← Chapters

လမ်းပိတ်ခြင်း

Vol. 201 Ch. 2871

လမ်းပိတ်ခြင်း

Vol. 201 Ch. 2871

လူသားဘိုးဘေးသည်လည်း အရှင်ဒွန်ဟောင်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။ သူ၏တိုက်ခိုက်မှုသည် မည်မျှ စွမ်းအားကြီးကြောင်း သူသိပေသည်။ သူသည် ထိုတိုက်ခိုက်မှုဖြင့် အရှင်ဒွန်ဟောင်ကို ရှင်းပစ်နိုင်မည်ဖြစ်ကြောင်း ယုံကြည်မှု ရှိခဲ့သည်။ ထို့ကြောင့် သူသည် မှော်နက်အရှင်ကို ဆက်၍ ပစ်မှတ်ထားခဲ့ကာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်သတ်ရန် ကြံရွယ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အရှင်ဒွန်ဟောင်သည် ရှင်သန်ခဲ့ရုံသာမက အထိအခိုက်မရှိ ပြန်ထွက်ပေါ်လာကြောင်း တွေ့လိုက်ရသဖြင့် သူအံ့အားသင့်သွားပေသည်။

လူသားဘိုးဘေးသည် တွေးတောဟန် ပေါက်သွားသည်။ ထို့နောက် သူသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပုံ ပေါ်လာ၏။ သူသည် အရှင်ဒွန်ဟောင်ကို စူးစူစိုက်စိုက် ကြည့်လိုက်ပြီး သူ၏ခန့်မှန်းချက်ကို ပြောလိုက်၏။

“အရှင်ဒွန်ဟောင်က ဗုဒ္ဓတန်ခိုးတော်ခြောက်ပါးထဲက တစ်ပါးကို ကျင့်ကြံထားတယ်လို့ ကျုပ် ကောလာဟလတွေ ကြားဖူးခဲ့တာတော့ ကြာပါပြီ။ အခု ခင်ဗျားက ဘယ်တန်ခိုးကို ကျင့်ကြံထားတာလည်းဆိုတာ ကျုပ်သိသွားပြီ”

သူသည် ထိုသို့ပြောလိုက်ပြီး နတ်ဆိုးအင်ပါယာ၊ မိစ္ဆာအင်ပါယာနှင့် မှော်နက်အရှင်တို့ဘက်လှည့်ကာ သတိပေးလိုက်သည်။

“ကျုပ်တို့ ဒီနေ့ ဒွန်ဟောင်ကို မသတ်ရင် နောက်ကျ ကျုပ်တို့ သူ့ကို သတ်နိုင်ဖို့ အခွင့်အရေး ရလောက်တော့မှာ မဟုတ်ဘူး”

နတ်ဆိုးအင်ပါယာနှင့် မိစ္ဆာအင်ပါယာတို့သည် လူသားဘိုးဘေးကို ကြည့်လိုက်ကြသည်။ သူတို့သည် လူသားဘိုးဘေးနှင့် အရှင်ဒွန်ဟောင်ထံတွင် လျှို့ဝှက်ထားသော အကြံအစည်များ ရှိဦးမည်ဟု တွေးမိလိုက်ကြသည်။ သူတို့ထံတွင် ယခင်က ထုတ်မပြဖူးသော ဝှက်ဖဲများ ရှိနေသည်။ နတ်ဆိုးအင်ပါယာနှင့် မိစ္ဆာအင်ပါယာတို့သည် ထိုအချက်ကို မျှော်လင့်ထားပြီးဖြစ်သော်လည်း တိုက်ပွဲအတွင်း၌ သူတို့တွေ့ကြုံခဲ့ရသော ကိစ္စများကြောင့် အံ့အားသင့်နေဆဲဖြစ်သည်။

နတ်ဆိုးအင်ပါယာသည် ကိစ္စများစွာကို တွေးတောခဲ့သည်။ သူသည် အကြွင်းမဲ့ဗုဒ္ဓဆင့်ခေါ်ထားသော ပုံရိပ်ကို တစ်ချက်ကြည့်သည်။ ပုံရိပ်ထဲတွင် ကျိဝူတောက်သည် လူသားဘုံမှ မဟာအင်ပါယာများနှင့် တိုက်ခိုက်နေဆဲပင်။ ဤမတိုင်ခင်က နတ်ဆိုးအင်ပါယာသည် အရှင်ဒွန်ဟောင်နှင့် အကြွင်းမဲ့ဗုဒ္ဓတို့ကို တိုက်ခိုက်ရန် အခြားမဟာအင်ပါယာသုံးပါးနှင့် အင်အားပူးပေါင်းခဲ့သည်။ သို့သော် လေးယောက်နှစ်ယောက် အခြေအနေသည် တစ်မျိုးပြောင်းသွားခဲ့ပေပြီ။ ယခုတွင် မည်သူမှ မဆင်မခြင် မပြုမူဝံ့တော့ချေ။

“ဆဋ္ဌမမြောက် ဗုဒ္ဓတန်ခိုးတော် ‘သံသရာမှလွတ်မြောက်ခြင်း’က စွမ်းအားကြီးတဲ့နေရာမှ သဗ္ဗညုတဉာဏ်ကိုတောင် ယှဉ်နိုင်တယ်။ အဲဒီတန်ခိုးတော်ကို အဆုံးစွန်ထိ ကျင့်ကြံပြီးသွားရင် ကျင့်ကြံသူက ပြန်လည်ဝင်စားခြင်းစက်ဝန်းကိုတောင် ဖောက်ထွက်နိုင်တယ်”

လူသားဘိုးဘေးက ပြောလိုက်၏။

“လက်ရှိမှာ အရှင်ဒွန်ဟောင်က အဲဒီအဆင့်ကို မရောက်သေးဘူး။ အဲဒီတော့ ကျုပ်တို့ သူ့ကို သတ်နိုင်မယ့် အခွင့်အရေးရှိသေးတယ်။ သူ ‘သံသရာမှလွတ်မြောက်ခြင်း’ ကို အဆုံးစွန်ထိ ကျင့်ကြံပြီးတဲ့အထိ ကျုပ်တို့ စောင့်နေရင်တော့ ကျုပ်တို့ သူ့ကို သတ်နိုင်မယ့်အခွင့်အရေး ဘယ်တော့မှ ထပ်ရတော့မှာ မဟုတ်ဘူး”

ဗုဒ္ဓတန်ခိုးတော် ခြောက်ပါးထဲမှ ထိုနှစ်ပါးသည် ကျင့်ကြံရန် အလွန်ခက်ခဲပေသည်။ ၎င်းတို့သည် တန်ခိုးတော်ခြောက်ပါးထဲတွင် အဆင့်ပိုမြင့်သည့် တန်ခိုးတော်များဟု သတ်မှတ်ခံရသည်။ ၎င်းတို့မှာ အန္တိမသဏ္ဌာန်နှင့် သံသရာမှလွတ်မြောက်ခြင်းဖြစ်သည်။ အန္တိမသဏ္ဌာန်ကို ကျင့်ကြံနိုင်ခဲ့သူမှာ ကံကြမ္မာ‌ဗုဒ္ဓဖြစ်သည်။ သူသည် အခြားများ၏ ကံကြမ္မာကို ကြည့်နိုင်သည့် အဆင့်အထိ ရောက်ခဲ့သည်။ သို့သော် ကံကြမ္မာဗုဒ္ဓသည် အန္တိမသဏ္ဌာန်ကို ကျင့်ကြံခဲ့သဖြင့် သူ၏လမ်းစဉ်ကို သက်သေမပြနိုင်သေးဘဲ မဟာအင်ပါယာအဆင့်သို့ မရောက်သေးချေ။ အဘယ်ကြောင့်ဆိုသော် ကံကြမ္မာမဟာလမ်းစဉ်သည် ရရှိရန် အလွန်ခက်ခဲသောကြောင့်ဖြစ်သည်။

အရှင်ဒွန်ဟောင်အတွက်မူ သူသည် သံသရာမှလွတ်မြောက်ခြင်းအပြင် အခြားအတတ်များကိုလည်း ကျင့်ကြံခဲ့သဖြင့် မဟာအင်ပါယာအဆင့်သို့ ရောက်သွားခဲ့ခြင်းဖြစ်သည်။ ထိုဗုဒ္ဓတန်ခိုးတော်သည် သူကျင့်ကြံထားသော အတတ်များစွာထဲမှ တစ်ခုဖြစ်သည်။ သူသည် မဟာအင်ပါယာအဆင့်သို့ ရောက်ပြီးနောက်တွင် သံသရာမှလွတ်မြောက်ခြင်းကို ဆက်ကျင့်ကြံခဲ့သည်။ သူသည် ၎င်းကို နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ပြီး အလွန်မြင့်သောအဆင့်ကို ရရှိခဲ့လေသည်။

အစောက သူ သေနိုင်လောက်သော တိုက်ခိုက်မှုကို ခံနိုင်ခဲ့သည်မှာ သံသရာမှလွတ်မြောက်ခြင်းကြောင့် ဖြစ်သည်။ လူသားဘိုးဘေး၏ ခန့်မှန်းချက်သည် အမှန်ပင် မှန်ကန်ပေသည်။

လူသားဘိုးဘေးသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူဖြစ်သည်။ ထို့ကြောင့် သူသည် ပို၍ ဗဟုသုတရှိပေသည်။

သို့သော် ကံဆိုးစွာပင် နတ်ဆိုးအင်ပါယာနှင့် မှော်နက်အရှင်တို့သည် လူသားဘိုးဘေးကို အလွန်စိုးရိမ်နေကြသည်။ သူတို့သည် ယခင်ကကဲ့သို့ လူသားဘိုးဘေးကို အပြည့်အဝ မယုံနိုင်ကြတော့ပေ။ အထူးသဖြင့် လူသားဘိုးဘေးသည် အရှင်ဒွန်ဟောင်ကို သေနိုင်လောက်သည့် တိုက်ခိုက်မှုဖြင့် တိုက်ခိုက်ပြီးနောက် မှော်နက်အရှင်ကို ဆက်၍ တိုက်ခိုက်ခဲ့သည်ကို တွေ့ကြုံပြီးသောအခါ ပို၍ပင် မယုံနိုင်ကြတော့ချေ။

အရှင်ဒွန်ဟောင် ပြောလိုက်၏။

“လူသားဘိုးဘေးက တရားမျှတမှုအတွက်ဆိုပြီး လူသားဘုံကို အုပ်စိုးနေတာပဲ။ ခင်ဗျားက ဘုံခုနစ်ခုရဲ့ အခြေအနေကို ကြိုးကိုင်ခြယ်လှယ်နေတာပဲ။ အားလုံးပဲ... အတိတ်က ဖြစ်ရပ်တွေနဲ့ အခုဖြစ်နေတဲ့ကိစ္စတွေကို စဉ်းစားကြည့်ပါ။ တကယ်လို့ လောကကြီးက ကျားခုံဆိုရင် ဘယ်သူက ကျားစေ့တွေ၊ ဘယ်သူက ကျားကစားတဲ့သူတွေဆို ခင်ဗျားတို့ လေးလေးနက်နက် တွေးသင့်တယ်”

အားလုံးသည် သူ၏စကားများကို ကြားလိုက်သောအခါ တိတ်ဆိတ်သွားကြသည်။ သူတို့သည် သူ့ကို ထပ်မံ မတိုက်ခိုက်ကြတော့။ ထိုအစား သူတို့သည် အကြွင်းမဲ့ဗုဒ္ဓ ဆင့်ခေါ်ထားသော ပုံရိပ်မှတဆင့် လူသားနတ်ဘုရားနန်းတော်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲကို အာရုံစိုက်လိုက်ကြသည်။

အကယ်၍ လောကကြီးသာ ကျားခုံဖြစ်လျှင် ကျားကစားသမားများသည် မည်သူနည်း။

အတိတ်တွင် မည်သူသည် လောကကြီး၏ မျှခြေကို ထိန်းသိမ်းခဲ့သနည်း။ လက်ရှိလောက၏ မျှခြေကို မည်သူ ဖျက်ဆီးမည်နည်း။

ဤကျားကစားပွဲကို မည်သူက ထိန်းချုပ်နေသနည်း။

မဟာအင်ပါယာခြောက်ပါးစလုံးသည် လောက၏ အထွတ်အထိပ်တွင် ရှိသူများဖြစ်သည်။ သူတို့သည် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အချို့ကိစ္စများကို နားလည်နိုင်ပေသည်။ အဘယ်ကြောင့် လူသားဘိုးဘေးသည် လက်ရှိလောက၏ မျှခြေကို ဖျက်ဆီးလိုနေသနည်း။

“အရှင်ဒွန်ဟောင်နဲ့ ကောင်းကင်ဘုံကြားက ဆက်ဆံ‌ရေးကို ကျုပ် ထပ်ရှင်းပြနေစရာတောင် မလိုပါဘူး။ ကျုပ်တို့ ကောင်းကင်ဒေသကို ကျူးကျော်နေတဲ့အချိန်မှာ ကျိဝူတောက်က လူသားနတ်ဘုရားနန်းတော်ကို သတ်ဖြတ် ဝင်ရောက်နေတယ်။ အဲဒါက တိုက်ဆိုင်မှုတစ်ခုလား”

လူသားဘိုးဘေးက ကျယ်လောင်စွာ ပြောလိုက်လေသည်။

“အားလုံးပဲ ကိစ္စတွေကို သေသေချာချာ တွေးတောဖို့ လိုတယ်။ အရှင်ဒွန်ဟောင်က ဒီကိစ္စကို နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့တာပါ။ တကယ်လို့ ကျုပ်တို့ ဒီနေ့မှာ သူ့ကို အသက်ရှင်ခွင့်ပေးလိုက်ရင် နောက်ကျရင် ကိစ္စတွေကို အဆုံးသတ်ဖို့ ခက်လာနိုင်ပါတယ်”

အရှင်ဒွန်ဟောင်နှင့် လူသားဘိုးဘေးတို့နှစ်ယောက်စလုံးတွင် ကွဲပြားသော အမြင်များ ရှိပေသည်။ မဟာအင်ပါယာခြောက်ပါးစလုံးသည် ကိုယ့်သံသယနှင့်ကိုယ် ရှိနေကြသည်။ အခြား မဟာအင်ပါယာလေးပါးသည် သူတို့၏အမြင်များကို မပြောသေးပေ။

သူတို့ မည်သူ့ကို ယုံရမည်နည်း။

လူသားဘိုဘေးရော အရှင်ဒွန်ဟောင်ပါ လူကောင်းမဟုတ်ခြင်းလည်း ဖြစ်နိုင်ပေသည်။

“ကျုပ် သွားတော့မယ်”

နတ်ဆိုးအင်ပါယာက ရုတ်တရက် ပြောလိုက်၏။ ထို့နောက် သူ့ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာ၏။ သူသည် ရုတ်ခြည်းပင် အနီရောင် အလင်းတန်းတစ်ခု ဖြစ်သွားပြီး သူရပ်နေသော နေရာမှနေ၍ ခြေရာလက်ရာမကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသည်။

မှော်နက်အရှင်သည် နတ်ဆိုးအင်ပါယာ ပြန်ဆုတ်သွားကြောင်း တွေ့လိုက်သောအခါ လူသားဘိုးဘေးကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဆုတ်သွားပေသည်။

သူသည် အမှောင်ထုထဲတွင် မွေးဖွားလာသူဖြစ်၍ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မယုံခဲ့ချေ။ လူသားဘိုးဘေး၏ အလစ်တိုက်ခိုက်မှုသည် သူ့ကို ပို၍ ဒေါသထွက်သွားစေသည်။ ထို့ကြောင့် သူသည် လူသားဘိုးဘေးနှင့် အရှင်ဒွန်ဟောင်ကို သူတို့ဘာသာ ဆက်တိုက်ခိုက်စေမည်ဖြစ်သည်။

ယခုတွင် သူတို့နှစ်ယောက်စလုံးသည် ကမ္ဘာ့ရန်များဖြစ်နေပြီဖြစ်သည်။ သူတို့သည် ယခင်အခြေအနေသို့ ပြန်မရောက်နိုင်တော့ချေ။

လူသားဘိုးဘေးနှင့် မိစ္ဆာအင်ပါယာတို့သာ ဤနေရာတွင် ကျန်ခဲ့လေသည်။ သူတို့သည် အရှင်ဒွန်ဟောင်ကို သတ်ဖြတ်လိုလျှင်ပင် ဖြစ်နိုင်မည် မဟုတ်ပေ။ တစ်ဘက်တွင်လည်း စွမ်းအားကြီးကျင့်ကြံသူနှစ်ယောက်ဖြစ်သော အရှင်ဒွန်ဟောင်နှင့် အကြွင်းမဲ့ဗုဒ္ဓရှိပေသည်။

ဤတိုက်ပွဲမှနေ၍ မည်သို့မှ ထူးလာမည် မဟုတ်ပေ။

*****

ဒွန်ဟောင်အင်ပါယာနန်းတော် အပြင်ဘက်တွင် တိုက်ခိုက်နေကြသော ကျင့်ကြံသူများသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြသည်။ ထို့နောက် ကျင့်ကြံသူများစွာသည် စတင် ဆုတ်ခွာသွားကြသည်။

အင်အားစုများသည် မဟာအင်ပါယာခြောက်ပါးက တိုက်ခိုက်မှု ရပ်တန့်လိုက်ပြီဆိုသော သတင်းကို ရခဲ့ကြသည်။ မဟာအင်ပါယာများက ဆက်မတိုက်ခိုက်တော့သဖြင့် သူတို့၏ တိုက်ပွဲများသည်လည်း အဓိပ္ပာယ်မဲ့သွားပြီဖြစ်သည်။

လက်ရှိ အင်ပါယာမြို့တော်ထဲတွင် ရှုပ်ထွေးနေသည်။ မည်သို့ပင်ဖြစ်စေ ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် ဗုဒ္ဓအင်အားစုများသည် အခြေခိုင်ပေသည်။ ထို့ကြောင့် သူတို့သည် လူပေါင်းများစွာ ဆုံးရှုံးခဲ့သော်လည်း ကျန်နေသေးသော ကျင့်ကြံသူများသည် သူတို့၏ ရန်သူများ နန်းတော်အတွင်းသို့ ကျူးကျော်မလာနိုင်ရန် တားဆီးထားနိုင်ခဲ့သည်။

မဟာအင်ပါယာများသည် အရှင်ဒွန်ဟောင်ကို ရှင်းမပစ်နိုင်ခဲ့ချေ။

အင်ပါယာမြို့တော်အတွင်းမှ လူပေါင်းများစွာသည် ထိုသတင်းကြောင့် တုန်လှုပ်သွားခဲ့ကြသည်။ ဘုံခြောက်ခုမှ လူများသည် အခြေအနေတစ်ခုလုံးအပေါ် သံသယရှိနေကြသည်။ မဟာအင်ပါယာလေးပါး ပူးပေါင်းခဲ့သော်လည်း သူတို့သည် အရှင်ဒွန်ဟောင်ကို မသတ်နိုင်ခဲ့သည်လော။

အကြွင်းမဲ့ဗုဒ္ဓ၏ အကူအညီပါလျှင်ပင် လေးယောက်နှစ်ယောက် ဖြစ်နေပေသေးသည်။ သူတို့ဘက်က အားသာသေးသည်။ သူတို့သည် အရှင်ဒွန်ဟောင်ကို ရှင်းမပစ်နိုင်သင့်သလော။

တိုက်ပွဲအတွင်း၌ မည်သည့်ကိစ္စ ဖြစ်ပွားခဲ့ခြင်းနည်း။

ယခုတွင် ရီဖူရှင်းသည် အင်ပါယာမြို့တော်ဆီသို့ ပြန်လာနေဆဲဖြစ်သည်။ သူသည် ပြန်လာရန် နောက်ကျနေခဲ့သည်။ အားလုံးသည် ခေါ်ဆောင်သွားခံရပြီဖြစ်သည်။ သူသည် ဒွန်ဟောင်အင်ပါယာနန်းတော်သို့သာ ဦးတည်သွားနိုင်ပေသည်။

သူတို့ အင်ပါယာနန်းတော်သို့ ရောက်ခါနီးတွင် ရီဖူရှင်းသည် နတ်ဆိုးလောကမှ ကျင့်ကြံသူများနှင့် တွေ့ခဲ့လေသည်။ ယူချင်းလည်း ရှိနေသည်။

“ဘာကိစ္စလဲ”

ရီဖူရှင်းက ယူချင်းကို မေးလိုက်သည်။

“အဲဒီမှာ တိုက်ခိုက်မှု ရပ်သွားပြီ။ သူတို့က အရှင်ဒွန်ဟောင်ကို ရှင်းမပစ်နိုင်ခဲ့ကြဘူး။ မင်း ဒွန်ဟောင်အင်ပါယာနန်းတော်ကို ပြန်သွားလို့မရဘူး”

ယူချင်းက ရီဖူရှင်းကို ပြောလိုက်၏။ နတ်ဆိုးလောကမှ အခြားကျင့်ကြံသူများသည်လည်း ရီဖူရှင်းနှင့် အခြားသူများကို မြို့တွင်းသို့ မဝင်နိုင်ရန် လမ်းပိတ်လိုက်ကြသည်။

ရီဖူရှင်း၏ မျက်နှာထား ထူးဆန်းသွားသည်။ သူသည် ယူချင်းကို ကြည့်ကာ ပြောလိုက်၏။

“ငါ သွားမှရမယ်”

သူသည် ယူချင်းနှင့် မျက်လုံးချင်းဆုံကာ ပြောလိုက်ပေသည်။

“ကိစ္စတွေက ဒီအဆင့်ကို ရောက်လာပြီ... တခြား ရွေးစရာ မရှိတော့ဘူး။ တကယ်လို့ အရှင်ဒွန်ဟောင်ကသာ ငါ့ကို သတ်ချင်ရင် အရင်ကတည်းက လုပ်ပြီးလောက်ပြီ။ သူ ဒီနေ့အထိ စောင့်နေမှာ မဟုတ်ဘူး။ ငါ သူ့ကို မေးရမယ့် အကြောင်းလေးတွေ ရှိတယ်”

ယူချင်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရီဖူရှင်းအတွက် လမ်းဖယ်ပေးလိုက်ကြသည်။ သူပြောလိုက်၏။

“ငါ မင်းနောက်က လိုက်ခဲ့မယ်”

သို့သော် နတ်ဆိုးလောကမှ ကျင့်ကြံသူများသည် သူတို့လမ်းတွင် ပိတ်နေပေသေးသည်။

“အားလုံးပဲ ကျုပ်ကို ဖြတ်သွားခွင့် ပေးကြပါ”

ရီဖူရှင်း ပြောလိုက်၏။

နတ်ဆိုးအင်ပါယာနန်းတော်၏ ကျင့်ကြံသူများထံမှ ဒီမွန်းအရှိန်အဝါ ထွက်ပေါ်လာ၏။

သူတို့သည် ရီဖူရှင်း ပြောလိုက်သည့်စကားကို ကြားလိုက်သော်လည်း သူ့အတွက် လမ်းဖယ်မပေးသေးပေ။ သူတို့သည် ယူချင်းကို ပြောလိုက်ကြသည်။

“နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို ဒွန်ဟောင်အင်ပါယာနန်းတော်ထဲ အဝင်မခံရဘူးလို့ အမိန့်ထုတ်ထားတယ်”

ရီဖူရှင်း မျက်မှောင်ကြုတ်လိုက်သည်။ ယူချင်းသည်လည်း ထိုသို့လုပ်လိုက်သည်။

“ကျုပ်တို့ကို ဖြတ်သွားခွင့်ပေးပါ”

ယူချင်း အမိန့်ပေးလိုက်သည်။ နတ်ဆိုးအင်ပါယာသည် ရီဖူရှင်းကို ကာကွယ်နေခြင်းလော။

သို့သော် ယူချင်း၏ အမိန့်ကို မည်သူမှ မကြားဟန်ပြုနေကြသည်။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သူတို့၏လမ်းကို ပိတ်ထားဆဲဖြစ်ပြီး ဖယ်မပေးကြချေ။

All Chapters