စစ်ပွဲမတိုင်မှီ
Vol. 201 Ch. 2861
ရီဖူရှင်း၏ စကားလုံးများကို ကြားသောအခါ အစွမ်းထက်ကျင့်ကြံသူများအားလုံးက တိတ်ဆိတ်သွားခဲ့သည်။ ထိုစစ်ပွဲက ဘုံခုနစ်ခုရှိ အစွမ်းထက် ကျင့်ကြံသူများအားလုံးကို သက်ရောက်စေမည့် စစ်ပွဲဖြစ်သည်။ ၎င်းက အမှန်တကယ် အထွတ်အထိပ်တိုက်ပွဲတစ်ခု ဖြစ်သည်။ မည်သူကမှ ပြီးပြည့်စုံသည့် ကြိုတင်ခန့်မှန်းမှုကို ပြုလုပ်နိုင်မည် မဟုတ်ပေ။
မဟာအင်ပါယာခြောက်ပါး၏ စွမ်းရည်များကို မည်သူကမှ သေချာသိရှိခြင်း မရှိသလို မည်သူက အားနည်းသည် မည်သူက အားကောင်းသည်ကိုလည်း မရှင်းလင်းပေ။
“အပေါ်ယံမှာတော့ လူသားဘိုးဘေးက ဒွန်ဟောင်အင်ပါယာနန်းတော်ကို တိုက်ခိုက်ဖို့ မဟာအင်ပါယာလေးပါးရဲ့ အင်အားစုနဲ့ မဟာမိတ်ဖွဲ့လိုက်တာမို့ ဒါက အပြတ်အသတ်ရှုံးနိမ့်မှု ဖြစ်စေလိမ့်မယ်။ အရှင်ဒွန်ဟောင်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ မဟာအင်ပါယာလေးယောက်ထက်တော့ သန်မာနိုင်မှာမဟုတ်ဘူး။” အနောက်ဘက်အင်ပါယာက ပြောလိုက်သည်။
“ကျိဝူတောက်ရဲ့ စကားလုံးတွေကို အခြေခံရရင် သူက အရှင်ဒွန်ဟောင်ကို အဖက်မတန်သလို ကြည့်နေတာ။ ဖြစ်နိုင်တာက အရှင်ဒွန်ဟောင်ရဲ့ ဇနီးကြောင့် သူက တိုက်ပွဲမှာ ပါဝင်လိမ့်မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ရပ်တည်ချက် ပြောင်းလဲနိုင်တာ ဗုဒ္ဓကျင့်ကြံသူတွေပဲ ရှိတော့တယ်။ အနောက်ဘက်ကောင်းကင်ဗုဒ္ဓတွေ ပါဝင်မလားမပါဝင်မလားဆိုတာတော့ အခုထိ မသိရသေးဘူး။”
လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက နှစ်ဖက်၏ အခြေအနေက ဟန်ချက်ညီသည့် အနေအထားသို့ ရောက်ရှိခဲ့ပြီး နှစ်ပေါင်းငါးရာ ငြိမ်းချမ်းခဲ့သည်။ နတ်ဆိုးအင်ပါယာ၊ မှော်နက်အရှင်နှင့် မိစ္ဆာအင်ပါယာတို့က တစ်ဖက်တွင် ရပ်တည်ခဲ့ပြီး လူသားဘိုးဘေး၊ ဗုဒ္ဓကျင့်ကြံသူများနှင့် အရှင်ဒွန်ဟောင်တို့က အခြားတစ်ဖက်တွင် ရပ်တည်ခဲ့သည်။
သို့သော် ယခု ဟန်ချက်ညီမှုက ကျိုးပျက်သွားပြီ ဖြစ်သည်။ လူသားဘိုးဘေးက အရှင်ဒွန်ဟောင်ကို တိုက်ခိုက်ချင်နေသည်။
ရီဖူရှင်းသည် သူ ဗုဒ္ဓဂိုဏ်း၌ ကျင့်ကြံခဲ့စဥ်က အချိန်ကို ပြန်တွေးလိုက်သည်။ ဗုဒ္ဓဂိုဏ်းအတွင်း ဆိုးဝါိးသည့်သူ အချို့သာရှိကြသော်လည်း အများအားဖြင့် သူတို့အားလုံးနီးပါးက ရီဖူရှင်းနှင့် အလွန် ရင်းနှီးကြသည်။ ဗုဒ္ဓအားလုံးအရှင်သခင်သည် ယခင်က အရှင်ဒွန်ဟောင်ကို သင်ကြားပြသပေးခဲ့ဖူးသည့်အတွက် သူတို့က ထူးခြားသော ပတ်သတ်မှုမျိုးရှိကြသည်။
ထို့အပြင် ကြမ္မာဗုဒ္ဓသည်လည်း ဘုံခုနစ်ခုကြားစစ်ပွဲကို တားဆီးရန်် ပေါ်ပေါက်လာခဲ့ဖူးသည်။ ထိုသည်မှာ ဗုဒ္ဓတို့က စစ်ပွဲအတွက် ဆန္ဒမရှိကြောင်း သက်သေပင်ဖြစ်သည်။ ကြီးမြတ်သည့် ဗုဒ္ဓအများစုက မေတ္တာဂရုဏာတရား လက်ကိုင်ထားကြသည့်အတွက် ဗုဒ္ဓကျင့်ကြံသူတို့ စစ်ပွဲတွင် တိုက်ရိုက်ပါဝင်မည်လား ဆိုသည်မှာ မရှင်းလင်းပေ။ သို့သော် ကြီးမြတ်သည့် ဗုဒ္ဓများက ဤတိုက်ပွဲကြောင့် ကျင့်ကြံခြင်းလောကအတွင်း သက်ရှိများ သေကြေပျက်စီးကြမည်ကို ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။
“ဗုဒ္ဓကျင့်ကြံသူတွေ ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ ကောင်းကင်ဒေသရဲ့ အင်အားက အားနည်းနေဆဲဖြစ်တယ်။ ဒါပေမယ့် အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို စွန့်ပစ်ပြီး ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်နိုင်တယ်။”
ဂူတုံးလျှိုက ပြောလိုက်သည်။
“အဲဒီလိုဖြစ်သွားခဲ့ပြီး မဟာအင်ပါယာလေးယောက်က အရှင်ဒွန်ဟောင်ကို မသတ်နိုင်ခဲ့ရင် လူသားဘုံရဲ့ အင်အားစုလေးခုအတွက် ကပ်ဘေးဖြစ်သွားလိမ့်မယ်။”
“ပျမ်းမျှခွန်အားအနေနဲ့ ပြောရရင် ကျုပ်တို့က အားအနည်းဆုံးအဖွဲ့ပဲ။ တိုက်ပွဲမှာ ပါဝင်ဖို့ ရှောင်လွှဲလို့မရနိုင်ပေမယ့် အမုန်းတရားတွေကို ဆွဲဆောင်ဖို့လည်း မလုပ်သင့်ဘူး။ အရှင်ဒွန်ဟောင်က ရီအင်ပါယာနန်းတော်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ရင် ကပ်ဘေးဆိုက်သွားလိမ့်မယ်။”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက ထိုအချက်ကို သတိပြုမိပေသည်။
မဟာအင်ပါယာလေးယောက်၏ အင်အားစုနှင့် ရီအင်ပါယာနန်းတော်က ကောင်းကင်ဒေသကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့လျှင် အရှင်ဒွန်ဟောင်က အမှန်တကယ်ပင် သေဆုံးခြင်း ဆိုက်ရောက်ရပေလိမ့်မည်။
“အင်ပါယာလေးယောက်နောက်ကိုပဲ လိုက်ကြတာပေါ့။”
ကျူးကောမင်းယွီက ပြောလိုက်သည်။
“သူတို့ လုပ်ချင်တာ လုပ်ကြပါစေ။”
“အဲဒီမှာ ဆရာ့ကို တွေ့ရမယ့် အခွင့်အရေးရှိနိုင်မလား သိချင်မိတယ်။”
ဂူတုံးလျှိုက အဝေးသို့ ကြည့်ကာ ပြောလိုက်သည်။ ကော့တေးမှ ဆရာဒူကို ဒွန်ဟောင်တိယွမ် ခေါ်ဆောင်သွားစဥ်ကတည်းက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူက ကောင်းကောင်းမွန်မွန် အသက်ရှင်သေးသည်လား သူတို့ သိနိုင်သည့် နည်းလမ်းမရှိပေ။
သူတို့က ဤတိုက်ပွဲအတွင်း ဒွန်ဟောင်အင်ပါယာနန်းတော်သို့ ခြေချနိုင်ခဲ့လျှင် အဖြေရှာတွေ့နိုင်လိမ့်မည်။
“နန်းတော်သခင်။”
ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ ခေါ်သံတစ်ခု ထွက်ပေါ်လာသည်။
“နန်းတော်သခင် လူသားဘုံက ကျင့်ကြံသူတွေ ရောက်လာတယ်။”
“သူတို့က အရမ်းမြန်တာပဲ။”
ရီဖူရှင်းက ခေါင်းမော့ကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။ သူတို့က ယခုလေးတင် ပြန်ရောက်လာရုံသာ ရှိသေးသော်လည်း လူသားဘုံ၏ အစွမ်းထက်ပုဂ္ဂိုလ်များက ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်မှာ သူတို့က ဤနေရာသို့ ချက်ချင်းလာရောက်ရန် အမိန့်ရရှိခဲ့ပုံရလေသည်။
“ကြိုဆိုကြတာပေါ့။”
ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူက ထရပ်ကာ နတ်ပလ္လင်မှ ဆင်းလျှောက်သွားရင်း ပြောလိုက်၏။
“သူတို့ကို ကြိုဆိုလိုက်ကြတာပေါ့။”
လူတိုင်းက ခေါင်းညိတ်လျှက် အပြင်သို့ လျှောက်ထွက်သွားကြသည်။ သူတို့က ခန်းမအတွင်းမှ လျှောက်ထွက်လာကာ လှေကားများအောက်သို့ ကြည့်လိုက်ကြ၏။ သူတို့သည် အဝေးမှ လာနေသော လူတစ်စုကို မြင်တွေ့လိုက်ကြရသည်။ ထိုသူတို့က အလွန် လျင်မြန်လှသည်။ သူတို့က ကောင်းကင်လှေကာစမှ တက်လာခဲ့ပြီး မနီးမဝေးနေရာ၌ ရပ်တန့်လိုက်သည်။ သူတို့က ပြောလိုက်၏။
“နန်းတော်သခင်ရီကို ကူညီဖို့ လူသားဘိုးဘေးက ကျုပ်တို့ကို အမိန့်ပေးလိုက်တယ်။”
“ခင်ဗျားတို့ အားလုံး အလုပ်ရှုပ်သွားရပြီ။”
ရီဖူရှင်း၏ မျက်လုံးများက အောက်ဘက်ရှိ လူများထံ ဝေ့ဝဲသွားသည်။ ထိုနေရာ၌ စုစုပေါင်း လူခြောက်ယောက်ရှိနေပြီး သူတို့အားလုံးက မဟာအင်ပါယာများဖြစ်ကြသည်။ သူသည် ယခင်က သူတို့ကို မမြင်ဖူးခဲ့ဘဲ သူတို့က သူနှင့်ရင်းနှီးခြင်းမရှိပေ။
ထိုမြင်ကွင်းက ရီဖူရှင်းကို ထိတ်လန့်သွားစေသည်။ လူသားဘုံ၏ ချမ်းသာကြွယ်ဝမှုက သူ့ကို ခြိမ်းခြောက်နိုင်ပေသည်။
သူသည် ယခင်က ဘုံတစ်ခုချင်းစီ၏ အမှန်တကယ် အားကောင်းသည့် အင်အားစုများကို မြင်ဖူးပါသည်လား။
လွန်ခဲ့သည့် နှစ်များအတွင်း ရှေးဟောင်းအင်ပါယာများ တဖြေးဖြေး ပြန်ရောက်လာခဲ့သော်လည်း လူသားဘုံက ဤနေရာသို့ မဟာအင်ပါယာခြောက်ယောက်ကို အလွယ်တကူ စေလွှတ်နိုင်ပေသည်။ ၎င်းက အလွန် သဘောထားကြီးလှခြင်း ဖြစ်သည်။
“ခင်ဗျားတို့အားလုံး အဝေးကြီးက လာခဲ့ရတာ။ ခင်ဗျားတို့ အနားယူရအောင် ကျုပ်ရဲ့ လူတွေက ကူညီပေးမှာဖြစ်ပြီး ကျုပ်တို့ စတင်တဲ့အချိန်ကျရင် ခင်ဗျားတို့ကို အသိပေးပါ့မယ်။”
ရီဖူရှင်းက ဆက်ပြောလိုက်သည်။ ထိုခြောက်ယောက်လုံးက ခေါင်းညိတ်လိုက်ပြီး တစ်ယောက်က ပြောလိုက်သည်။
“ကျုပ်တို့ နန်းတော်သခင်ရီရဲ့ စီစဉ်မှုကို နားထောင်ပါမယ်။”
ဖန်းကိုင်းက လျှောက်ထွက်လာပြီး မဟာအင်ပါယာခြောက်ယောက်ကို ဤနေရာမှ ထွက်ခွာရန် ဦးဆောင်သွားပေးသည်။ ရီဖူရှင်းက သူတို့ထွက်ခွာသွားသည်အား ကြည့်ကာ အတွေးနက်နေသည့် အမူအရာတို့ဖြစ်ပေါ်နေ၏။
ထိုမဟာအင်ပါယာများက သူနှင့် အလွန်ပူးပေါင်းပေသည်။ လူသားဘိုးဘေးက အတိအကျ မည်သည့်အရာကို လိုချင်နေသနည်း။
တခဏကြာပြီးနောက် နတ်ဆိုးလောကမှလည်း မဟာအင်ပါယာနှစ်ပါး စေလွှတ်လာပေးသည်။ ယခု ရီအင်ပါယာနန်းတော်၌ မဟာအင်ပါယာ ရှစ်ပါးရှိနေပြီ ဖြစ်သည်။
မှော်နက်လောကနှင့် နတ္ထိဘုံက တစ်ယောက်မှ စေလွှတ်လာပေးခြင်းမရှိပေ။ ကြည့်ရသည်မှာ သူတို့က လူသားဘုံနှင့် နတ်ဆိုးလောကတို့က စေလွှတ်ပေးသည့် လူတို့နှင့် လုံလောက်သည်ဟု တွေးနေခြင်း ဖြစ်နိုင်ပေသည်။
ထို့နောက် သူက တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်မည့် လူများကို စီစဥ်ရပေသည်။ ရီဖူရှင်းက သူနှင့်အတူ အဓိကတိုက်ခိုက်သူများကို ခေါ်ဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် သူ၏ မိတ်ဆွေများနှင့် မိသားစုလည်း ရှိသေးသည်။ သူက သူတို့ကို သူနှင့်အတူ ခေါ်ဆောင်သွားရမည်လား။ ရီအင်ပါယာနန်းတော်၌ ထားခဲ့သင့်လား။
မဟာအင်ပါယာခြောက်ပါးက လူသားဘုံမှဖြစ်ကာ နှစ်ယောက်က နတ်ဆိုးလောကမှဖြစ်သည်။ သူတို့၏ အမြင်အရ သူတို့ထဲမှ နှစ်ယောက်က ရီအင်ပါယာနန်းတော်ကို ကာကွယ်စောင့်ရှောက်ရန် နေရစ်ခဲ့ကာ နတ်ဆိုးလောကမှ တစ်ယောက်သည်လည်း ကျန်ရစ်ခဲ့မည်ဖြစ်သည်။ အခြားမဟာအင်ပါယာများက သူနှင့်အတူ ကောင်းကင်ဒေသကို တိုက်ခိုက်ရာ၌ လိုက်လာလိမ့်မည်ဖြစ်ပေသည်။ ဤနည်းလမ်းဖြင့် သူတို့က လူသားဘုံနှင့် နတ်ဆိုးလောက၏ ခြေလှမ်းများကို အမီလိုက်နိုင်မည် ဖြစ်သည်။
သို့သော် ရီဖူရှင်းသည် သူတို့က သူ့ကို ထောက်လှမ်းချင်စိတ်ရှိမရှိ သိရန်နည်းလမ်းမရှိခဲ့ပေ။ သူတို့၌ ထိုကဲ့သို့အတွေးမျိုးရှိနေခဲ့လျှင် တိုက်ပွဲမြေပြင်၌ သူ့တွင် တစ်စုံတစ်ခုဖြစ်လာနိုင်ပြီး ဤနေရာရှိ လူများမှာ အပြင်လူတို့၏ ထိန်းချုပ်မှုကို ခံရကာ တိုက်ပွဲ၌ သူက လွတ်လပ်စွာ လှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။
…
ဘုံအသီးသီးက ကောင်းကင်ဒေသကို တိုက်ခိုက်ရန်ပြင်ဆင်နေစဥ် ကောင်းကင်ဒေသကလည်း ထိုသတင်းကို ရရှိခဲ့ပေသည်။ ကောင်းကင်ဒေသတစ်ခွင်လုံးက တုန်လှုပ်သွားကြပြီး လူတိုင်းက စိုးရိမ်ပူပန်နေကြသည်။
မဟာအင်ပါယာ အင်အားစုလေးခုက စုစည်းသွားခဲ့ကြသည်။ ဤတစ်ကြိမ်၌ ကောင်းကင်ဒေသ၏ အုပ်ချုပ်သူက အပြောင်းအလဲ ဖြစ်လိမ့်တော့မည်လား။
သူတို့သည် လူသားဘိုးဘေးက ကောင်းကင်ဒေသအား ရီဖူရှင်းကို ပေးအပ်၍ အင်ပါယာရီချင်၏ အဆင့်အတန်းကို ဆက်ခံရန် ကမ်းလှမ်းခဲ့သည်ဟု ကြားခဲ့ပေသည်။
ဤအရာအားလုံး ဖြစ်ပျက်လာလိမ့်မည်လား။
ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်း၌ အတော်လေးငြိမ်းချမ်းနေပုံရသည်။ အရာအားလုံးက ပုံမှန်သာဖြစ်နေပြီး မူမမှန်သည့်အရာ မည်သည်မှ မရှိနေပုံရသည်။
ထိုအချိန်တွင် အရှင်ဒွန်ဟောင်က သူ၏ ကျင့်ကြံရေးနယ်မြေအတွင်း တင်ပျဥ်ခွေထိုင်နေခဲ့သည်။ သူ့ရှေ့၌ စစ်တုရင်ခုံတစ်ခု ရှိနေခဲ့၏။ သူက စစ်တုရင်ကို တစ်ယောက်တည်း ကစားရင်း ကစားပွဲကို ဆန်းစစ်ချင်နေပုံရသည်။
ထို့နောက် သူ့ရှေ့တွင် ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာသည်။ သူက အသံတိတ်ပင် တစ်နေရာမှ ထွက်ပေါ်လာပုံရသည်။
“တခြားရွေးချယ်မှုမရှိတော့ဘူးလား။”
ထိုလူက အရှင်ဒွန်ဟောင်ကို ကြည့်ကာ မေးလိုက်သည်။
အရှင်ဒွန်ဟောင်က တိတ်ဆိတ်နေခဲ့၏။ သူက ဆက်လက်ကာ စစ်တုရင်ကစားနေရင်း ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
“မရှိဘူး။ ရလဒ်က သတ်မှတ်ပြီးပြီ။ ဒါက လှမ်းလို့ရမယ့် တစ်ခုတည်းသော ခြေလှမ်းပဲ။”
“ကောင်းပါပြီ။ ကျုပ် သွားစီစဥ်လိုက်ပါ့မယ်။”
ရောက်လာသူက ခေါင်းညိတ်လိုက်သည်။
အရှင်ဒွန်ဟောင်က ခေါင်းကိုမော့ကာ ထိုလူအား ကြည့်၍ ပြောလိုက်သည်။
“ဂရုစိုက်ပါ။”
“နားလည်ပါပြီ။”
တစ်ဖက်လူက ပြန်ဖြေလိုက်၏။ ထို့နောက် သူက လှည့်ထွက်သွားပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားလေသည်။
အရှင်ဒွန်ဟောင်က ခေါင်းကို ငုံ့ကာ စစ်တုရင် ဆက်ကစားနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် စစ်တုရင်ခုံပေါ်မှ ရွှေ့ကွက်များက အသေဖြစ်သွားပုံရသည်။ သူက လက်ထဲမှ စစ်တုရင်စေ့ကို ချ၍မရနိုင်တော့ဘဲ ခပ်တိုးတိုး ပြောလိုက်သည်။
“ဒါကသာ တစ်ခုတည်းသော ခြေလှမ်းဖြစ်တဲ့ပုံပဲ။”
ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး စစ်တုရင်ခုံကို ပျောက်ကွယ်သွားစေခဲ့သည်။ သူက ထရပ်လိုက်ကာ တစ်နေရာသို့ လျှောက်သွားခဲ့၏။ သူ၏ ကျောဘက်က ဆုံးဖြတ်ချက်ချထားပြီးသော ခံစားချက်ကို ပေးစွမ်းပေသည်။