ဖြောင့်မတ်သော ဘိုးဘေး
Vol. 201 Ch. 2870
မူလဘုံ၏ ကျယ်ပြောသော ကောင်းကင်ထဲတွင်...
တိုက်ပွဲပြင်နှစ်ခုတွင် တိုက်ပွဲများ ဖြစ်နေဆဲဖြစ်သည်။ အကြွင်းမဲ့ဗုဒ္ဓနှင့် နတ်ဆိုးအင်ပါယာအကြားမှ တိုက်ပွဲသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါနေစေသည်။ အကြွင်းမဲ့ဗုဒ္ဓသည် ‘ဗုဒ္ဓအားလုံးရင်းမြစ်ပြန်’ အစွမ်း ကို ထုတ်လွှတ်လိုက်ပြီး နတ်ဆိုးအင်ပါယာသည် သူနှင့်အတူ တိုက်ခိုက်ရန် သန်းထောင်ချီသော ဒီမွန်းများကို ဆင့်ခေါ်လိုက်သည်။ ပတ်ဝန်းကျင်အာကာပြင်သည် ပြိုပျက်သွားပြီး ကွဲအက်သွားသည်။ အဖျက်မုန်တိုင်းသည် ကျယ်ပြောသော အာကာပြင်ကို ဖြတ်သန်းရိုက်ခတ်သွားပြီး မရေမတွက်နိုင်သော ကြယ်တာရာများကို ဖျက်ဆီးသွားသည်။
ယခုတွင် သူတို့နှစ်ယောက်စလုံးသည် ဧရာမ နတ်ဘုရားကြီးများ ဖြစ်နေပြီဖြစ်သည်။ တစ်ယောက်သည် နတ်ဆိုးလောကကို အုပ်စိုးသော ဒီမွန်းနတ်ဘုရားဖြစ်ပြီး အခြားတစ်ယောက်သည် ဗုဒ္ဓအားလုံး၏ အရှင်သခင်ဖြစ်သည်။ အကယ်၍ သူတို့သည် ကျင့်ကြံခြင်းလောကအတွင်း၌ တိုက်ခိုက်နေလျှင် လောကသည် ပြိုပျက်သွားနိုင်ပေသည်။ မဟာအင်ပါယာခြောက်ပါးအကြားမှ တိုက်ပွဲများသည် အမှန်ပင် အဆင့်အမြင့်ဆုံး တိုက်ပွဲများ ဖြစ်လေသည်။ ထိုတိုက်ပွဲများကို မည်သူမှ မမြင်နိုင်ခြင်းမှာ နှမြောစရာပင်။
“နတ်ဆိုးအင်ပါယာ...”
ထိုစဉ်တွင် ကောင်းကင်ထဲတွင် ဗုဒ္ဓအလင်း တောက်ပလာပြီး အာကာပြင်ထဲတွင် ဗုဒ္ဓအသံ ပဲ့တင်ထပ်သွားသည်။ အသံတစ်သံ ထွက်ပေါ်လာ၏။ နတ်ဆိုးအင်ပါယာ၏ မျက်လုံးမည်းများသည် သူ့အမည်ကို ခေါ်လိုက်သူဘက်ကို ကြည့်လိုက်လေသည်။ သူ့ပတ်ပတ်လည်တွင် အဖျက်မုန်တိုင်းများ ရှိနေသည်။
“ဒါကို တစ်ချက် ကြည့်ပါဦး”
အကြွင်းမဲ့ဗုဒ္ဓက ပြောလိုက်၏။
အာကာပြင်ထဲတွင် ဗုဒ္ဓအလင်းမျက်နှာပြင်တစ်ခု ရုတ်ခြည်း ဖြစ်ပေါ်လာလေသည်။ ၎င်းသည် ရှေးဟောင်းမှန်တစ်ချပ်ကဲ့သို့ပင်။ ၎င်းပေါ်တွင် ပုံရိပ်တစ်ခု ရုတ်ခြည်း ထွက်ပေါ်လာ၏။
နတ်ဆိုးအင်ပါယာသည် မှန်ကို ကြည့်သည်။ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာထား ထူးဆန်းသွားသည်။
ထွက်ပေါ်လာသော ပုံရိပ်သည် လူသားနတ်ဘုရားနန်းတော်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲဖြစ်ကြောင်း သူ အံ့အားသင့်စွာ တွေ့လိုက်ရလေသည်။
ကျိဝူတောက်သည် သတ်ဖြတ်ကာ လူသားနတ်ဘုရားနန်းတော်အတွင်းသို့ ဝင်နေပြီး ပရမ်းပတာနိုင်သည့် ကောင်းကင်ဝါးမျိုအတတ်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ မဟာအင်ပါယာလေးပါးသည် သူ့ကို မထိန်းထားနိုင်ပေ။ ထို့အပြင် လူသားနတ်ဘုရားနန်းတော်တစ်ခုလုံးသည်လည်း တုန်ခါနေလေသည်။
ဘေးတွင် တိုက်ခိုက်နေသော လူသားဘိုးဘေးသည် ထိုအကြောင်းကို သတိမပြုမိသည့်ပုံပင်။ သူသည် အရှင်ဒွန်ဟောင်ကိုသတ်ရန် ကြိုးစားနေဆဲဖြစ်သည်။ လူသားဘိုးဘေးသည် ထိုအကြောင်းကို လုံးဝ မသိခြင်း မဖြစ်နိုင်ပေ။ အကြွင်းမဲ့ဗုဒ္ဓသည်ပင် လူသားနတ်ဘုရားနန်းတော်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲကို တွေ့ခဲ့လေသည်။ လူသားဘိုးဘေးသည် မည်သို့ မသိဘဲနေမည်နည်း။
သို့သော် သူသည် ဤနေရာတွင်ပင် ရှိနေပေသေးသည်။ သူသည် ထွက်သွားရန် ဆန္ဒမရှိပေ။
“ဗုဒ္ဓတွေက မလိမ်ကြဘူး။ ကျုပ် ခင်ဗျားကို မေးမယ်... ခင်ဗျားတို့က တကယ်ပဲ ကျိဝူတောက်နဲ့ မဟာမိတ်ဖွဲ့လိုက်ပြီလား”
နတ်ဆိုးအင်ပါယာက မေးသည်။ သူ၏အသံသည် ရေခဲတမျှ အေးစက်နေပြီး အာကာပြင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။ မဟာအင်ပါယာခြောက်ပါး စတင် တိုက်ခိုက်ကြသောအခါ ကျိဝူတောက်သည် လူသားဘုံရှိ လူသားနတ်ဘုရားနန်းတော်သို့ သတ်ဖြတ် ဝင်ရောက်ခဲ့လေသည်။ ထိုလုပ်ရပ်သည် ဘာအဓိပ္ပာယ်နည်း။
သူသည် သူတို့ကို ခြိမ်းခြောက်နေခြင်းလော။
နတ်ဆိုးအင်ပါယာသည် ထိုအကြောင်းကို သံသယဖြစ်နေလေသည်။ ယခင်က ကျိဝူတောက်သည် အရှင်ဒွန်ဟောင်ကို စော်ကားခဲ့ခြင်းမှာ တမင်လုပ်ခဲ့ခြင်းဖြစ်မည်ဟု သူ ခန့်မှန်းထားသည်။ ကျိဝူတောက်သည် သူတို့၏ မဟာမိတ်ကို ဖုံးကွယ်ထားရန်အတွက် တမင် ထိုသို့ လုပ်ခဲ့ခြင်းဖြစ်ပေမည်။ အမှန်တွင် ကောင်းကင်ဒေသနှင့် ကောင်းကင်ဘုံသည် အင်အားပူးပေါင်းခဲ့ပြီးဖြစ်သည်။
“စိတ်လှုပ်ရှားဖို့ မလိုပါဘူး။ ဆက်ကြည့်နေရင် သိပါလိမ့်မယ်”
အကြွင်းမဲ့ဗုဒ္ဓက ပြောလိုက်၏။ လူသားနတ်ဘုရားနန်းတော်အထက်ရှိ ကောင်းကင်သည် ပြောင်းလဲနေပြီး ကျိဝူတောက်ကို မည်သူမှ မတားနိုင်သည့်ပုံပေါ်လေသည်။ အတုမဲ့ နတ်အလင်း ထွက်ပေါ်လာ၏။
အထက်ကောင်းကင်တွင် နတ်စွမ်းအား လည်ပတ် မြည်ဟည်းလာသည်။ အကြွင်းမဲ့အလင်း ကျဆင်းလာ၏။ ထို့နောက် ကောင်းကင်မှနေ၍ အလင်းတန်းများ ဆင်းသက်လာလေသည်။ အတုမဲ့ နတ်အလင်းသည် လူသားဘုံရှိ လူသားနတ်ဘုရားနန်းတော်ပေါ်သို့ ကျဆင်းလာသည်။ ထိုပြောင်းလဲမှုသည် နတ်ဆိုးအင်ပါယာကို အလိုလို မျက်မှောင်ကြုတ်သွားစေ၏။
၎င်းသည် မည်သည်နည်း။
ထို့နောက် ကောင်းကင်မှကျဆင်းလာသော ရွှေရောင်နတ်အလင်းသည် မဟာအင်ပါယာများ၏ ပုံရိပ်ဖြစ်ကြောင်း သူတွေ့လိုက်ရ၏။ သူတို့သည် လူသားနတ်ဘုရားနန်းတော်အထက်ရှိ ကောင်းကင်တွင် ထွက်ပေါ်လာကြပြီး အောက်ဘက်သို့ ငုံ့ကြည့်နေကြသည်။ သူတို့သည် တလက်လက်တောက်ပနေသော နတ်ချပ်ဝတ်များကို ဝတ်ဆင်ထားသည်။ သူတို့ထံမှနေ၍ ပြိုင်ဘက်ကင်း နတ်အရှိန်အဝါ ထွက်ပေါ်လာလေသည်။
ကျိဝူတောက်သည်ပင် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်ကို ပုံရိပ်ထဲမှတဆင့် မြင်လိုက်ရ၏။ သူ မျက်မှောင်ကြုတ်လိုက်၏။ သူ့ရှေ့ရှိ မြင်ကွင်းသည် သူ့ကို အံ့အားသင့်သွားစေကြောင်း ထင်ရှား၏။
“ဒကာကြီး အခု နားလည်ပြီလား”
အကြွင်းမဲ့ဗုဒ္ဓသည် နတ်ဆိုးအင်ပါယာကို မေးလိုက်သည်။
“လူသားနတ်ဘုရားနန်းတော်ရဲ့ စွမ်းရည်က ဒကာကြီးတို့ထင်ထားတာထက် အများကြီးပိုပြီး စွမ်းအားကြီးတယ်”
နတ်ဆိုးအင်ပါယာသည် တိုက်ပွဲပုံရိပ်ကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ ကျိဝူတောက်သည် အစောက မဟာအင်ပါယာလေးပါးကို အနိုင်ယူခဲ့သည်။ သို့သော် ယခု ကောင်းကင်မှ ကျဆင်းလာသော မဟာအင်ပါယာများသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ရှိပေသည်။ သူတို့သည် ကျိဝူတောက်ကို တိုက်ခိုက်တော့မည် ဖြစ်သည်။
လူသားနတ်ဘုရားနန်းတော်တွင် မဟာအင်ပါယာအဆင့်ရှိသူ မည်မျှ ရှိသနည်း။
ဤတစ်ချိန်လုံး လူသားဘိုးဘေးသည် သူ၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ခြင်းလော။
အခြား တိုက်ပွဲပြင်တစ်ခုတွင် အာကာပြင်ကို ချိပ်ပိတ်နေသော မိစ္ဆာအင်ပါယာသည်လည်း အကြွင်းမဲ့ဗုဒ္ဓ ဆင့်ခေါ်ထားသော ပုံရိပ်ကို မြင်လိုက်လေသည်။ သူ၏မျက်နှာထားသည် နားမလည်နိုင်သည့် မျက်နှာထား ဖြစ်သွားသည်။ သူသည် တိုက်ပွဲပြင်သို့ ပြန်အာရုံစိုက်လိုက်သောအခါ ကောင်းကင်ထဲတွင် နတ်အသံများ ပဲ့တင်ထပ်သွားသည်ကို သတိပြုမိလိုက်လေသည်။ လွှမ်းမိုးအားကြီးသော နတ်အရှိန်အဝါတစ်ခုသည် အသံများနှင့်အတူ ကျဆင်းလာလေသည်။
ထို့နောက် လေထဲတွင် ဧရာမလက်ဖဝါးကြီးတစ်ခု ဖြစ်ပေါ်လာပြီး အောက်ဘက်သို့ ရိုက်ချလိုက်၏။ လက်ဖဝါးကို သင်္ကေတများက လွှမ်းခြုံထား၏။ ၎င်းထံတွင် လောကတစ်ခုကို ဖျက်ဆီးပစ်နိုင်သော စွမ်းအား ပါဝင်ပေသည်။ ၎င်းသည် ထုတ်ဖော်ခြင်းနတ်စက်ကွင်းကို ရိုက်ချလိုက်ပြီး စက်ကွင်းက ခုခံနေသော်လည်း အောက်ဘက်သို့ ဆက်ဖိကျသွားသည်။ လူသားဘိုးဘေးသည် အရှင်ဒွန်ဟောင်ကို သူ၏ဧရာမလက်ဖဝါးအောက်တွင် နှစ်မြှုပ်ပစ်ရန် ဆုံးဖြတ်ထားပေသည်။
တစ်ချိန်တည်းမှာပင် မှော်နက်အရှင် ထိန်းချုပ်ထားသော မှော်နက်ကြာပွင့်သည် ထုတ်ဖော်ခြင်းနတ်စွမ်းအားကို အဆက်မပြတ် ဝါးမျိုနေသည်။ မှော်နက်အရှင်သည် သူ့ကိုယ်သူ အသူရာစစ်နတ်ဘုရားအဖြစ် ပြောင်းလဲထားသည်။ သူသည် အဖျက်မှော်နက်လှံကို ကိုင်ဆွဲထားလေသည်။ သူသည် ၎င်းကို ထုတ်ဖော်ခြင်းနတ်စက်ကွင်းကို ထိုးချလိုက်ပြီး ရှေ့သိုး ထိုးသွင်းနေကာ အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်ကို ချိန်ရွယ်ထားသည်။
မဟာအင်ပါယာနှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ထုတ်ဖော်ခြင်းနတ်စက်ကွင်းသည် ဖိနှိပ်ခံနေရလေသည်။ ကောင်းကင်မှ ကျဆင်းလာသော ဧရာမလက်ဖဝါးကြီးသည် ပရမ်းပတာလျှပ်စီးစက်ကွင်းနှင့် ပေါင်းစည်းသွားသည်ဟု ထင်ရသည်။ လက်ဖဝါးက ဖိချလိုက်သောအခါ အဆုံးမဲ့ အဖျက်တိုက်ခိုက်မှုများသည် စက်ကွင်းပေါ်သို့ ဆက်၍ ကျဆင်းလာလေသည်။
ဧရာမလက်ဖဝါးကြီးနှင့် အဖျက်နတ်လှံတို့သည် အရှင်ဒွန်ဟောင်ထံသို့ တစ်ပြိုင်တည်း ချဉ်းကပ်နေသည်။ သူ့တွင် လွတ်လမ်းမရှိတော့ပေ။
ဝုန်း...
ကမ္ဘာဖျက် နတ်လှံသည် အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်ကို ထိုးစိုက်သွားပြီး အဖျက်မုန်တိုင်းကြီးတစ်ခု သောင်းကျန်းလာလေသည်။ တစ်ချိန်တည်းမှာပင် ဧရာမလက်ဖဝါးကြီးသည် သူ့ခန္ဓာကိုယ်ကို ဖိချသွားသည်။
ထိုမြင်ကွင်းသည် အခြားမဟာအင်ပါယာသုံးပါးကို အပြင်းအထန် ရင်တုန်သွားစေ၏။ သူတို့သည် အရှင်ဒွန်ဟောင်ကို အောင်အောင်မြင်မြင် သတ်ဖြတ်နိုင်ခဲ့ပြီလော။
ကြောက်မက်ဖွယ် ဧရာမလက်ဖဝါးကြီးသည် ရပ်တန့်မသွားပေ။ ၎င်းသည် အောက်ဘက်သို့ ဆက်၍ ဖိချနေသည်။ မှော်နက်အရှင်သည် ၎င်းက သူ့ထံ တိုက်ရိုက် ဦးတည်နေကြောင်း သတိပြုမိသွားသောအခါ မျက်နှာထား ပြောင်းလဲသွား၏။ လက်ဖဝါးကြီးသည် နေနှင့် ကောင်းကင်ကို ကာရံသွားသည်။
အသူရာစစ်နတ်ဘုရား၏ ခန္ဓာကိုယ်မှနေ၍ အတုမဲ့စွမ်းအားတစ်ခု ထွက်ပေါ်လာလေသည်။ သူ့ခန္ဓာကိုယ်မှနေ၍ လက်ပေါင်း တစ်သောင်း ထွက်လာပြီး ကျဆင်းလာသော လက်ဖဝါးကြီးကို အထက်သို့ တွန်းတင်လိုက်သည်။ သို့သော် မရေမတွက်နိုင်အောင် များပြားသော လက်များသည် လက်ဖဝါးကြီးနှင့် ထိတွေ့သွားသောအခါ ရုတ်ခြည်း ပျက်စီးသွားသည်။ အဖျက်တိုက်ခိုက်မှုများ ဆက်၍ ကျဆင်းလာသည်။ မည်သို့ပင်ဖြစ်စေ မှော်နက်အရှင်သည် သူ၏မူလနေရာမှ ပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် ပြန်ထွက်ပေါ်လာလေသည်။
ထိုအခါမှ ကြောက်မက်ဖွယ် ဧရာမလက်ဖဝါးကြီး ပျောက်ကွယ်သွားသည်။ မှော်နက်အရှင်သည် ခေါင်းမော့၍ လူသားဘိုးဘေးကို စိုက်ကြည့်သည်။ သူ၏အကြည့်သည့် အေးစက်ကာ သတ်ဖြတ်လိုသောအငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
“လူသားဘုံမှာ တရားမျှတအောင် ဆောင်ရွက်ပေးရတဲ့ ဖြောင့်မတ်တဲ့ မဟာအင်ပါယာဆိုတဲ့ အတိုင်းပဲ... ခင်ဗျားက အခွင့်အရေးရတုန်း အမှောင်ထုကို ရှင်းထုတ်ပစ်မလို့လား”
မှော်နက်အရှင်က ခပ်ရွဲ့ရွဲ့ ပြောလိုက်၏။
“မှော်နက်အရှင်... ခင်ဗျားက မရဏမှော်နက်စွမ်းအားကို ကျင့်ကြံပြီး လောကကြီးအပေါ် ဘေးအန္တရာယ်တွေ ယူဆောင်လာခဲ့တယ်။ အဲဒီတော့ ခင်ဗျားကို ရှင်းပစ်သင့်တယ်”
လူသားဘိုးဘေးက အရေးမစိုက်သော လေသံဖြင့် ပြောလိုက်၏။ သူသည် သူ၏အကြံအားလုံးကို မဖုံးကွယ်ထားပေ။ သူသည် အမှန်ပင် မှော်နက်အရှင်ကို သတ်လိုကြောင်း ချက်ချင်း ဝန်ခံခဲ့ပေသည်။
ထိုစဉ်တွင် မှော်နက်အရှင်သည် အကြည့်လွှဲလိုက်ပြီး အကြွင်းမဲ့ဗုဒ္ဓ ဆင့်ခေါ်ထားသော ပုံရိပ်ကို ကြည့်လိုက်လေသည်။ သူ ပြောလိုက်၏။
“ကြည့်ရတာတော့ လျှို့ဝှက်ချက်အများဆုံးရှိတဲ့သူက ခင်ဗျားပဲ ဖြစ်မယ်ထင်တယ်။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘုံခုနစ်ခုကို အုပ်စိုးဖို့လား”
“မဟုတ်ဘူး... ကျုပ်က အများကောင်းဖို့အတွက် လုပ်နေတာ။ ကျုပ်က လောကထဲက လူတွေကို ပိုပြီးကောင်းကောင်း ကျင့်ကြံနိုင်လုပ်ပေပြီး လောကကို အုပ်စိုးချင်တာ”
လူသားဘိုးဘေး ပြန်ပြောလိုက်၏။ မှော်နက်အရှင် ရယ်လိုက်၏။ သူ၏ရယ်သံအနောက်မှ ရည်ရွယ်ချက်ကို မည်သူမှ မသိပေ။
ထိုစဉ်တွင် ကျယ်ပြောသော အာကာပြင်ထဲတွင် တလက်လက်တောက်ပသော နတ်အလင်း စုစည်းသွားသည်။ အဆုံးမဲ့အလင်း အတူတကွ စုဝေးသွားသည်။ ထို့ကြောင့် လူသားဘိုးဘေးနှင့် မှော်နက်အရှင်တို့၏ မျက်နှာထားများ ထူးဆန်းသွားပြီး အလင်းထွက်ပေါ်လာရာဘက်သို့ ကြည့်လိုက်ကြလေသည်။
ထို့နောက် သူတို့သည် အဆုံးမဲ့ နတ်အလင်းများ အတူတကွ စုစည်းသွားပြီး တဖြည်းဖြည်း လူတစ်ယောက်၏ပုံစံဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။ သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ သူသည် အရှင်ဒွန်ဟောင်ပင်။
လူသားဘိုးဘေးနှင့် မှော်နက်အရှင်တို့ မျက်မှောင်ကြုတ်သွားကြ၏။ သူတို့သည် ထွက်ပေါ်လာသော ပုံရိပ်ကို စိုက်ကြည့်လိုက်ကြသည်။ သူ မသေသေးသည်လော။
မည်သို့ ဖြစ်နိုင်မည်နည်း။
သူတို့သည် အရှင်ဒွန်ဟောင်ကိုသတ်ရန် သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်ခဲ့သည်။ သူ မည်သို့ ရှင်သန်နေနိုင်မည်နည်း။
“ခင်ဗျားတို့ ဆက်တိုက်ချင်လား”
အရှင်ဒွန်ဟောင်သည် မှောက်နက်အရှင်၊ မိစ္ဆာအင်ပါယာနှင့် အခြားသူများကိုကြည့်၍ မေးလိုက်လေသည်။