← Chapters

လူသားနတ်ဘုရားနန်းတော်ကို ကျူးကျော်ခြင်း

Vol. 201 Ch. 2869

လူသားနတ်ဘုရားနန်းတော်ကို ကျူးကျော်ခြင်း

Vol. 201 Ch. 2869

လူသားနတ်ဘုရားနန်းတော်သည် လူသားဘုံရှိ နတ်ဘုရားတောင်ကုန်းများအကြားတွင် တည်ရှိလေသည်။ ကြီးကျယ်ခမ်းနားသော နန်းတော်များ တည်ရှိရာနယ်မြေတွင် တိမ်တိုက်များ ရစ်သိုင်းဝန်းရံနေသည်။

မြူထူထပ်သောနယ်မြေ အပြင်ဘက်တွင် လူတစ်ယောက် တိတ်ဆိတ်စွာ ရပ်နေလေသည်။ သူ၏ဟန်ပန်အရှိန်အဝါသည် ထူးကဲပြီး သူသည် လောကအတွင်းရှိ အရာအားလုံးကို ငုံ့ကြည့်နေသည်။ သူသည် စွမ်းအားကြီးပုံပေါ်ပြီး ကောင်းကင်နှင့် မြေကြီး၏ အုပ်စိုးသူဟုပင် ထင်ရသည်။ သူသည် ကောင်းကင်လမ်းစဉ်ထိပ်တွင် ရပ်နေသည်။

ထိုလူသည် ကောင်းကင်အင်ပါယာအသစ်ဟု ကင်ပွန်းတပ်ခံထားရသော ကျိဝူတောက်ပင်။

လူသားဘုံမှ အင်အားစုများနှင့် အခြားဘုံလေးခုတို့မှ အင်အားစုများသည် ကောင်းကင်ဒေသကို တိုက်ခိုက်ရန် ထွက်သွားကြပြီဖြစ်သည်။ ထိုအကြောင်းကို အားလုံးသိ၏။ ယခုတွင် မဟာအင်ပါယာခြောက်ပါးသည် အလုပ်များနေရာ သူ့ကို မည်သူ တားနိုင်ပါဦးမည်နည်း။

အကယ်၍ ကောင်းကင်ဒေသ ဖျက်ဆီးခံလိုက်ရလျှင် မဟာအင်ပါယာများသည် ကောင်းကင်(၉၉)လွှာကို တိုက်ခိုက်ကာ ကောင်းကင်ဘုံကို ဖျက်ဆီးပစ်မည်လော။

ကျိဝူတောက်သည် ရှေ့သို့ သွားနေပြီး နတ်ဘုရားတောင်ကုန်းများအတွင်းသို့ လျှောက်သွားသည်။

ဝုန်း...

သဏ္ဌာန်မဲ့ နတ်စွမ်းအားလှိုင်းတစ်ခုသည် နတ်ဘုရားတောင်တန်းတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ကြည့်ရသည်မှာ လူသားနတ်ဘုရားနန်းတော်ရှိသည့် နေရာတွင် အစီအရင်တစ်ခုက ကာကွယ်ပေးထားပုံပင်။ အားကောင်းသော နတ်စွမ်းအားသည် အာကာပြင်ကို ထွင်းဖောက်ကာ အလင်းမျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ အစီအရင်သည် လူသားနတ်ဘုရားနန်းတော်၏ နယ်မြေအတွင်းသို့ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက် ကျူးကျော်ဝင်ရောက်လာသည်ကို အာရုံခံမိလိုက်ပြီးနောက် နိုးထလာခြင်းဖြစ်သည်။

လူပေါင်းများစွာသည် အစီအရင်အတွင်းမှနေ၍ ကျိဝူတောက်ကို ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များသည် အေးစက်နေသည်။ သူတို့အားလုံးသည် ကျူးကျော်လာသူအကြောင်းကို သတင်းရထားပြီးဖြစ်သည်။

ကျိဝူတောက်သည် လေထဲတွင် ရပ်နေ၏။ သူ့ဆံပင်ရှည်များသည် လေထဲတွင် ဝဲလွင့်နေပြီး နဂါးကိုးကောင်သန့်စင်ချီက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားလေသည်။ သူသည် ကောင်းကင်အင်ပါယာ ပြန်ဝင်စားသူနှင့် တူနေသည်။

ခပ်အုပ်အုပ်အသံတစ်သံ ပဲ့တင်ထပ်သွား၏။ သူ၏ နဂါးကိုးကောင်းသန့်စင်ချီသည် နတ်ဓားတစ်ချောင်းအဖြစ် စုစည်းသွားသည်။ ဓားသည် နတ်အလင်းဖြင့် တောက်ပနေလေသည်။ ၎င်းသည် ကောင်းကင်အင်ပါယာ၏ တော်ဝင်ဓားဖြစ်သည်။ ထိုဓားကို ဆွဲကိုင်နိုင်သူသည် သက်ရှိအားလုံးကို အုပ်စိုးနိုင်ပေသည်။

နတ်ဓားသည် ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို စုပ်ယူနေပြီး နဂါးကိုးကောင်သန့်စင်ချီက ၎င်းကို လှည့်ပတ်နေသည်။ ၎င်းသည် တောက်ပသော နတ်ရောင်ဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ကျိဝူတောက်၏ ခန္ဓာကိုယ်မှနေ၍လည်း အတုမဲ့ ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး သူသည် သူ၏နတ်ဓားနှင့်အတူ အောက်သို့ ပျံဆင်းသွားသည်။ အာကာပြင်ထဲတွင် တုန်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။ ကောင်းကင်သည် မျက်စိကျိန်းလောက်ဖွယ် နတ်အလင်း၏ ဆုတ်ဖြဲမှုကို ခံလိုက်ရ၏။

ကောင်းကင်အင်ပါယာ၏ ဓားသည် ဧရာမ အလင်းမျက်နှာပြင်အပေါ်သို့ ကျဆင်းလာပြီး ၎င်းကို အပြင်းအထန် တုန်ခါသွားစေ၏။ အလင်းမျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာ၏။ နတ်ဓားသည် ၎င်းကို ထိုးဖောက်နိုင်သွားသည်။ သို့သော် အလင်းမျက်နှာပြင်သည် ကွဲအက်ပျက်စီး မသွားပေ။ ဤတောင်ကာအစီအရင်၏ ခုခံစွမ်းအားသည် အလွန်ခိုင်မာပေသည်။

ကျိဝူတောက်သည် တစ်ချက်ခုန်လိုက်ပြီး အလင်းမျက်နှာပြင်ပေါ်တွင် ဆင်းသက်လိုက်သည်။ သူသည် နတ်ဓားကို အောက်သို့ ထိုးချလိုက်သည်။ နတ်ဓားမှနေ၍ အတုမဲ့အလင်းတန်းတစ်ခု ထွက်လာ၏။ တောင်ကာအစီအရင်ထဲရှိ နတ်စွမ်းအားသည် ဓားအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။ ထို့နောက် ၎င်းစွမ်းအားသည် ကျိဝူတောက်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းသွားသည်။

အလင်းမျက်နှာပြင်ပေါ်ရှိ အက်ကြောင်းများ ကြီးမားလာသည်။ ၎င်း၏ ခုခံစွမ်းအားသည်လည်း အားနည်းလာသည်။ အစီအရင်အတွင်းရှိ နတ်ဘုရားတောင်ကုန်းများလည်း တုန်ခါလာသည်။ အစီအရင်အတွင်းရှိ ကျင့်ကြံသူများသည် မျက်စိ၊ မျက်နှာပျက်လာကြသည်။ သူတို့ တွေးလိုက်ကြသည်။ ယခုတွင် ကျိဝူတောက်၏စွမ်းအားသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည်အထိ တိုးတက်လာပြီလော။ သူသည် အမှန်ပင် တောင်ကာအစီအရင်ကို ဖျက်ဆီးပစ်နိုင်မည်လော။

သူတို့ ခေါင်းမော့ကြည့်လိုက်လျှင် ကျိဝူတောက်၏ကိုယ်မှနေ၍ နတ်အလင်း တလက်လက်တောက်ပနေသည်ကို မြင်ရပေသည်။

တောင်ကာအစီအရင်၏ စွမ်းအားသည်လည်း တဖြည်းဖြည်း အားနည်းလာနေသည်။ မကြာခင်တွင် အစီအရင်တစ်ခုလုံးသည် နတ်ဓား၏ ဝါးမျိုမှုကို ခံလိုက်ရလေသည်။ အလင်းမျက်နှာပြင် ပျောက်ကွယ်သွားပြီး နတ်ဘုရားတောင်ကုန်းများသည် ကျိဝူတောက်၏ တိုက်ခိုက်မှုအောက်တွင် အကာအကွယ်မဲ့သွားပေသည်။

ကျိဝူတောက် ငုံ့ကြည့်လိုက်၏။ သူ၏နတ်အာရုံသည် အာကာပြင်ကို လွှမ်းခြုံသွား၏။ နတ်ဘုရားတောင်ကုန်းအားလုံးသည် သူ့အာရုံ၏ လွှမ်းခြုံမှုကို ခံလိုက်ရ၏။ တောင်ကုန်းများမှနေ၍ ကျင့်ကြံသူများစွာ ထွက်လာပြီး စိုးရိမ်သောအကြည့်များဖြင့် ကျိဝူတောက်ကို ငေးကြည့်လိုက်ကြသည်။

လူသားဘိုးဘေးသည် ကျင့်ကြံသူတစ်စုကို ဦးဆောင်၍ ကောင်းကင်ဒေသကို တိုက်ခိုက်ရန် ထွက်သွားပေသည်။ မဟာအင်ပါယာတော်တော်များများသည်လည်း သူနှင့်အတူ ပါသွားခဲ့သည်။ ထို့ကြောင့် ဤနေရာတွင် ကျင့်ကြံသူအနည်းငယ်သာ ကျန်ခဲ့လေသည်။ ထို့ကြောင့် ကျိဝူတောက်၏ ကျူးကျော်မှုသည် ထိုကျင့်ကြံသူများအတွက် ကြီးမားသော ခြိမ်းခြောက်မှုပင်။

“ကျိဝူတောက်...”

ထိုအခိုက်တွင် နတ်ဘုရားတောင်ကုန်းများမှနေ၍ အသံများ ထွက်ပေါ်လာ၏။ ထိုအသံများသည် လူအနည်းငယ်က တစ်ပြိုင်တည်း ပြောလိုက်သည့်အသံကဲ့သို့ပင်။ သူတို့၏အသံများသည် အာကာပြင်ကို တုန်ခါသွားစေပြီး သူတို့အသံများ၏ ပဲ့တင်သံများကို အဝေးမှပင် ကြားနိုင်ပေသည်။

နတ်ဘုရားတောင်ကုန်းများမှ ကျင့်ကြံသူများသည် မျက်မှောင်ကြုတ်လိုက်ကြသည်။ ထိုအသံများသည် မည်သူများထံမှ ထွက်ပေါ်လာခြင်းနည်း။

ကျိဝူတောက်၏ မျက်နှာထားသည်လည်း ထူးဆန်းသွားပြီး ကျယ်ပြောသော နတ်ဘုရားတောင်ကုန်းများဆီသို့ ကြည့်လိုက်လေသည်။ ထိုဘက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ရှိနေသည်။

ထို့နောက် တလက်လက်တောက်ပနေသော အလင်းများ ထွက်ပေါ်လာ၏။ နတ်ဘုရားတောင်ကုန်းများအထက်တွင် လူလေးယောက် ထွက်ပေါ်လာလေသည်။ သူတို့တစ်ဦးချင်းစီတွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုစီ ရှိ၏။ သူတို့အားလုံးသည် မဟာအင်ပါယာအဆင့်တွင် ဖြစ်သည်။ သူတို့ သူတို့၏နတ်ဘုရားအရှိန်အဝါများကို ထုတ်လွှတ်လိုက်သောအခါ လူသားနတ်ဘုရားနန်း‌တော်အတွင်းရှိ ကျင့်ကြံသူများစွာသည် အံ့အားသင့်သွားကြသည်။

သူတို့သည် ယခင်က ထိုမဟာအင်ပါယာများကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ လူသားဘိုးဘေးသည် ဝှက်ဖဲအနည်းငယ် သိမ်းထားခဲ့သည့်ပုံပင်။ ဤနေရာတွင် ကာကွယ်ပေးမည့် ထူးကဲသော မဟာအင်ပါယာလေးပါး ရှိနေသည်။

လူသားနတ်ဘုရားနန်းတော်ကို ကာကွယ်ရန်အတွက် တာဝန်ပေးခံရသဖြင့် ကျန်ရစ်ခဲ့သော မဟာအင်ပါယာများသည်ပင် ကောင်းကင်ထဲရှိ ထိုမဟာအင်ပါယာလေးပါးကို မမြင်ဖူးခဲ့ချေ။

မဟာအင်ပါယာလေးပါးစလုံး၏ လက်များထဲတွင် စွမ်းအားကြီးလက်နက်များ ရှိနေလေသည်။ ထိုလက်နက်များသည် လွန်စွာစွမ်းအားကြီးသော နတ်စွမ်းအားများကို ထုတ်လွှတ်နေသည်။ နတ်ဘုရားတောင်ကုန်းများမှ ကျင့်ကြံသူအားလုံးသည် ကောင်းကင်ကို အာရုံစူးစိုက်ကြည့်လိုက်ကြသည်။ ထိုမဟာအင်ပါယာ‌လေးပါးသည် ထူးကဲကြောင်း သူတို့အာရုံခံနိုင်ပေသည်။

“တွက်ချက်တတ်တဲ့ လူသားဘိုးဘေး ပီသပါပေတယ်”

ကျိဝူတောက်သည် မဟာအင်ပါယာလေးပါး အောက်တွင် ရပ်၍ ပြောလိုက်၏။ သူသည် ထိုလေးပါးကို ဝေ့ဝဲကြည့်သည်။ သူသည် ယုံကြည်မှုရှိရှိ၊ ရဲရဲတင်းတင်း ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“ဒီနေ့တော့ လူသားဘိုးဘေးဆီမှာ ဝှက်ဖဲဘယ်နှစ်ချပ်ရှိလဲဆိုတာ ကျုပ် ကြည့်ချင်မိတယ်”

မဟာအင်ပါယာလေးပါးထဲမှ တစ်ပါးသည် ကြာပွတ်တစ်ခုကို ကိုင်ထားသည်။ သူ၏ ရွှေရောင်ကြာပွတ်ထဲတွင် စွမ်းအားကြီးအရှိန်အဝါတစ်ခု ပါဝင်ပေသည်။ သူ့ဘေးမှ မဟာအင်ပါယာသည် စေတီတစ်ဆူကို ကိုင်ထားသည်။ ၎င်းထံမှနေ၍ အတုမဲ့ အာကာသနတ်စွမ်းအား ထွက်နေ၏။ တတိယ မဟာအင်ပါယာသည် နတ်တူတစ်လက်ကို ကိုင်ထားသည်။ ၎င်းထဲတွင် ကြောက်မက်ဖွယ် အဖျက်လျှပ်စီးအရှိန်အဝါ ပါဝင်၏။ နောက်ဆုံး မဟာအင်ပါယာသည် အံ့အားသင့်ဖွယ် အဖျက်စွမ်းအား ထုတ်လွှတ်နေသော လှံတစ်ချောင်းကို ကိုင်ထားလေသည်။

ဝုန်း...

စေတီတစ်ဆူကိုင်ထားသော မဟာအင်ပါယာသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ စေတီသည် ရုတ်ခြည်း လျင်မြန်စွာ ပြန့်ကားလာသည်။ ၎င်းသည် ကျိဝူတောက်၏ ခေါင်းအထက်တွင် မျောနေသည်။ အဆုံးမဲ့ ရွှေရောင်နတ်အလင်းများ ကျဆင်းလာပြီး အောက်ဘက်အာကာပြင်ကို ရုတ်ခြည်း လွှမ်းခြုံသွားသည်။ စေတီ၏ အစွမ်းအောက်တွင် အရာအားလုံး ချိပ်ပိတ်ခံလိုက်ရလေသည်။

၎င်းသည် နတ်ဘုရားချိပ်ပိတ်မျှော်စင်ပင်။

တစ်ချိန်တည်းမှာပင် ရွှေရောင်ကြာပွတ်ကို ကိုင်ထားသော မဟာအင်ပါယာသည် သူ၏ကြာပွတ်ဖြင့် ရိုက်လိုက်သည်။ ၎င်းသည် အာကာပြင်ကို ဖြတ်သန်းကာ ကျိဝူတောက်ထံ ဦးတည်သွားသည်။ နတ်တူကို ကိုင်ထားသော မဟာအင်ပါယာသည်လည်း တူဖြင့်ထုချလိုက်သည်။ ကောင်းကင်မှနေ၍ အဖျက်နတ်လျှပ်စီး ကျဆင်းလာသည်။ ထူထဲသော လျှပ်စီးတန်းသည် အဖျက်လှိုင်းတစ်ခုကဲ့သို့ ကျိဝူတောက်ထံသို့ ဦးတည်ဆင်းသက်သွားသည်။

မဟာအင်ပါယာသုံးပါးသည် တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ပေသည်။ သူတို့၏ စွမ်းအားကြီးတိုက်ခိုက်မှုများသည် ကျိဝူတောက်ထံ ဦးတည်သွားကြ၏။ ကျိဝူတောက်သည် မရှောင်လိုက်ဘဲ နေရာတွင်သာ ဆက်ရပ်နေသည်။ သူ့ခန္ဓာကိုယ်ကို နဂါးကိုးကောင်သန့်စင်ချီက ဝန်းရံထားပြီး သူ့ပတ်ပတ်လည်တွင် အကာအရံနတ်အလင်း ထွက်ပေါ်လာလေသည်။ ၎င်းသည် ဓာတ်ကြီးငါးပါးထက် အစွမ်းကြီး၏။ ထို့ကြောင့် မဟာအင်ပါယာများ၏ တိုက်ခိုက်မှုများသည် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ချေ။

အာကာသချိပ်ပိတ်နတ်စွမ်းအား၊ နတ်ဘုရားရိုက်နှက်ကြာပွတ်နှင့် လျှပ်စီးတန်းတို့သည် ကျိဝူတောက်၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော နတ်အလင်းပေါ်သို့ ကျဆင်းသွားကြသည်။ သို့သော် ၎င်းတို့သည် ကျိဝူတောက်ကို အမှန်တကယ် မထိခိုက်စေနိုင်ပေ။

“ခင်ဗျားတို့လေးယောက်လုံးကို လူသားဘိုးဘေးက ချန်ထားခဲ့တာလား”

ကျိဝူတောက်သည် မဟာအင်ပါယာလေးပါးကို ကြည့်၍ မေးလိုက်သည်။ သူ၏ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ် ခတ်နေသည်။ သူ၏အကြည့်မှနေ၍ ပြိုင်ဘက်ကင်း အင်ပါယာအရှိန်အဝါ ထွက်နေလေသည်။

ဝုန်း...

ကျိဝူတောက်ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် ကောင်းကင်အင်ပါယာဝိညာဉ်ပုံရိပ်တစ်ခု ထွက်‌ပေါ်လာ၏။ ဝိညာဉ်ပုံရိပ်က ၎င်း၏ လက်ဝါးများကို ဆန့်ထုတ်လိုက်သောအခါ ကြောက်မက်ဖွယ် ဝဲကတော့ကြီးတစ်ခု ပျံတက်သွားသည်။ ကြောက်မက်ဖွယ် နတ်သားရဲတစ်ကောင်သည် ကောင်းကင်ကို ဝါးမျိုတော့မလိုပင် ထင်ရသည်။

သူ့ထံသို့ ဦးတည်လာသော အဆုံးမဲ့ နတ်စွမ်းအားသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။

ကျယ်ပြောသော လူသားနတ်ဘုရားနန်းတော်အတွင်းရှိ ကျင့်ကြံသူများသည် ထို ပြိုင်ဘက်ကင်း ဝါးမျိုစွမ်းအားကို အာရုံခံမိလိုက်လေသည်။

ပရမ်းပတာနိုင်သော ကောင်းကင်ဝါးမျိုအတတ်သည် ရှေးခေတ်မှ ကြောက်မက်ဖွယ် နတ်အတတ်တစ်ခုဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၊ နေ၊ လနှင့် ကြယ်တာရာများအပြင် အမှီအခိုကင်းသော လောကတစ်ခုကိုပါ ဝါးမျိုပစ်နိုင်သည်။ အကယ်၍ ဤနေရာက မည်သူမှ ကျိဝူတောက်ကို မတားနိုင်လျှင် ကျိဝူတောက်သည် လူသားနတ်ဘုရားနန်းတော်တစ်ခုလုံးကို ဝါးမျိုပစ်ပေလိမ့်မည်။

All Chapters