ဖွဲ့ခဲ့ကြသည်။
အစွမ်းထက် ပုဂ္ဂိုလ်များ ပြန်သွားပြီးနောက် သတင်းက လူသားဘုံမှနေ၍ ဘုံခုနစ်ခုသို့ အလွန် ကြောက်မက်ဖွယ် လျင်မြန်လှသော အရှိန်နှင့် ပျံ့နှံ့သွားခဲ့သည်။
ဘုံခုနစ်ခု၏ ကျင့်ကြံသူများအားလုံးက တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ကြရပေသည်။
သူတို့သည် လောကကြီးက အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို သိရှိကြသည်။
ဘုံခုနစ်ခု၏ အစီအစဥ်က သမိုင်းဝင်အပြောင်းအလဲတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။
လူသားဘုံ၊ နတ်ဆိုးဘုံ၊ မှော်နက်ဘုံနှင့် နတ္ထိဘုံတို့က အတူတကွပူးပေါင်းကာ ကောင်းကင်ဒေသကို တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။ သူတို့က ကောင်းကင်ဒေသကို အရင်ဖျက်ဆီးပစ်ပြီးနောက် ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာကို တိုက်ခိုက်ပေလိမ့်မည်။
ကြမ္မာဗုဒ္ဓ၏ ဟောကိန်းက အမှန်တကယ် ဖြစ်လာဆတာ့မည်လား။
နှစ်ပေါင်းငါးရာကြာမြင့်ခဲ့သည့် အရှင်ဒွန်ဟောင်၏ အင်ပါယာကံကြမ္မာက အမှန်တကယ် အဆုံးသတ်တော့မည်လား။
သူတို့သည် အပြောင်းအလဲက ထိုမျှလျင်မြန်လိမ့်မည်ဟု ထင်မှတ်ထားခြင်း မရှိပေ။ ဘုံခုနစ်ခုက ပြိုင်ဘက်ကင်းစစ်ပွဲတစ်ခုကို စတင်တော့မည် ဖြစ်ပေသည်။
…
ရီဖူရှင်းတို့အဖွဲ့က ရီအင်ပါယာနန်းတော်သို့ ပြန်ရောက်ရှိလာသည်။ ထို့နောက် သူက ရီအင်ပါယာနန်းတော်၏ အဓိကပုဂ္ဂိုလ်များကို စုဝေးစေကာ ပြဿနာကို ဆွေးနွေးခဲ့သည်။
ကောင်းကင်ဒေသကို စစ်ကြေညာခြင်းက သာမန်ဖြစ်ရပ်မဟုတ်ပေ။ ထိုအဖြစ်မှ မည်သည့်အကျိုးဆက်မျိုး ရှိလာလိမ့်မည်ကို မည်သူမှ မသိကြချေ။ ရီဖူရှင်းက ရွေးချယ်စရာ မရှိသဖြင့် ဂရုတစိုက်လုပ်ဆောင်ရမည် ဖြစ်သည်။
“အားလုံး ဘယ်လိုထင်ကြလဲ။” ရီဖူရှင်းက ပင်မခန်းမအတွင်းရှိ လူတိုင်းကို မေးလိုက်သည်။
ပင်မခန်းမအတွင်းရှိ ကျင့်ကြံသူများအားလုံးမှာ စီဝေ့ကြယ်ကမ္ဘာမှ သူ့နောက်သို့ လိုက်ပါလာသည့် အဓိကပုဂ္ဂိုလ်များ ဖြစ်ကြသည်။
“ကျုပ်တို့ ဦးတည်ချက်ကို ပြောင်းပြန်လှန်လို့မရနိုင်ဘူး။” အနောက်ဘက်အင်ပါယာက ပြောလိုက်သည်။
“လူသားဘိုးဘေးနဲ့ တခြားလူတွေက မင်းကို ရှေ့ရောက်အောင် တွန်းပေးချင်နေတယ်။ ဒါက ယေဘုယျဦးတည်ချက်ပဲ။ နတ်ဆိုးဘုံရဲ့ ယူချင်းက မင်းနဲ့ ထူးခြားတဲ့ ပတ်သတ်မှုရှိပြီး နတ်ဆိုးအင်ပါယာနဲ့ ခင်မင်ရင်းနှီးမှုတချို့ ရှိတယ်ဆိုရမယ်။ ဒါပေမယ့် သူကလည်း ဒီအဖြစ်အပျက်မှာ တစ်စိတ်တစ်ပိုင်းပါဝင်နေတယ်။ ရွေးချယ်စရာမရှိဘူး။”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူသည်လည်း နတ်ဆိုးအင်ပါယာက သူ့ကို ပါဝင်ပတ်သတ်စေချင်နေကြောင်း ခံစားမိပေသည်။
လူသားဘိုးဘေး၊ နတ်ဆိုးအင်ပါယာ၊ မှော်နက်အရှင်နှင့် မိစ္ဆာအင်ပါယာတို့၏ အင်အားစုလေးခုက ဦးတည်ချက်တစ်ခု ဖန်တီးထားသည်။ ယခုထိတိုင် သူက အရေးမပါသည့် လူတစ်ယောက်အဖြစ် ခံစားနေရဆဲဖြစ်ကာ ဤတိုက်ပွဲအတွင်းပါဝင်၍ ရေစီးကြောင်းအတိုင်း မျှောလိုက်သွားရုံသာ တတ်နိုင်သည်။
သူ ကိုယ်တိုင်ပါဝင်ရန်အတွက် လုံလောက်သော အကြောင်းပြချက်ရှိသည်။
ထပ်ပြောရလျှင် တစ်ဖက်လူက သူ့အား လုံလောက်သည့် အကျိုးအမြတ်ပင် ပေးထားပြီးဖြစ်သည်။ ကောင်းကင်ဒေသကို အောင်နိုင်ပြီးနောက် သူက ကောင်းကင်ဒေသကို အုပ်စိုးရလိမ့်မည် ဖြစ်သည်။
သို့သော် ထိုသည်က အမှန်တကယ် ဖြစ်ခဲ့လျှင် လောကကြီးက မည်သို့ ပြောင်းလဲလာမည်ကို မည်သူမှ ကြိုတင်ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။
ကောင်းကင်(၉၉)လွှာ၌ ကောင်းကင်လမ်းစဥ် ထွက်ပေါ်လာခြင်းနှင့် ဟန်ချက်ညီမှုကို ဖျက်ဆီးနေခဲ့သော ကျိဝူတောက်၏ အပြုအမူများက လူသားဘိုးဘေးနှင့် အခြားလူများကို စစ်ကြေညာခြင်း ဖြစ်နေခဲ့သလား။
“ငါ နည်းနည်းစိတ်ပူတယ်။”
ဂူတုံးလျှိုက ပြောလိုက်သည်။
“တတိယအစ်ကို ပြောပါ။”
ရီဖူရှင်းက ဂူတုံးလျှိုကို ကြည့်လိုက်သည်။
“လူသားဘိုးဘေးက နှစ်ပေါင်းများစွာကြာအောင် ရှင်သန်လာခဲ့ပြီး သူက ငါတို့ လုံးဝ မှန်းဆမရနိုင်တဲ့သူမျိုးပဲ။ သူ့ရဲ့ လက်ရှိသဘောထားက မင်းနဲ့ အရင်တုန်းက လူသားဘုံရဲ့ ပဋိပက္ခတွေကို မေ့သွားအောင် လုပ်နေတယ်။”
ဂူတုံးလျှိုက ပြောလိုက်သည်။
“သူက လူသားဘိုးဘေးလို့ ကျော်ကြားပြီး အရမ်းအစွမ်းထက်တယ်။ သူက အရမ်း ကြင်နာတတ်ပြီး လောကမှာရှိတဲ့ သက်ရှိတွေ အားလုံးအတွက် တွေးပေးတယ်လို့ ထင်ရပေမယ့် အခု သူတွေးနေတာနဲ့ သူ့အပြုအမူတွေက ကွာခြားနေတယ်ဆိုရင် သူက ဘာကို ကြံစည်နေတာလဲ။”
လူတိုင်းက ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ကြသည်။ ယခင်က သူတို့သည် လူသားဘိုးဘေးက မည်သို့ သဘောထားရှိနိုင်သည်ကို ဆွေးနွေးခဲ့ကြပြီး ယခု ထိုမေးခွန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လူသားဘိုးဘေးက ခန့်မှန်းရန် အလွန်ခက်ခဲလှသည်။ သူတို့က အပေါ်ယံတွင် ရန်သူများအဖြစ် ပြုမူနေသော်လည်း လူသားဘိုးဘေးက သူတို့ကို အကွက်ဆင်ခြင်းဖြစ်ခဲ့လျှင် အလွန် အန္တရာယ်များမည် ဖြစ်သည်။
“လူသားဘိုးဘေးက အရမ်း ပရိယာယ်များတယ်လို့ ခံစားမိတယ်။ သူ့မှာ တခြားရည်ရွယ်ချက်ရှိလိမ့်ဦးမယ်။ ငါတို့ အဲဒါကို မမြင်နိုင်ရုံပဲ။”
ကျူးကောမင်းယွီကလည်း ပြောလိုက်သည်။ သူမ၏ ပင်ကိုသိစိတ်ကလည်း လူသားဘိုးဘေးသည် ယခု သူ ပြုမူနေသည့်အတိုင်း အတိအကျမဟုတ်ဟု ပြောနေခဲ့သည်။
“လူသားဘိုးဘေး ရီအင်ပါယာနန်းတော်မှာ ကိုယ်တိုင် ထွက်ပေါ်လာပြီးကတည်းက ငါတို့ စဥ်းစားဆင်ခြင်မှုတွေ ဆုံးရှုံးသွားတာကို သတိပြုမိလား။”
ဂူတုံးလျှိုက ထပ်ပြောလိုက်သည်။
“ငါတို့တွေ လူသားဘိုးဘေးရဲ့ ဆန္ဒအတိုင်း လိုက်ပြီးပြုမူနေကြတယ်။ သူက ဘာမှမလုပ်ခဲ့ဘူးထင်ရပေမယ့် ငါတို့တွေက ဒီလွှမ်းမိုးမှုအောက်မှာ ပိတ်မိနေခဲ့ပြီ။”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူသည် လွန်ခဲ့သော နှစ်များစွာက နတ်ဆိုးအင်ပါယာ သူ့အား ပြောခဲ့သည့် စကားတို့ကို တွေးမိလိုက်သည်။ ယခင်က အင်ပါယာရီချင်၏ သေဆုံးမှုမှာ လူသားဘုံ၏ အကြံအစည်ဖြစ်နိုင်သည်ဟူသော စကားပင် ဖြစ်သည်။ သို့ဆိုလျှင် လူသားဘိုးဘေးသည် ကြင်နာတတ်ပြီး အတ္တကင်းသည့် မဟာအင်ပါယာတစ်ပါး ဖြစ်လိမ့်မည် မဟုတ်ပေ။ သူ့တွင် ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒများ ရှိနေလိမ့်မည် ဖြစ်သည်။
လူသားဘိုးဘေးက မရေတွက်နိုင်သော နှစ်များစွာ ရှင်သန်လာခဲ့သည်။ သူက မည်သည့်အရာကို ရှာဖွေနေသနည်း။
“လူသားဘိုးဘေးက ဘာရည်ရွယ်ချက်ပဲ ရှိနေပါစေ ကျုပ်တို့က ဒီအတိုင်းဆက်လုပ်ဖို့ အကျပ်ကိုင်ခံထားရပြီးပြီ။”
ဓားဧကရာဇ်အရှင်က ပြောလိုက်သည်။
“ကျုပ်တို့ စစ်ပွဲမှာပါဝင်ရမယ်။ လွတ်လမ်းမရှိဘူး။”
လူတိုင်းက တိတ်ဆိတ်သွားခဲ့သည်။ ဤသည်မှာ လူသားဘိုးဘေးက ဖိတ်ကြားရန်လာခဲ့သည့်အခါကကဲ့သို့ အရေးကြီးကိစ္စဖြစ်ပေသည်။
“အဲဒါက ဆိုးရွားတဲ့ ကိစ္စတော့ဖြစ်မှာ မဟုတ်ပါဘူး။”
အနောက်ဘက်အင်ပါယာက ပြောလိုက်သည်။
“လူသားဘိုးဘေးက ဘုံခုနစ်ခုရဲ့ ဟန်ချက်ညီမှုကို ချိုးဖျက်ချင်ရုံပဲ ဖြစ်နိုင်တယ်။ ဒါကြောင့် သူက ကျုပ်တို့ ကောင်းကင်ဒေသကို အုပ်ချုပ်ဖို့ ကူညီပေးချင်နေတာပေါ့။ အနည်းဆုံး အခုတော့ လူသားဘိုးဘေးက ဘာမကောင်းတဲ့ ရည်ရွယ်ချက်ကိုမှ ဖော်ပြလာတာမျိုးမရှိဘူး။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အခုထိ မရှင်းလင်းသေးဘူး။”
ရီဖူရှင်းက လူတိုင်း၏ စကားကို နားထောင်နေပြီး သူ့အတွေးများက ရှင်းလင်းလာသည်။ သူက ခေါင်းညိတ်ရင်း ပြောလိုက်၏။
“ဒါဆို ကျုပ်တို့ တိုက်ပွဲဝင်ကြတာပေါ့။ ခင်ဗျားတို့အားလုံးရော ဘယ်လိုထင်လဲ။”