ကပ်ဘေးနတ်ဝင်္ကပါ
Vol. 201 Ch. 2863
ရီဖူရှင်းက ရီအင်ပါယာနန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်များကို ကောင်းကင်ဒေသသို့ ခေါ်ဆောင်လာပြီးနောက် သူတို့က နယ်မြေဆယ့်ရှစ်ခု၏ နန်ထျန်းနယ်မြေသို့ ဦးတည်သွားခဲ့ကြသည်။
ရှင်းလင်းစွာပင် သူက ဟောင်ထျန်းအရှင်နှင့် အခြားလူများကို မမေ့သေးပေ။ သူတို့က နယ်မြေဆယ့်ရှစ်ခုကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကတည်းက သူ၏ ပထမဆုံး ရွေးချယ်မှုက နန်ထျန်းနယ်မြေဖြစ်သည်။
ဟောင်ထျန်းအရှင်နှင့် အခြားလူများက နန်ထျန်းနယ်မြေ၏ ဟောင်ထျန်းဂိုဏ်း၌ ရှိနေပေသည်။ သူက နယ်မြေသခင်အိမ်တော်ကို တိုက်ခိုက်လျှင် ဟောင်ထျန်းအရှင်၏ အင်အားစုသည်လည်း တိုက်ပွဲ၌ ပါဝင်လာလိမ့်မည်လား။
အားကောင်းသော ပုဂ္ဂိုလ်များ၏ အစွမ်းထက်အဖွဲ့က နန်ထျန်းနယ်မြေသို့ ဦးတည်လာကြသည်။ သူတို့တွင် မဟာအင်ပါယာများ ပါရှိသည့်အတွက် သူတို့၏ အရှိန်က အလွန်လျင်မြန်လှပြီး ရပ်တန့်ခြင်းမရှိ လေဟာနယ်ကို ဖြတ်သန်းလာသည်။
သိပ််မကြာခင်မှာပင် သူတို့က နန်ထျန်းနယ်မြေအတွင်း ဆင်းသက်လာခဲ့ကြသည်။ သို့သော် သူတို့ နန်ထျန်းနယ်မြေသို့ ရောက်ရှိလာသည့် အခိုက်အတန့်တွင် နန်ထျန်းနယ်မြေ၏ နယ်မြေသခင်အိမ်တော်မှ ရုတ်တရက် ပြင်းထန်သည့်အလင်းတန်းတစ်ခု တောက်ပလာသည်။ ထိုအလင်းတန်းက တိမ်တိုက်များထဲသို့ ထိုးတက်သွားခဲ့ပြီး နန်ထျန်းမြို့အတွင်းမှ ကျင့်ကြံသူများအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။
ရီဖူရှင်းသည် ကောင်းကင်သို့ ထိုးဖောက်သွားသည့် အလင်းတန်းကို မြင်သည့်အခါ မျက်ခုံးများကို စုကျုံ့လိုက်သည်။
ထို့နောက် ကြေးမုံမှ ထူးဆန်းသည့် လှုပ်ရှားမှုတို့ထွက်ပေါ်လာသည်။ ရီဖူရှင်းက ထုတ်ယူလိုက်သည့်အခါ နတ်ဆိုးအင်ပါယာ ပြောလာသည်ကို ကြားလိုက်ရ၏။
“နယ်မြေသခင်အိမ်တော်က ကျုပ်တို့ ရောက်လာတာနဲ့ လေဟာနယ်နတ်ဝင်္ကပါအစီအရင်ကို သုံးပြီး ထွက်ပြေးသွားတယ်။ သူတို့က ဒွန်ဟောင်အင်ပါယာနန်းတော်ကို သွားတာ ဖြစ်ရမယ်။ သူတို့က အာကာသခရီးသွားဝင်္ကပါကို တိုက်ရိုက်ဖျက်ဆီးပစ်ပြီး ကောင်းကင်ဒေသရဲ့ အင်ပါယာမြို့တော်ကို ထွက်ပြေးသွားတာဖြစ်ရမယ်။”
“ဟုတ်တယ်။”
အခြားလူများက ခေါင်းညိတ်လိုက်သည်။ သူတို့အားလုံးကလည်း တူညီသော အခြေအနေမျိုးဖြင့် ကြုံတွေ့ခဲ့ရသည်။ နယ်မြေဆယ့်ရှစ်ခု၏ နယ်မြေသခင်အိမ်တော်များက နယ်မြေသခင်အိမ်တော်အတွင်း သူတို့ကို တိုက်ခိုက်မည့်အစား ထွက်ပြေးရန် ရွေးချယ်လိုက်ကြသည်။
ထိုအချိန်တွင် ကောင်းကင်ဒေသ၏ ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်း၌ အရှင်ဒွန်ဟောင်က သူ၏ နတ်ပလ္လင်မှ ထရပ်လိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ဒွန်ဟောင်အင်ပါယာနန်းတော် အပြင်ဘက်တွင် ပေါ်ပေါက်လာသည်။ သူက အင်ပါယာမြို့အထက်တွင် တင်ပျဥ်ခွေကာ ထိုင်ချလိုက်သည်။
အရှင်ဒွန်ဟောင်နောက်မှ အားကောင်းလှသည့် အစွမ်းထက်ပုဂ္ဂိုလ်များ၏ မျက်လုံးများက သူ့ပုံရိပ်ပေါ်တွင် ကျရောက်နေခဲ့သည်။ ထို့နောက် အရှင်ဒွန်ဟောင်က လက်ကို ဆန့်ကာ ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် မရေတွက်နိုင်သော အလင်းများက ကောင်းကင်အတွင်း ပေါင်းစည်းလာကာ တူရိယာကြိုးများအဖြစ် ပြောင်းလဲသွား၏။ ၎င်းတို့က အရှင်ဒွန်ဟောင်ရှေ့တွင် စုစည်းလာပြီး နတ်ကု့ချင်းတစ်လက်အဖြစ် ဖွဲ့တည်လာပေသည်။
ထို့နောက် လူတိုင်းသည် ထိုင်နေသည့် အရှင်ဒွန်ဟောင်က လက်ဆယ်ချောင်းကို ဆန့်ကာ ကြိုးများအား တီးခတ်လိုက်သည်ကို မြင်လိုက်ရသည်။
“မဟာအင်ပါယာက ဂီတတူရိယာ မတီးခတ်တော့တာ နှစ်ပေါင်းများစွာကြာပြီ။”
သူ့နောက်မှတစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ သူတို့သည် စိတ်ထဲ၌ အလွန်အမင်း ထိတ်လန့်သွားခဲ့ကြသည်။ ထိုအချိန်တွင် အရှင်ဒွန်ဟောင်၏ ရှည်လျားသော အနက်ရောင်ဆံပင်က လေထဲတွင် ကခုန်နေသည်။ သူက ဖွင့်ဆို၍မရလောက်အောင် ကျက်သရေရှိလှသည်။
ဂီတသံ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် လူတိုင်းက အံ့အားသင့်ဖွယ် ကောင်းလှသည့် အနုပညာအသိအမြင်၏ ဆွဲဆောင်ခံလိုက်ကြရသည်။
၎င်းက ဖူရှစ်နတ်တေးသွား ဖြစ်လေသည်။
အရှင်ဒွန်ဟောင်က ဖူရှစ်တေးသွားကို ကိုယ်တိုင် တီးခတ်နေခဲ့သည်။
ဖူရှစ်တေးသွား ထွက်ပေါ်လာသည့်အခါ ကောင်းကင်က တုန်လှုပ်သွားသည်။ အင်ပါယာမြို့တော်တစ်ခုလုံးမှ မရေတွက်နိုင်သည့် ကျင့်ကြံသူများက ထိုဂီတသံကို ကြားကြရသည်။ ထိုအချိန်တွင် သူတို့အားလုံးက ခေါင်းမော့၍ ထိုနေရာသို့ ကြည့်လိုက်ကြသည်။ သူတို့သည် ကျက်သရေရှိလှသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရပြီး ၎င်းက အရှင်ဒွန်ဟောင်ဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။
အားလုံးသော ဘုံများက ကောင်းကင်ဒေသကို တိုက်ခိုက်ရန် စုစည်းလာသည့် ထိုနေ့တွင် အရှင်ဒွန်ဟောင်က အင်ပါယာနန်းတော်တွင် ဖူရှစ်တေးသွားကို တီးခတ်ခဲ့သည်။
ကောင်းကင်ရှိ တိမ်တိုက်များက ပြောင်းလဲသွားပြီး အနန္တနတ်အလင်းတို့ ကျဆင်းလာသည်။ လောကအတွင်း မှော်ဆန်သည့် အင်အားတစ်ရပ် ပေါ်ပေါက်လာပေသည်။ နတ်အလင်းတို့ တောက်ပလာသည့်အခါ အင်ပါယာမြို့တော်အတွင်းမှ ကျင့်ကြံသူများအားလုံးသည် သူတို့၏ မဟာလမ်းစဥ်စွမ်းအားများက ကန့်သတ်ခံထားရကြောင်း ခံစားမိခဲ့ကြသည်။
“ဖူရှစ်တေးသွားနဲ့ဆို လမ်းစဥ်မတည်ရှိတော့ဘူး။”
ကျင့်ကြံသူများစွာက ရေရွတ်လိုက်ကြသည်။ အရှင်ဒွန်ဟောင်က မည်သည်ကို လုပ်ဆောင်နေသနည်း။
သူတို့က ကောင်းကင်မှ အပြောင်းအလဲများကို မော့ကြည့်လိုက်ပြီး သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်နေခဲ့သည်။ ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းများက သူတို့၏ နှလုံးသားများအား ဖြတ်သန်းသွားခဲ့သည်။
သူတို့ ခေါင်းထက်ရှိ ကောင်းကင်က ပြောင်းလဲသွားခဲ့သည်။ ၎င်းက နတ်အလင်းတို့နှင့် ဖုံးလွှမ်းထားပြီး အက္ခရာအလင်းတို့က အဆုံးမဲ့ ဖြတ်သန်းစီးဆင်းနေသည်။ ၎င်းက အဆင့်မြင့် နတ်ဝင်္ကပါအစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။
လက်ရှိတွင် ဤကောင်းကင်အောက်မှ သက်ရှိအားလုံးက ထိုနတ်ဝင်္ကပါဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ သူတို့က နတ်ဝင်္ကပါ၏ အလင်းနှင့် လွှမ်းခြုံခံလိုက်ရကာ သူတို့၏ မဟာလမ်းစဥ်များက ချိပ်ပိတ်ခံလိုက်ရသည်။
လူအများက သူတို့၏ မဟာလမ်းစဥ်စွမ်းအားများကို ထုတ်လွှတ်ချင်နေခဲ့သော်လည်း သူတို့က ထိုသို့မလုပ်ဆောင်နိုင်သည်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းက လုံးဝချိပ်ပိတ်ထားခံလိုက်ရပေသည်။ မမြင်ရသည့်အင်အားတစ်ခုက လောကအတွင်းပေါ်ပေါက်လာကာ အရာအားလုံးကို ချိပ်ပိတ်ပစ်လိုက်သည်။
“အရှင်မင်းမြတ်က ဘာလို့ အင်ပါယာမြို့တော်ကို ချိပ်ပိတ်လိုက်ရတာလဲ။”
တစ်စုံတစ်ယောက်က ကောင်းကင်သို့ မော့ကြည့်ကာ ခပ်တိုးတိုးမေးလိုက်သည်။ သူတို့သည် အရှင်ဒွန်ဟောင်က သူတို့အား အန္တရာယ်တစ်ခုခု ဖြစ်စေလိမ့်မည်ဟု မယုံကြည်သော်လည်း သူတို့သည် သူက မည်သည့်အတွက်ကြောင့် ဤအရာကို လုပ်ဆောင်နေကြောင်း နားမလည်ခဲ့ကြပေ။
“အရှင်မင်းမြတ်က အင်ပါယာမြို့တော်တစ်ခုတည်းကိုပဲ ချိပ်ပိတ်ခဲ့တာမဟုတ်ဘူး။”
စီနီယာတစ်ယောက်က ကောင်းကင်သို့ကြည့်ရင်း သူ့ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုတို့ ပေါ်ပေါက်လာသည်။ သူက ပြောလိုက်၏။
“အရှင်မင်းမြတ်က ကောင်းကင်ဒေသတစ်ခုလုံးကို ချိပ်ပိတ်ချင်နေတာ။”
ကောင်းကင်ဒေသက မည်မျှ ကြီးမားလိုက်သနည်း။
ကောင်းကင်ဒေသတွင် နယ်မြေဆယ့်ရှစ်ခုရှိသည်။ နယ်မြေတစ်ခုချင်းစီတွင် မရေတွက်နိုင်သော ကျင့်ကြံရေးကုန်းမြေများ ရှိသည်။ ကုန်းမြေအများစုတွင် ကျင့်ကြံသူသန်းနှင့်ချီ၍ ရှိပေသည်။
ကောင်းကင်ဒေသ၏ ကျယ်ပြောမှုက ခန့်မှန်း၍မရနိုင်အောင် ဖြစ်သည်။
သို့သော် ထိုအခိုက်တွင် ကောင်းကင်ဒေသအတွင်း အားလုံးသော ကုန်းမြေများထက်မှ ကောင်းကင်က ပြောင်းလဲသွား၏။ ကြောက်မက်ဖွယ်နတ်အလင်းတို့က ကောင်းကင်ဒေသတစ်ခွင်လုံးကို အလွန်လျင်မြန်လှသည့်အရှိန်နှင့် ဖြန့်ကျက်သွားခဲ့သည်။
လူသားဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များက လက်ရှိတွင် ထိုက်ချူနယ်မြေ၌ ရှိနေခဲ့သည်။ လူသားဘိုးဘေးက မျက်မှောင်ကြုတ်လိုက်၏။ သူက တေးသွားသံစဥ်ကို ကြားလိုက်ရသည်။ ထို့နောက် နတ်အလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ချက်ချင်းပင် ကောင်းကင်က နတ်ဝင်္ကပါအစီအရင်အဖြစ် ပြောင်းလဲသွား၏။ မရေတွက်နိုင်သော နတ်အလင်းတို့က ကောင်းကင်မှ ကျဆင်းလာကာ ရုတ်တရက် သူ့နောက်မှ ကျင့်ကြံသူများ၏ နတ်စွမ်းအားတို့က ချိပ်ပိတ်ခံလိုက်ရသည်။
“ဘာတွေဖြစ်နေတာလဲ။”
တစ်စုံတစ်ယောက်ကမေးလိုက်သည်။ မဟာအင်ပါယာတစ်ပါးဖြစ်သည့် သူသည်ပင် သူ၏နတ်စွမ်းအားများက ချိပ်ပိတ်၍ ကန့်သတ်ခံလိုက်ရသည်ကို ခံစားမိလိုက်သည်။
“ဘာတွေလဲ။”
လူအများက တဖြေးဖြေး ပြောလာကြသည်။ သူတို့၏ အမူအရာများအားလုံးက အလွန် တုန်လှုပ်နေခဲ့ကြသည်။ သူတို့က ခေါင်းကိုမော့ကြည့်လိုက်ကြပြီး သူတို့၏ နားများထဲသို့ ကု့ချင်းတေးသွားတစ်ခုဝင်ရောက်လာကာ ဖူရှစ်တေးသွား၏ အနုပညာအသိအမြင်များထဲ ဝင်ရောက်သွားစေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူတို့သည် တေးသွားတီးခတ်နေသူမှာ အရှင်ဒွန်ဟောင်ဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။
လူသားဘိုးဘေးက ကောင်းကင်သို့မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက အလွန်ထက်ရှနေခဲ့၏။
ဤနတ်ဝင်္ကပါက ကောင်းကင်ဒေသတစ်ခွင်လုံးကို လွှမ်းမိုးရန် ကြံရွယ်နေသည်။
၎င်းက လောကတစ်ခွင်လုံးကိုပင် ဖြစ်နိုင်ပေသည်။
“ကပ်ဘေးနတ်ဝင်္ကပါ။”
လူသားဘိုးဘေးက မော့ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။ ထင်ထားသလိုပင် အရှင်ဒွန်ဟောင်က နှစ်ပေါင်းငါးရာကို အချိန်ဖြုန်းပစ်ခဲ့ခြင်းမရှိပေ။
တစ်ချိန်တည်းတွင် တူညီသော မြင်ကွင်းမှာ နတ်ဆိုးအင်ပါယာ၊ မိစ္ဆာအင်ပါယာ၊ မှော်နက်အရှင်နှင့် ရီဖူရှင်း ရှိနေသည့်နေရာတို့တွင်လည်း ဖြစ်ပေါ်လာသည်။ ကပ်ဘေးနတ်ဝင်္ကပါက ကောင်းကင်ကို လွှမ်းခြုံသွားပြီး ကောင်းကင်တစ်ခုလုံးကို နတ်ဝင်္ကပါအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ကောင်းကင်ဒေသမှ ကျင့်ကြံသူများအားလုံးက ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ သူတို့အားလုံးသည် မသန်မစွမ်းဖြစ်သွားပုံရသည်။ ကပ်ဘေးနတ်ဝင်္ကပါ၏ နတ်အလင်းတို့ ကျဆင်းလာသည့်အခါ မည်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
လူသားဘိုးဘေးနှင့် အခြားလူများ၏ မျက်လုံးများက ကျယ်ပြောသောလေဟာနယ်က်ို ထိုးဖောက်လာသည်။ သူတို့သည် အရှင်ဒွန်ဟောင်က ဒွန်ဟောင်အင်ပါယာနန်းတော်အတွင်း တေးသွားတီးခတ်နေသည်ကို မြင်ခဲ့ကြသည်။ သူက တင်ပျဥ်ခွေထိုင်ကာ လက်များကို လှုပ်ရှားနေခဲ့သည်။ ချက်ချင်းပင် တူရိယာကြိုးများက သူ့လက်များမှ ပျံသန်းထွက်လာကာ ကြောက်မက်ဖွယ် ထက်ရှသည့် ဓားများအဖြစ် ပြောင်းလဲသွားခဲ့သည်။
နတ်ဓားများက လေဟာနယ်ကို ဖြတ်သန်းချိုးဖျက်သွားသည်။ လူသားဘိုးဘေး၏ အဖွဲ့က အဝေးရှိ ထိုက်ချူနယ်မြေတွင် ရှိနေသော်လည်း နတ်ဓားများက သူတို့ခေါင်းထက်တွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ တစ်ခုမှ နှစ်ခုဖြစ်လာပြီး နှစ်ခုမှ သုံးခုဖြစ်လာသည်။ အနန္တထျန်းရှင်းနတ်ဓားများ ဖြစ်တည်လာ၏။ ၎င်းတို့ကကောင်းကင်မှ မိုးရွာသလို ကျဆင်းလာပြီး လူသားဘိုးဘေးနှင့် အခြားလူများကို တိုက်ခိုက်လိုက်သည်။
အောက်ဘက်ရှိ ကျင့်ကြံသူများအားလုံးက တုန်ယင်သွားခဲ့ကြသည်။ ကပ်ဘေးနတ်ဝင်္ကပါ၏ အောက်တွင် သူတို့အားလုံးက ကန့်သတ်ထိန်းချုပ်ခံထားရပြီး ယခု ထျန်းရှင်းနတ်ဓားများက တိုက်ခိုက်လာခဲ့သည်။ မည်သူကမှ ဓားများကို မတားဆီးနိုင်ခဲလျှင် သူတို့က ကျိန်းသေ သေဆုံးရပေလိမ့်မည်။
ဤသည်မှာ အထွတ်အထိပ် မဟာအင်ပါယာတစ်ပါး၏ စွမ်းအားဖြစ်သည်။ သူတို့ ရင်ဆိုင်နိုင်မည့် စွမ်းအားမျိုး မဟုတ်ပေ။ သန်းချီသည့် ကျင့်ကြံသူများက ချက်ချင်း သေဆုံးသွားရနိုင်ပေသည်။
လူသားဘိုးဘေးက လက်ဝါးကို မြှောက်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်ထက်၌ နတ်လူသားပုံရိပ်များ ပေါ်ပေါက်လာသည်။ ၎င်းက ကောင်းကင်ကို ဖုံးလွှမ်းပြီး အစွမ်းထက်ကျင့်ကြံသူများကို ရစ်ပတ်သွားသည်။ ယင်းက လက်ဝါးကို မြှောက်ကာ အဆုံးမဲ့နတ်ဓားများအား ဆန့်ကျင်၍ ဖျက်ဆီးပစ်လိုက်သည်။
အခြားသော နေရာများတွင်လည်း တူညီသည့်မြင်ကွင်းက တစ်ချိန်တည်း ဖြစ်ပေါ်နေခဲ့သည်။
ရီဖူရှင်း ရှိနေသည့်နေရာတွင်လည်း နတ်ဓားများက သူတို့ကို သတ်ဖြတ်ရန်ရောက်ရှိလာသည်။ ကပ်ဘေးနတ်ဝင်္ကပါအလင်းတို့က သူ့ပေါ် ကျရောက်လာပြီး သူ၏ နတ်စွမ်းအားကို ချိပ်ပိတ်ချင်နေသည်။ သို့သော် နတ်ဓားများ ရောက်ရှိလာသည့်အခါ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး လက်ကို ဆန့်ထုတ် ရိုက်ချလိုက်သည်။ အဆုံးမဲ့နတ်စွမ်းအားတို့က ကန့်သတ်ထိန်းချုပ်မှုကို ချိုးဖျက်၍ မရေတွက်နိုင်သည့် လက်သီးများက နတ်ဓားများနှင့် ထိပ်တိုက်တွေ့ကာ ၎င်းတို့ကို ဖျက်ဆီးပစ်လိုက်သည်။
သို့သော် ရီဖူရှင်းက ဂုဏ်ယူမှုကို မခံစားခဲ့ရပေ။ အဝေးရှိ ဒွန်ဟောင်အင်ပါယာနန်းတော်တွင် ရှိနေသည့် အရှင်ဒွန်ဟောင်က နတ်ဝင်္ကပါဖြင့်လွှမ်းခြုံကာ ထိုကဲ့သို့ အစွမ်းထက် တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်သည်။ အရှင်ဒွန်ဟောင်က အတိအကျ မည်မျှ အစွမ်းထက်ပါသနည်း။